အခန်း ၁၂၉
Vol. 12 Ch. 129
အပိုင်း (၁၂၉) ဒါက ပါရမီရှင် ဆိုတဲ့ နယ်ပယ် မဟုတ်တော့ဘူးလေ။
"ညီလေးဟုန်... မင်း ဒီလောက်တောင် စွမ်းလောက်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး။" ချန်ယုက ရိုးသားစွာ ချီးကျူးလိုက်၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးနှင့် ရတနာဝက်ဝံလေးကို မနာလိုစွာ ကြည့်နေမိသည်။ ပြောရလျှင် အနည်းငယ် စိတ်ဓာတ်ကျစရာ ကောင်းသော်လည်း ချန်ယုသည် လက်တွေ့ဘဝတစ်ခုကို သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်၏။ အကယ်၍ တကယ်ကြီး တိုက်ခိုက်ကြမည် ဆိုလျှင် သူက ရတနာဝက်ဝံလေးကိုတောင် နိုင်ပါ့မည်လား သေချာ မသိချေ။
တတိယအဆင့်ကို အောင်မြင်နိုင်ခြင်းက တပည့်တစ်ယောက်၏ ထိပ်ဆုံး အဆင့်အတန်းပင် ဖြစ်သည်။ နောက်ထပ် စတုတ္ထအဆင့်ကို အောင်မြင်သွားမည် ဆိုလျှင်တော့ စာသင်ကြားပေးနိုင်သည့် အရည်အချင်းကိုပင် ရရှိနေလောက်သည်။
"ဟားဟား... အတော်အသင့်ပါပဲ။" ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်၏။
ရုတ်တရက်ဆိုသလို ချန်ယုသည် သူ့ကို အနည်းငယ် ထိတ်လန့် တုန်လှုပ်သွားစေသည့် ကိစ္စတစ်ခုကို သတိရသွားခဲ့သည်။ ယနေ့ ဟုန်ရှောင်ပေါင် အဆင့်တက်ပြီးခါစ ထွက်လာစဉ်က လက်နက်သွန်းလုပ်ခြင်းနှင့် ဆေးဖော်စပ်ခြင်းကိုလည်း အနည်းငယ် တတ်ကျွမ်းသည်ဟု ပြောခဲ့ဖူးသည် မဟုတ်ပါလား။ ထိုအချိန်က ဟုန်ရှောင်ပေါင်သည် ကြွားလုံးထုတ်နေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။ ယခု ကြည့်ရသည်မှာတော့...
ဤအချက်ကို တွေးမိသောအခါ ချန်ယုသည် လမ်းလျှောက်နေသော်လည်း အတော်လေး မထိုင်နိုင် မရပ်နိုင် ဖြစ်နေသည့် ခံစားချက်မျိုး ရရှိနေခဲ့ပြီ ဖြစ်၏။ ထိတ်လန့် တုန်လှုပ်စွာဖြင့် မေးလိုက်သည်။ "ညီ... ညီလေးဟုန်၊ မင်းက ဒီနေ့ လက်နက်သွန်းလုပ်တာနဲ့ ဆေးဖော်တာကိုလည်း တတ်တယ်လို့ ပြောခဲ့သေးတယ်နော်။ မင်း... တကယ် တတ်တာလား။"
"အနည်းငယ် တတ်တာပါ... အနည်းငယ် တတ်တာပါ။" ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်၏။ ချန်ယုမှာ သူနှင့် အတော်လေး ရင်းနှီးသည့် လူအနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သည်ဆိုသော်ငြား ယနေ့ သူ၏ ဂုဏ်သတင်းက အလွန် ကြီးမား ထင်ရှားလွန်းနေပြီ ဖြစ်သည်။ နောက်တစ်ခေါက် ထပ်ပြီး ပြသလိုက်ရင်လည်း... ဘာများ မကောင်းတာ ရှိမည်နည်း။
"ကောင်းကင်ဘုံ … မင်း တကယ် တတ်တာလား။"
ချန်ယု ချက်ချင်း ထခုန်လိုက်မိ၏။ "ဘယ်လို အဆင့်အတန်းလောက်အထိ တတ်တာလဲ။ သားရဲယဉ်ပါးရေးနဲ့ ဟင်းချက်တဲ့ အဆင့်အတန်းလောက်အထိ ရောက်လား။"
"အာ... အစ်ကိုချန်၊ အပြင်ကို မပြောနဲ့နော်။ လာ... ကျုပ် ခင်ဗျားကို တိုးတိုးလေး ပြောပြမယ်..."
