အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း (၁၂၆) တိမ်နဂါးနိုင်ငံတော်။
ကျူးမျိုးနွယ်စုသို့ ပြန်ရောက်ပြီးနောက်...
ထိုနေရာသည် အတော်ပင် စိတ်ဝင်စားဖွယ် ကောင်းပေလိမ့်မည်။
သူတို့အနေဖြင့် သူ၏ နတ်ဘုရားနွယ်ဝင်လူသား စွမ်းအားကို ဆုံးရှုံးလိုက်ခြင်းက အသုံး မဝင်သည့်လူတစ်ယောက် ဖြစ်သွားခြင်းနှင့် အတူတူပင်ဟု ထင်မှတ်နေကြသည်။
ငါ နဂါးထိန်း တစ်ယောက် ဖြစ်လာခဲ့ပြီး မကြာခင်အချိန်အတွင်းမှာ ယခင်ကထက် ပိုမို အားကောင်းလာတော့မယ်ဆိုတာကို သူတို့ လုံးဝ မသိရှိကြသေးပေ။
“စီနီယာ အစ်ကို... စောစောနားပါတော့၊ နန်လင်းရှာ စိတ်ပူအောင် မလုပ်ပါနဲ့ဦး၊” ဇီမြောင် ကျူးက အပြုံးဖြင့် ပြောပြီးနောက် လှည့်ထွက်သွားလေတော့သည်။
“တကယ်ပါ၊ ငါ သူမနဲ့ ပတ်သက်ပြီး ဘာအရှုပ်အရှင်းမှ မရှိပါဘူး၊” ကျူးမင်လန်က ရှင်းပြလိုက်သည်။ “ဂျူနီယာညီမ၊ ငါ မင်းကို ဘာကိုမှ ဖုံးကွယ်မထားပါဘူး။ သူမက လီယွင်ဇီရဲ့ အမြွှာညီမပါ။ တစ်ယောက်က ဖခင်မျိုးရိုးနာမည်ကို ယူပြီး၊ တစ်ယောက်က မိခင်မျိုးရိုးနာမည်ကို ယူထားတာပါ၊ အဲဒီလောက်ပါပဲ။”
“အော်... အဲဒီလိုလား၊” ဇီမြောင်ကျူးက စိတ်ပါဝင်စားစွာ ခေါင်းညိတ်ရင်း “ဒါပေမဲ့လဲ စီနီယာအစ်ကို သူမကို ကြည့်တဲ့အကြည့်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားနေတာပါပဲ၊ ဟုတ်တယ်မလား” ပြောလိုက်သည်။
“ဟုတ်လို့လား?” ကျူးမင်လန်က မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။
“သူမတို့က အမြွှာညီအစ်မတွေ ဖြစ်နေတော့ ညီမဖြစ်သူကို ကြည့်တဲ့အကြည့်နဲ့ အစ်မ ဖြစ်သူကို ကြည့်တဲ့အကြည့်က ကွာခြားနေမှာပဲလေ၊ မဟုတ်ဘူးလား။ တကယ်လို့ အစ်ကို က နှစ်ယောက်ထဲက တစ်ယောက်ယောက်အပေါ် စိတ်ဝင်စားမှု ရှိနေမယ်ဆိုရင်၊ အစ်ကိုလဲ သာမန်လူတစ်ယောက်ဆိုရင် အစ်ကို့နှလုံးသားထဲမှာ လှိုင်းထန်မှုတွေ ဖြစ်ပေါ်လာမှာပဲ။ အဲဒီအခါ အစ်ကို့ရဲ့ မျက်ဝန်းတွေကနေတစ်ဆင့် မသိစိတ်ကနေ ပေါ်လွင်နေမှာပဲ၊” ဇီမြောင်ကျူးက ပြောလိုက်သည်။
သူမ၏ စီနီယာအစ်ကို ကျူးမင်လန်ကို ကောင်းကောင်းသိလွန်းနေသည့် အတွက်ကြောင့် ဖြစ်ပေလိမ့်မည်။ သူ့အကြည့်များ သူမပေါ်သို့ ရောက်ရှိသွားသည့် အခါမျိုးတွင် ထိုသို့သော စိတ်ခံစားချက်မျိုးကို သူမ မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။
ထို့ကြောင့် ဇီမြောင်ကျူးသည် ကျူးမင်လန်နှင့် နန်လင်းရှာတို့အကြား၌ နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ရှိနေသည်ဟု အမြဲတစေ ခံစားနေရသည်။
