← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇) ကျူးမျိုးနွယ်စု၏ ကျေကွဲဖွယ်မြင်ကွင်း။

ကျူးမျိုးနွယ်စုသည် နှင်းစက်ကန်ဘေးတွင် တည်ရှိပြီး ရေကန်အတွင်းရှိ မြို့တော်တစ်ခု ဖြစ်သော နှင်းစက်မြို့မှာ ဤအေးချမ်းသာယာသော ကန်ရေပြင်ကို ဝိုင်းရံတည်ဆောက် ထားသည်။

မိုးဆွေပင်များက လေအဝေ့တွင် ယိမ်းနွဲ့နေပြီး ရှုခင်းများမှာ မျက်စိပသာဒ ဖြစ်စေသဖြင့် နှင်းစက်မြို့သည် ရာသီဥတု အကောင်းမွန်ဆုံးသော မြို့တစ်မြို့အဖြစ် အစဉ်သဖြင့် ကျော်ကြားသည်။ ချမ်းသာကြွယ်ဝသော ကုန်သည်အချို့ဆိုလျှင် နှင်းစက်ကန် အနီးတွင် နေအိမ်တစ်လုံး ဝယ်ယူနိုင်ရန်အတွက် သူတို့၏ စည်းစိမ်ဥစ္စာများကို စွန့်လွှတ်ရမည်ဆို လျှင်ပင် အကုန်အကျခံကြသည်။ အဓိကရည်ရွယ်ချက်မှာ ရေကန်၏ ဝိညာဉ်နယ်မြေကို ခံစားရင်း၊ အင်ပါယာမြို့တော်၏ လှုပ်ရှားရုန်းကန်မှုများကြားမှ အေးချမ်းမှုကို ရယူလိုသော ကြောင့် ဖြစ်သည်။

နှင်းစက်ကန်၏ ရှည်လျားသော ပင်မလမ်းမကြီးအတိုင်း အဆုံးထိ လျှောက်သွားမည်ဆိုပါ က ရေကန်အတွင်းရှိ ကျွန်းတောင်တန်းများ၏ အလှအပ တစ်ဝက်တစ်ပျက်ကို ပိုင်ဆိုင် ထားသော ကျူးမျိုးနွယ်စုသို့ ရောက်ရှိမည် ဖြစ်သည်။

ကျူးမျိုးနွယ်စု၏ ဝင်ပေါက်သည် မြို့ပြ၏ ဖရိုဖရဲ သက်ဝင်လှုပ်ရှားမူကြားတွင် တည်ရှိနေ သယောင် ဖြစ်သော်လည်း၊ နောက်တစ်ပိုင်းမှာမူ ရေကန်အတွင်းရှိ ကျွန်းတောင်တန်းများ ဆီသို့ လုံးဝ ရောက်ရှိသွားသည်။ မြင့်မားခမ်းနားသော အဆောက်ဦးများနှင့် စင်္ကြံများမှာ မိုးဆွေပင်ကြီးများကြားတွင် တစ်ခါတစ်ရံ ပေါ်ထွက်လာပြီး တိတ်ဆိတ်၍ တည်ငြိမ်အေး ချမ်းလှသည်။

သို့သော် ယခုအချိန်တွင်မူ ကျူးမျိုးနွယ်စု၏ ဝင်ပေါက်ရှေ့တွင် ဥဩငှက်များ၏ မရပ်မနား သီးကျူးသံနှင့် တူညီသော နှဲသံများမှာ ဆက်တိုက် ပဲ့တင်ထပ်နေသည်။ ကျူးမင်လန် ဂိတ်ပေါက်အတွင်းသို့ ခြေချလိုက်သောအခါ သူ မြင်တွေ့လိုက်ရသည်မှာ တစ်ခုပြီးတစ်ခု တန်းစီထားသော ထိတ်လန့်ဖွယ်ကောင်းသည့် အဖြူရောင် မီးပုံးများပင် ဖြစ်သည်။

ကျယ်ဝန်းသော ဝင်ပေါက်နေရာတွင် ထူးဆန်းသော သားရဲကောင်များ ဆွဲသည့် ယာဉ်များ ရပ်နားထားကြပြီး၊ အဆင့်မြင့် အရာရှိများနှင့် မင်းမျိုးမင်းနွယ်များမှာ ကျူးမျိုးနွယ်စု အတွင်းသို့ ဝင်ရောက်လာကြသည်။ ကျူးမျိုးနွယ်စု၏ ဝင်ပေါက်ရှေ့တွင်မူ ဆံပင်များ အနည်းငယ် ဖားလျားကျနေသော စုံတွဲတစ်တွဲ ရပ်နေသည်။