ချန်ယု၏ခေါင်း တကယ်ကြီး တိုးဝင်လာသည်ကို မြင်သောအခါ ဟုန်ရှောင်ပေါင်က အလွန် တည်ကြည်စွာ ပြောလိုက်၏။ "လက်နက်သွန်းလုပ်တာလား... ကျုပ် သိုင်းလက်နက် အသက်သွေးကြော ပါဝင်တဲ့ လက်နက်တွေကို သွန်းလုပ်နိုင်တယ်။ ဆေးဖော်တာကျတော့... ကျုပ် လေယင်မြို့တော် တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းတဲ့ ကြေးဓားဒဏ်ရာပျောက်ဆေးကို ဖော်စပ်နိုင်တယ်။ ဟီးဟီး... ကျုပ်စွမ်းတယ် မဟုတ်လား။"
"ဟာ … စွမ်းတာပေါ့။" ချန်ယု ချက်ချင်း တုန်လှုပ်သွားခဲ့သည်။
ဟုန်ရှောင်ပေါင်၏ အနက်ရောင် သံမဏိ ဒယ်အိုးကြီးကို မည်သူလုပ်သနည်းကို သူ အနည်းငယ် ကြားဖူးထားပြီး ဖြစ်သည်။ ထို့အပြင် ဆိုင်တွင် ရောင်းချနေသော ဓားဒဏ်ရာပျောက်ဆေးကလည်း သူ ကိုယ်တိုင် ဖော်စပ်ထားသည်လား။ လူတစ်ယောက်က ပညာရပ်နှစ်ခုကို တစ်ပြိုင်နက် တတ်ကျွမ်းသည်နှင့်တင် အလွန် တော်သော ပါရမီရှင် ဖြစ်နေပြီ။
ထိုသို့ဆိုလျှင် ပညာရပ်လေးခုကို တပြိုင်နက်တည်း တတ်ကျွမ်းသည်ဆိုလျှင် ဘာဖြစ်မည်နည်း။
"ကောင်းကင်ဘုံ..." ချန်ယုသည် အနည်းငယ် မူးဝေ သွားသလို ခံစားလိုက်ရ၏။ ဒုတိယအဆင့်ကို ရောက်ခါစမှာတင် တတိယအဆင့် ခေါင်းမာသော သားရဲကြီးကို အရပ်လေးမျက်နှာ ရှာမတွေ့တော့သည့်အထိ ရိုက်နှက်နိုင်ခဲ့သည်။ ထို့အပြင် ပညာရပ်လေးခုကိုလည်း တစ်ပြိုင်နက် တတ်ကျွမ်းနေသေးသည်။
ဒါ... ဒါ။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒါက ပါရမီရှင် ဆိုတဲ့ နယ်ပယ် မဟုတ်တော့ဘူးလေ။
ဟုန်ရှောင်ပေါင်သည် ချန်ယု၏ အမူအရာကို ကြည့်ရင်း အလွန်အမင်း ဂုဏ်ယူ ဝင့်ကြွားနေမိ၏။ ခန္ဓာကိုယ်ပင် အနည်းငယ် လွင့်မျောနေသလို ခံစားလိုက်ရသည်။ နှိမ့်ချနေမှ ဖြစ်မည်ဟု တွေးတောမိကာ ထပ်မံ ဖြည့်စွက် ပြောလိုက်၏။ "ကျုပ် ခင်ဗျားကို ညီအစ်ကို တစ်ယောက်လို သဘောထားလို့ ဒါတွေကို ပြောပြတာနော်။ ဒါတွေကို ဗိုက်ထဲမှာပဲ ထည့်ထားလိုက်တော့။ လျှောက်မပြောနဲ့။"
"သေချာပေါက်... သေချာပေါက်ပေါ့။" ချန်ယုက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့် သံသယဖြစ်မှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။ အတော်ကြာမှသာ တည်ကြည်သည့် မျက်နှာပေးဖြင့် မေးလိုက်၏။ "ညီ... ညီလေးဟုန်... မင်းက... မင်းက လူဝင်စားလာတဲ့ သက်တမ်းရင့်... သက်တမ်းရင့်... မဟာ... အယ်၊ လူဝင်စားလာတဲ့ သက်တမ်းရင့် သိုင်းပညာရှင်ကြီးတော့ မဟုတ်ဘူး မလား။"