ကျူးမင်လန် တစ်ယောက် အလွန်အမင်း အနေရခက်စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။ အဲဒီလောက်တောင် သိသာနေတာလား။
တကယ်တမ်းတွင်မူ ကျူးမင်လန်သည် အကြိမ်ကြိမ်အခါခါ သူမကို ငေးကြည့်မိသည့် အခါ တိုင်း၊ မသိစိတ်က လီယွင်ဇီဖြစ်သည်ဟု ထင်မှတ်ကာ ခဏတာမျှ ငေးမောမိသွားတတ် သည်။ သို့သော် ခဏအကြာမှ သူမက လီယွင်ဇီ မဟုတ်ဘဲ သူမ၏အမြွှာညီမ နန်လင်းရှာ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်သတိပေးရင်း တည်ငြိမ်အောင် အတင်းဖိနှိပ်ထားရ သည်မှာ အမှန်ပင်။
သို့သော် ဤဖြစ်စဉ်ကပင် သူ့နှလုံးသားထဲတွင် လှိုင်းထန်နေကြောင်းကို အထင်အရှား ဖော်ပြနေပေသည်။
“စီနီယာအစ်ကို ရှက်နေစရာမလိုပါဘူး၊ ဒါက သဘာဝကျတဲ့ တုံ့ပြန်မှုပါပဲ။ တကယ်လို့ အစ်ကိုအနေနဲ့ နည်းနည်းလေးတောင် အဲဒီလိုခံစားချက်မျိုး မရှိဘူးဆိုရင် လီယွင်ဇီ အပေါ် မှာ အစ်ကိုက တကယ် အလေးအနက်ထားခဲ့တာ မဟုတ်ဘူးလို့ပဲ ဆိုရမှာပေါ့...” ဇီမြောင်ကျူးက ဆိုသည်။
ကျူးမင်လန် ခေါင်းညိတ်လိုက်သည်။
သူမသည် သူ့အတွက် အမှန်တကယ်ပင် ကောင်းမွန်သော ဂျူနီယာညီမ တစ်ယောက် ဖြစ်ပြီး၊ သူ့နှလုံးသားတွင် စတင်ဖြစ်ပေါ်လာနေသည့် အပြစ်ရှိသလို ခံစားချက်ကို ပြေလျော့စေကာ သူ၏စိတ်ကို များစွာ ပေါ့ပါးလန်းဆန်းသွားစေသည်။
“ပြီးတော့ နန်လင်းရှာကလဲ အရမ်းလှတာပဲ၊ မိန်းကလေးချင်းဖြစ်တဲ့ ကျွန်မတောင် ကြည့်ရ တာ စိတ်လှုပ်ရှားမိတယ်။ စီနီယာအစ်ကို သူမရဲ့ အလှတရားအပေါ် အချစ်စိတ်ဝင်မိတာ ကလဲ သဘာဝပါပဲ၊” သူမက ထပ်လောင်းပြောလိုက်သည်။
သူတို့သည် ယောင်ရှန်းဓားဂိုဏ်းတွင် အချိန်အကြာကြီး မနေခဲ့ကြဘဲ ကျူးမင်လန်၊ နန်လင်းရှာနှင့် ဖန်နန်နန်တို့သည် လျင်မြန်စွာပင် နှုတ်ဆက်ထွက်ခွာလာခဲ့ကြသည်။
အဓိကအကြောင်းရင်းမှာ ကျူးမင်လန် တစ်ယောက် ယောင်ရှန်းဓားဂိုဏ်းမှ သက်ကြီး ဝါကြီး ဆရာသခင်များက သူတို့၏ဓားများကို သူဘယ်နေရာမှာ သွားပစ်ထားခဲ့သလဲဆိုပြီး ဆူပူကျိန်းမောင်းကြမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။ ထိုဓားများမှာ စွန့်ပစ်ထား သည့်ဓားများ ဖြစ်စေဦးတော့၊ ၎င်းတို့မှာလည်း ဓားဂိုဏ်း၏ အဖိုးတန်ရတနာများပင် ဖြစ်သည် မဟုတ်ပါလော။
သူတို့ မသိခင်မှာပဲ လျှို့ဝှက်စွာ ထွက်ခွာသွားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
မူလက ကျူးမင်လန်သည် အမြင့်ဆုံးတောင်ထိပ်သို့သွားကာ ကျူးရွှဲ့ဟန်ကို နှုတ်ဆက်ရန် စဉ်းစားခဲ့သော်လည်း၊ သေသေချာချာ တွေးတောပြီးနောက် သူမသည် သူ့ကို မြင်ချင်မည် မဟုတ်ဟု ယူဆကာ ထိုအကြံကို စွန့်လွှတ်လိုက်သည်။
