← Chapters

အခန်း ၁၃၁

Vol. 12 Ch. 131

အခန်း ၁၃၁

Vol. 12 Ch. 131

အပိုင်း (၁၃၁) - ခန္ဓာကိုယ်အားဖြည့် နှင်းဖားဆီအနှစ်

ခန္ဓာကိုယ်အားဖြည့် နှင်းဖားဆီအနှစ်။

ဤအရာကို ကြားလိုက်ရသည့် ထိုစက္ကန့်ပိုင်းမှာပင် မည်သို့သုံးရမည်၊ မည်သူ့အတွက် သုံးရမည်ကို ဟုန်ရှောင်ပေါင် သိရှိသွားခဲ့ပြီ ဖြစ်၏။

ယွင်ချိုင်ရှောင် … သူ၏ သတို့သမီးလောင်းလေး။

"ဟားဟားဟားဟားဟား..." ယွင်ချိုင်ရှောင်ကို တွေးမိသည်နှင့် ဟုန်ရှောင်ပေါင်သည် ဖုံးကွယ် မရနိုင်သည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။ သူက တန်လန် ခန္ဓာကိုယ် ဖြစ်သောကြောင့် ဝိညာဉ်ရေးရာ စွမ်းအင် မညီမျှမှု ဆိုသည့် ကိစ္စမျိုး မရှိနိုင်ချေ။

ချိုင်ရှောင်က လေယင်နန်းဆောင်၏ ပါရမီရှင် တစ်ယောက် ဖြစ်သည်။ ဤတစ်ကြိမ် လေယင်ရေကန်ထဲသို့ ဝင်ရောက်ရာတွင် အဆင့်တက်သည် ဖြစ်စေ၊ မတက်သည် ဖြစ်စေ... ခန္ဓာကိုယ်တွင်း၌ များပြားလှသော ဝိညာဉ်ရေးရာ စွမ်းအင်များ စုပုံနေပေလိမ့်မည်။

အချိန်တိုအတွင်း ဤမျှ များပြားလှသော စွမ်းအင်များကို လက်ခံရရှိခြင်းက ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင် မညီမျှမှုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။ ဤခန္ဓာကိုယ်အားဖြည့် နှင်းဖားဆီအနှစ်မှာ ချိုင်ရှောင်အတွက် အကောင်းဆုံး ဖြည့်စွက်ဆေး အစားအစာပင် ဖြစ်တော့၏။

"ဟားဟားဟားဟား... ဟုတ်တယ်၊ ဟုတ်တယ်။ ဒီအတိုင်း လုပ်ကြတာပေါ့။"

ဟုန်ရှောင်ပေါင် ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့၏။ "အဘိုး... မြန်မြန် ပြော... မြန်မြန် ပြော။ ဒါကို ဘယ်လို လုပ်ရမှာလဲ။"

"အဓိကကတော့ နှစ်ထောင်ချီ နှင်းဖားဆီအနှစ် နဲ့ နှင်းမုန်တိုင်းငွေမှို ပဲ။ နှင်းမုန်တိုင်းငွေမှိုကို ရှာတွေ့ရင် အကောင်းဆုံးပဲ။ အကယ်၍ ရှာမတွေ့ဘူး ဆိုရင်လည်း သာမန် ငွေမှိုနဲ့ အစားထိုးပြီး သုံးလို့ ရတယ်။"

ယင်းကျိုယိုက ပြောလိုက်၏။ "အို... ဟုတ်သားပဲ။ ဒါက ပြုတ်ပြီး ချက်ရတဲ့ ဟင်းပွဲပဲ။ ရှန်သံ ဒယ်အိုးကို သုံးလို့ မရဘူး။ မင်း ဒီနေ့ သွေးသလင်း ဒယ်အိုး လုပ်လိုက်အုံး။"

