အခန်း ၁၂၈
Vol. 12 Ch. 128
အပိုင်း (၁၂၈) စီးတော်ယဉ် ပြောင်းလဲခြင်း။
ဟုန်ရှောင်ပေါင်သည် တဟားဟား ရယ်မောရင်း စာမေးပွဲခန်းထဲမှ ထည်ထည်ဝါဝါ လျှောက်ထွက်လာခဲ့၏။
ထိုနေရာရှိ လူအပေါင်းက ဟုန်ရှောင်ပေါင်ကို ကြည့်ရင်း ရင်ထဲတွင် မည်သို့မျှ ဖော်ပြ၍ မရနိုင်သည့် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေခဲ့ကြသည်။ ယနေ့ဖြစ်ရပ်များ၏ တိုးတက်ပြောင်းလဲမှုမှာ အားလုံး၏ ခန့်မှန်းချက်များ ကို ကျော်လွန်သွားခဲ့သည်ဟု ဆိုရပေမည်။
ဟုန်ရှောင်ပေါင်က ဘာပြင်ဆင်မှုမှ မလုပ်ဘဲ တတိယအဆင့် စာမေးပွဲကို ဖြေဆိုရန် ဇွတ်တရွတ် ဆုံးဖြတ်ခဲ့၏။ ဤသည်မှာ အားလုံး၏ အမြင်တွင်တော့ မျှော်လင့်ချက် အနည်းငယ်မျှပင်မရှိသော ကိစ္စ ဖြစ်သည်။ သူတို့က ထိပ်ဖြူ ခွေးတူဝက်တူကြီးကို မြင်တွေ့လိုက်ရချိန်မှာတော့ ဟုန်ရှောင်ပေါင်သည် ဒူးထောက်၍ တိုက်ရိုက် အရှုံးပေးသင့်ပြီဟု လုံးဝ ထင်မှတ်ခဲ့ကြ၏။ ... ဟုန်ရှောင်ပေါင်က တကယ်ကြီး အတင်း ဝင်ရောက် ဖြေဆိုခဲ့လိမ့်မည်ဟု မည်သူ ထင်မည်နည်း။
နောက်ပိုင်း ဖြစ်ရပ်များ၏ တိုးတက်ပြောင်းလဲမှုကတော့ အားလုံး၏ ထင်မှတ်ထားမှုများကို ပို၍ပင် ကျော်လွန်သွားခဲ့ပြန်၏။ ဟုန်ရှောင်ပေါင်သည် အစပိုင်းတွင် ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အမျိုးမျိုး ရိုက်နှက် နှိပ်စက်မှုကို ခံခဲ့ရသည်။
မည်သို့သော နည်းလမ်းဖြင့် သဘောပေါက် နားလည်သွားသည် မသိဘဲ တစ်ဆင့်ပြီးတစ်ဆင့် အစွမ်းကုန် ပြန်လည် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် တတိယအဆင့် သားရဲများအနက် အကျော်ကြားဆုံး ဖြစ်သည့် ခေါင်းမာသော သားရဲကြီးကို မြေကြီးပေါ် ရောက်သည့်တိုင်အောင် ရိုက်နှက် ဖြိုလှဲနိုင်ခဲ့၏။
ထိုသို့ဖြစ်လာမည်ဟု မည်သူက ထင်မှတ်မိမည်နည်း။
"ဟိန်းဟိန်း... ဟိန်း..."