“ကျူးမင်လန်၊ နင့်အဘိုးက ယောင်ရှန်းဓားဂိုဏ်းမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲလား” ဖန်နန်နန်က သိလိုစိတ်ဖြင့် မေးမြန်းသည်။
“အရင်ကတော့ ထိပ်သီးသုံးဦးထဲမှာ ပါခဲ့တာပေါ့၊ ဒါပေမဲ့ အခုတော့ အသက်အရွယ် ကြီးရင့်နေပြီဆိုတော့ တပည့်တွေကိုပဲ အဓိကထား သင်ကြားပေးနေတာ။ ငါ့ရဲ့ ဒေါ်လေးက သူ့တပည့်တွေထဲက တစ်ယောက်ပဲ၊” ကျူးမင်လန်က ပြန်ဖြေသည်။
“ဒီဒေါ်လေးရွှဲ့ဟန်က တကယ်ပဲ ဘယ်လောက်အထိ အစွမ်းထက်တာလဲ။ ငါ ဓားဂိုဏ်းမှာ ရှိနေတုန်းက အမျိုးသားတပည့်တွေ သူမအကြောင်း ပြောနေတာ ကြားလိုက်ရလို့... ဘာလို့လဲဆိုတော့ သူမက ငယ်ရွယ်နုပျိုနေတဲ့ပုံစံ ပေါက်နေပေမဲ့ ဘာလို့ လူတိုင်းက သူမ ကို လေးစားရတဲ့ ဆရာတစ်ယောက်အနေနဲ့ ခေါ်ဝေါ်နေကြတာလဲ” ဖန်နန်နန်က ဆက်လက် မေးမြန်းပြန်သည်။
“အဲဒါက ဘယ်သူနဲ့ နှိုင်းယှဉ်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ တကယ်လို့ ကျင့်စဉ်အဆင့်နဲ့ ပြောရမယ်ဆိုရင် သူမက အရှင်အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာပဲ။ ဂိုဏ်းကြီးလေးခု နှင့် မျိုးနွယ်စုထဲမှာဆိုရင် သူမက တော်တော်လေး ထူးချွန်သူလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူမရဲ့ဓားပညာနဲ့ ဓားနယ်မြေက သူမရဲ့ ကျင့်စဉ်အဆင့်ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းသေးတယ်။ သေရေးရှင်ရေး တိုက်ပွဲဝင်ရတဲ့အခါ ဘုရင်အဆင့် အောက်က ဘယ်သူ မဆို သူမပြိုင်ဘက် ဖြစ်လာဖို့ မဖြစ်နိုင်သလို၊ အရှင်အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ နတ်ဘုရားနွယ်ဝင် လူသားတွေ အုပ်စုလိုက်လာရင်တောင် သူမကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊” ကျူးမင်လန်က ရှင်းပြလိုက်သည်။
ယောင်ရှန်းဓားဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများတွင် ကြီးစဉ်ငယ်လိုက် အဆင့်အတန်းမှာ ရှင်းလင်းပြီး ရိုးရှင်းသည်။
ဆရာ၊ သိုင်းဦးလေး၊ တပည့်ဟူ၍ ဖြစ်သည်။
ယေဘုယျအားဖြင့် ယောင်ရှန်းဓားဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးလေးခုတွင် တပည့်များ၏ ကျင့်စဉ်အဆင့်များမှာ အခြေခံကနဦးအဆင့်မှ သခင်အဆင့်ကြားတွင် ရှိကြသည်။
သခင်အဆင့်ရှိသော တပည့်များမှာ ထူးချွန်သူများ ဖြစ်လေ့ရှိကြသည်။ ဥပမာအားဖြင့် ဇီမြောင်ကျူးသည် သူတော်စင်ခန်းမ၏ အကြီးအကဲ အမျိုးသမီးတပည့်တစ်ဦး ဖြစ်သည့် အတွက် သူမ၏ကျင့်စဉ်အဆင့်မှာ သခင်အဆင့်၏ အဆင့်မြင့်ဆုံး သို့မဟုတ် အထွတ် အထိပ်တွင် ရှိနေသည်။