သူတို့၏ မျက်နှာများမှာ မှိုင်းညှိုနေပြီး ဧည့်သည်များနှင့် စကားပြောဆိုရာတွင်လည်း စည်းကမ်းချက်များကိုပင် မေ့လျော့နေသည့်အလား ထုံအအ ဖြစ်နေကြသည်။

သူတို့၏ မျက်ဝန်းများမှာ အသက်မဲ့နေပြီး ဝိညာဉ်များ ကိုယ်ခန္ဓာအတွင်း၌ မရှိတော့သည့် အလား ဖြစ်နေကြသည်။

လာရောက်ကြသော ဧည့်သည်များမှာလည်း မပြတ်မလပ်ပင်။ အဖြူရောင် ရွက်လွှင့် သဏ္ဍာန် အလံများပေါ်တွင် မည်းနက်သော စာလုံးများ ရေးထိုးထားကာ၊ နှဲသံအူစို့စို့တို့မှာ လည်း ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသည်။

ထင်ရှားသည်မှာ သူတို့သည် ဈာပနအခမ်းအနားကို ကျင်းပနေခြင်းပင် ဖြစ်သည်။

ဘယ်သူ့ရဲ့ဈာပနလဲ။

ကျူးမင်လန်၏ ခြေလှမ်းများမှာ မရည်ရွယ်ဘဲ မြန်ဆန်လာသည်။

သူသည် ဂိတ်ပေါက်ဆီသို့ လျှောက်သွားရင်း ဆံပင်ဖြူ စုံတွဲထံသို့ သူ့အကြည့်များကို စိုက်ထားလိုက်သည်။

အစပိုင်းတွင် ထိုစုံတွဲသည် ကျူးမင်လန်ကို သတိမထားမိကြသော်လည်း၊ ဤလူငယ်၏ ရုပ်သွင်ကို အသေအချာ ခွဲခြားမိသည့်အခါ သူတို့၏ အသက်မဲ့နေသော မျက်ဝန်းများမှာ နောက်ဆုံးတွင် တောက်ပလာသည်။

“ဦးလေး၊ ဒေါ်လေး...” ကျူးမင်လန်က သူတို့ကို ကြည့်ရင်း လည်ချောင်းထဲတွင် ငါးရိုးစူး နေသကဲ့သို့ ခံစားလိုက်ရပြီး စကားပင် ပြောမထွက်တော့ပေ။

“မင်လန်လား” ထိုစုံတွဲသည် ကိုယ့်မျက်လုံးကို ကိုယ်မယုံနိုင်ဘဲ ထပ်ခါထပ်ခါ အတည်ပြု နေကြသည်။

နောက်ဆုံးတွင် ခင်ပွန်းဖြစ်သူနှင့် ဇနီးဖြစ်သူ နှစ်ဦးစလုံးသည် မြင့်မားသော လှေကားထစ် များပေါ်မှ ပြေးဆင်းလာကြသည်။ သူတို့အနေဖြင့် ကျူးမင်လန်ကို ထိတွေ့ကိုင်ကြည့်ပြီးမှ သာ သူ အမှန်တကယ် အသက်ရှင်လျက် ရှိနေကြောင်း အတည်ပြုနိုင်မည့်ပုံပင် ဖြစ်သည်။

“ဦးလေး၊ ဒေါ်လေး၊ ဒါ ဘယ်သူ့ရဲ့ ဈာပနလဲ” ကျူးမင်လန် မေးလိုက်သည်။

ဤအချိန်တွင် ကျူးမင်လန်၏ စိတ်ထဲတွင် အလွန်ဆိုးရွားသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။

သူ့ဦးလေး ကျူးယွီရှန်းနှင့် ဒေါ်လေးပိုင်ရှင်းတို့တွင် သားသမီးမရှိကြဘဲ၊ သူတို့သည် ကျူးမင်လန်ကို သူတို့၏ ကိုယ်ပိုင်သားအရင်းကဲ့သို့ပင် အမြဲတစေ ဆက်ဆံလေ့ရှိကြသည်။

သူတို့၏ အသက်အရွယ် ကြီးရင့်လာချိန်၊ အသက် ၄၀ ခန့်တွင် ကျူးယွီရှန်းနှင့် ပိုင်ရှင်းတို့ သည် ကျူးမျိုးနွယ်စုတွင် ခိုလှုံလာသည့် ကျူးတုန်း အမည်ရှိ မိဘမဲ့ကလေးငယ်တစ်ဦးကို မွေးစားရန် ဆုံးဖြတ်ခဲ့ကြသည်။