"နှင်းမုန်တိုင်းငွေမှို လား။" ဟုန်ရှောင်ပေါင် အနည်းငယ် အံ့အားသင့်သွားခဲ့၏။

ဤအရာကိုတော့ သူ မကြားဖူးခဲ့ချေ။ ထို့အပြင် နာမည်ကို ကြားရရုံဖြင့် ရှာဖွေရန် အရမ်း ခက်ခဲမည့်ပုံ ပေါ်နေသည်။ သေချာပေါက်ပင်... ဤသည်မှာ သူ၏ ဇနီးလောင်းလေး လိုအပ်သည့် ပစ္စည်းဖြစ်ရာ မည်မျှ ခက်ခဲနေပါစေ သူ ရှာဖွေရမည်။

ချန်ယု ပြောခဲ့ဖူးသည် မဟုတ်ပါလား။ ဤနေရာရှိ စားသောက်ကုန် ကုန်ကြမ်းများ အားလုံးကို သူ စိတ်ကြိုက် အသုံးပြုနိုင်သည်။ ဟင်းချက်ပြုတ်ရေးဌာန၏ အပြင်ဘက်သို့ ယူဆောင်မသွားလျှင် ရပြီ ဖြစ်၏။ ချန်ယု ရိပ်မိသွားမည်ကို စိုးရိမ်သောကြောင့် ထိုနှင်းဖားဆီအနှစ်ကို တမင်တကာ မကြည့်တော့ဘဲ တခြား စားသောက်ကုန်များကိုသာ ကြုံသလို ကြည့်လိုက်သည်။

"အစ်ကိုချန်... ဒီက ပစ္စည်းတွေကို သုံးဖို့ ဘာသတ်မှတ်ချက်တွေ ရှိလဲ။"

"တစ်ခုတည်းသော သတ်မှတ်ချက်ကတော့ ဟင်းချက်ပြုတ်ရေးဌာနရဲ့ အပြင်ဘက်ကို ယူမသွားဖို့ပဲ။"

ချန်ယုက ရယ်မော၍ ပြောလိုက်၏။ "ဒုတိယ အချက်ကတော့ ကိုယ် လိုအပ်သလောက်ပဲ ယူ။ မဖြုန်းတီးပစ်နဲ့။"

"ဌာနပြင်ပကို ယူသွားလို့ မရဘူးပေါ့။" ဟုန်ရှောင်ပေါင် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ထိုသို့ မဟုတ်လျှင် ရူးသွပ်နေသည့် တစ်ယောက်ယောက်က ဤနေရာရှိ ပစ္စည်းများ အားလုံးကို သယ်ဆောင်ပြီး အပြင်တွင် သွားရောင်းလျှင် မည်သို့လုပ်မည်နည်း။

စိတ်ထဲတွင် အကြံတစ်ခု ရသွားပြီးနောက် ပြောလိုက်၏။ "အစ်ကိုကြီးချန်... ဒီက ကုန်ကြမ်းတွေကို ကြည့်ရတာ ဟင်းတစ်ပွဲချက်ဖို့ အတိအကျ ကောင်းမွန်နေတယ်။ ကျုပ်အရင် ပြန်ပြီး ပြင်ဆင်စရာလေးတွေ ပြင်ဆင်လိုက်အုံးမယ်။ မနက်ဖြန်ကျမှ ဒီနေရာကို ပြန်လာတော့မယ်။"

"ကောင်းပြီလေ... ငါ မင်းကို လိုက်ပို့ပေးမယ်။"

ဟင်းချက်ပြုတ်ရေးဌာနမှ တခြားသူများ အားလုံးမှာ ဌာနအတွင်း၌သာ နေထိုင်ကြခြင်း ဖြစ်၏။ သို့သော်ငြား ချန်ယုမှာ ဟုန်ရှောင်ပေါင်တွင် ဆိုင်တစ်ဆိုင် ရှိကြောင်း သိထားသောကြောင့် သူ့အတွက် နေထိုင်စရာ အဆောင် မစီစဉ်ပေးတော့ချေ။

