အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း (၁၂၁) သူမက နဂါးထိန်းတစ်ဦးပဲ။
"အဘိုး... အဘိုးမြေးက မသေပါဘူး။ အဘိုးမြေးက ထူးဆန်းပြီး စိတ်ကူးယဉ်ဆန်ဆန် ရှုခင်းတွေရှိတဲ့ နေရာတစ်ခုကို မတော်တဆ ရောက်သွားမိလို့ ပြန်လမ်းမတွေ့တာပါ" ကျူးမင်လန်က သူ့ခံစားချက်တွေကို မဖုံးကွယ်နိုင်တော့ဘဲ ပြောလိုက်သည်။ ထို့နောက် အဘိုးဖြစ်သူအား ရိုသေလေးစားစွာဖြင့် ခါးကိုင်း၍ ဉီးညွှတ် ဂါရဝပြုလိုက်ပြီး အဘိုးထံမှ စကားတစ်ခွန်းမျှ မလာမချင်း သူ မတ်တပ်မရပ်ဘဲ ဆက်လက် ဦးညွှတ်နေခဲ့သည်။
အကြီးအကဲ ဓားဧကရာဇ်က (Elder Sword Sovereign) ကုလားထိုင်မှ ထလိုက်ပြီး ကျူးမင်လန်ထံသို့ လျှောက်သွားလိုက်သည်။ ထို့နောက် အရေးအကြောင်းများဖြင့် ပြည့်နေ သည့် သူ၏ လက်ဖဝါးများဖြင့် ကျူးမင်လန်၏ လက်ခုပ်ပေါ်သို့ အုပ်မိုးလိုက်ပြီး ညင်သာစွာ ပုတ်ပေးလိုက်လေသည်။ (Elder Sword Sovereign) ဓားသမားတွေရဲ့ အဆင့်နှင့်ပတ် သက်ပြီး တိတိကျကျ မပါသေးသည့်အတွက် အဆင်ပြေမည်ထင်သလို ပြန်ဆိုထားပါ သည်။ အဆင့်သတ်မှတ်ချက် တိတိကျကျ ပါဝင်လာပါက အခြေအနေကြည့်၍ ပြောင်းလဲ ပြန်ဆိုပါမည်။)
"မင်းရဲ့ ကျင့်ကြံခြင်းအခြေခံတွေ ပျောက်ဆုံးသွားပေမဲ့ မင်းရဲ့စိတ်က တည်ငြိမ်နေတယ်။ ဝမ်းနည်းခြင်း၊ အပြစ်တင်ခြင်းမျိုးလည်း မရှိဘူး။ ကောင်းတယ်၊ အလွန်ကောင်းတယ်။ မင်းရဲ့ လက်ရှိအခြေအနေက အဘိုးသဘောကျတဲ့ ပုံစံမျိုးပဲ။ လူငယ်ဆိုတာ ခရီးတွေ အများကြီး လျှောက်လှမ်းသင့်တယ်။ မင်း ခရီးသွားခဲ့တယ်ဆိုတဲ့ နေရာက ဘယ်နေရာလဲ" အကြီးအကဲ ဓားအရှင်က မေးလိုက်သည်။
"လီချွမ်းတိုက်ကြီးပါ" ကျူးမင်လန်က ပြန်လည် ဖြေကြားသည်။
"အော်... အဲဒီတိုက်သစ်ကြီးပေါ့။ အင်ပါယာမင်းဆက်ရဲ့ နန်းတော်က အမိန့်စာတစ်စောင် ထုတ်ပြန်ထားတယ်။ ငါတို့ဓားဂိုဏ်းကို အမြဲသတိဝီရိယရှိဖို့နဲ့ မသိရသေးတဲ့ အန္တရာယ်တွေ ကို ကြိုတင်ကာကွယ်ထားဖို့ ညွှန်ကြားထားတယ်။ မင်းရဲ့အဒေါ်ဖြစ်သူ ရွှဲ့ဟန်က အဲဒီ နေရာမှာ တာဝန်ခံ တရားစီရင်ပိုင်ခွင့်ရှိသူအဖြစ် တာဝန်ယူထားပုံရတယ်။ မင်း သူမနဲ့ရော တွေ့ခဲ့သေးလား" အကြီးအကဲ ဓားဧကရာဇ်က ဆက်လက် မေးမြန်းလိုက်သည်။