ကျူးတုန်းသည် ငယ်စဉ်ကတည်းက အသိတရားရှိပြီး ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။ သူ၏အရည်အချင်းမှာ ထူးချွန်ထက်မြက်ခြင်း မရှိသော်လည်း ကျူးယွီရှန်းနှင့် ပိုင်ရှင်းတို့ ကို အမြဲတစေ ကျေးဇူးသိတတ်ပြီး၊ သူ၏ အစ်ကိုဝမ်းကွဲဖြစ်သူ ကျူးမင်လန်ကိုလည်း အလွန်အမင်း ရိုသေလေးစားသူ ဖြစ်သည်။

အဖြူရောင် မီးပုံးများကို တစ်လုံးပြီးတစ်လုံး မြင်လိုက်ရပြီးနောက်၊ အဖြူရောင် အလံများ ပေါ်ရှိ စာတန်းများကို ဖတ်လိုက်ရသည့်အခါ ကျူးမင်လန်သည် တစ်စုံတစ်ခု မှားယွင်းနေပြီ ဟု ခံစားလိုက်ရသည်။

“ပြန်လာပြီ၊ မင်း ပြန်လာပြီပေါ့။”

ကျူးယွီရှန်း၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှုကြောင့် တွန့်နေသော အရေးအကြောင်း များ ထင်ဟပ်နေသော်လည်း ကျူးမင်လန်ကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားမှုကြောင့် မျက်ဝန်းများ တောက်ပလာသည်။

ပိုင်ရှင်းလည်း ထိုနည်းတူပင်။ ဝေးလံသော အရပ်ဒေသများသို့ ခရီးလှည့်လည်နေသော မိမိ တို့၏သားဖြစ်သူ ပြန်လည် ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည့်အလား ကျူးမင်လန်၏ လက်မောင်းကို မလွှတ်တမ်း တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

“ဦးလေး၊ ဒေါ်လေး... ကျူးတုန်း ဘယ်သွားနေလဲ” ကျူးမင်လန်က ထပ်မံ၍ မေးမြန်း လိုက်သည်။

ထိုအချိန်မှာပင် ကျောက်ဆောင်ချိုနဂါးကို စီးနင်းထားသော လူတစ်ယောက် ပေါ်လာ သည်။ သူသည် မုတ်ဆိတ်မွေးအနည်းငယ် ပေါက်နေပြီး လက်ထဲတွင် ကျောက်စိမ်း ရတနာများဖြင့် အလှဆင်ထားသော ယပ်တောင်ကို ကိုင်ထားသည်။

သူ့ဘေးတွင်မူ အနက်ရောင် ကျောက်မျက်ကဲ့သို့ မျက်ဝန်းများနှင့် ရက်စက်သော အရိပ် အယောင်များ ရှိနေသည့် လူငယ်တစ်ယောက် ပါလာပြီး၊ အနက်ရောင် ဝတ်စုံကို ဝတ်ဆင် ထားသည်။

“အစ်ကိုယွီရှန်း... အစ်ကိုယွီရှန်း... ဒါတွေအားလုံး ကျွန်တော့်အပြစ်တွေဗျာ” မုတ်ဆိတ် မွေးအနည်းငယ်နှင့် ထိုလူက နောင်တတရား ပြင်းထန်စွာ ခံစားနေရဟန်ဖြင့် ပြောလိုက် သည်။ “ကျွန်တော့်ရဲ့ အသုံးမကျတဲ့သားက အမြဲတမ်းပဲ ရက်စက်ပြီး မကောင်းဆိုးဝါးဆန် တဲ့ နဂါးတွေကိုပဲ မွေးမြူတတ်နေတာ။ အရေးကြီးဆုံးကတော့ အဲဒီရွှေရောင်ဆံပင်နဲ့ ကောင်လေးက အစ်ကိုယွီရှန်းရဲ့ မွေးစားသားဆိုတာ သူ တကယ်ကို မသိခဲ့ရှာပါဘူး။ ဒီကိစ္စ အတွက် ကျွန်တော် အထူးတလည်ပဲ ကျွန်တော့်သားကို ကျောမှာ ဆူးတွေထမ်းပြီး လာရောက် တောင်းပန်ခိုင်းလိုက်တာပါ။ အစ်ကိုယွီရှန်းအနေနဲ့ ဘယ်လိုပဲ ပြစ်ဒဏ်စီရင်ပါ စေ၊ အရင်က ရင်းနှီးမှုကို ငဲ့ညှာပြီး မတားဆီးပါဘူး။ သူ့ကို ဘယ်လိုအပြစ်မျိုး ပေးပေး၊ ကျွန်တော် အကုန်လိုက်လျောပါ့မယ်”

