အခန်း ၁၃၃
Vol. 12 Ch. 133
အပိုင်း (၁၃၃) လူက သိုင်းလောကထဲ ရောက်နေပြီလေ။
"ရှင်..."
ဝူကော်အာမှာ ဒေါသထွက်လွန်း၍ ခြေဆောင့်နေမိ၏။ "ရှင် ဒီဟင်းချက်ပြုတ်ရေးဌာနမှာ ဆက်ပြီး နေချင်သေးရဲ့လား။ ရှင်သာ ဒီဟင်းပွဲနဲ့ အပြတ်အသတ် နိုင်သွားရင် အစ်ကိုကြီးရော၊ ဟုန်ရှောင်ပေါင်ကိုပါ သေတဲ့အထိ ရန်သူ ဖွဲ့လိုက်သလို ဖြစ်သွားလိမ့်မယ်။"
ရွှီကျင်းသည် ထိုစကားကို ကြားရသောအခါ အနည်းငယ် စိတ်မခိုင်ချင်သလို ဖြစ်သွားခဲ့၏။ သို့သော်လည်း အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်ဆဲပင်။ "ဟွန့်... ငါက ကိုယ့်စွမ်းရည်နဲ့ကိုယ် နိုင်တာပဲ။ သူတို့ ဘာပြောနိုင်အုံးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။"
"ရှင် ဒီလို မလုပ်ပါနဲ့။" ဝူကော်အာ စိုးရိမ်တကြီး ဖြစ်သွားပြီး ရွှီကျင်းကို ဆွဲထားလိုက်၏။ သို့သော်ငြား ရွှီကျင်းက ဖြတ်ခနဲ ရုန်းထွက်သွားခဲ့သည်။ ထပ်မံ လိုက်လံ ဖမ်းဆွဲမည် ပြုသော်လည်း ရွှီကျင်းသည် အဆောက်အအုံရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ပြီး ခြေလှမ်း အနည်းငယ်ဖြင့် ဟင်းချက်ခန်းထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။
ဟုန်ရှောင်ပေါင်သည် သူ့ကို မော့ကြည့်လိုက်သည်။ နှင်းဖားဆီအနှစ်၊ မီးလျှံဆွဲသီး၊ မာလာဥ စသည့် ပစ္စည်းများ အားလုံးကို ပြင်ဆင်ပြီးစီးနေပြီ ဖြစ်၏။ သို့သော်ငြား နှင်းမုန်တိုင်းငွေမှို၊ ငွေစက်နှင်းသစ်တော်သီး စသည့် ပစ္စည်းများကတော့ မရှိသေးချေ။ သူကိုယ်တိုင် လေယင်မြို့တော်သို့ သွားရောက် ရှာဖွေရဦးမည်။ ကုန်ကြမ်းပစ္စည်းဌာနမှ ပစ္စည်းများကို အပြင်သို့ သယ်ဆောင်သွား၍ မရဘူး ဟူသော ချန်ယုနှင့် သဘောတူညီချက် ကို သတိရသွားပြီးနောက် ပစ္စည်းများအားလုံးကို ချန်ယုထံ တစ်ပြိုင်နက် ပေးအပ်လိုက်သည်။
