← Chapters

အခန်း ၁၃၄

Vol. 12 Ch. 134

အခန်း ၁၃၄

Vol. 12 Ch. 134

အပိုင်း(၁၃၄) ဆရာကြီးကတော့ အမြဲတမ်း ဆရာကြီးပဲ။

"ဟားဟား။"

ဟုန်ရှောင်ပေါင် ခေါင်းကုတ်လိုက်၏။ "လမ်းမှားသွားလို့ သားရဲယဉ်ပါးရေးစံအိမ်ဆီ ဝင်သွားတာ။ ပြီးတော့ သားရဲတစ်ကောင် ခေါ်လာခဲ့တယ်။"

"ခေါ်လာတယ်..." ဝူဟို့ ဆွံ့အသွားခဲ့သည်။

ထိပ်ဖြူ ခွေးတူဝက်တူကြီး ဆိုတာ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ကောင် ဆိုတာ နာမည်ကြီးလေ။ မင်းက ဘယ်လိုလုပ်ပြီး ခေါ်ခဲ့တာလဲ။

စာပေပညာရှင်သည်လည်း ဆွံ့အသွားခဲ့၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်ပြီး ထပ်မေးလိုက်သည်။ "ဘယ်လို ခေါ်ခဲ့တာလဲ။"

“ကျုပ် ..." ဟုန်ရှောင်ပေါင် တွေဝေသွား၏။ ထိပ်တိုက် အပြင်းအထန် တိုက်ခိုက်ခဲ့သည်ဟု ပြောပြရမည်လား။ ထိုသို့ပြောလျှင် သေချာပေါက် ယုံကြမည်မဟုတ်ပေ။ သူကလည်း လိုက်လံရှင်းပြရသည်ကို ပျင်းရိသည်။ ထို့ကြောင့် ကြုံသလို ပြောလိုက်၏။ “ကျုပ်က ဟင်းချက်တတ်တယ်လေ။ ဘဲကင် တစ်ပွဲ လုပ်ကျွေးလိုက်တာ သူ အရှုံးပေးသွားတာပဲ။"

ထိုသို့ ပြောပြီးနောက် ကိုယ်ကို လှည့်၍ ထွက်ခွာသွားခဲ့သည်။

ဟုန်ရှောင်ပေါင်သည် မူလက ဤနေရာတွင် နှင်းမုန်တိုင်းငွေမှိုကို ဝယ်ယူချင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ထိပ်ဖြူ ခွေးတူဝက်တူကြီးက လှုပ်ရှားမှု ကြီးမားစွာ ဖြစ်ပေါ်စေခဲ့သည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး၊ ကိုယ်ကို လှည့်၍ ဤနေရာမှ ထွက်ခွာလာခဲ့၏

"ဘဲကင် တစ်ပွဲနဲ့... ထိပ်ဖြူ ခွေးတူဝက်တူကြီးက အရှုံးပေးသွားတာလား။"

ဝူဟို့သည် ထိတ်လန့် တုန်လှုပ်နေဆဲပင် ဖြစ်၏။ ဖင်တလှုပ်လှုပ်ဖြင့် ထွက်ခွာသွားသည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်ရင်း အလွန်အမင်း မယုံကြည်နိုင်အောင် ဖြစ်နေသည်။ "ဘဲကင်... တစ်ပွဲနဲ့လား။"

စာပေပညာရှင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ဟားဟား ကျယ်လောင်စွာ ရယ်မောလိုက်၏။ "ဟေး... ဝူဟို့၊ ခင်ဗျား ဘာပြောခဲ့တာလဲ။ ဟင်းချက်ပြုတ်ရေးဌာနက အသုံးမကျဘူးဆို။ ဒါဆို ဒီထိပ်ဖြူ ခွေးတူဝက်တူကြီးကို ခင်ဗျား ဘယ်လို မြင်လဲ။"

"..."

ဝူဟို့ ခဏတာ ဆွံ့အသွားပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်သည်။ "မဖြစ်ဘူး။ ငါ ဟင်းချက်ပညာ သွားသင်တော့မယ်။"

...