သိုင်းဉီးလေးများ၏ ကျင့်စဉ်အဆင့်မှာ သခင်အဆင့်မှ အရှင်အဆင့်ကြားတွင် ရှိကြပြီး၊ သာမန်အဆင့်ရှိသူများမှာမူ အဆင့်နိမ့် အရှင်အဆင့်တွင်သာ ရှိနေနိုင်သည်။
ထူးချွန်သူများမှာ အရှင်အဆင့်သို့ ရောက်ရှိကြပြီး၊ သာမန်ထက် ထူးချွန်သူများမှာမူ အများ အားဖြင့် အဆင့်မြင့် ဘုရင်အဆင့် သို့မဟုတ် အရှင်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေကြ သည်။
ဆရာသခင်တစ်ယောက်၏ ကျင့်စဉ်အဆင့်မှာ အနည်းဆုံး အရှင်အဆင့်၏ အထွတ်အထိပ် တွင် ရှိနေရမည် ဖြစ်သည်။
သို့သော် ဆရာအဖြစ် သတ်မှတ်ခြင်းခံရသူတိုင်းတွင် ၎င်းတို့၏ ကျင့်စဉ်အဆင့်ထက် ကျော်လွန်သော စွမ်းအားမျိုးကို ပိုင်ဆိုင်တတ်ကြသည်။
သွားမည်းကြီးလိုပင်၊ သူ၏ ကိုယ်ပိုင်ကျင့်စဉ်အဆင့်မှာ နဂါးစစ်သူကြီးအဆင့်ထက် မပိုခဲ့ ပေ။ သို့သော် လျှပ်စီးအကြေးခွံများ၊ ရဲရင့်သွေးမျိုးဆက်၊ ငွေပြာရောင် ရိုင်းစိုင်းနဂါး သံချပ် ကာတို့နှင့်အတူ သူသည် နဂါးသခင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းအဖြစ် ရပ်တည်နိုင် သည်။
ထို့ကြောင့် နတ်ဘုရားနွယ်ဝင်လူသားများပင် ဖြစ်စေ၊ နဂါးထိန်းများပင် ဖြစ်စေ၊ ကျင့်စဉ် အဆင့်ဆိုသည်မှာ တိုင်းတာသည့် ပေတံတစ်ခုမျှသာ ဖြစ်သည်။ ကျင့်ကြံသူတိုင်း၊ နဂါးတိုင်းတွင် ၎င်းတို့ကိုယ်ပိုင် အနိုင်ယူနိုင်ရန် ကိုယ်ပိုင် နည်းလမ်းများ ရှိကြသည်သာ ဖြစ်သည်။
“ဇီမြောင်ကျူးက ယောင်ရှန်းဓားဂိုဏ်းရဲ့ အကြီးအကဲတပည့် ဖြစ်ပြီးတော့ နန်လင်းရှာက သူမကို အနိုင်ယူထားနိုင်တယ်ဆိုတော့ ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးရဲ့ အင်အားစု တွေထဲမှာ နန်လင်းရှာကို ယှဉ်နိုင်မယ့် တပည့်တွေ အများကြီး မရှိတော့ဘူးလို့ ဆိုလိုတာ လား” ဖန်နန်နန်က ဆက်လက်မေးမြန်းပြန်သည်။
ဤစကားကို ကြားလိုက်ရသောအခါ ကျူးမင်လန်မှာ မရယ်မောဘဲ မနေနိုင်တော့ချေ။
တပည့်တွေ ဟုတ်လား…..။
သူတို့သည် တပည့်အဆင့်မှာတင် ရပ်တန့်နေကြမည် မဟုတ်ပေ။ အဆုံးတွင် တပည့်ဆို သည်မှာ ယေဘုယျအားဖြင့် အသက်အရွယ် ငယ်ရွယ်ကြသူများသာ ဖြစ်ပြီး သူတို့အထက် တွင် ပြဿနာဟူသမျှကို ဖြေရှင်းပေးမည့် အကြီးအကဲများ ရှိနေကြသည်။ ကောင်းကင်ကြီး ပင် ပြိုကျလာပါစေဦးတော့၊ သူတို့အနေနှင့် ထိုကောင်းကင်ကြီးကို ထမ်းပိုးထားရန် မလို အပ်သေးပေ။