"အစ်ကိုချန်... ဒီပစ္စည်းတွေကို ယူထားလိုက်ပါ။ ကျုပ်မြို့ထဲ သွားပြီး ကုန်ကြမ်းပစ္စည်းတွေ သွားရှာလိုက်အုံးမယ်။"
"ကောင်းပြီလေ။" ချန်ယု သက်ပြင်းချလိုက်၏။ မူလက ဟုန်ရှောင်ပေါင်အပေါ် ကောင်းမွန်သည့် အထင်အမြင်မျိုး ကျန်ရစ်စေချင်ခဲ့သည်။ သို့ပေမည့် မည်သို့ ဖြစ်သွားသည် မသိဘဲ ကိစ္စများက ယခုကဲ့သို့ ဖြစ်လာခဲ့ချေပြီ။
"လမ်းတစ်ဝက်ကနေ မထွက်ပြေးနဲ့နော်။" ရွှီကျင်းက အေးစက်စွာ လှောင်ပြုံး ပြုံးလျက် ပြောလိုက်၏။
"စကား နည်းနည်းလောက် လျှော့ပြောရင် သေသွားမှာမို့လို့လား။" ချန်ယုက မျက်မှောင်ကြုတ်၍ ဆူပူလိုက်သည်။
ထိုအခါမှသာ ရွှီကျင်းသည် စကားမဆိုတော့ဘဲ သူ့အရှေ့ရှိ မြက်စားငါးကိုသာ ကိုင်တွယ် ပြင်ဆင်နေတော့၏။ အမှန်တော့ မနက်ဖြန်မှ ယှဉ်ပြိုင်ရခြင်းကလည်း ရွှီကျင်း၏ဆန္ဒနှင့် ကိုက်ညီနေပေသည်။ ငါးမီးခိုးကြပ်တင်ဟင်းပွဲ လုပ်ရာတွင် မြက်စားငါးကို အချိန်ကြာကြာ စိမ်ထားလေလေ၊ အရသာ ပိုမို ဝင်ရောက်လေလေ ဖြစ်သည် မဟုတ်ပါလား။
ဟုန်ရှောင်ပေါင်သည် နှုတ်ဆက်ပြီးနောက် လေယင်နန်းဆောင်မှ ထွက်ခွာလာခဲ့၏။ ပြိုင်ပွဲ ကိစ္စအပေါ် သူ အများကြီး စိတ်မဝင်စားချေ။ ယွင်ချိုင်ရှောင်အတွက် ခန္ဓာကိုယ်အားဖြည့် နှင်းဖားဆီအနှစ် တစ်ပွဲ လုပ်ပေးရန်သာ စိတ်ကူးနေခြင်း ဖြစ်သည်။
"လူက သိုင်းလောကထဲ ရောက်နေပြီလေ။" ဟုန်ရှောင်ပေါင် သက်ပြင်းချလိုက်၏။
လေယင်နန်းဆောင်ဆီ ဝင်လာတာ ပထမဆုံးနေ့ပဲ ရှိသေးတယ်။ ဘာဖြစ်လို့ ဒီလောက်တောင် ပြဿနာတွေ များနေရတာလဲ။ စကားပုံတစ်ခုအတိုင်းပါပဲ... မနာလိုမခံရတဲ့သူက အရည်အချင်း မရှိသူပဲ။ ဒီအချက်ကနေ ကြည့်ရင်... ငါဟာ သေချာပေါက် စူပါ့ စူပါ စူပါ ပါရမီရှင်ကြီး တစ်ယောက်ပဲ ဖြစ်ရမယ်။
"ဝူး ဝူး ဝူး..."