ဟုန်ရှောင်ပေါင်သည် ဝမ်းသာအားရ လျှောက်လှမ်းလာရင်း ပြောလိုက်၏။ "အဘိုး... ကျုပ်ရဲ့ ညီမလေးချိုင်ရှောင်က မနက်ဖြန်ဆိုရင် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတော့မယ်။ သူက လေယင်ရေကန်ထဲကနေ ထွက်လာခါစ ဆိုတော့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်ရေးရာ စွမ်းအင် မညီမျှမှုတွေ အများကြီး ရှိနေလောက်တယ်။ ဒီခန္ဓာကိုယ်အားဖြည့် နှင်းဖားဆီအနှစ်က သူ့ကို တိုက်ကျွေးဖို့ အတိအကျ ဖြစ်နေတာပဲ။"

"မင်း နှမြောတာ မရှိဘူး ဆိုရင် ရပါပြီ။ အဘိုးကတော့ ဘာမှ မဖြစ်ဘူး။" ယင်းကျိုယိုက ပခုံးတွန့်ပြလိုက်သည်။

"ဟားဟား ... အဲဒါ ကျုပ် မိန်းမလေ။ ဘာနှမြောစရာ ရှိမှာလဲ။"

ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြောလိုက်၏။ "မြန်မြန် ပြော... မြန်မြန် ပြော။ ဘာ ကုန်ကြမ်းတွေ လိုအပ်သေးလဲ။ ကျုပ်အခုပဲ သွားပြီး ပြင်ဆင်တော့မယ်။"

...

ယခုအခိုက်အတန့်တွင် အောက်ထပ်ဆီ၌ ရွှီကျင်းသည် တခြားသူ အနည်းငယ်နှင့်အတူ အဆက်အသွယ်နဲ့ ဝင်လာသူ တစ်ယောက်အကြောင်းကို အဆက်မပြတ် ပြောဆိုနေခဲ့၏။

"ဟွန့်.. သူမှာ ဘာစွမ်းရည်တွေ ရှိနေလို့လဲ။ အစ်ကိုကြီးနဲ့ ရင်းနှီးတာကို အားကိုးနေတာလောက်ပါပဲ။ အစ်ကိုကြီးကလည်း ပုံမှန်ဆိုရင် ကိစ္စတွေကို မျှမျှတတ ဖြေရှင်းတတ်ပါတယ်။ ဒီတစ်ခေါက်ကျမှ ဘာဖြစ်လို့ မိုက်မဲသွားရတာလဲ။"

ရွှီကျင်းမှာ အလွန်အမင်း မကျေမနပ် ဖြစ်နေသည်။ "အဲဒီ ဟုန်ရှောင်ပေါင် ဆိုတဲ့ကောင်... ဦးနှောက်တောင် နည်းနည်း မမှန်ဘူး။ ငါ့ကို ဟင်းချက်ပြုတ်ရေးဌာန ဘယ်မှာလဲဆိုပြီး လာမေးတယ်။ ငါက သားရဲယဉ်ပါးရေး စံအိမ်ဆီကို ကြုံသလို လျှောက်ညွှန်လိုက်တာ... သူက တကယ်ကြီး သွားတာပဲလေ။ ဟားဟား... မင်းတို့ စဉ်းစားကြည့်ကြစမ်းပါ။ ဒီလို ဦးနှောက်မျိုးရှိတဲ့သူ တစ်ယောက်ရဲ့ အချက်အပြုတ် ပညာက ဘယ်လောက်တောင် ကောင်းနိုင်မှာလဲ။"

"ဒါ... မဖြစ်နိုင်တာ။"

လူငယ်လေး တစ်ယောက်က မယုံကြည်နိုင်စွာ ဆို၏။ "တကယ်ကြီး သားရဲယဉ်ပါးရေးစံအိမ်ဆီ သွားတာလား။"