ဟုန်ရှောင်ပေါင် အံ့အားသင့်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ အတော်ကြာမှသာ ချန်ယု၏ ကျောပြင်ကို ပုတ်ပေးလိုက်သည်။ "အစ်ကိုကြီး... လူ့ဘဝ ဆိုတာ ဒီလောက်တောင် ခက်ခဲ ကြမ်းတမ်းနေပြီလေ။ အချို့သော လူတွေက မွေးလာတည်းက ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်နေတယ်ဆိုတဲ့ ကိစ္စအပေါ်မှာ အစ်ကိုကြီး စိတ်ညစ်မနေပါနဲ့တော့။"
"ဟုတ်... ပါရဲ့။" ချန်ယုက သက်ပြင်းချလိုက်၏။ တကယ်ကြီး အလေးအနက်ထားပြီး သွားရောက် နှိုင်းယှဉ်နေမယ် ဆိုရင် ကိုယ့်ဘာသာ ရူးသွပ်သွားတဲ့အထိ နှိုင်းယှဉ်မိသွားနိုင်တယ်။
ထို့ကြောင့် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချမိရုံသာ ရှိတော့သည်။ လူနှင့် လူအကြားက ကွာဟချက်က အဘယ့်ကြောင့် ဤမျှကြီးမားနေရသနည်း။
သူတို့နှစ်ဦးသည် တစ်လမ်းလုံး ပျော်ရွှင်စွာ ရယ်မောရင်း သားရဲယဉ်ပါးရေးစံအိမ်ထဲမှ ထွက်လာခဲ့ကြ၏။ လမ်းတစ်လျှောက်ရှိ သားရဲယဉ်ပါးရေးစံအိမ်မှ လူအပေါင်းမှာ ထိတ်လန့်တုန်လှုပ်လွန်း၍ မျက်နှာများပင် ပြောင်းလဲနေကြသည်။
"ထိပ်ဖြူ ခွေးတူဝက်တူကြီးပဲ။ ကောင်းကင်ဘုံ ... ထိပ်ဖြူ ခွေးတူဝက်တူကြီးပဲ။"
"ဒါက... ဒါက... အသစ် ယဉ်ပါးအောင် လုပ်ထားတဲ့ ထိပ်ဖြူ ခွေးတူဝက်တူကြီးလား။ ဘယ်ဆရာကြီးက ယဉ်ပါးအောင် လုပ်ခဲ့တာလဲ။"
"ဟိုလူ နှစ်ယောက်များလား။ ဘာဖြစ်လို့ ကြည့်ရတာ ဒီလောက်တောင် မျက်နှာစိမ်းနေရတာလဲ။"
"ကောင်းကင်ဘုံ ... ငါတို့ စံအိမ်မှာ တတိယအဆင့်ကို အောင်မြင်တဲ့ အစ်ကိုကြီးတစ်ယောက် ထပ် တိုးလာပြန်ပြီလား။"
သားရဲယဉ်ပါးရေးစံအိမ်မှ လူများက မည်သည့်အရာအပေါ်တွင် အာရုံအခံနိုင်ဆုံး ဖြစ်သနည်း။ သေချာပေါက် သားရဲတိရစ္ဆာန်များအပေါ်တွင်ပင် ဖြစ်သည်။ ထို့ကြောင့် လမ်းတစ်လျှောက်ရှိ လူတိုင်းက အံ့ဩတုန်လှုပ်ခြင်း၊ မနာလိုအားကျခြင်းများ ဖြစ်ပေါ်နေခဲ့ကြ၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်နေကြသည့် သူတို့၏ အကြည့်များမှာ အလွန်အမင်း ဆာလောင်မွတ်သိပ်နေသည့် အမူအရာများဟုသာ တိတိကျကျ ဖော်ပြရမည်။
ဟုန်ရှောင်ပေါင်ကမူ လုံးဝ ဂရုမစိုက်ချေ။ ချန်ယုနှင့်အတူ စံအိမ်ထဲမှ ထွက်လာခဲ့၏။ ထိုအခါမှသာ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည့် ရွှီကျင်းနှင့် ဝူကော်အာတို့ကို မြင်တွေ့လိုက်ရသည်။
ဟုန်ရှောင်ပေါင်သည် မျက်လုံးကို အနည်းငယ် မှေးလိုက်၏။ ဤလူက လမ်းကို အာရုံနောက်စွာ လျှောက်ညွှန်ခဲ့သောကြောင့်သာ ဤမျှလောက် များပြားလှသော ပြဿနာများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။ ကံဆိုးမှုထဲမှ ကံကောင်းသွားခဲ့သည် ဆိုသော်ငြား ဟုန်ရှောင်ပေါင်သည် ဤလူ့အပေါ်တွင် သဘာဝကျကျပင် အထင်အမြင် ကောင်းများ ရှိမနေတော့ချေ။