ထိုအချိန်၌ပင် ထိပ်ဖြူ ခွေးတူဝက်တူကြီးက တိုးညင်းစွာ ဟိန်းဟောက်လျက် ဟုန်ရှောင်ပေါင်ကို ပွတ်သပ်လိုက်၏။
ဒါကလည်း သေချာပေါက် အစားကြီးတဲ့ အကောင်ကြီး တစ်ကောင်ပဲ။
ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် ကျန်ရှိနေသည့် နောက်ဆုံး စိတ်ကြည်လင်မှုလေးမှာလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ အလွန်အမင်း စိတ်ညစ်ညူးစွာဖြင့် မြို့ထဲမှ ထွက်လာခဲ့သည်။
ချက်ချင်းပင် လူတစ်စု၏ အကြည့်များက သူ၏ အပေါ်သို့ ကျရောက်လာခဲ့၏။
"ဟေး... ကောင်းပြီလေ။ မင်း မကျေနပ်ရင် ပြောကြည့်စမ်းပါ။"
ဟုန်ရှောင်ပေါင် စံအိမ်သို့ ဝင်သွားစဉ်က တစ်ချိန်လုံး လှောင်ပြောင် သရော်နေခဲ့သည့် မျောက်မျက်နှာနှင့် လူက စာပေပညာရှင် ပုံစံ လူငယ်နှင့် အခြေအတင် ငြင်းခုံနေခဲ့ခြင်း ဖြစ်သည်။ "ဟင်းချက်ပြုတ်ရေးဌာနကနေ ထွက်လာပြီး ဘာအသုံးကျမှာလဲ။ မိသားစုကြီးတွေဆီမှာ ထမင်းချက် သွားလုပ်မလို့လား။ ဒါမှမဟုတ် ကိုယ့်ဘာသာ စားသောက်ဆိုင် ဖွင့်မလို့လား။"
"ဝူဟို့... ဆေးဘက်ဝင် အစားအစာ တစ်ပွဲကို ဝိညာဉ်ကျောက်သလင်း ဘယ်လောက် ပေးရလဲ ဆိုတာ ခင်ဗျား သိလား။"
စာပေပညာရှင်ကမူ အလေးမထားသည့် ဟန်ဖြင့် ဆို၏။ "အကယ်၍ ဟင်းချက်ပြုတ်ရေးဌာနက အသုံးမကျဘူး ဆိုရင် ကျုပ်တို့ လေယင်မြို့တော်က ဘာဖြစ်လို့ ဒီဌာနကို ဆက်ပြီး ထားရှိနေမှာလဲ။"
"ဟားဟား... ဆေးဘက်ဝင် အစားအစာတွေရဲ့ ဈေးကြီးမှုကို ငါလည်း ကြားဖူးပါတယ်။ ဒါပေမဲ့ မင်းထင်နေတာက လူတိုင်းက ဆေးဘက်ဝင် အစားအစာကို လုပ်နိုင်တယ် လို့လား။"
ဝူဟို့ ဟု ခေါ်သည့် မျောက်မျက်နှာနှင့် လူက သရော်သလို ပြောဆိုလိုက်၏။ "အချိန်အတော်များများ ရှိနေပြီ။ ဟင်းချက်ပြုတ်ရေးဌာနကနေ ဆေးဘက်ဝင် အစားအစာကို လုပ်နိုင်တဲ့ တပည့် တစ်ယောက် ထပ်ထွက်လာတယ် လို့ မကြားမိပါဘူး။"
သူ၏ စကားများကြောင့် စာပေပညာရှင် ဆွံ့အသွားသည်ကို မြင်သောအခါမှ သူက ရယ်မောလိုက်၏။ "ဒါကြောင့်... ဒီနေ့ လေယင်နန်းဆောင်ဆီ ဝင်သွားတဲ့ အဲဒီတပည့်ဟာ ဟင်းချက်ပြုတ်ရေးဌာနဆီ ဝင်ရလွယ်တယ် ဆိုတဲ့ အချက်တစ်ခုတည်းကိုပဲ ကြည့်ပြီး ဝင်သွားတာ ဖြစ်ရမယ်။ ဟင်းချက်ပြုတ်ရေးဌာနက စောစောတည်းက အသုံးမကျတော့ဘူး။"