ဟုန်ရှောင်ပေါင် တံခါးဝမှ ထွက်လိုက်သည်နှင့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကလည်း ဖင်တလှုပ်လှုပ်ဖြင့် နောက်မှ လိုက်ပါလာခဲ့၏။ ခွေးလိမ္မာကြီး တစ်ကောင်အလား သိမ်မွေ့ နာခံလျက် ရှိနေပြီး၊ တတိယအဆင့်၏ နံပါတ်တစ် ခေါင်းမာသော သားရဲကြီး၏ ပုံစံမျိုး အနည်းငယ်မျှပင် မရှိတော့ချေ။
လူတိုင်း၏ မျက်ခမ်းထောင့်များ တုန်ခါသွားကြ၏။ သို့သော်လည်း ဤကောင်ကြီးကို တကယ် ကြောက်ရွံ့နေကြဆဲဖြစ်ရာ အားလုံး တစ်ပြိုင်နက် နောက်သို့ တစ်လှမ်း ဆုတ်လိုက်ကြသည်။
“ဟားဟား ... မကြောက်ကြနဲ့... မကြောက်ကြနဲ့။ ကျုပ်ကောင်က အရမ်း လိမ္မာတယ်။ လူ မကိုက်ဘူး။" ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်၏။ ပုံစံကို ကြည့်ရသည်မှာ ထိပ်ဖြူ ခွေးတူဝက်တူကြီးက လူတွေကို အတော်လေး ခြိမ်းခြောက်နိုင်စွမ်း ရှိသေးသည်ပဲ။
"…..."
လူအုပ်ကြီး နောက်တစ်ကြိမ် ဆွံ့အသွားကြပြန်၏။ စိတ်ထဲတွင် ဒေါသတကြီး ဖြစ်သွားကြသည်။
မင်းတို့ သိကြတာ ခဏလေးပဲ ရှိသေးတယ်လေ။ ဘာဖြစ်လို့ ဒီလေသံက နှစ်ပေါင်း ဆယ်နဲ့ချီပြီး မွေးထားတဲ့အတိုင်း ဖြစ်နေရတာလဲ။
"ဟားဟား... ယွမ်လဲ့ရွှေ၊ ခင်ဗျား တကယ် အမြော်အမြင် ရှိတာပဲ။ စောစောလေးကတင် ကျုပ်ဆီက လေ့လာချင်တယ် ဆိုပြီး ပြောနေခဲ့တာလေ။"
ဟုန်ရှောင်ပေါင်က ယွမ်လဲ့ရွှေ၏ ဘေးမှ ဖြတ်လျှောက်သွားရင်း အားရပါးရ ရယ်မောလိုက်၏။ "ဘယ်လိုလဲ။ သိုင်းကွက် အနည်းငယ်လောက် သင်ယူနိုင်ခဲ့ရဲ့လား။"
ယွမ်လဲ့ရွှေ၏ မျက်နှာကြီး နီရဲသွားခဲ့သည်။ မှန်ပေ၏။ ဟုန်ရှောင်ပေါင်အတွက် ထိပ်ဖြူ ခွေးတူဝက်တူကြီး ဆိုသည်မှာ အသေးအဖွဲကိစ္စလေးသာ ဖြစ်သည်ဟု သူ ပြောခဲ့ဖူးသလို၊ သင်ယူ လေ့လာချင်သည်ဟုလည်း ပြောခဲ့ဖူးသည်။ သို့သော်ငြား ထိုအရာအားလုံးက ဟုန်ရှောင်ပေါင်ကို သရော်သလို ပြောဆိုခဲ့ခြင်း မဟုတ်ပါလား။
ယခု တစ်ဖက်လူက သူ့ကို ပြန်လည်၍ သရော်လှောင်ပြောင်လျက် ရှိသည်။
ယွမ်လဲ့ရွှေက စောင့်ကြည့်နေလိုက်ပါ .. စသည့် စကားအချို့ကို ပြောချင်ခဲ့သော်လည်း လျှာကြီး တောင့်တင်းနေခဲ့ပြီ ဖြစ်ရာ အတော်ကြာသည်အထိ စကားတစ်လုံးမျှပင် ထွက်ပေါ်မလာခဲ့ချေ။