ချန်ယုသည် ဟုန်ရှောင်ပေါင်၏ အကြည့်ကို မြင်လိုက်ရ၏။ စိတ်ထဲတွင် ထိတ်လန့်သွားခဲ့သည်။ ရွှီကျင်းကို ချက်ချင်း အော်ဟစ်လိုက်၏။ "ဘာ ရပ်ကြည့်နေတာလဲ။ မြန်မြန် လာပြီး အစ်ကိုကြီးဟုန်ကို နှုတ်ဆက်လေ။"
ရွှီကျင်း၏ မျက်နှာတစ်ခုလုံးတွင် မကျေနပ်မှုများ ပြည့်နှက်နေ၏။ သူ၏ အမြင်တွင်တော့ မှားယွင်းသည့် လမ်းတစ်ခုကို ညွှန်ပြခဲ့ရုံမျှသာ ဖြစ်သည်။ ဤသည်မှာ ကြီးကျယ်သည့် အပြစ်တစ်ခု မဟုတ်ဘဲ သာမန် နောက်ပြောင်မှုလေး တစ်ခုသာ ဖြစ်၏။ သို့ပေမည့် သူသည် ယနေ့တွင် ချန်ယု၏ ဆူပူကြိမ်းမောင်းမှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရပြီး ဖြစ်သည်။ တွေးမိလေလေ ပို၍ အောင့်သက်သက် ဖြစ်လာလေလေပင်။ ချန်ယုသည် ဟင်းချက်ပြုတ်ရေးဌာန၏ ပထမအဆင့် အစ်ကိုကြီး ဖြစ်ရာ သူ ဘာမှ ပြန်မပြောရဲချေ။ ထို့ကြောင့် မကျေနပ်မှုများ အားလုံးကို ဟုန်ရှောင်ပေါင်၏ ခေါင်းပေါ်သို့သာ ပုံချထားလိုက်တော့၏။ ယခုအခိုက်အတန့်တွင် ဝူကော်အာ၏ အရှေ့၌ ချန်ယုက ထပ်မံ အော်ဟစ်လိုက်ပြန်သောကြောင့် မျက်နှာ ပူလောင်သွားခဲ့ရသည်။ သို့နှင့် အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလိုက်၏။ "ဘာဖြစ်လို့လဲ။"
"မင်း..." ချန်ယုသည် ဒေါသ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ သူ ခက်ခက်ခဲခဲ ပင့်ဖိတ်ထားရသည့် ဟုန်ရှောင်ပေါင် ဆိုသော နတ်ဘုရားကြီးကို ရွှီကျင်းက ဖျက်ဆီးမလို လုပ်ခဲ့သည်ကို မပြောနှင့်ဦး။ ယခုအချိန်တွင် မကျေမနပ် ပုံစံကြီး လုပ်ပြနေသေးသည်လား။
သို့ပေမည့် သူက အမြဲတမ်း လူကောင်း လုပ်လေ့ရှိသူ ဖြစ်ရာ ဒေါသကို မြိုသိပ်ပြီး ပြောလိုက်၏။ "ညီလေးဟုန်ကို ငါတို့ ဟင်းချက်ပြုတ်ရေးဌာနဆီ ဖိတ်ခေါ်လာခဲ့တာ ဖြစ်တယ်။ သူ့ရဲ့စွမ်းရည်တွေက ဒုတိယမြောက် အစ်ကိုကြီးဖန်တောင် ဖြစ်လာနိုင်စွမ်း ရှိတယ်။ မင်းက အစ်ကိုကြီး လို့ ခေါ်လိုက်ရုံနဲ့ နစ်နာသွားမှာမို့လို့လား။"
"ဟွန့်... အဲဒါကလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကို မြင်ပြီးမှ ပြောတာ ကောင်းမယ်။" ရွှီကျင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ဝူကော်အာ၏ အရှေ့တွင် သူ မျက်နှာ မငယ်ချင်ချေ။ ထို့အပြင် ဟင်းချက်ပြုတ်ရေးဌာနတွင် သူထက် သာလွန်သည့်သူ အနည်းငယ်မျှသာ ရှိသည်ဟု တစ်ချိန်လုံး ထင်မှတ်ထားခဲ့သည်။
ဤဟုန်ရှောင်ပေါင်ကို ကြည့်ရသည်မှာ သာမန် ပုံပန်းသွင်ပြင်သာ ရှိပြီး၊ စွမ်းရည်ကြီးမားသည့် ပုံစံမျိုး လုံးဝ မပေါ်ပေါက်ချေ။ ထို့ကြောင့် သူ သဘာဝကျကျပင် လုံးဝ အသိအမှတ် မပြုလိုခြင်း ဖြစ်သည်။
