အခန်း ၁၃၆
Vol. 12 Ch. 136
အပိုင်း (၁၃၆) အီးပါ ကုန်းပေးရအုံးမှာလား။
မွန်းလွဲပိုင်းတွင် ယွင်ချိုင်ရှောင် လေယင်ရေကန်မှ ထွက်လာတော့မည် ဖြစ်ရာ သူသည် ဆွဲကြိုးအတွက် စိတ်ထဲတွင် စိုးရိမ်နေမိသည်။
ထို့ကြေုာင့် မိန်းကလေးတသိုက်ကို နှုတ်ဆက်ပြီးနောက် လမ်းမပေါ်သို့ လျင်မြန်စွာ ထွက်လာခဲ့၏။
သွေးသလင်းကျောက် ဒယ်အိုးလုပ်ပြီးချိန်တွင် ပိုလျှံနေသည့် အပိုင်းအစများကို ဟုန်ရှောင်ပေါင်က နှလုံးသား ပုံသဏ္ဌာန် ခုနစ်ခု ထုဆစ်လိုက်၏။ အပိုင်းအစ တစ်ခုချင်းစီ၏ နောက်ကျောတွင် စာလုံး တစ်လုံးစီ ထွင်းထုလိုက်သည်။ ပေါင်းစပ်လိုက်လျှင် "ညီမလေးချိုင်ရှောင်အတွက် လက်ဆောင်" ဟု ဖြစ်လာပေမည်။
အကြီးဆုံး တစ်ခုပေါ်တွင်မူ ရယ်မောနေသည့် ကာတွန်း မျက်နှာ နှစ်ခုကို ရေးဆွဲလိုက်၏။ တစ်ယောက်က ယောကျ်ား၊ တစ်ယောက်က မိန်းမ ဖြစ်ပြီး ဘယ်သူဖြစ်မည် ဆိုသည်မှာ ပြောစရာပင် မလိုတော့ချေ။
"ဟားဟား... နည်းနည်းတော့ ရှက်စရာ ကောင်းတယ်..." ဟုန်ရှောင်ပေါင် ရယ်မော၍ လက်ဝတ်ရတနာဆိုင် တစ်ဆိုင်သို့ ရောက်ရှိသွားခဲ့သည်။ အတော်ကြာအောင် ကြည့်ရှုပြီးနောက် ငွေဆွဲကြိုး တစ်ကုံးကို သဘောကျသွားခဲ့၏။ ဤငွေဆွဲကြိုးမှာ ခဏတိုင်းတွင် ငွေရောင် တောက်ပနေတတ်သည်။ အလွန်အမင်း ထင်ရှားလွန်းခြင်း မရှိသလို၊ အလွန်အမင်း ရိုးရှင်းလွန်းခြင်းလည်း မရှိချေ။ ဝိညာဉ်ကျောက်သလင်း သုံးခု ပေး၍ ဝယ်ယူလိုက်ပြီး သွေးသလင်းကျောက်များကို ဆွဲချိတ်လိုက်သည်။
အားလုံးပြီးမှသာ ဆိုင်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။
ပစ္စည်းအားလုံးကို ယူဆောင်ပြီး ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ပုတ်ပေးလိုက်သည်။ “ဟိတ်ကောင် ... ဆိုင်ကို သေချာ စောင့်ရှောက်ထား။ ငါ ပြန်လာရင် အရသာရှိတာ လုပ်ကျွေးမယ်။"
"ဝူး ဝူး ဝူး..." ထိပ်ဖြူ ခွေးတူဝက်တူကြီးက သဘောတူလိုက်၏။
ဟုန်ရှောင်ပေါင်လည်း အိမ်မှ ထွက်လာခဲ့တော့သည်။
ဟင်းချက်ပြုတ်ရေးဌာနသို့ ရောက်ရှိချိန်တွင် ရွှီကျင်းက အသင့်ပြင်ဆင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။ ရွှီကျင်းမှာ မူလက စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ဦး ယှဉ်ပြိုင်ရန် ချိန်းဆိုထားသော်လည်း အချိန်ကိုတော့ အတိအကျ မပြောခဲ့ကြချေ။ အကယ်၍ ဟုန်ရှောင်ပေါင်က ညအထိ ဆွဲဆန့်ထားမည် ဆိုလျှင် သူ ဤအတိုင်း စောင့်ဆိုင်းနေရတော့မည်လား။
ထိုသို့ တွေးတောနေစဉ်မှာပင် ဟုန်ရှောင်ပေါင်က ပစ္စည်းများကို ကိုင်ဆောင်လျက် ဟင်းချက်ခန်းထဲသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။ ရွှီကျင်း၏ စိတ်ထဲတွင် ပျော်ရွှင်သွားခဲ့သော်လည်း နှုတ်မှမူ အေးစက်စွာ လှောင်ပြုံးဖြင့် ပြောလိုက်၏။ "ဟမ်... မင်း တကယ်ပဲ လာရဲတာပဲ။"