"တွေ့ခဲ့ပါတယ်။ အဘိုးကို အခုလို လာတွေ့တာက လီချွမ်းတိုက်ကြီးထဲက မြို့ငယ်လေး တစ်ခုအတွက် အကူအညီတောင်းခံချင်လို့ပါ။ အဲဒါက ကျွန်တော့် မိသားစုရဲ့... ကျွန်တော် အသက်ပေးပြီး ကြိုးစားထိန်းသိမ်းထားရတဲ့ နယ်မြေတစ်ခုပါ။ အခုဆိုရင် အင်အားစု တော်တော်များများက အဲဒီနေရာကို လိုချင်တပ်မက်နေကြပြီး အစိတ်စိတ်အမွှာမွှာ ခွဲဝေယူဖို့ ကြိုးစားနေကြတယ်။ စည်းကမ်းမလိုက်နာတဲ့လူတွေလည်း ပေါ်လာနေပြီ။ အဲဒီ အတွက် ဂိုဏ်းက ကျွမ်းကျင်သူအချို့ကို လွှတ်ပေးပြီး အခိုင်အမာ ကာကွယ် စောင့်ရှောက် ပေးဖို့ အဘိုးကို တောင်းဆိုချင်ပါတယ်" ကျူးမင်လန်က ပြောလိုက်သည်။
"ဒီကိစ္စအတွက် ရှဲ့ဟန်နဲ့ပဲ တိုင်ပင်လိုက်ပါတော့လား" အကြီးအကဲ ဓားဧကရာဇ်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"အဒေါ်ရွှဲ့ဟန်က ကျွန်တော့်အပေါ် အလွန်စိတ်ပျက်နေပုံရပါတယ်။ သူမက ကိစ္စရပ်တွေ ကို ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာသာ ကိုင်တွယ်တတ်တဲ့လူလေ" ကျူးမင်လန်က ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။
"ဟာ... သူမက ဘာလို့ အဲဒီလိုမျိုး ဖြစ်နေရတာလဲ။ ဘာပဲဖြစ်ဖြစ် သူမက မင်းရဲ့ ဆရာ တစ်ပိုင်း မဟုတ်လား။ ဖရိုဖရဲ ဖြစ်နေတဲ့ ကာလတွေမှာတော့ လောကီအရေးနဲ့ ကင်းရှင်းတဲ့ သူရဲကောင်းတစ်ယောက်အဖြစ် နေလို့မရတော့ဘူးလေ။ ငြိမ်းချမ်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့တောင်မှ ခက်ခဲလှပြီ" အကြီးအကဲ ဓားဧကရာဇ်က အသက်ပြင်းပြင်း ရှူထုတ် ရင်း သက်ပြင်းချလိုက်သည်။
"အဲဒါက ကျွန်တော် ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းပါ၊ ကျွန်တော် သူမကို အပြစ်မဆိုနိုင်ပါ ဘူး" ကျူးမင်လန်က တုံ့ပြန် ပြောကြားလိုက်သည်။
"မြောင်ကျူး၊ မင်းရဲ့ သိုင်းဦးလေးတစ်ယောက်က လီချွမ်းတိုက်ကြီးကို သွားပြီး ထူးခြားတဲ့ နယ်မြေတွေကို နားလည်သဘောပေါက်ဖို့နဲ့ မသိရသေးတဲ့ စွန့်စားခန်းတွေကို ရှာဖွေဖို့ အစီအစဉ်ရှိတယ်လို့ ငါ့ကို ပြောဖူးတာ ငါမှတ်မိသေးတယ်။ သူသာ အဲဒီမြို့ငယ်လေးမှာ တည်းခိုဖို့ ဆန္ဒရှိမယ်ဆိုရင် ငါသူ့ကို ဟောင်ယင်ဓားကို လက်ဆောင်ပေးမယ်လို့ သူ့ကို သွားပြောပေးလိုက်ပါ" အကြီးအကဲ ဓားဧကရာဇ်က ဇီမြောင်ကျူးအား မိန့်ကြားလိုက် သည်။