ဟုန်ရှောင်ပေါင်သည် ရတနာဝက်ဝံလေး၏ ကောင်းမွန်သည့်အချက်ကို နက်နက်ရှိုင်းရှိုင်း သဘောပေါက် နားလည်သွားခဲ့၏။

ကြည့်စမ်း... ရတနာဝက်ဝံလေးက ရင်ခွင်ထဲ ထည့်ထားလိုက်တာနဲ့ ပြီးသွားပြီလေ။

ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ခန္ဓာကိုယ် အရွယ်အစားကတော့ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော တုန်လှုပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဟုန်ရှောင်ပေါင်သည် မျက်နှာဖုံး ပုဝါကို တပ်ဆင်လျက် ဆိုင်ဆီသို့သာ လျင်မြန်စွာ ပြန်ပြေးလာခဲ့ရတော့၏။

"သူဌေးဟုန်။"

ချန်ယန်သည် ဆိုင်ပေါက်ဝတွင် စောင့်ဆိုင်းနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဟုန်ရှောင်ပေါင်၏ နောက်မှ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို မြင်သောအခါ လန့်ဖျပ်သွားခဲ့၏။ "အမလေး... ဒါ ဘာအကောင်ကြီးလဲ။"

ဟုန်ရှောင်ပေါင်သည် သူ့ကို မြင်သည်နှင့် အလွန်အမင်း ဝမ်းသာသွားခဲ့၏။ "ချန်ယန်... ဟားဟား၊ အချိန်ကိုက် ရောက်လာတာပဲ။ လာ... ကျုပ်အတွက် ပစ္စည်း နှစ်ခုလောက် ဝယ်ပေးစမ်းပါ။"

"ဘာကိစ္စများလဲ သူဌေးဟုန်။"

ချန်ယန်သည် ဘာမှ မသိဘဲ ဟုန်ရှောင်ပေါင်၏ တွန်းပို့မှုကြောင့် ဆိုင်တွင်းသို့ ဝင်ရောက်သွားခဲ့၏။ နောက်မှ လိုက်ပါ ဝင်ရောက်လာသည့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်နေသည်။ သူသည် သားရဲယဉ်ပါးရေးစံအိမ်သို့ ဝင်ရောက်ရန် အစီအစဉ် မရှိသူဖြစ်ရာ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို မသိရှိချေ။ "သူဌေးဟုန်... ဒီဧရာမ အကောင်ကြီးက ဘာသားရဲလဲ။ သူဌေးဟုန်ရဲ့ အကောင်လား။"

"အု... အုအု။" ရတနာဝက်ဝံလေးက ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ အမွှေးစု နှစ်စုကို ဆွဲထားရင်း လမ်းတစ်လျှောက်တွင် အလွန်အမင်း ပျော်ရွှင်စွာ ကစားလာခဲ့ခြင်း ဖြစ်၏။ ယခုအချိန်အထိ အောက်သို့ မဆင်းချင်သေးချေ။ ထိုပုံစံကို ကြည့်ရသည်မှာ စစ်မှန်သော ရေစက်ဖြင့် စီးတော်ယာဉ်ကို ရှာတွေ့သွားသည့် အတိုင်းပင်။

"အင်း... ကျုပ်အကောင်ပါပဲ။ ကျုပ် မလိုချင်ဘူး ဆိုတာကို သူက အတင်း လိုက်လာတာ။"

အမှန်အတိုင်း ပြောရလျှင် ဟုန်ရှောင်ပေါင်မှာ ဤကောင်ကြီးကို တကယ် မမွေးချင်ချေ။ ယခုအခိုက်အတန့်တွင် သက်ပြင်းချလိုက်၏။ "စွမ်းရည်ကတော့ မဆိုးပါဘူး။ တတိယအဆင့် သားရဲတွေထဲမှာ ခွန်အားရော၊ ခံနိုင်ရည်ပါ ထိပ်ဆုံးစာရင်းဝင်တဲ့ ကောင်ပဲ။"

"တ... တ... တ... တတိယအဆင့် သားရဲ။"

ချန်ယန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့၏။ "တတိယအဆင့် သားရဲတွေထဲမှာ ထိပ်ဆုံးစာရင်းဝင်တဲ့ ကောင်လား။"

