အခန်း ၁၃၅
Vol. 12 Ch. 135
အပိုင်း (၁၃၅) "ဒီကောင်မလေးက နင့်ကို ဖက်ချင်နေလို့လား။"
မိုးလင်းသည့်တိုင်အောင်ပင် ဖြစ်သည်။
ဟုန်ရှောင်ပေါင် သန်းဝေလိုက်၏။ သူ၏ ယခု ခန္ဓာကိုယ်မှာ အိပ်စက်ရန် မလိုအပ်တော့ချေ။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်၌ ညလုံးပေါက် အိပ်ရေးပျက်ထားသည့် ပင်ပန်း နွမ်းနယ်မှု ခံစားချက်မျိုး အနည်းငယ်မျှ ရှိမနေခဲ့ချေ။ သို့သော် ညဘက်ဆို အိပ်ရမည် ဆိုသော အယူအဆမှာ ဆယ်နှစ်ကျော်တိုင်အောင် မွေးမြူထားခဲ့သည့် အရာ ဖြစ်၏။ အလွန်အမင်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်ရာ သန်းဝေနေမိခြင်း ဖြစ်သည်။
"ပိုက်ဆံ နည်းနည်း ထပ်သုံးပြီး ဓားစုံတွဲ ကောင်းကောင်း တစ်တွဲ လုပ်မှ ဖြစ်တော့မယ်။"
ဟုန်ရှောင်ပေါင်သည် ဒေါင်ဒေါင် အသံဖြင့် နှစ်ချက် ထပ်မံ ထုဆစ်ပြီးနောက် သက်ပြင်းချလိုက်၏။ သူ၏ ဤဓားစုံ တွဲမှာ တော်ဝင်မိသားစုထံမှ ယူဆောင်လာခြင်း ဖြစ်သည်။ သာမန်လောကတွင်တော့ ပြိုင်ဘက်ကင်း အကောင်းဆုံး ပစ္စည်းများဟု သေချာပေါက် ဆိုရပေမည်။ သို့သော်ငြား ဝိညာဉ်စွမ်းအင် ကုန်ကြမ်းများကို ကိုင်တွယ် ဖြေရှင်းရာတွင်မူ မလုံလောက်တော့ချေ။ သွေးသလင်း စွပ်ပြုတ်အိုးလေးတော့ ပြီးစီးသွားခဲ့ပြီ ဖြစ်သော်လည်း၊ ဓားပေါ်တွင်တော့ အဘိုးအို၏ သွားများကဲ့သို့ အပဲ့အရွဲ့များစွာ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
တမင်တကာ ချန်ထားခဲ့သည့် ကြီးမားသော သွေးသလင်းကျောက် အနည်းငယ်ကို မြှောက်ပြရင်း တိုးညင်းစွာ ရေရွတ်လိုက်၏။ "ဒါတွေနဲ့ ပစ္စည်း သေးသေးလေးတွေ လုပ်လို့ ရတယ်။ ဥပမာ... လက်စွပ်တို့ ဘာတို့ပေါ့။ အရောင်က ဒီလောက် တောက်ပနေတာ... ညီမလေးချိုင်ရှောင် သေချာပေါက် ကြိုက်မှာပဲ။"
ထိုသို့ပြောရင်း ယနေ့ည၏ လုပ်ဆောင်ချက် ရလဒ်များကို ထပ်မံ ကြည့်ရှုလိုက်၏။ အတော်လေး ကျေနပ်နေမိဆဲပင်။ အကျယ် တစ်မီတာ၊ အရှည် နှစ်မီတာ၊ အနက် တစ်မီတာ ရှိသည့် ရေခဲသေတ္တာ တစ်လုံး၊ သံပြားကြော်ပွဲ လုပ်ရန် သံချပ်ကာကျောက်ပြား တစ်ခု၊ ထို့အပြင် ဤသွေးသလင်းကျောက်ဖြင့် ပြုလုပ်ထားသည့် စွပ်ပြုတ်အိုး အသေးလေး တစ်လုံး။ အသုံးမခံတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သော ဤဓားစုံတွဲကို ကြည့်ရင်း ပစ္စည်းကောင်း အနည်းငယ် ရှာဖွေ ဝယ်ယူမှ ဖြစ်တော့မည်ဟု ဟုန်ရှောင်ပေါင် စိတ်ထဲတွင် တွေးတောလိုက်သည်။