"ကောင်းပြီ... ကောင်းတယ်... အရမ်း ကောင်းတယ်။"
ချန်ယုက ကောင်းတယ် ဆိုသည့် စကားလုံးကို သုံးကြိမ်တိုင်တိုင် တဆက်တည်း ပြောလိုက်၏။ စိတ်ထဲတွင် အလွန်အမင်း ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် ဟင်းချက်ပြုတ်ရေးဌာနက မညီညွတ်ဘူး ဆိုသည့် အထင်အမြင်ဆိုးမျိုး ကျန်ရစ်မှာကို မလိုလားချေ။ ထို့ကြောင့် ပြောလိုက်၏။ "ညီလေးဟုန်... အချို့သော လူတွေကတော့ သစ်ရွက်တစ်ရွက်နဲ့ မျက်လုံးကို ကွယ်ထားသလို ဖြစ်နေတတ်တယ်။ သွားကြစို့။ မင်းကို ဟင်းချက်ပြုတ်ရေးဌာနဆီ လိုက်ပြပေးမယ်။"
ထိုသို့ ပြောရင်း ဟုန်ရှောင်ပေါင်ကို ခေါ်ဆောင်လျက် ထွက်ခွာသွားခဲ့တော့သည်။
ရွှီကျင်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ချိတ်ဆွဲထား၏။ ကြည့်နေရင်းနှင့်ပင် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း လန့်ဖျပ်သွားခဲ့သည်။ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့၏။ စောစောက ဟုန်ရှောင်ပေါင် သားရဲယဉ်ပါးရေးစံအိမ်သို့ ဝင်သွားစဉ်က ဤဧရာမ အကောင်ကြီး မပါလာခဲ့သည်ကို သူ သေသေချာချာ မှတ်မိနေသည်။ ပြန်ထွက်လာချိန်တွင် အဘယ်ကြောင့် သားရဲတစ်ကောင် ပါလာခဲ့ရသနည်း။
"အမလေး... အစ်ကိုကြီး၊ ဒါ... ဒါက ဘာသားရဲကြီးလဲ။" ဝူကော်အာ တုန်လှုပ်သွားခဲ့၏။ နောက်သို့ ချက်ချင်း ခုန်ဆုတ်သွားခဲ့၏။
"ဟွန့်... သူ ဒီလောက် လွယ်လွယ်ကူကူ ရလာတဲ့ သားရဲက ဘာသားရဲကောင်း ဖြစ်နိုင်မှာလဲ။ သေချာပေါက် ပထမအဆင့် သားရဲ တစ်ကောင်ကောင်ပဲ နေမှာပါ။"
ရွှီကျင်းက အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်၏။ ဟုန်ရှောင်ပေါင်၏ ကျောပြင်ကို ကြည့်နေသည့် သူ၏ အကြည့်မှာ ကောင်းမွန်ခြင်း မရှိချေ။ "ပထမအဆင့် အမှိုက် သားရဲ တစ်ကောင်ကို အားကိုးပြီး ငါတို့ ဟင်းချက်ပြုတ်ရေးဌာနဆီ ဝင်လာတာလား။ ဟားဟား... အစ်ကိုကြီးချန်နဲ့ ရင်းနှီးတာကို အားကိုးနေတာလောက်ပါပဲ။ ဟင်းချက်ပြုတ်ရေးဌာနဆိုတာ အချက်အပြုတ် ပညာကို အဓိကထားတဲ့ နေရာပဲ။ အစ်ကိုကြီးသာ ခွင့်ပြုမယ်ဆိုရင်တော့ အချက်အပြုတ် ပညာဆိုတာ ဘာလဲ သူ့ကို သေသေချာချာ သိသွားအောင် ပြပေးချင်သေးတယ်။"
"တော်ပြီ... တော်ပါတော့... တိုးတိုး ပြောစမ်းပါ။"
ဝူကော်အာက သူ၏ လက်ကို ဖြည်းညင်းစွာ ဆွဲလှုပ်ရင်း တိုးညင်းစွာ ပြောလိုက်၏။ "ငါတို့က အရင် မှားထားတာလေ။ ရှင်... ရှင် ပြဿနာ ထပ်မရှာပါနဲ့တော့။"
"ဟွန့်။" ရွှီကျင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ထပ်မံ စကားမဆိုတော့ချေ။