"အဲဒါ ဦးလေး ဂူတန် ဖြစ်ပါလိမ့်မယ်။ မြေးလေး ချက်ချင်းပဲ သွားပြောပေးပါ့မယ်။ ဒါပေမဲ့... ဆရာကြီး၊ ကျွန်မတို့ ဓားဂိုဏ်းထဲမှာ ဟောင်ယင်ဓားရော ကျန်သေးလို့လား။ နောက်ဆုံး ကျန်တဲ့ တစ်လက်က စွန့်ပစ်ဓားတောထဲမှာ ရှိနေတာ မဟုတ်လား။ အခုတော့ အဲဒီ နေရာကို ဘယ်သူမှ ဝင်ရဲကြတော့ဘူး။ အဲဒီမှာ ဖြစ်ပျက်နေတဲ့ ထူးဆန်းတဲ့ ကိစ္စတွေကို လည်း ဘယ်သူမှ ဖြေရှင်းနိုင်သေးတာ မဟုတ်ဘူးလေ" ဇီမြောင်ကျူးက ပြောလိုက်သည်။
ကျူးမင်လန်လည်း ဦးလေး ဂူတန်နှင့် ပတ်သက်၍ အမှတ်တရ ရှိနေခဲ့သည်။
သူသည် မျက်လုံးထဲတွင် ဖုန်မှုန့်တစ်စက်မျှဝင်လျှင်ပင် သည်းမခံနိုင်လောက်အောင် ဒေါသ ကြီး ဖြောင့်မတ်တည်ကြည်သော ဓားအရှင်တစ်ဦး ဖြစ်ပြီး ဒေသအသီးသီးရှိ မြို့ရွာများ၏ ဓလေ့ထုံးတမ်းများကို နှစ်သက်ကာ ခရီးလှည့်လည်ရသည်ကို ဝါသနာထုံသူ ဖြစ်သည်။
ဦးလေး ဂူတန်သာလျှင် ဘိုးဘေးနဂါးမြို့တော်ကို စောင့်ရှောက်ပေးနိုင်မည် ဆိုပါက၊ ပြီးခဲ့ သည့်ရက်အနည်းငယ်အတွင်း ကျူးမင်လန်၏ ရင်ထဲတွင် လေးလံနေခဲ့သည့် ကျောက်တုံး ကြီးမှာ နောက်ဆုံး၌ လွှတ်ချနိုင်တော့မည် ဖြစ်သည်။
ဓားအရှင်အဆင့် ရှိသူတစ်ဦး ထိုနေရာတွင် ရှိနေမည်ဆိုပါက၊ စောက်ရူးစောက်တုံး လူဆိုး သူခိုးများပင်လျှင် အတင့်ရဲစွာဖြင့် မည်သို့မျှ မလုပ်ရဲတော့မည်မှာ အသေအချာပင်။
"မင်းရဲ့ စီနီယာအစ်ကိုက ဘယ်မျိုးရိုးကနေ ဆင်းသက်လာလဲဆိုတာ မေ့သွားပြီလား။ ဟောင်ယင်ဓားက ငါတို့ ဓားဂိုဏ်းအတွက်တော့ ရှားပါးတာ မှန်ပေမဲ့ မင်းစီနီယာအစ်ကိုရဲ့ မိသားစုအတွက်ဆိုရင်တော့ ဒါဟာ ကောင်းမွန်တဲ့ သံရိုင်းအနည်းငယ်လောက်ပဲ လိုမှာပါ" အကြီးအကဲ ဓားဧကရာဇ်က ပြောသည်။
"ဟုတ်ကဲ့ပါ" ဇီမြောင်ကျူးက ထောက်ခံလိုက်သည်။
"မင်လန်၊ မင်းသိတဲ့အတိုင်းပဲ ဂူတန်မှာ တခြားဝါသနာဆိုလို့ ဘာမှမရှိဘူး၊ သူက ဓားတွေ ကို စုဆောင်းရတာကိုပဲ နှစ်သက်တာ။ ဟောင်ယင်ဓား တစ်လက်လောက် ရှိမှပဲ သူ့ကို စိတ်လှုပ်ရှားစေနိုင်မှာ" အကြီးအကဲ ဓားဧကရာဇ်က ရှင်းပြလိုက်သည်။