"ဟားဟား... ဒီနေ့ ခင်ဗျားအဘိုးက ဘယ်သူလဲ ဆိုတာ သိသွားစေရမယ်။ အဘိုးက အမြဲတမ်း အဘိုးပဲ။" ဟုန်ရှောင်ပေါင် အားရပါးရ ရယ်မောလိုက်၏။
"မင်း ဘာပြောလိုက်တာလဲ။" ရွှီကျင်း ဒေါသထွက်သွားခဲ့ပြန်သည်။ ဝူကော်အာ၏ ရှေ့မှောက်တွင် ဤသို့ ပြောရဲသည်လား။
"အားလုံး စကား နည်းနည်း လျှော့ပြောကြပါ။"
ချန်ယုလည်း ရောက်ရှိလာပြီး ဟုန်ရှောင်ပေါင်၏ ကုန်ကြမ်းပစ္စည်းများကို လွှဲပြောင်းပေးလိုက်၏။
ဟုန်ရှောင်ပေါင်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။
ဤနေရာမှာ ဟင်းချက်ခန်း ဖြစ်ပြီး ဟင်းချက်ပြုတ်ရေး ဌာန၏ စာသင်ခန်းလည်း ဖြစ်၏။ အလျား ၁၀ မီတာခန့် ရှိသည့် ခန်းမကြီး တစ်ခု ဖြစ်ပြီး၊ ခန်းမထဲတွင် ရှည်လျားသည့် စားပွဲတန်း လေးတန်း ရှိသည်။ စားပွဲတစ်ခုစီတွင် မီးဖို နှစ်တန်းစီ ရှိပြီး တစ်တန်းလျှင် ငါးခုစီ ရှိ၏။ အလယ်တွင် နှစ်ပေခန့် မြင့်မားသည့် နံရံတို တစ်ခုဖြင့် ကန့်ထားသည်။ နံရံပေါ်တွင် ဒယ်အိုး၊ ဇွန်းကြီး၊ စားပွဲတင် ဘုတ်ပြား စသည်တို့ကို ချိတ်ဆွဲထား၏။ မီးဖိုပေါက်များမှာ တစ်ခုနှင့်တစ်ခု လွဲနေသည်။ ဟုန်ရှောင်ပေါင် အံ့အားသင့်ရသည့် အချက်မှာ ရေပိုက်များ တပ်ဆင်ထားပြီး ရေစင်လေး တစ်ခုလည်း ရှိနေခြင်းပင်။
"ဒီအချက်က တော်တော် သိပ္ပံနည်းကျ တာပဲ။"
ဟုန်ရှောင်ပေါင် တိတ်တဆိတ် တွေးလိုက်မိသည်။ ကြုံသလို သန့်ရှင်းသည့် မီးဖိုတစ်ခုကို ရွေးချယ်ပြီး သူ၏ ကုန်ကြမ်းပစ္စည်းများကို စနစ်တကျ ခင်းကျင်း ပြသလိုက်သည်။
နှင်းဖားဆီအနှစ်၊ ငွေမှို၊ သကြားခဲ၊ ငွေစက်နှင်းသစ်တော်သီး၊ မီးလျှံဆွဲသီး၊ မာလာဥ၊ ရေ။ ဤသည်တို့မှာ ခန္ဓာကိုယ်အားဖြည့် နှင်းဖားဆီအနှစ် အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း အားလုံးပင် ဖြစ်၏။ ပြုလုပ်နည်းကို ဟုန်ရှောင်ပေါင် သိရှိသော်လည်း ပထမဆုံး အဆင့်မှာပင် အခက်တွေ့သွားခဲ့ရ၏။
နှင်းဖားကို ဆေးကြောရမည်...။
ဤအရာ၏ သက်တမ်းမှာ ဤကမ္ဘာပေါ်ရှိ လူပေါင်း ၉၉ ရာခိုင်နှုန်းထက် ပို၍ ကြာမြင့်နေလောက်ပြီ ဖြစ်၏။ အပေါ်ရှိ ဖုန်မှုန့်များမှာ အတွင်းပိုင်းအထိပင် စိမ့်ဝင်နေခဲ့ပြီ ဖြစ်ရာ မည်သို့ ဆေးကြောရမည်နည်း။
ထို့အပြင် နှစ်ကာလများစွာ ကြာမြင့်အောင် အခြောက်ခံထားခဲ့ခြင်းကြောင့် ဤနှင်းဖားဆီအနှစ်၏ အစိုဓာတ်မှာ လုံးဝ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်ပြီး ယခုအခါ ပလတ်စတစ် တစ်ခုအလား ဖြစ်နေချေပြီ။ ထို့ကြောင့်...