သို့သော် ကျူးမင်လန်၊ လီယွင်ဇီနှင့် နန်လင်းရှာတို့သည် လီချွမ်းတိုက်ကြီး၏ အုပ်စိုးရှင်များ နှင့် အုပ်ချုပ်သူများ ဖြစ်ကြပြီး ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီး တစ်ခုလုံးမှ ခြိမ်းခြောက် မှုများကို ရင်ဆိုင်နေရသူများ ဖြစ်သည်။ ထိုနေရာအနေဖြင့် တပည့်ဖြစ်စေ၊ သိုင်းဦးလေး ဖြစ်စေ မည့်သူကို ဂရုစိုက်နေတော့မည်နည်း။
ထို့အပြင် ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးရှိ အချို့သော နိုင်ငံများသည် လက်ရှိ ဘိုးဘေး နဂါးမြို့တော်လောက်ပင် မကြီးမားသလို၊ လီချွမ်းကုန်းမြေ၏ မြေပြင်များလောက်ပင် မြေဩဇာမကောင်းကြပေ။
နန်လင်းရှာနှင့် လီယွင်ဇီတို့မှာ မြို့တော်တစ်ခု၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များအဖြစ် ရပ်တည်နေကြသူများဖြစ်ပြီး အမြင့်ဆုံး ကျင့်စဉ်အဆင့် စွမ်းအားများနှင့် အရင်းအမြစ်များ ကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် အင်အားစုအသီးသီးမှ ရောက်လာသော ပါရမီရှင် တပည့်ဆိုသူအားလုံးကို သူမတို့က ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ ကျူးမင်လန်အဖို့ ထူးဆန်း သည့်ကိစ္စ မဟုတ်တော့ပေ။
ထို့ပြင် ဤတပည့်အများစုမှာ ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုများအတွင်းမှာ အလိုလိုက်ခံရပြီး အတောင်အလက်စုံလင်အောင် ပြုစုပျိုးထောင်ပေးခြင်း ခံထားရသူများ ဖြစ်သည်။ ဥပမာ အားဖြင့် ဇီမြောင်ကျူးကဲ့သို့သော အကြီအကဲ တပည့်မျိုးပင်လျှင် ဂိုဏ်းတံခါးပြင်ပသို့ ထွက်ခဲပြီး အဓိကအားဖြင့် ဂိုဏ်းအတွင်း၌သာ ပြင်းထန်သော လေ့ကျင့်မှုများကို အာရုံစိုက် နေရသူများ ဖြစ်သည်။
သို့သော် လီယွင်ဇီနှင့် နန်လင်းရှာတို့မှာမူ ထိုမျှငယ်ရွယ်သော အရွယ်မှာပင် သူမတို့၏ စွမ်းအားနှင့် ဉာဏ်ပညာတို့ကို အသုံးပြု၍ လီချွမ်းလွင်ပြင်ရှိ မြို့တော်တစ်ဝက်ကို အုပ်ချုပ် နိုင်ခဲ့ကြသည်။
ထို့ကြောင့် ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီး ပေါ်ပေါက်လာခြင်းမှာ သူမတို့အတွက် ဆိုးရွားသော အရာတစ်ခု ဖြစ်မလာနိုင်ပေ။
ဆန်းကျင်ဘက်အနေဖြင့် သူမတို့၏ တိုးတက်နှုန်းမှာ ပိုမိုမြန်ဆန်လာနိုင်ဖွယ်ရှိသည်။
ကမ္ဘာကြီးသည် ပိုမိုကြီးမားလာခြင်းသာ ဖြစ်သည်။
၎င်းက သူမတို့ အားနည်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော်လည်း သူမ၏ အဆင့်မြင့် စွမ်းအားကို ထုတ်ဖော်ကာ ကြောက်မက်ဖွယ်ကောင်းသော ရန်သူလေးဦးကို သုတ်သင်ရှင်းလင်းခဲ့သည့် လီယွင်ဇီ၏ ပုံရိပ်ကို ကျူးမင်လန်တစ်ယောက် ယခုတိုင် အထင်းသား မြင်ယောင်နေဆဲ ဖြစ်သည်။