"ဒါဆိုရင်တော့ အကောင်းဆုံးပါပဲ။ ကျွန်တော်လည်း မိသားစုဆီ အကြောင်းကြားပြီး စိတ်ချလက်ချ ပြန်သွားဖို့ ပြင်ဆင်နေတာပါ။ ဟောင်ယင်ဓားကို ရရှိသွားရင် ဘိုးဘေး နဂါးမြို့တော်ကို ပြန်ရောက်တဲ့အခါ ဦးလေးဆီကို ကိုယ်တိုင် သွားရောက်ပေးအပ်ပါ့မယ်" ကျူးမင်လန်က ပြောကာ အဘိုးဖြစ်သူ၏ ကူညီမှုကို ရိုသေစွာ ဦးညွှတ်ပြီး ကျေးဇူးတင် လိုက်သည်။
"ဒီအဘိုးကြီးက နှုတ်ခမ်းလှုပ်နိုင်ပဲ ရှိတော့တယ်။ မင်း အဘိုးဆီ ရောက်တုန်း နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေပါဦး။ ဧကရာဇ်မြို့တော်ကို သွားရမယ့် ခရီးကလဲ အဝေးကြီးပဲ။ မင်း လီချွမ်းတိုက်ကြီးကနေ အဝေးကြီး ခရီးနှင်လာရတာဆိုတော့ မင်းလဲ ပင်ပန်းနေမှာပါ။ ဒါနဲ့... စွန့်ပစ်ဓားတောက အချိန်အတော်ကြာ ဂရုမစိုက်နိုင်ဘဲ ဖြစ်နေတာ ဆိုတော့ အဘိုးကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အဲဒီမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ တစ်ချက်လောက် ဝင်ကြည့်ပေးသွားပါဦး" အကြီးအကဲ ဓားဧကရာဇ်က အကြံပြုစကား ဆိုလိုက်သည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ" ကျူးမင်လန်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။
ဓားအရှင်အဆင့်ရှိသူ တစ်ဦးတည်းဖြင့် အင်အားစုအားလုံးကို ဟန့်တားနိုင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ယောင်ရှန်းဓားဂိုဏ်း၏ ဂုဏ်သတင်းအရှိန်အဝါကမူ အရေး အကြီးဆုံး ဖြစ်သည်။
ယောင်ရှန်းဓားဂိုဏ်းမှ တစ်စုံတစ်ဦးသည် ထိုနေရာတွင် တပ်စွဲကာ ခံတပ်ကို ထိန်းချုပ် ထားသရွေ့၊ ကြံရာပါ လူယုတ်မာအများစုကို ဟန့်တားနိုင်မည် ဖြစ်ပြီး စစ်မြေပြင်ရှိ လီယွမ်ဇီ၏ ဝန်ထုပ်ဝန်ပိုးကိုလည်း များစွာလျှော့ချပေးနိုင်မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ရွှီနိုင်ငံအနေဖြင့် ထိုမြို့ကို ကြာရှည်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း မရှိပါက၊ အင်အားကြီးသူအချို့က စစ်တပ်အတွင်းသို့ လျှို့ဝှက်စွာ စိမ့်ဝင်လာရန် ကြိုးပမ်း လာကြလိမ့်မည်။ ထို့အပြင် အပြစ်သားမြို့တော်မှ စည်းကမ်းမဲ့ လူယုတ်မာများကလည်း ဘိုးဘေးနဂါးမြို့တော်ကို လုယက်တိုက်ခိုက်ရန် ဝန်လေးနေကြမည် မဟုတ်ပေ...