"ဒီအရာကို ဘယ်လို ဆေးကြောရမှာလဲ။"
...
တခြားတစ်ဖက်တွင်မူ ရွှီကျင်းမှာ လက်သွက်ခြေသွက်ဖြင့် မြက်စားငါးကို အပိုင်းပိုင်း တုံး၍ ကိုင်တွယ် ပြင်ဆင်နေ၏။
ငါးမီးခိုးကြပ်တင်ဟင်းပွဲ ဟု ခေါ်ဆိုသော်လည်း တကယ်တမ်းတွင် မီးခိုးဖြင့် ကြပ်တင်ခြင်း မဟုတ်ပေ။ ပဲငံပြာရည်ဖြင့် အရင်ဆုံး စိမ်ထားပြီးနောက် ဆီပူတွင် ကြော်ကာ၊ နောက်ဆုံးတွင် အရသာရည်ထဲသို့ စိမ်ပြီး အရသာသွင်းခြင်း ဖြစ်၏။ ငါးမီးခိုးကြပ်တင်ဟင်းပွဲတွင် ပြုလုပ်နည်း အမျိုးမျိုး ရှိသည်။ ယခု ရွှီကျင်း ပြုလုပ်နေသည်မှာ အရသာရည်စိမ်နည်း ငါးမီးခိုးကြပ်တင်ဟင်းပွဲ ဖြစ်သည်။
သူ၏ အရှေ့တွင် ကုန်ကြမ်းပစ္စည်း အများအပြားကို ပြင်ဆင်ထားပြီး ဖြစ်၏။ ဂျင်း၊ ကြက်သွန်မြိတ်၊ အရသာရည်၊ သကြားခဲ၊ အရက်၊ နာနတ်ပွင့်၊ ဂျင်းပါးပါး၊ သစ်ကြံပိုးခေါက်၊ ငရုတ်ကောင်းမှုန့်၊ ငါးဆီ စသည်တို့မှာ အမျိုးပေါင်း ၃၀ ကျော် ရှိ၏။ အားလုံးမှာ သာမန် လွယ်ကူသည့် ကုန်ကြမ်းများ ဖြစ်ကြသည်။ ဂျင်းပါးပါးကိုသာ ပထမတန်းစား ဆေးမြစ် ဖြစ်သည့် အရသာရွှေဂျင်းဖြင့် အစားထိုးထား၏။ ဆေးမြစ်များမှာ ထူးခြားဆန်းကြယ်သည့် အသုံးဝင်မှုများ ရှိသော်လည်း ဆေးမြစ်၏ ဆေးဓာတ်မှာ အလွန်တရာ ဆန်းကြယ်လွန်းရာ သူ လုံးဝ စွန့်စား၍ မစမ်းသပ်ဝံ့ချေ။ ဤအရသာရွှေဂျင်းမှာ သူ အတော်လေး နားလည် သဘောပေါက်ထားသည့် ဆေးမြစ်လေးမျိုး ထဲမှ တစ်မျိုး ဖြစ်သည်။ အသုံးပြုပုံ မှန်ကန်လျှင် ဟင်းပွဲ၏ အရသာကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်။ ဤသည်မှာ သူ၏ ငါးမီးခိုးကြပ်တင်ဟင်းပွဲ အတွက် တစ်ဦးတည်းသော လျှို့ဝှက်ချက် ဖြစ်၏။
ရွှီကျင်းက ငါးဗိုက်အတွင်းရှိ အမည်းရောင် အမြှေးပါးကို ခြစ်ထုတ်ပြီးနောက် အခြောက်ခံကာ ဓားကို ကိုင်မြှောက်လိုက်သည်။