"မဟုတ်မှလွဲရော... ရှန်သံ သုံးရမလား။" ဟုန်ရှောင်ပေါင် စိတ်ထဲတွင် လှုပ်ရှားသွားခဲ့၏။
ယခုအခါ ရှန်သံဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများ သုံးရသည်ကို ကျင့်သားရနေပြီ ဖြစ်ရာ မည်သို့ပင်ဖြစ်စေ ကောင်းမွန်နေသည်ဟု ခံစားရသည်။ ဤသို့ ပြုလုပ်ခြင်းက အလွန် ဖြုန်းတီးလွန်းသည်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့သော်လည်း၊ ဤအတွေး စတင် ပေါ်ပေါက်လာသည်နှင့် ရင်ထဲတွင် အမြစ်တွယ်သွားခဲ့ချေပြီ။ မည်သို့ ဖြစ်သွားသည် မသိဘဲ နောက်ဆုံးတွင်တော့ ဤသို့ ဖြစ်သွားခဲ့သည်။
"ငါ ရှန်သံ ဓားစုံ တွဲ တစ်တွဲ လုပ်တော့မယ်။"
ဟုန်ရှောင်ပေါင်သည် မိုးသောက်ယံစောစောကပင် နိုးထလာခဲ့၏... အဲ... မဟုတ်သေး။ တစ်ညလုံး အိပ်မပျော်ဘဲ နေလိုက်ခြင်းကို မိုးလင်းသည်ဟု ခေါ်ဆိုနိုင်ပါမည်လား။
ယနေ့တွင် ဟုန်ရှောင်ပေါင် လုပ်ဆောင်ရမည့် ကိစ္စများမှာ များပြားလှသည်။ သွေးသလင်းကျောက်ကို ဆွဲမည့် ဆွဲကြိုးတစ်ကုံး ဝယ်ရဦးမည်၊ ထို့အပြင် အချက်အပြုတ်ပညာ ယှဉ်ပြိုင်ရမည်၊ ထို့အပြင် ယွင်ချိုင်ရှောင်ကို သွားရောက် ကြိုဆိုရဦးမည်။
ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ဆိုင်ထဲတွင် လုံခြုံအောင် ထားခဲ့လိုက်သည်။ ၎င်းမှာ တစ်ညလုံး အစာ မစားရသေးသဖြင့် စိုးရိမ်မိသည်ကတော့ အမှန်ပင်။
"ဟေး... မင်း ဒီကောင်ကြီးကို မွေးမြူဖို့ စိတ်ကူးရှိတာလား။" ယင်းကျိုယိုက ရုတ်တရက် ပေါ်ထွက်လာပြီး ထိပ်ဖြူ ခွေးတူဝက်တူကြီးကို လက်ညှိုးထိုးလျက် မေးလိုက်သည်။
"မွေးမြူရအောင်လား... အဘိုးရယ်။"
ဟုန်ရှောင်ပေါင်က ဆွံ့အစွာ ပြောလိုက်သည်။ "ဒီကောင်က တတိယအဆင့်ပဲ ရှိသေးတာ။ ကျုပ်ကိုတောင် ယှဉ်မတိုက်နိုင်ဘူး။ သူ့ကို ကျုပ်ဘာလုပ်ရမှာလဲ။"
"မင်းက ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေထဲမှာ လူသားတွေပဲ ကျင့်ကြံနိုင်တယ်လို့ ထင်နေတာလား။" ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
"အော်... သားရဲတွေလည်း ကျင့်ကြံနိုင်တာလား။"
ဟုန်ရှောင်ပေါင် ချက်ချင်း သဘောပေါက်သွားခဲ့၏။ သို့သော်လည်း ချက်ချင်း လက်မခံသေးဘဲ သတိကြီးစွာဖြင့် မေးလိုက်သည်။ "ဈေးကြီးလား။"
"ချမ်းသာတဲ့ မွေးမြူနည်း ရှိသလို..."
"ဆင်းရဲတဲ့ နည်းလမ်းကိုပဲ လိုချင်တာ။"
ဟုန်ရှောင်ပေါင်က အဘိုး၏ စကားကို ချက်ချင်း ဖြတ်ပြောလိုက်၏။ "ကျုပ်ဆင်းရဲတဲ့ မွေးမြူနည်းကိုပဲ ရွေးမယ်။"
"…..."