"အို... ဒါက မင်း လီချွမ်းတိုက်ကြီးမှာ လက်ထပ်ခဲ့တဲ့ မင်းရဲ့ဇနီး လား။ အလွန်ကောင်း တယ်။ မင်းရဲ့အကြိုက်က မင်းရဲ့ဆရာသမားတွေရဲ့ အကြိုက်နဲ့ ထပ်တူကျလောက်အောင် ကို ကောင်းလှချေလား" အကြီးအကဲ ဓားဧကရာဇ်က နန်လင်ရှာကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
"အဘိုး၊ သူမက ကျွန်တော့်ဇနီးရဲ့ ညီမလေးပါ" ကျူးမင်လန်က ရှင်းပြလိုက်သည်။
"အော်... ဒါဆိုရင် သူမ မင်းရဲ့ ဇနီးငယ်လေးပေါ့"…..
"အဘိုး၊ ကျွန်တော်တို့ကြားမှာ ဘာမှ မရှိရပါဘူး။ စင်ကြယ်ပါတယ်။ သန့်ရှင်းပါတယ်။ အဲဒါကတော့ သူမက ဂျူနီယာညီမလိုပဲ ကျွန်တော့်ကို လူတစ်ယောက်အနေနဲ့ လေးစား တာပဲ ဖြစ်ပါလိမ့်မယ်။ သူမက တစ်ခါတလေကျရင် သူများတွေနဲ့ စကားပြောတဲ့အခါ နားလည်ရခက်တဲ့ စကားမျိုးတွေကို မကြာခဏ ပြောတတ်တော့ အခုလို နားလည်မှု အထင်လွဲစရာတွေ ဖြစ်လာရတာပါ" ကျူးမင်လန်က ဖြေရှင်းလိုက်သည်။
ဇီမြောင်ကျူးမှာမူ စကားပါးရန်အတွက် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
အကြီးအကဲ ဓားဧကရာဇ်က စကားကို ဆက်၍ "ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်က အတူတူကြီးပြင်းလာကြတာပဲလေ။ ဂျူနီယာညီမငယ် မြောင်ကျူးက မင်းကို အစ်ကို တစ်ယောက်လို အမြဲတစေ ကြည်ညိုမြတ်နိုးနေတတ်တော့ တစ်ခါတလေကျရင် ဒီခံစား ချက်တွေကို သူမကိုယ်တိုင်တောင် ခွဲခြားနိုင်မှာ မဟုတ်ဘူး။ အခုတော့ မင်းရဲ့နှလုံးသားက တခြားတစ်နေရာမှာ ရှိနေပြီဆိုတော့ ဒါက သူမရဲ့ စွဲလမ်းမှုတွေကို လွှတ်ချနိုင်ဖို့ အခွင့်အရေးတစ်ခု ဖြစ်မှာပါ။ သူမနဲ့ အသေချာ စကားပြောကြည့်လိုက်ပါ၊ သူမက ကိုယ့်ကိုကိုယ် အတင်းအကျပ် လိုက်ကပ်ပြီး အနှောင့်အယှက်ပေးမယ့် မိန်းကလေးမျိုး မဟုတ်ပါဘူး" ပြောလိုက်သည်။
"စိတ်ချပါ အဘိုး၊ ကျွန်တော် ဂျူနီယာညီမနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောလိုက်ပါ့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က သူမကို အမြဲတမ်း ညီမတစ်ယောက်လိုပဲ သဘောထားခဲ့ တာပါ" ကျူးမင်လန်က ရိုးသားဖြောင့်မတ်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် တပည့်မလေးအချို့ ရှေ့သို့ တိုးလာကြသည်။ သူမတို့က အကြီးအကဲ ဓားဧကရာဇ်ကို အရိုအသေပြုပြီးနောက် နန်လင်ရှာနှင့် ဖန်နန်နန်တို့ကို ခေါ်ဆောင်သွား ကာ အနီးရှိတောင်ထိပ်ပေါ်ရှိ နေအိမ်တွင် နေရာချထားပေးလိုက်သည်။