ဟုန်ရှောင်ပေါင်သည် အလွန် ပျော်ရွှင်နေ၏။ အမူအရာ အရောင်အသွေး စုံလင်လှသည့် ယွမ်လဲ့ရွှေ၏ မျက်နှာကို ထပ်မံ ကြည့်ရှုပြီးနောက် ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။ "အဲဒါ ဆိုလည်း ညီလေးယွမ်... နောက်မှ အခွင့်အရေးရရင် ကျုပ်တို့ ထပ်ပြီး ဖလှယ်ကြတာပေါ့။"
ထိုသို့ ပြောရင်း လွီဆုချင်းဆီသို့ ထည်ထည်ဝါဝါ လျှောက်သွားလိုက်၏။
ညီလေးယွမ် ဆိုသည့် စကားလုံး အနည်းငယ်ကို ကြားလိုက်ရသောအခါ ယွမ်လဲ့ရွှေ အနည်းငယ် ကြက်သေ သေသွားခဲ့သည်။ နောက်တစ်ခဏ၌ မျက်နှာကြီး ပို၍ပင် သံမဏိရောင် သန်းသွားခဲ့တော့သည်။
အမှန်ပင်ဖြစ်သည်။ သူက ပထမအဆင့် တပည့်သာဖြစ်ပြီး ဟုန်ရှောင်ပေါင်က တတိယအဆင့်ဖြစ်လို့နေသည်။ နောင်တစ်ချိန် ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ … လမ်းမှာတွေ့လျှင် အစ်ကိုကြီးဟုန် ဟု ခေါ်ဆိုရတော့မည်။
ဤအချက်ကို တွေးမိတော့ ယွမ်လဲ့ရွှေ၏ မျက်နှာက ပို၍နီရဲသွားသည်။
ဟုန်ရှောင်ပေါင်က လွီဆုချင်း၏ အရှေ့သို့ ရောက်ရှိလာခဲ့၏။ "ဟားဟား... ကံကောင်းစွာနဲ့ အရှက်မကွဲခဲ့ဘူး။ အစ်မကြီးလွီ... ကျုပ်အခု ဟင်းချက်ပြုတ်ရေးဌာနကို သွားလို့ ရပြီ မဟုတ်လား။"
"ဒါကတော့ သဘာဝကျကျပဲ ရတာပေါ့။ ရှင်က နောက်ထပ် ဌာနတစ်ခုကို ဝင်ရောက် သင်ယူလို့ ရနေပြီလေ။ အကယ်၍ ရှင်က ဟင်းချက်ပြုတ်ရေးဌာနမှာလည်း တတိယအဆင့်ကို အောင်မြင်ခဲ့ရင် တတိယမြောက် ဌာနတစ်ခုကို ဝင်ရောက် သင်ယူနိုင်လိမ့်မယ်။"
လွီဆုချင်းက တည်ကြည်စွာ ဆို၏။ တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ထပ်ပြောလိုက်သည်။ "ဒါ့အပြင်... ဒီနောက်ပိုင်း အစ်မကြီးလွီဆိုတဲ့ စကားလုံး သုံးလုံးကို ထပ်မပြောနဲ့တော့။ အခု ကျွန်မက ရှင့်ကို အစ်ကိုကြီးဟုန် လို့ ခေါ်ရမဲ့ အချိန် ရောက်လာပြီလေ။"
ထိုသို့ ပြောရင်း အနည်းငယ် အရိုအသေ ပေးလိုက်၏။ "အစ်ကိုကြီးဟုန်။"
"ဟားဟားဟား... ညီမလေးလွီ … မင်္ဂလာပါ။" ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်သည်။
လွီဆုချင်း အနည်းငယ် မှင်သက်သွားခဲ့၏။
ပုံမှန် လူသားတွေရဲ့ ယုတ္တိအတိုင်း ဆိုရင် အရင်ဆုံး နှိမ့်ချတဲ့ စကား အနည်းငယ်လောက် ပြောရမှာ မဟုတ်ဘူးလား။ ဒီလို ပွင့်ပွင့်လင်းလင်းကြီး လက်ခံလိုက်တာက ဘာအဓိပ္ပာယ်လဲ။
"အစ်ကိုကြီးဟုန် မင်္ဂလာပါ..."