သူမဒဏ်ရာများ ပြန်လည်သက်သာသွားချိန်တွင် သူမသည် အခြားလူများ၏ အမြင်၌ သခင်အဆင့်၌သာ ရှိနေဆဲဟု ထင်မှတ်ရသော်လည်း တကယ်တမ်းတွင်မူ သူမသည် အရှင် အဆင့်သို့ ဝင်ရောက်ပြီးနေပြီ။ မူလက သူမ၏ နောက်ထပ် အစီအစဉ်မှာ ဗိမာန်ဂိုဏ်းကို ချေမှုန်းပစ်ရန် ဖြစ်သော်လည်း ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီး၏ တရားစီရင်သူက ထိုနေရာကို ဖျက်ဆီးထားသည်ကို တွေ့လိုက်ရသဖြင့် အစီအစဉ် ပျက်သွားခဲ့ရသည်။
နန်လင်းရှာနှင့် ပတ်သက်၍မူ အကြီးအကဲ ဓားဧကရာဇ်ပင်လျှင် သူမအဆင့်မှာ အရှင် အဆင့်ဝန်းကျင်တွင် မရေမရာ ပြောင်းလဲနေသည်ဟု ဆိုခဲ့ဖူးသည်။ ဤအရှင်အဆင့်ဆို သည်မှာ သူမ၏ကျင့်စဉ်အဆင့်ကို ဆိုလိုခြင်းဖြစ်ပြီး သူမ၏ အစစ်မှန် စွမ်းအားကို ဆိုလို ခြင်း မဟုတ်ပေ။
ထို့ကြောင့် ယခုအချိန်အထိ နန်လင်းရှာ တကယ်တမ်း မည်သည့်အဆင့်တွင် ရှိနေသည်ကို ကျူးမင်လန် အတိအကျ မခန့်မှန်းနိုင်သေးပေ။
ဘိုးဘေးနဂါးမြို့တော်ကို အုပ်ချုပ်ပြီးနောက်ပိုင်းတွင် ညီအစ်မနှစ်ယောက်၏ စွမ်းအားများ မှာ မည်သူမျှ မခန့်မှန်းနိုင်လောက်အောင် ဖြစ်လာခဲ့ပုံရသည်။ သူမတို့ သိမ်းပိုက်ခဲ့သော နယ်မြေများတွင် လီယွင်ဇီနှင့် နန်လင်းရှာတို့ ယခင်က မထိတွေ့ခဲ့ဖူးသော အရင်းအမြစ် များ ရှိနေခဲ့သလော….။
နယ်မြေများ ပေါင်းစည်းပြီးနောက်တွင် ထိုအရင်းအမြစ်များကို ရရှိခဲ့ပြီး သူမတို့၏ စွမ်းအား များမှာ ကောင်းကင်ယံတိုင် ထိုးတက်သွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
၎င်းတို့မှာ ငွေရောင် သူတော်စင်နှင်းရည်ကဲ့သို့ ထူးခြားသည့် ရတနာများ ဖြစ်နိုင်ခြေများ သည်။ ဖြစ်နိုင်သည်မှာ လီမျိုးနွယ်စု အတွင်း၌လည်း လျှို့ဝှက်နယ်မြေတစ်ခုခု ရှိနေပေလိမ့် မည်။
ခရီးစဉ်မှာ အမှန်တကယ်ပင် ရှည်လျားလှ၏။ နတ်ဘုရား သူတော်စင်နဂါးစိမ်းသည် နေ့စဉ် နှင့်အမျှ ကြီးထွားလာပြီး သူ၏ ပျံသန်းနှုန်းမှာလည်း သိသာစွာ မြန်ဆန်လာသည်။
သို့သော် တောင်တန်းတစ်ခုကို ကျော်ဖြတ်ပြီးချိန်တွင် ပိုမိုမြင့်မားသော တောင်တန်းများ ရှိနေသေးပြီး၊ မြို့ပြနိုင်ငံတစ်ခုကို ကျော်လွန်ပြီးနောက်တွင်လည်း ပိုမိုကျယ်ပြောသော နယ်မြေများလည်း ရှိနေသေးသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် ထူးဆန်းပြီး နတ်ဘုရားဆန်သည့် ဂိုဏ်းကြီးများနှင့်၊ အင်အားစုပေါင်းများစွာကို မရေမတွက်နိုင်အောင် တွေ့ဆုံခဲ့ရသည်။
သူတို့သည် နဂါးများ၊ နဂါးထိန်းများဖြင့်သာ လည်ပတ်နေသော နိုင်ငံများကိုလည်း တွေ့မြင်ခဲ့ရသည်။