ယင်းကျိုယို အနည်းငယ် ဆွံ့အသွားပြီးနောက် ပြောလိုက်၏။ "မင်းနေ့စဉ် ချက်ပြုတ်တဲ့ ဆေးဘက်ဝင် ဟင်းလျာတွေထဲမှာ ပိုလျှံနေတဲ့ အပိုင်းအစတွေ၊ စားကြွင်းစားကျန်တွေ ရှိနေမှာပဲ။ အဲဒီအရာတွေကို ကြုံသလို ချက်ပြုတ်ပြီး ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကျွေးလိုက်ရင်ပဲ သူ့အတွက် အတော်လေး ကောင်းမွန်နေပါပြီ။ ဒီအတိုင်းသာ တောက်လျှောက် ကျွေးသွားမယ် ဆိုရင် စွမ်းဆောင်ရည် အများကြီး တိုးတက်လာလိမ့်မယ်။ အကယ်၍ ကံကောင်းရင် မျိုးဗီဇပြောင်းလဲခြင်းတောင် ဖြစ်လာနိုင်သေးတယ်။"
"အပိုင်းအစတွေနဲ့ စားကြွင်းစားကျန်တွေ ဟုတ်လား။ ဟားဟား... ဒါဆိုရင်တော့ ဖြစ်တာပေါ့။" ဟုန်ရှောင်ပေါင် စိတ်ထဲမှာ အတော်လေး ပျော်ရွှင်သွားခဲ့၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို အိမ်စောင့်ရန် မှာကြားလိုက်ပြီးနောက် ဆိုင်တံခါးကို ပိတ်ကာ ထွက်လာခဲ့သည်။ ပြောရမည် ဆိုလျှင် အိမ်တွင် ဤမျှလောက် ကြီးမားသည့် အကောင်ကြီး ရှိနေခြင်းက ဟုန်ရှောင်ပေါင်အတွက် အလွန်အမင်း စိတ်ချမ်းသာစေသည်။
ဆိုင်ပြင်သို့ ရောက်သည်နှင့် ဖုန်းလင်းလုံ၊ ကျန်းမုန်ယွင်၊ ချောင်ဝမ်တို့ သုံးဦးနှင့် တည့်တည့် တိုးမိသည်။ သူတို့မှာ ဟုန်မိသားစုဆိုင်ဆီ လာရောက်ကြခြင်း ဖြစ်ကြောင်း သိသာလှ၏။
ဟုန်ရှောင်ပေါင်က ရယ်မော၍ ပြောလိုက်သည်။ "သုံးယောက်လုံး... ဒီကို ဘာကိစ္စ လာတာလဲ။"
"ဒီအစ်မကတော့ ကိစ္စ နှစ်ခုနဲ့ လာတာ။ ပထမတစ်ခုကတော့ ခဏနေရင် တစ်ယောက်ယောက်ရဲ့ ချစ်သူက လေယင်ရေကန်ထဲကနေ ထွက်လာတော့မှာမို့လို့၊ အဲဒီလူက ဘာတွေ စီစဉ်ထားလဲ သိချင်လို့ပဲ။ ဒုတိယတစ်ခုကတော့ ဆေးဘက်ဝင် အစားအစာလေး တစ်ပွဲလောက် တောင်းချင်လို့ပဲ။"
"ဟားဟား ... ညီမလေးချိုင်ရှောင် ထွက်လာမယ့်နေ့ကို ကျုပ်အမြဲတမ်း မျှော်နေတာပါ။"
ဟုန်ရှောင်ပေါင်က ရယ်မော၍ ပြောလိုက်သည်။ "ဆေးဘက်ဝင် အစားအစာကတော့ အခုလောလောဆယ် မရှိသေးဘူး။ ဒါပေမဲ့ နောက်ရက်အနည်းငယ်နေရင် ဟုန်မိသားစုဆိုင်ရဲ့ ဒုတိယထပ်မှာ စားသောက်ဆိုင် ဖွင့်တော့မှာပါ။ အဲဒီမှာ ဆေးဘက်ဝင် အစားအစာတွေပဲ ရောင်းမှာ ဖြစ်လို့ သုံးယောက်လုံး နောက်မှ လာကြည့်ကြပေါ့။"
ရွှီကျင်းနှင့် ချိန်းဆိုထားသည်ကို သတိရသွား၍ ထပ်ပြောလိုက်၏။ "အော်... ကျုပ်ခဏနေရင် ဟင်းချက်ပြုတ်ရေးဌာနမှာ အလုပ်ကိစ္စ ရှိသေးတယ်။ ညီမလေးချိုင်ရှောင်ကိုတွေ့ရင် ကျုပ်ကို ဟင်းချက်ပြုတ်ရေးဌာနမှာ လာရှာဖို့ ပြောပေးလိုက်ပါအုံး။"
"ဒီလိုလား။ ကောင်းပါပြီ။" ဖုန်းလင်းလုံက ဟုန်ရှောင်ပေါင်ကို နှုတ်ဆက်မည် ပြုစဉ်တွင်ပင် အကြည့်များမှာ ရပ်တန့်သွားခဲ့၏။