"အင်း... ဒါတွေကို ထားလိုက်ပါတော့။ လာ... ကျုပ်အတွက် ပစ္စည်း နည်းနည်း သွားဝယ်ပေးစမ်းပါ။"

ဟုန်ရှောင်ပေါင်က ပြောလိုက်၏။ "နှင်းမုန်တိုင်းငွေမှို နဲ့ ငွေစက်နှင်းသစ်တော်သီး။"

"နှင်းမုန်တိုင်းငွေမှို၊ ငွေစက်နှင်းသစ်တော်သီး... မှတ်မိပါပြီ။"

ချန်ယန်သည် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်ရင်း အံ့အားသင့် တုန်လှုပ်နေဆဲ ဖြစ်၏။ သို့သော်ငြား ယခုအချိန်တွင် ဤအကြောင်း ပြောရမည့် အချိန် မဟုတ်ဘူး ဆိုသည်ကို သိရှိထားသည်။ ချက်ချင်း ဝိညာဉ်ကျောက်သလင်းများကို ယူဆောင်ပြီး ဆိုင်ပြင်သို့ ထွက်သွားခဲ့သည်။

ဟုန်ရှောင်ပေါင်သည်လည်း အလကား မနေချေ။ ခန္ဓာကိုယ်အားဖြည့် နှင်းဖားဆီအနှစ် လုပ်ရန် စွပ်ပြုတ်အိုး အသေးလေး တစ်လုံး လိုအပ်သည်။ သူ့တွင် စွပ်ပြုတ်အိုး မရှိသေးချေ။ ကံကောင်းစွာဖြင့် အရင်တစ်ခေါက်က ကုန်ကြမ်းဆိုင် အနည်းငယ် ဒေဝါလီ ခံရစဉ်က သူနှင့် ချန်ယန်တို့သည် ပစ္စည်းကောင်း အတော်များများကို ရှာဖွေ ဝယ်ယူနိုင်ခဲ့ကြ၏။ ထိုအထဲတွင် ရေခဲသေတ္တာ လုပ်ရန် ရေအောက်အေးခဲကျောက်စိမ်း၊ သံပြားကြော်ပွဲ လုပ်ရန်အတွက် သံချပ်ကာကျောက်ပြား၊ ပြီးတော့ စွပ်ပြုတ်အိုး အသေးလေး တစ်လုံး လုပ်ရန် သွေးသလင်းကျောက် တို့ ပါဝင်၏။

ထိပ်ဖြူ ခွေးတူဝက်တူကြီးသည် အလေးအနက် ထားလာပြီ ဆိုလျှင် သေသည်အထိ မရပ်မနား တိုက်ခိုက်တတ်သည့် အခြေအနေမျိုး ဖြစ်၏။ သို့ပေမည့် သာမန်အချိန်များတွင်မူ သူက အတော်လေး တည်ငြိမ်လှသည်။ ဤပတ်ဝန်းကျင် အသစ်သို့ ရောက်ရှိလာချိန်တွင် ဟိုကြည့်၊ ဒီကြည့် အနည်းငယ် ကြည့်ရှုပြီးသည့်နောက် နေရာတစ်ခုကို ကျပန်း ရှာဖွေကာ လှဲလျောင်း နေသည်။

ရတနာဝက်ဝံလေးတစ်ကောင်သာ ဟိုခုန်၊ ဒီခုန် လုပ်နေပြီး၊ ဟုန်ရှောင်ပေါင် ပစ္စည်းရှာဖွေနေသည့် ကြားကာလတွင် သေတ္တာတွေကို လှန်လှော၊ ဗီရိုတွေကို မွှေနှောက်ပြီး အနားမနေခဲ့ချေ။

လွန်ခဲ့သည့် အချိန်အတော်ကြာတည်းက ဟုန်ရှောင်ပေါင်သည် ရေခဲသေတ္တာ တစ်လုံး လုပ်ချင်နေခဲ့ခြင်း ဖြစ်၏။ သူက ရေခဲတုံး အနည်းငယ် ဝယ်ယူပြီး အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းများကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့သည် ဆိုသော်ငြား ၎င်းမှာ ယာယီ ဖြေရှင်းနည်း တစ်ခုသာ ဖြစ်သည်။