ရှန်ကုန်းတရားစီရင်ရေး တိုက်ကြီး၏ ကျယ်ပြောမှုမှာ မရပ်မနား တစ်လကြာ ပျံသန်းခဲ့ သော်လည်း ရှန်ကုန်းအင်ပါယာမြို့တော်၏ နယ်နိမိတ်ကိုပင် မမြင်ရသေးသည်အထိပင်။
ခရီးဆက်ရင်း ကျင့်စဉ်များကို လေ့ကျင့်နေကြရင်းဖြင့်ပင်၊ အလောတကြား ခရီးနှင်နေကြ သော်လည်း၊ သူတို့သုံးဦးသည် ဤတိုက်ကြီးပေါ်ရှိ မြို့ပြနိုင်ငံများနှင့် နယ်မြေများ၏ ထူးခြားသော ဓလေ့ထုံးတမ်းများနှင့် ရှုခင်းများကိုလည်း ခံစားကြည့်ရှုခဲ့ကြသည်။
အကယ်၍ သူတို့သည် နယ်မြေပိုင်ဆိုင်ခွင့်ကို အောင်မြင်စွာ တောင်းဆိုနိုင်ပြီး ဘိုးဘေးနဂါး မြို့တော်ကို စနစ်တကျ ပြန်လည်စီမံနိုင်မည်ဆိုပါက ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီးရှိ နိုင်ငံများနှင့် နယ်မြေအသီးသီးကို လှည့်လည်ကြည့်ရှုရခြင်းက အလွန်ပင် တန်ဖိုးရှိပေလိမ့် မည်။
ကျော်ကြားသော တောင်တန်းများနှင့် မြစ်များ၊ ကြောက်မက်ဖွယ်ကောင်းသော တောအုပ်များနှင့် တားမြစ်နယ်မြေများ၊ မီးလေမြို့များ၊ နဂါးတောင်ကြားများနှင့် သန့်ရှင်း သော ရေကန်များ၊ ပန်းနိုင်ငံနှင့် နှင်းမြို့တော်၊ ဆားငန်ပင်လယ်...
တစ်လခွဲကြာပြီးနောက်တွင် ရှန်ကုန်းအင်ပါယာမြို့တော်မှာ အဆုံးတွင် မိုးကုတ်စက်ဝန်း အဆုံးတွင် ပေါ်ထွက်လာ၏။ နေ့လည်ခင်းဖြစ်၍ နွေရာသီနေရောင်ခြည်မှာ ကမ္ဘာမြေပေါ် သို့ ပူပြင်းစွာ ကျရောက်နေသည်။ ငွေရောင်မြစ်နှင့် ခရမ်းရောင်တောင်တန်းများကြားတွင် မြေပြင်အနေအထား၊ တောင်ကုန်းများ၊ မြစ်များနှင့် ရေကန်များတစ်လျှောက် တည်ဆောက်ထားသော ခမ်းနားထည်ဝါသည့် မြို့တော်များမှာ တန်းစီ၍ တည်ရှိနေကြ သည်။
ကြီးမားခမ်းနားလှသော မြို့တော်ကြီဂမှာ ကျယ်ပြောလှသော ကမ္ဘာမြေကြီးနှင့် စုံလင်စွာ ပေါင်းစပ်နေပုံရ၏။ အမြင့်မှ ကြည့်လိုက်လျှင် အင်ပါယာမြို့တော်၏ တစ်စိတ်တစ်ပိုင်းကို သာ မြင်နိုင်ပေလိမ့်မည်။
သို့သော် ထိုတစ်စိတ်တစ်ပိုင်းမှာပင် မြို့ပြနိုင်ငံပေါင်းစပ်ထားသလောက် ကြီးမားလှသည်။
မြို့တော်များမှာ စနစ်တကျ တည်ရှိနေပြီး နောက်ဆုံးတွင် ကြေးနီရောင်လွင်ပြင်တစ်ခုပေါ် ၌ စုစည်းသွားသည်။ ထိုနေရာရှိ အဆောက်အအုံများမှာ ပိုမိုခမ်းနားပြီး မြင့်မားကာ ပိုမို ထူထပ်ပြီး ကြည့်ကောင်းလှ၏။ အဝေးမှ ကြည့်လျှင် ရှေးကျပြီး၊ သန့်ရှင်းမြင့်မြတ်ကာ နက်နဲဆန်းကြယ်သည့် နိုင်ငံတစ်ခုထဲ ဝင်ရောက်သွားရသကဲ့သို့ ခံစားရသည်။ တည်ငြိမ်ပြီး လေးနက်ကာ၊ တည်တံ့ပြီး မြင့်မြတ်လှပေသည်။
ရှန်ကုန်းအင်ပါယာမြို့တော်…….