စာပေပညာရှင် တစ်စုံတစ်ခု ပြောမည် ပြုစဉ်တွင်ပင် ရုတ်တရက်ဆိုသလို သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ မြို့တံခါးဝဆီသို့ တည့်တည့် စိုက်ကြည့်နေသည်။ "ကြည့်စမ်း။"
ဟုန်ရှောင်ပေါင် လေယင်နန်းဆောင်ဆီသို့ ဝင်သွားသည်မှာ နေ့တစ်ဝက်လောက်သာ ရှိသေး၏။ သူတို့က သဘာဝကျကျပင် ရှင်းရှင်းလင်းလင်း မှတ်မိနေကြသည်။ တံခါးဝတွင် နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာသည်ကို မြင်သောအခါ အားလုံး အံ့အားသင့်သွားကြ၏။ သို့ပေမည့် သူတို့ကို ထိုမျှလောက် ထိတ်လန့် တုန်လှုပ်သွားစေသည့် အရာမှာ ဟုန်ရှောင်ပေါင်၏ နောက်မှ လိုက်ပါလာသည့် ထိုဧရာမ သားရဲကြီးပင် ဖြစ်သည်။
"အမလေး... ဒါ ဘာသားရဲကြီးလဲ။" လူများစွာက ဟုန်ရှောင်ပေါင်ကို လှမ်းကြည့်လိုက်ကြ၏။
"မဖြစ်နိုင်ဘူး။ ငါ သေသေချာချာ မှတ်မိနေတယ်။ ဒီကောင် စံအိမ်ထဲ ဝင်သွားတုန်းက သားရဲ မပါသွားဘူးလေ။"
ဝူဟို့က မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ "ဒီသားရဲက ဘယ်က ရောက်လာတာလဲ။"
"ဒါ... ဒီသားရဲက... ထိပ်ဖြူ ခွေးတူဝက်တူကြီးပဲ။ ကောင်းကင်ဘုံ ... ထိပ်ဖြူ ခွေးတူဝက်တူကြီးပဲ။"
ပြင်ပဂိုဏ်းဆီ ဝင်ရောက်နိုင်ရန်မှာ လူတိုင်း၏ဆန္ဒ ဖြစ်၏။ ဤအထဲတွင် သားရဲယဉ်ပါးရေးစံအိမ်ဆီသို့ ဝင်ရောက်လိုသူများလည်း မနည်းလှချေ။ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ကြီးမားသော ဂုဏ်သတင်းကြောင့် သူတို့သည် လွယ်လင့်တကူ မှတ်မိသွားကြခြင်း ဖြစ်သည်။
တိုက်ဆိုင်သည်ဟု ဆိုရမည်။ ဝူဟို့၏ ရည်မှန်းချက်မှာ သားရဲယဉ်ပါးရေးစံအိမ်နှင့် လက်နက်သွန်းလုပ်ရေးစံအိမ် ဖြစ်၏။ သူသည် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို တစ်ချက်တည်းဖြင့် မှတ်မိသွားခဲ့ပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်စရာ အမူအရာများ ပြည့်နှက်သွားခဲ့သည်။
"တတိယအဆင့် သားရဲတွေထဲမှာ ထိပ်ဆုံး သုံးခုစာရင်းဝင်တဲ့ ထိပ်ဖြူ ခွေးတူဝက်တူကြီးပဲ။"
"ဘာ... ဘာ။ ဘာကြီးလဲ။"
"ထိပ်ဖြူ ခွေးတူဝက်တူကြီးလေ။ တတိယအဆင့် သားရဲတွေထဲမှာ အစွမ်းအထက်ဆုံး ကောင်တွေထဲက တစ်ကောင်ပဲ။"
"ဘယ်မှာလဲ... ဘယ်မှာလဲ။"
ပတ်ဝန်းကျင် အခြေအနေက ချက်ချင်း ဆူညံ သက်ဝင်လာခဲ့၏။ လူများစွာသည် နေရာတွင် မတ်တပ်ရပ်လျက် ဟုန်ရှောင်ပေါင်ကို လှမ်းကြည့်လိုက်ကြသည်။
"အယ်..."