ကျူးမင်လန်က သူမတို့အား အရင်သွားခွင့်ပြုလိုက်ပြီး အကြီးအကဲ ဓားဧကရာဇ်နှင့် အနည်းငယ် ထပ်မံ စကားပြောဆိုရန် ကျန်ရစ်ခဲ့သည်။
သူတို့ ထွက်ခွာသွားကြပြီးနောက် အကြီးအကဲ ဓားဧကရာဇ်က အဓိပ္ပာယ်ပါသော အကြည့် ဖြင့် "မင်းနဲ့သူမကို ကြည့်ရတာ အတော်လေး လိုက်ဖက်ညီတယ်လို့ ငါထင်မိတယ်။ ဂျူနီယာညီမ မြောင်ကျူးရဲ့ သူမအပေါ် ထားတဲ့ ရန်ငြိုးကို လျော့ပါးသွားအောင် မင်းက သူမကို ‘မင်းဇနီးရဲ့ညီမ’ လို့ တမင်တကာ ခေါ်လိုက်တာမလား" မေးလိုက်သည်။
"အဘိုး၊ သူမတို့က အမြွှာ ညီအစ်မတွေ ဖြစ်ကြလို့ ရုပ်ချင်းက ဘာမှ မခြားနားပါဘူး။ သူမတို့ မျက်နှာချင်း ဆင်တူနေတာကို အဘိုး ထင်မြင်တာက သဘာဝကျပါတယ်" ကျူးမင်လန်က ပြန်လည် ပြောကြားလိုက်သည်။
"အော်... ဒါကြောင့်ကိုး။ ဒါပေမဲ့ မင်းက နဂါးထိန်းတစ်ယောက် ဖြစ်နေပြီပဲ၊ ဘာဖြစ်လို့ နဂါးထိန်းနှစ်ယောက် အတူတူ တွဲသွားနေတာလဲ။ နတ်ဘုရားနွယ်ဝင်လူသား တစ်ယောက် ယောက်ကို လက်တွဲအဖော်အဖြစ် ရှာထားတာ ပိုမကောင်းဘူးလား။ ဒါဆိုရင် အခုလိုမျိုး နောက်ဆက်တွဲ ပြဿနာတွေ တက်လာနိုင်တယ်လေ" အကြီးအကဲ ဓားဧကရာဇ်က ပြောသည်။
"သူမကလဲ နတ်ဘုရားနွယ်ဝင်လူသား တစ်ယောက်ပါ အဘိုး" ကျူးမင်လန်က ပြန်လည် ဖြေကြားလိုက်သည်။
"မဖြစ်နိုင်တာ။ ငါခံစားရသလောက်တော့ သူမရဲ့အငွေ့အသက်က နဂါးထိန်းတစ်ယောက် ရဲ့ အငွေ့အသက်ပဲ ဖြစ်နေတာပါ။ ငါက ဒီလောက်ထိတောင် အိုမင်းသွားလို့ ဒီလောက် လေးတောင် ခွဲခြားနိုင်တော့ဘူးလား။ ပြီးတော့ သူမရဲ့ နဂါးထိန်းအဆင့်ကလည်း ထူးဆန်း နေတယ်၊ အရှင်အဆင့် ဝန်းကျင်မှာ မတည်မငြိမ်နဲ့ တလှုပ်လှုပ် ဖြစ်နေတာပဲ" အကြီးအကဲ ဓားဧကရာဇ်က မှတ်ချက်ပြုလိုက်သည်။
ကျူးမင်လန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူ့အဘိုး တစ်ယောက် အိပ်ချင်မူးတူး ဖြစ်နေသေးတာ သေချာသည်။
နန်လင်ရှာသည် နတ်ဘုရားနွယ်ဝင်လူသား တစ်ယောက် ဖြစ်သည်။
နတ်ဘုရားနွယ်ဝင်လူသား ပန်းချီဆရာ တစ်ယောက်လေ။
သူမက ဘယ်လိုလုပ်ပြီး နဂါးထိန်း ဖြစ်နိုင်မှာလဲ...