ဤနေရာသည် ရှန်ကုန်းတရားစီရင်ရေးတိုက်ကြီး၏ အုပ်ချုပ်သူလူတန်းစားများ နေထိုင် ရာနေရာဖြစ်ပြီး ဂိုဏ်းကြီးများ၊ မျိုးနွယ်စုများ၊ နန်းတော်များ၊ ဘုရားကျောင်းများနှင့် အကယ်ဒမီများစွာတို့မှာ ခန့်ညားစွာ တည်ရှိနေကြသည်။
အင်ပါယာမြို့တော်အထက် ကောင်းကင်တွင် ရှေးဟောင်းကြေးနီရောင် နဂါးအုပ်စုများ ပျံဝဲနေကြသည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ တိမ်တိုက်များ မြင့်တက်နေသည့် ဗဟိုချက်အထက်တွင် ပျံဝဲနေသော တိမ်တိုက်သစ်တောတစ်ခု ရှိနေပြီး ခရမ်းရောင်၊ ကြေးနီရောင်၊ ရွှေရောင်နှင့် အဖြူရောင်နဂါးများမှာ တိမ်တိုက်သစ်တောများနှင့် အောက်ရှိ အင်ပါယာမြို့တော် အဆောက်အအုံများကြားတွင် ပျံသန်းသွားလာနေကြသည်။
ထိုနေရာရှိ နဂါးမျိုးစိတ်များနှင့် အရေအတွက်မှာ တိမ်နဂါးနိုင်ငံ တစ်ခုလုံးကို ဖွဲ့စည်းထား ပြီး၊ ထိုနိုင်ငံသည် ရှန်ကုန်းအင်ပါယာမြို့တော်၏ သာယာဝပြောမှုကို နှစ်ပေါင်းတစ်ထောင် တိုင်အောင် ကာကွယ်ပေးခဲ့သည်။
“တိမ်နဂါးနိုင်ငံ...” နန်လင်းရှာက ကြီးမားပြီး မင်္ဂလာရှိသော တိမ်တိုက်များကို ငေးကြည့် ရင်း မျက်လုံးများ အရောင်တောက်ကာ ပြောလိုက်သည်။
နဂါးထိန်းအကယ်ဒမီရှိ ကျမ်းစာအချို့တွင် နန်လင်းရှာသည် နဂါးများနေထိုင်ရာ တိမ်နဂါး နိုင်ငံ၏ ဒဏ္ဍာရီများကို ဖတ်ရှုဖူးသည်။
သူမသည် ၎င်းကို ဒဏ္ဍာရီသက်သက်သာဟု ထင်မှတ်ထားခဲ့သည်။
ယခုအခါ အမှန်တကယ် တိမ်နဂါးနိုင်ငံကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီး၊ ထို့ထက်ပို၍ ရှန်ကုန်းအင်ပါယာမြို့တော် အထက်တွင် တည်ရှိနေသည်ကို မြင်လိုက်ရသည့်အခါ အသက်ရှုမှားလောက်အောင်ပင် ဖြစ်ခဲ့ရသည်။ သူမ၏ နှလုံးသားထဲတွင် အံ့ဖွယ် တံခါး ပေါက်သစ်တစ်ခု ပွင့်လှစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“တိမ်နဂါးနိုင်ငံက တော်ဝင်မိသားစုရဲ့ အသက်သွေးကြောပဲ” ကျူးမင်လန်က ပြောလိုက် သည်။
သူ မြင်တိုင်း မြင်တိုင်းတွင် ထိုမြင်ကွင်းကြောင့် ကြက်သီးမွေးညင်းများ ထခဲ့ရသည်။ ဓားကျင့်ကြံသူ တစ်ယောက်အနေဖြင့် အထွတ်အထိပ်သို့ ရောက်ခဲ့ဖူးသော်လည်း တိမ်နဂါး နိုင်ငံကို သူ ဘယ်တော့မှ မထိတွေ့ခဲ့ဖူးကြောင်း ကျူးမင်လန် ရုတ်တရက် သဘောပေါက် လိုက်သည်။
ထို့အပြင် ယခုတစ်ခါမှာတော့ သူ အခွင့်အရေးရနိုင်မလားဟု တွေးမိသည်။
တိမ်နဂါးနိုင်ငံသည် ကျူးမင်လန် ငယ်စဉ်ကတည်းက စူးစမ်းချင်ခဲ့သော... မျက်ဝါးထင်ထင် ကြည့်ရှုချင်ခဲ့သော နက်နဲဆန်းကြယ်သည့် နယ်မြေတစ်ခု ဖြစ်ပေသည်။