"အု... အုအု။" ကျေနပ်ဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ ဟုန်ရှောင်ပေါင်၏ ရင်ခွင်ထဲမှ တစ်စုံတစ်ခု လှုပ်ရှားသွားပြီး ရတနာဝက်ဝံလေးမှာ ပျင်းရိစွာဖြင့် ခေါင်းပြူထွက်လာခဲ့သည်။
"နိုးလာပြီလား။" ဟုန်ရှောင်ပေါင် ရယ်မောမိသည်။ တစ်ရေးတည်းနှင့် ၁၅ နာရီ၊ ၁၆ နာရီလောက် အိပ်တတ်သည့်ကောင်ပင်။
"ဝါး... အစ်ကိုလေးဟုန်၊ ဒါက ဘာအကောင်လဲ။ ချစ်စရာလေး။" ကျန်းမုန်ယွင်က ချက်ချင်း ခုန်ပေါက် လိုက်သည်။
"အု... အုအု။" ရတနာဝက်ဝံလေးမှာ လူဆိုသည့် ရှားပါး သားရဲမျိုးစိတ်နှင့် ရင်းနှီးသွားပြီ ဖြစ်သည်။ ယခုအခိုက်အတန့်တွင် ကျန်းမုန်ယွင်တို့ကို မြင်လိုက်ရသောအခါ မည်သို့ ဖြစ်သွားသည် မသိဘဲ ရဲတင်းသွားကာ လက်နှစ်ဖက်ကို ခါးထောက်လျက် ဟုန်ရှောင်ပေါင်၏ ဦးခေါင်းထက်တွင် ရပ်ကာ အသံပြုလိုက်၏။
"ဆင်းစမ်း။ မင်း ထပ်ပြီး လုပ်ပြန်ပြီလား။" ဟုန်ရှောင်ပေါင် ဒေါသထွက်သွားခဲ့သည်။
ဒီနေရာမှာ ညီမလေးချိုင်ရှောင်ရဲ့ သူငယ်ချင်းတွေ ရှိနေတာလေ။ ဒီလိုပုံစံနဲ့ဆိုရင် ငါ မင်းကို ဘယ်နားသွားထားရမလဲ။
ထိုသို့ ပြောရင်း ရတနာဝက်ဝံလေးကို ဆွဲချ၍ လည်ပင်းသားကို ကိုင်ထားလိုက်၏။
"အို... အစ်ကိုလေးဟုန်... ဘာဖြစ်လို့ ဒီလောက်တောင် ကြမ်းတမ်းနေရတာလဲ။"
ကျန်းမုန်ယွင်က ချက်ချင်း မကျေမနပ် ဖြစ်သွား၏။ "မြန်မြန်... မြန်မြန် ချပေးလိုက်ပါ။"
"ဟေး... သူက အကောင်လေးပဲ ရှိသေးတာကို နင်းမိရင် ဘယ်လိုလုပ်မလဲ။"
ဖုန်းလင်းလုံကလည်း မကျေမနပ် ဖြစ်လျက် လက်ကို ဆန့်တန်းလိုက်သည်။ "လာ... အစ်မဆီ လာခဲ့။"
"..." ဟုန်ရှောင်ပေါင်မှာ သူတို့အားလုံး၏ ပြောစကားကြောင့် မတတ်သာတော့ချေ။ ရတနာဝက်ဝံလေးကို ကမ်းပေးလိုက်၏။
သို့သော်ငြား ဖုန်းလင်းလုံနှင့် မထိတွေ့မီမှာပင် ရတနာဝက်ဝံလေးက အော်ဟစ် ရုန်းကန်လိုက်ပြန်သည်။ ဟုန်ရှောင်ပေါင်က ရယ်မော၍ ရတနာဝက်ဝံလေးကို ရင်ခွင်ထဲသို့ ပြန်လည် ပွေ့ဖက်လိုက်သည်။ "သူက လူစိမ်းဆို ကြောက်တတ်တယ်။"
"ဟွန့်။"
ဖုန်းလင်းလုံက ဒေါသတကြီး ဆို၏။ "ဒီအစ်မကလည်း နင့်ကို ပွေ့ဖက်ချင်နေတာ မဟုတ်ဘူး။"
"ဟုန်... ဒီသားရဲက ဒုတိယအဆင့် ရွှေဝက်ဝံလေး မဟုတ်လား။"
ချောင်ဝမ်က အေးဆေးတည်ငြိမ်စွာဖြင့် ပြုံး၍ ပြောလိုက်သည်။ "ဒါက လူတိုင်း လိုချင်ပေမဲ့ မရနိုင်တဲ့ ကိစ္စလေ။ သူ့ကို ဒီလောက်တောင် ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံပါနဲ့။ ပြေးသွားမှာ စိုးရိမ်ရတယ်။"
"ကျုပ်က ပြေးစေချင်နေတာပါ။" ဟုန်ရှောင်ပေါင်က တိုးညင်းစွာ ပြောလိုက်၏။ ဤကောင်လေးသာ မိမိက သေချာ မထိန်းချုပ်ထားခဲ့လျှင် ဆေးမြစ်အများအပြားကို ဖျက်ဆီးပစ်လောက်ချေပြီ။