"အဘိုး၊ ကျွန်တော့်ကို နောက်ပြောင်မနေပါနဲ့ဗျာ။ သူမရဲ့ နတ်ဘုရားနွယ်ဝင်လူသား ဖြစ်တည်မှု စွမ်းအားကို ကျွန်တော် ကိုယ်တိုင် မြင်ဖူးထားတာပါ။ သူမက ဘယ်လိုလုပ် နဂါးထိန်းတစ်ယောက် ဖြစ်နိုင်ပါ့မလဲ" ကျူးမင်လန်က ခေါင်းခါယမ်းလျက် ပြောလိုက် သည်။
"အဲဒီလိုလား။ ဒါဆိုရင်တော့ မင်းအဘိုးကမှ ပြောမှ ဖြစ်တော့မယ်၊ မင်းမြင်တွေ့ခဲ့ရတဲ့ နတ်ဘုရားနွယ်ဝင် လူသားစွမ်းရည်ဆိုတာ သူမပိုင်ဆိုင်တာ မဟုတ်ဘဲ မင်းဇနီးပိုင်ဆိုင်တာ ဖြစ်နိုင်တယ်။ မင်းနဲ့အတူ လိုက်ပါလာတဲ့ အမျိုးသမီးက တကယ်တော့ နဂါးထိန်း တစ်ယောက်ပဲကွ" အကြီးအကဲ ဓားဧကရာဇ်က နောက်ပြောင်နေသည့် အရိပ်အယောင် လုံးဝ မရှိဘဲ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
ကျူးမင်လန်၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းနှင့် တည်ကြည်လေးနက်လာသည်။
သူ့အဘိုး၏ အဆင့်အတန်းအရ အမှားယွင်း ဖြစ်နိုင်စရာ အကြောင်းမရှိပေ။
နန်လင်ရှာက တကယ်ပဲ နဂါးထိန်းတစ်ယောက် ဖြစ်နေတာလား။
ဒါပေမဲ့ သူမရဲ့ နတ်ဘုရားနွယ်ဝင်လူသားစွမ်းရည် ပန်းချီကားတွေကို သူကိုယ်တိုင် အကြိမ် ကြိမ် မျက်မြင်တွေ့ခဲ့ရတာပဲလေ။
အဲဒီပန်းချီကားတွေကို ရေးဆွဲခဲ့တာ လီယွမ်ဇီများလား။
ဒါပေမဲ့ မဖြစ်နိုင်တာ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အပြစ်သားမြို့တော်မှာ တုန်းကဆိုရင်၊ မြူခိုးမြို့ကို ဖြတ်သန်းချိန်မှာ နန်လင်ရှာကိုယ်တိုင် ပန်းချီဆွဲခဲ့တာပဲ။
ဖြစ်နိုင်တာက သူမက နတ်ဘုရားနွယ်ဝင်လူသား စွမ်းရည်နဲ့ နဂါးထိန်းစွမ်းရည် နှစ်မျိုးလုံး ကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားတာများလား။
မဖြစ်နိုင်ဘူး။
ဒီလောကကြီးမှာ စွမ်းရည်နှစ်မျိုးလုံးကို တစ်ပြိုင်နက် ပိုင်ဆိုင်ထားနိုင်တဲ့လူဆိုတာ လုံးဝ မရှိနိုင်ဘူး။ နတ်ဘုရားနွယ်ဝင်လူသား ဖြစ်မလား၊ ဒါမှမဟုတ် နဂါးထိန်း ဖြစ်မလား၊ တစ်ခုခုကိုသာ ရွေးချယ်ရမယ်။
ဒါက ကျူးမင်လန်အတွက် ဘယ်တော့မှ သံသယဖြစ်စရာ မလိုတဲ့ အမှန်တရားတစ်ခုပင်။