သူ့ရေအောက်အေးခဲကျောက်စိမ်း ရှိနေပြီ ဖြစ်၏။ ယနေ့ အခွင့်အရေးရခိုက် ရေခဲသေတ္တာ၊ သလင်းကျောက် စွပ်ပြုတ်အိုး စသည်တို့ကို တစ်ခါတည်း ပြီးစီးအောင် လုပ်ဆောင်လိုက်မည်။

ဟုန်ရှောင်ပေါင်၏ လက်မှုပညာက ထိပ်တန်း အဆင့်အတန်း ဟု မဆိုနိုင်သော်လည်း ပညာရှင်များအနက် အထက်တန်းအဆင့်တွင် သေချာပေါက် ရှိသည်။ ဆောက်၊ ကတော့၊ ရွေပေါ် စသည့် ပစ္စည်းများမှာ နန်းတော်ထဲမှ ယူဆောင်လာသည့် အကောင်းဆုံး ပစ္စည်းများ ဖြစ်ကြ၏။ ထို့ကြောင့် လက်မှုပညာတွင် ကိုင်တွယ် ဖြေရှင်းရန် လုံလောက်ပေသည်။ ပုံစံကြမ်း ရေးဆွဲပြီးသည်နှင့် သစ်သားများကို စတင် ချောမွေ့အောင် ပြုလုပ်တော့၏။ ထိုအခါမှသာ ဟုန်ရှောင်ပေါင်သည် ခွန်အား၏ သန်စွမ်းလာမှုကို သိသာစွာ ခံစားသိရှိလိုက်ရသည်။

နန်းတော်ထဲတွင်သာဆိုလျှင် ဤမျှလောက် ကြီးမားသည့် သစ်သားကြီးကို သူတစ်ယောက်တည်း ချောမွေ့အောင် ပြုလုပ်ရန် တစ်နေကုန် နီးပါး အချိန်ယူရမည် ဖြစ်ပြီး အလွန်အမင်း အားစိုက်ရပေလိမ့်မည်။ သို့သော်ငြား ယခုအခါ ဟုန်ရှောင်ပေါင်က ဖြည်းညင်းစွာ တွန်းလိုက်ရုံဖြင့် တို့ဟူး ဖြတ်ရသည်နှင့် တူညီနေသလိုပင်။

"အမလေး... ဒီလောက်တောင် စွမ်းတာလား။" ဟုန်ရှောင်ပေါင် အလွန်အမင်း ဝမ်းသာသွားခဲ့၏။ သူ၏ ယခု လက်မောင်း ခွန်အားမှာ ခမည်းတော်နှင့် မယ်တော်တို့ကိုပင် လန့်ဖျပ်သွားစေနိုင်လောက်သည်ဟု တွေးတောမိသည်။

"အု... အုအု။" ရတနာဝက်ဝံလေးက ဟုန်ရှောင်ပေါင်၏ နောက်မှ တစ်ချိန်လုံး လိုက်ပါနေခဲ့၏။ အစပိုင်းတွင် ဟုန်ရှောင်ပေါင်ကို ဓား ကမ်းပေးတာ စသည့် ပုံစံမျိုး လုပ်ပြနေသေးသော်လည်း မကြာမီမှာပင် ငြီးငွေ့သွားခဲ့သည်။ ထိုသွေးသလင်းကျောက်ကြီး ပေါ်တွင် မှောက်လျက် အိပ်ပျော်သွားခဲ့၏။

"သူဌေးဟုန်။"

ခဏအကြာတွင် ချန်ယန်သည် အောက်ထပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူသည် ဟုန်ရှောင်ပေါင်ကို စိတ်ပျက်အောင် မလုပ်ခဲ့ချေ။ နှင်းမုန်တိုင်းငွေမှိုနှင့် ငွေစက်နှင်းသစ်တော်သီးတို့ကို ဝယ်ယူ လာခဲ့ပြီးပြီ ဖြစ်သည်။

"ကောင်းတယ်။" ဟုန်ရှောင်ပေါင် ချီးကျူးလိုက်၏။ သူ၏ ဤလက်ရုံး လက်ထောက်က တကယ် မဆိုးလှချေ။