ကျိရှောင်လုကတော့ ပြုံးဖြီးဖြီးဖြင့် အရိုအသေ ပေးလိုက်၏။ "ကျွန်မ သူ့ကို သပ်ပေးလို့ ရမလား။"
ထိုသို့ ပြောရင်း ထိပ်ဖြူ ခွေးတူဝက်တူကြီးကို လက်ညှိုးထိုးပြလိုက်သည်။
‘ဟေး... ဒီကောင်မလေးက ကောင်းမွန်တဲ့သားရဲကို မြင်တိုင်း လိုချင်နေတာပဲ။’
ဟုန်ရှောင်ပေါင် စိတ်ထဲတွင် တွေးလိုက်၏။ အရင်တစ်ခေါက် ရတနာဝက်ဝံလေးကို မြင်တုန်းကလည်း သူမ အတင်း ဝယ်ချင်နေခဲ့သည်။ ယခုလည်း ထိုအတိုင်းပင်။ သေချာပေါက်ပင် ... ခွေးတူဝက်တူ၏ အစားအသောက် ကြီးမားမှုက အလွန် များပြားလွန်းလှရာ သူမသာ ဖြားယောင်း ခေါ်ဆောင်သွားနိုင်မည် ဆိုလျှင် သူက ဝမ်းတောင် သာမိအုံးမည်။
“သဘာဝကျကျ ရတာပေါ့။ မင်း စွမ်းဆောင်နိုင်ရင် သူ့ကို ခေါ်သွားလိုက်တာ အကောင်းဆုံးပဲ။ ငါ သူ့ကို မမွေးချင်ဘူး။"
"တကယ်လား။" ကျိရှောင်လု ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့၏။ ရင်ခွင်ထဲတွင် သားရဲယဉ်ပါးရေး ပစ္စည်း အနည်းငယ်ကို ပိုက်ရင်း သက်ဝင်လှုပ်ရှားစွာဖြင့် ထိပ်ဖြူ ခွေးတူဝက်တူကြီးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
သားရဲတိရစ္ဆာန်များ၏ အာရုံခံနိုင်စွမ်းက အတော်လေး ထက်မြက်လှပေ၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် ကျိရှောင်လု၏ ရည်ရွယ်ချက် မကောင်းမှုကို ရှင်းရှင်းလင်းလင်း ခံစားသိရှိသွားခဲ့သည်။ ခွေးကြီးတစ်ကောင်အလား သိမ်မွေ့ နာခံနေသည့် ပုံစံမျိုးကနေ စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားခဲ့၏။ လည်ချောင်းထဲမှ တိုးညင်းသော ဟိန်းဟောက်သံ တစ်ချက် ထွက်ပေါ်လာပြီး နှုတ်ခမ်းထောင့်မှ အစွယ်များ ပေါ်ထွက်လာသည်။ တောခွေးတစ်ကောင်၏ အကြည့်ကဲ့သို့ ကျိရှောင်လုကို စိုက်ကြည့်နေ၏။
"အမလေး။"
ကျိရှောင်လုမှာ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ဤပုံစံကြောင့် လန့်ဖျပ်သွားခဲ့သည်။ လွီဆုချင်း၏ နောက်ကျောဆီသို့ ချက်ချင်း ခုန်ဆုတ်၍ ပုန်းအောင်းလိုက်၏။ "မလိုချင်တော့ဘူး... မလိုချင်တော့ဘူး။ အရမ်း ကြမ်းတာပဲ။ ရှင်ပဲ ခေါ်သွားလိုက်တော့။"
"ဒီလိုလား..." ဟုန်ရှောင်ပေါင်က အတော်လေး နှမြောတသ ဖြစ်စွာ သက်ပြင်းချလိုက်၏။ ထို့နောက် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ခေါ်ဆောင်လျက် ဤနေရာမှ တစ်လှမ်းချင်း ထွက်ခွာလာခဲ့တော့သည်။