"သွားတာပေါ့။ ပြီးတော့ ဘယ်နေရာမှာ အလွဲအချော် ဖြစ်သွားလဲ မသိဘူး... သားရဲယဉ်ပါးရေးစံအိမ်ဆီတောင် ဝင်သွားမလို့ ဖြစ်ခဲ့သေးတယ်။"

ရွှီကျင်းက ဤနေရာသို့ ရောက်သောအခါ ထူးဆန်းစွာ ပြုံးလိုက်ပြီး ပြောလိုက်၏။ "ဟားဟား ... ငါ ထင်တာကတော့ သူ တစ်ခုခု မတရားတဲ့ နည်းလမ်းတွေ သုံးခဲ့တာ နေမယ်။ နောက်ဆုံးတော့ အဲဒီက လူတွေက သူ့လိုပဲ သောက်တုံး ပထမအဆင့် သားရဲ တစ်ကောင်လောက် ထုတ်ပေးပြီး သူ့ကို မောင်းထုတ်လိုက်တာ ဖြစ်လိမ့်မယ်။"

"တော်ပါတော့ အစ်ကိုကြီး။"

ဝူကော်အာက ရွှီကျင်း၏ အင်္ကျီလက်ကို ဖြည်းညင်းစွာ ဆွဲလိုက်သည်။ "ရှင်... ဆက်မပြောပါနဲ့တော့။"

"ဘာဖြစ်လို့ မပြောရမှာလဲ။ ကမ္ဘာပေါ်က ကိစ္စတွေကို ကမ္ဘာပေါ်က လူတွေ ပြောခွင့် ရှိတာပေါ့။"

ရွှီကျင်းက ဒေါသတကြီး ဆို၏။ "ငါက ဒီလို ဉာဏ်ဆင်တဲ့ နည်းလမ်းတွေကို ကြည့်မရတာ။ သူက နောက်ဖေးပေါက်ကနေ ဝင်လာတာကို ငါက ဘာဖြစ်လို့ မပြောရမှာလဲ..."

ရုတ်တရက်ဆိုသလို သူ၏ အသံ ရပ်တန့်သွားခဲ့ပြီး မျက်နှာ အနည်းငယ် တောင့်တင်းသွားခဲ့၏။ ချန်ယုသည် ဟုန်ရှောင်ပေါင်ကို ခေါ်ဆောင်လျက် တံခါးဝတွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။

ချန်ယု စိတ်ထဲတွင် တကယ်ကြီး ဒေါသထွက်သွားခဲ့ချေပြီ။ ယနေ့ ရွှီကျင်းကြောင့်သာ ပြဿနာပေါင်း များစွာ ပေါ်ပေါက်ခဲ့ရသည်။ ယခုအချိန်တွင် သူက ဤနေရာ၌ ကောလာဟလများကို ထပ်မံ ဖန်တီးနေရဲသေးသည်လား။

"မင်း..." ချန်ယု စကားပြောမည် ပြုစဉ်တွင်ပင် ဟုန်ရှောင်ပေါင်က သူ့ကို ဖြည်းညင်းစွာ ဆွဲထားလိုက်၏။

"ကြည့်ရတာ ဒီအစ်ကိက ကျုပ်အပေါ် အမြင်မကြည်တာတွေ အများကြီး ရှိနေပုံပဲ။" ဟုန်ရှောင်ပေါင်က တည်ငြိမ်စွာ ပြောလိုက်၏။ သူ့ကို တည့်တည့် စိုက်ကြည့်နေသည်။

"ဘယ်... ဘယ်ကလာ ရှိရမှာလဲ။"

ရွှီကျင်းသည် သူများ အတင်းပြောနေစဉ် လူမိသွားသောကြောင့် အနည်းငယ် ရှက်ရွံ့သွားခဲ့၏။ သို့သော်ငြား ခဏလေးအတွင်းမှာပင် သတိပြန်ဝင်လာခဲ့ပြီး အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။ "မင်းက အစ်ကိုကြီးရဲ့ မိတ်ဆွေကောင်းလေ။ ငါ ဘယ်မှာ အမြင်မကြည်တာ ရှိရဲမှာလဲ။"