"သူဌေးဟုန်... ကျုပ် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို သပ်ကြည့်လို့ ရမလား။" ချန်ယန်မှာ စိတ်လှုပ်ရှား တက်ကြွနေ၏။ စောစောက ဆေးမြစ် သွားဝယ်စဉ်က ဆိုင်ရှင်မိန်းမနှင့် ထိပ်ဖြူ ခွေးတူဝက်တူကြီး အကြောင်း ကြုံသလို စကားပြောဖြစ်ခဲ့သည်။ ထိုဆိုင်ရှင်မိန်းမ၏ ပြောစကားကြောင့်သာ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ထူးခြားပြီး သာမန်မဟုတ်မှုကို ချန်ယန် ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်သွားခဲ့ခြင်း ဖြစ်၏။ သူ ယခု နားလည်သွားပြီ ဖြစ်သည်။ အကယ်၍ ဟုန်ရှောင်ပေါင်သာ မရှိခဲ့လျှင် သူ တစ်သက်လုံး ဤမျှလောက် အစွမ်းထက်သည့် သားရဲမျိုးနှင့် ထိတွေ့ခွင့် ရရှိလိမ့်မည် မဟုတ်ချေ။

"ရတာပေါ့။" ဟုန်ရှောင်ပေါင်က သဘာဝကျကျပင် မကန့်ကွက်ချေ။ လူမကိုက်ဖို့ စသည့် စကားအချို့ကို ထိပ်ဖြူ ခွေးတူဝက်တူကြီးထံ အလေးအနက် တားမြစ်လိုက်၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးက ပါးစပ်မှ ဝူး ဝူး အသံပြုလျက် ကန့်ကွက်နေသည့်ပုံ ပေါ်သော်လည်း ချန်ယန်ကို အမှန်တကယ် အထိတွေ့ခံခဲ့သည်။

ထိုအခါမှသာ ဟုန်ရှောင်ပေါင်က ပြောလိုက်၏။ "အဲဒါဆိုလည်း ချန်ယန်... ကျုပ် ဒီနေ့ အတော်လေး နောက်ကျတဲ့အထိ အလုပ်များလိမ့်မယ် ထင်တယ်။ ခင်ဗျား ပြန်တဲ့အခါ တံခါးကို ပိတ်သွားလိုက်တော့။"

ထိုအခါမှသာ သုံးထပ်ဆီသို့ ပြန်လည် တက်ရောက်လာခဲ့၏။ ရတနာဝက်ဝံလေးမှာ (တ) စာလုံး ပုံစံကြီးဖြင့် သွေးသလင်းကျောက်ပေါ်တွင် ခွေခွေလေး အိပ်ပျော်နေပြီ ဖြစ်သည်။

ဟုန်ရှောင်ပေါင်လည်း သူ့ကို ဂရုမစိုက်တော့ချေ။ အရင်တစ်ခေါက်က ကုန်ကြမ်းဆိုင်တွင် သူ ရှာဖွေ တွေ့ရှိခဲ့သည့် ပစ္စည်းများအနက် ရေအောက်အေးခဲကျောက်စိမ်းအပြင်၊ သံပြားကြော်ပွဲ လုပ်ရန် သံချပ်ကာကျောက်ပြားနှင့် စွပ်ပြုတ်အိုး အသေးလေး လုပ်ရန် သွေးသလင်းကျောက် တို့လည်း ပါဝင်သေးသည် မဟုတ်ပါလား။

မနက်ဖြန်တွင် ယွင်ချိုင်ရှောင်နှင့် တွေ့ရတော့မည်ကို တွေးမိသည်နှင့် ဆောက်ထုရသည်မှာ ပို၍ပင် ပျော်ရွှင်စရာ ကောင်းလာခဲ့ပြီး ငြီးငွေ့မှု အနည်းငယ်မျှပင် မခံစားရတော့ချေ။

ထို့ကြောင့် ဟုန်မိသားစု ဆိုင်၏ သုံးထပ်တွင် တစ်ညလုံး ဒေါက်ဒေါက်ဒေါင်ဒေါင် အသံများ ဆူညံနေခဲ့တော့၏။

All Chapters