ဒီကောင်က ဘာပဲဖြစ်ဖြစ် ဧရာမ အကောင်ကြီး တစ်ကောင် ဖြစ်နေတာကြောင့် စည်းကမ်း အချို့ကို သင်ပေးရမယ်။ နောင်တစ်ချိန် ကလေးတွေကို စားပစ်တာမျိုး၊ လူသတ်တာမျိုးတွေ ဖြစ်စေလို့မရဘူး။ "ဟိန်းဟိန်း" ဆိုတဲ့ အသံကို သုံးရမလား၊ "ဝုတ်ဝုတ်" ဆိုတဲ့ အသံကို သုံးရမလား။
စဉ်းစားနေဆဲတွင် ဟုန်ရှောင်ပေါင်၏ ရင်ခွင်ထဲမှ ရတနာဝက်ဝံလေးမှာ တစ်ချိန်လုံး ဂဏာမငြိမ် ဖြစ်နေခဲ့သည်။ ခေါင်းပြူထွက်လာပြီး ထိပ်ဖြူ ခွေးတူဝက်တူကြီးကို အကဲခတ်ကြည့်နေ၏။ ရုတ်တရက်ဆိုသလို အစွမ်းကုန် ခုန်ပျံလိုက်ပြီး ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ဦးခေါင်းထက်ဆီသို့ တစ်ချက်တည်းဖြင့် ခုန်တက်သွားခဲ့တော့သည်။
ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ အလွန်အမင်း လန့်ဖျပ်သွားခဲ့၏။ စောစောလေးကတင် ဤကောင်လေး၏ အမျိုးမျိုးသော အောက်တန်းကျ၊ ယုတ်မာသော တိုက်ကွက်တွေကြောင့် သူ အကြီးအကျယ် ဒုက္ခရောက်ခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် ခြေလှမ်းကြီးများဖြင့် နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားခဲ့၏။
သို့သော်လည်း ရတနာဝက်ဝံလေးတွင် မျက်လုံးကို ရိုက်တာ၊ နို့ကို ကိုက်တာ စသော ယုတ်မာသည့် တိုက်ကွက်တွေကို ထပ်သုံးမည့် အစီအစဉ် မရှိတော့ကြောင်း သူ ခံစားသိရှိလိုက်ရ၏။ ၎င်း၏ ဦးခေါင်းထက်တွင် တိတ်တဆိတ်၊ ငြိမ်သက်စွာ ထိုင်နေရုံသာ ထိုင်နေခဲ့သည်။
ထိုအခါမှသာ ထိပ်ဖြူ ခွေးတူဝက်တူကြီး အနည်းငယ် သက်သာရာ ရသွားခဲ့၏။ လက်ဖဝါးဖြင့် ရိုက်ချပစ်ချင်စိတ် ရှိသော်လည်း ထိပ်ဖြူ ခွေးတူဝက်တူကြီးက မမိုက်မဲချေ။ ရတနာဝက်ဝံလေး၏ အချစ်ခံရသည့် အဆင့်အတန်းမှာ သူ့ထက် အများကြီး သာလွန်ကြောင်း သူ မြင်တွေ့ သိရှိထားသည်။ ထို့ကြောင့် ဟုန်ရှောင်ပေါင်ကို အလွန်အမင်း မတရားခံရသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး တိုးညင်းစွာ မြည်ဟီး ငိုကြွေးနေရှာတော့၏။
"အယ်... ဒါ ကောင်းတယ်... ဒါ ကောင်းတယ်။" ဟုန်ရှောင်ပေါင် အလွန် ပျော်ရွှင်သွားခဲ့သည်။ မူလက ရတနာဝက်ဝံလေးဟာ သူ့ ဦးခေါင်းထက်မှာ ထိုင်ပြီး သူ့ကို စီးတော်ယာဉ်အဖြစ် သတ်မှတ်ထားခဲ့သည်။
အခုတော့ ကောင်းသွားပြီ။ စီးတော်ယာဉ် တစ်စီး ပြောင်းသွားပြီပေါ့။