"ဟားဟား" ဟုန်ရှောင်ပေါင်သည် ပြဿနာကို ကြောက်တတ်သူ ဖြစ်၏။ ယခုအခါ ခွန်အားများ တဖြည်းဖြည်း သန်စွမ်းလာခဲ့ပြီ ဖြစ်ရာ သူ၏ အမြင်အာရုံကလည်း ဖြည်းဖြည်းချင်း မြင့်မားလာခဲ့ပြီ ဖြစ်သည်။ ဤသို့သော လူပုဂ္ဂိုလ် သေးသေးလေးများနှင့် ရစ်သီရစ်သီ တွယ်ကပ် မနေချင်တော့ချေ။ ထို့အပြင် ခွေးကို ရိုက်မည် ဆိုလျှင်လည်း သခင်၏ မျက်နှာကို ထောက်ထားရသေးသည် မဟုတ်ပါလား။ ချန်ယု၏ မျက်နှာကို ထောက်ထားပြီး သူ့ကို အလေးအနက်ထား ရှင်းလင်း မနေချင်တော့ချေ။

ဟုန်ရှောင်ပေါင်က ဘာမှ မပြောရသေးခင်မှာပင် ချန်ယုက ရှက်ရွံ့သည့် မျက်နှာပေးဖြင့် ပြောလိုက်၏။ "ညီလေးဟုန်... ငါ့မျက်နှာကို ထောက်ပြီး သူ့ကို အလေးအနက် မထားပါနဲ့တော့။"

"ဟားဟား... ဒါကတော့ သဘာဝကျကျပါပဲ။" ဟုန်ရှောင်ပေါင်က ရယ်မောလိုက်၏။ သူသည် မူလကတည်းက ဤကြောင် သို့မဟုတ် ခွေး လို လူမျိုးများနှင့် တွယ်ကပ် မနေလိုချေ။ ချန်ယုကို မျက်နှာသာ ပေးလိုက်ရသည်ကိုလည်း ဝမ်းသာနေမိသည်။

"အစ်ကိုကြီး... ခင်ဗျား ဝင်မပါပါနဲ့တော့။"

ရွှီကျင်းက အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်၏။ ထို "သူ့ကို အလေးအနက် မထားပါနဲ့တော့" ဆိုသည့် စကားက ရွှီကျင်း၏ ရင်ဘတ်ကို နက်ရှိုင်းစွာ စူးဝင်သွားခဲ့သည်။ ဤစကားကို သုံးနှုန်းချိန်တွင် လူပုဂ္ဂိုလ်များ၌ အမြင့်နှင့် အနိမ့် ဆိုပြီး နှစ်မျိုး အမြဲတမ်း ရှိစမြဲ ဖြစ်၏။ ချန်ယု၏ စကားထဲတွင် ရွှီကျင်းက အနိမ့်ပိုင်းက လူ ဖြစ်နေသည်မှာ အလွန် သိသာထင်ရှားလှ၏။

"မလိုပါဘူး... ခင်ဗျား အားနာမနေပါနဲ့။ အလေးအနက် ထားသင့်ရင် အလေးအနက် ထားရမှာပေါ့။" ရွှီကျင်းက အေးစက်စွာ လှောင်ပြုံး ပြုံးရင်း အလေးအနက် ဆိုသည့် စကားလုံးကို ဖိ၍ ပြောလိုက်သည်။

"ရွှီကျင်း... အကောင်းအဆိုးကို မသိရင် အေးအေးဆေးဆေးနေစမ်းနဲ့။"

ချန်ယုက အော်ဟစ်လိုက်၏။ "ညီလေးဟုန်က မင်းကို သက်ညှာပေးနေတာ။ မြန်မြန် ညီလေးဟုန်ကို တောင်းပန်စမ်း။"

All Chapters