နှိမ့်ချခြင်း... သိုသိုသိပ်သိပ်ဖြင့် နှိမ့်နှိမ့်ချချ နေထိုင်ခြင်းကသာ အကောင်းဆုံး လမ်းစဉ်ပင်။ ဟုန်ရှောင်ပေါင်က မနာမည်ကြီးချင်ချေ။ တွေးတောမိသည်နှင့် ခေါင်းစည်းပုဝါ တစ်ထည်ကို ထုတ်ယူပြီး မျက်နှာပေါ်တွင် အုပ်ဆောင်းလိုက်၏။ မူလက သူ ထွက်ပြေးချင်ခဲ့သော်လည်း အနောက်ဘက် ဈေးတန်းနှင့် စာလျှင် လေယင်နန်းဆောင် အပေါက်ဝရှိ ဤဈေးတန်းတွင် ပစ္စည်းကောင်းများ ပိုမို များပြားလှသည်။ နှင်းမုန်တိုင်းငွေမှို ကို ရှာတွေ့နိုင်မည့် ဖြစ်နိုင်ခြေကလည်း အတော်လေး မြင့်မား၏။ ထို့ကြောင့် အနီးဆုံးရှိ ဆိုင်ခန်းတစ်ခုဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ ဤဆိုင်ခန်းမှာ ဝူဟို့၏ ဆိုင်ခန်းပင် ဖြစ်၏။
"အစ်ကိုကြီး... ဒီမှာ နှင်းမုန်တိုင်းငွေမှို ရောင်းတဲ့သူရှိလား။" ဟုန်ရှောင်ပေါင်က တည့်တည့် မေးလိုက်သည်။
ဝူဟို့သည် ဟုန်ရှောင်ပေါင်၏ နောက်မှ အေးအေးဆေးဆေး လျှောက်လာသည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကိုသာ တည့်တည့် စိုက်ကြည့်နေခဲ့၏။ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့် တုန်လှုပ်သည့် အမူအရာ ပြည့်နှက်နေသည်။ သာမန် သားရဲယဉ်ပါးရေးစံအိမ်အတွက်ပင် ထိပ်ဖြူ ခွေးတူဝက်တူကြီးမှာ အထူး နတ်ဘုရား သားရဲကြီး ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။ ဌာနတစ်ခုခုဆီသို့ပင် ဝင်ရောက် နိုင်ခြင်း မရှိသေးသည့် သူတို့လို တပည့်များအတွက်ဆိုလျှင် ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ တန်ဖိုး ကြီးမားမှုကို စကားလုံးများဖြင့် ဖော်ပြ၍ပင် မရနိုင်တော့ချေ။
"အစ်ကိုကြီး။" ဟုန်ရှောင်ပေါင်က နောက်တစ်ကြိမ် ထပ်မေးလိုက်၏။
"ဝူဟို့။" ဝူဟို့၏ ဘေးမှ စာပေပညာရှင်က သူ့ကို တွန်းထိုး၍ သတိပေးလိုက်သည်။
"အို... အိုအို။"
ထိုအခါမှသာ ဝူကော်အာ သတိဝင်လာပြီး ပြောလိုက်၏။ "ငါ မသိဘူး... မကြားမိပါဘူး။"
စကားပြောနေစဉ်မှာပင် မျက်လုံးများက ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အပေါ်တွင်သာ တည့်တည့် စိုက်ကြည့်နေဆဲ ဖြစ်သည်။ သူသည် စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ "ဒါ... ထိပ်ဖြူ ခွေးတူဝက်တူကြီးပဲ။ တကယ်ကြီး ထိပ်ဖြူ ခွေးတူဝက်တူကြီးပဲ။"
"ဒီအစ်ကိုကြီး... ခင်ဗျားက..."
စာပေပညာရှင်သည် ခဏတာ တွေဝေသွားပြီးနောက် မေးလိုက်၏။ "ခင်ဗျားက ဟင်းချက်ပြုတ်ရေးဌာနဆီ ဝင်မလို့ မဟုတ်ဘူးလား။ ဘာဖြစ်လို့ သားရဲတစ်ကောင် ပါလာတာလဲ။"