"ဒေါက်... ဒေါက်... ဒေါက်... ဒေါက်..." ဟင်းခုတ်ဓားက ညင်သာစွာ မြည်ဟည်းနေ၏။ စည်းချက်မှာ တည်ငြိမ်လှသည်။ ဓားချက် တစ်ချက်ချင်းစီတိုင်းမှာ ပေါ့ပါးပြီး တိကျလှရာ အတုံးလိုက် အတုံးလိုက် ဖြစ်နေသော ငါးအသားတုံးများမှာ ပေတံဖြင့် တိုင်းထားသည့်အလား တိကျလှသည်။
ရွှီကျင်းမှာ အတော်လေး ဂုဏ်ယူ ဝင့်ကြွားနေမိသည်။ ဟုန်ရှောင်ပေါင်ကို ခိုးကြည့်လိုက်သည်။ ဟုန်ရှောင်ပေါင်၏ အရှေ့တွင် စားသောက်ကုန် ကုန်ကြမ်း အမျိုးအစား အနည်းငယ်သာ ရှိသည်ကို မြင်သောအခါ စိတ်ထဲမှ အလွန်အမင်း ရယ်မောချင်နေမိ၏။
ဟင်းချက်သူတိုင်း သိကြသည့်အတိုင်း ကုန်ကြမ်းပစ္စည်း များလေလေ အရသာကို ထိန်းချုပ်ရ ပိုမို ခက်ခဲလေလေ ဖြစ်သည်။ သူ၏ အရှေ့တွင် ကုန်ကြမ်းပစ္စည်း အမျိုး ၃၀ ကျော် ရှိနေသည်။ ကမ္ဘာပေါ်ရှိ ထိပ်တန်း ဟင်းချက်သူများပင် ဤမျှလောက် များပြားသည့် ကုန်ကြမ်းများကို ထိန်းချုပ်နိုင်သူ နည်းပါးလှ၏။ ဟုန်ရှောင်ပေါင် ကို ပြန်ကြည့်လိုက်ရာ သူ ပြင်ဆင်ထားသည့် ပစ္စည်းက ခြောက်မျိုးပဲ ရှိသေးသည်။ ဖုန်မှုန့်တွေ ပေကျံနေသော အရာက ဘာဖြစ်သနည်း။
ဟုန်ရှောင်ပေါင်မှာမူ ဤနှင်းဖားဆီအနှစ်တုံးကို ကြည့်ရင်း မှင်သက် တွေဝေနေခဲ့၏။
"အဘိုး... ဒီအရာကို တကယ်ပဲ ဘယ်လို ဆေးကြောရမှာလဲ။" ဟုန်ရှောင်ပေါင် အကြိမ် ၅ သောင်းမြောက် မေးခွန်း ထုတ်လိုက်၏။ ဤနှင်းဖားပေါ်တွင် ဖုန်မှုန့်များ စိမ့်ဝင်နေသည်ကို ကြည့်ရင်း ဒေါသထွက်လောက်အောင် ဖြစ်နေသည်။ အပေါ်ယံ ဖုန်မှုန့်များကိုတော့ ဆေးကြောပြီး ဖြစ်သော်လည်း ဤအရာမှာ အရည်ပျော်ပြီးနောက် အမှိုက်သရိုက်များ ပါဝင်နေပြီး ကျပန်း အအေးခံ စုစည်းထားသည့် ပလတ်စတစ်နှင့် တူနေ၏။ သို့မဟုတ် အရည်အသွေး အလွန် နိမ့်ကျသည့် အဝါရောင် ကျောက်စိမ်း တစ်တုံးနှင့်လည်း တူသည်။ ထိုဖုန်မှုန့်များမှာ ၎င်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပုံပင် ပေါက်သည်။
"မင်း ဦးနှောက်က အလှပြဖို့ ထားထားတာလား။"
ယင်းကျိုယိုက အေးစက်စွာ ရယ်မောလိုက်၏။ "အိမ်သာ တက်တာပါ အဘိုးကို သင်ခိုင်းအုံးမှာလား။"