ကျူးယွီရှန်းနှင့် ပိုင်ရှင်းတို့က ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်မှာ အမှန်တကယ်ပင် ကျောပေါ်တွင် ဆူးစည်းတစ်ခုကို ထမ်းထားပြီး ဆူးချွန်များက သူ၏ အရေပြားထဲသို့ ထိုးစိုက်ဝင်နေသည်ကို တွေ့လိုက်ရသည်။

သို့သော်လည်း ဤကဲ့သို့ ဆူးထမ်း တောင်းပန်တော့ရော ဘာများ အကျိုးထူးတော့မည် နည်း။

သူသည် အပေါ်ယံအရေပြားမျှသာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆေးလိမ်း ကုသ၍ ရနိုင်သေးသည်။ သို့သော် ကျူးတုန်းမှာမူ အေးစက်နေသော သစ်သား ခေါင်းတလားထဲတွင် ထာဝရ အိပ်စက်သွားခဲ့ရပြီ။

“စိတ်ကို ခိုင်ခိုင်ထားပါ၊ စိတ်ကို တင်းထားပါ။ ကြီးကျယ်တဲ့ ပြိုင်ပွဲတိုင်းမှာ အသက်ဆုံးရှုံးမှု တွေဆိုတာ မလွှဲမရှောင်သာ ဖြစ်တတ်ပါတယ်။ အစ်ကိုယွီရှန်း၊ ဒီဖြစ်ရပ်ကြောင့် ကျူး မျိုးနွယ်စုနဲ့ ခရမ်းရောင်ဂိုဏ်းကြားက ရင်းနှီးချစ်ခင်မှုကို မပျက်စီးပါစေနဲ့” တော်ဝင် မျိုးနွယ် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ဝင်ရောက်ပြောဆိုသည်။

“တကယ်ပါပဲ၊ ယှဉ်ပြိုင်လက်ရည်စမ်းကြတဲ့အခါ အပြစ်မဲ့သူတွေကို ထိခိုက်မိတာမျိုးတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် တပည့်နှစ်ယောက်က အနိုင်အရှုံးကို အပြတ် အသတ် ခွဲခြားချင်ကြတဲ့အခါမျိုးမှာပေါ့။ အစ်ကိုယွီရှန်း၊ ဘာပဲအခက်အခဲရှိရှိ ခရမ်းရောင် ဂိုဏ်းကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ပါတယ်။ ဒီကိစ္စအတွက် ခရမ်းရောင်ဂိုဏ်းဘက်က အစကတည်းက အမှားနေတာကို ကျွန်တော်တို့ ဝန်ခံပါတယ်” မုတ်ဆိတ်မွေးအနည်းနှင့် ထိုသက်လတ်ပိုင်းအရွယ်လူက ဆိုလိုက်သည်။

“ကျွမ်းကျင်မှုပိုင်းမှာ နိမ့်ပါးရင်တော့ သေတယ်ရှင်တယ်ဆိုတာ ကံတရားပါပဲ။ အကြီးအကဲ တို့၊ ကျွန်တော် လက်ဆရမ်းပြင်းထန်ခဲ့မိတာကို သိပါတယ်။ ဒါပေမဲ့ တစ်ခါတရံမှာ နဂါးထိန်း တစ်ယောက်တောင်မှ နဂါးသားရဲတွေရဲ့ ရိုင်းစိုင်းတဲ့သဘာဝကို အပြည့်အဝ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ အနိုင်ရတဲ့ပြိုင်ပွဲတိုင်းမှာ အခုလို ဆူးထမ်းတောင်းပန်နေရမယ် ဆိုရင်၊ ကျွန်တော် အခုချက်ချင်းပဲ ကျွန်တော့်အသက်ကိုပေးပြီး တောင်းပန်လိုက်တာ ပိုကောင်းပါလိမ့်မယ်။ အဲဒီလိုဆိုရင်တော့ ဂိုဏ်းကြီးတွေ၊ မျိုးနွယ်စုကြီးတွေအနေနဲ့လည်း ဘယ်လိုပြိုင်ပွဲကြီးတွေကိုမှ စီစဉ်တော့မှာ မဟုတ်ဘူးပေါ့” အနက်ရောင် ဝတ်စုံဝတ်ထား သော လူငယ်က သူ၏စိတ်ထဲတွင် မကျေမနပ်ဖြစ်မှု အရိပ်အယောင်များဖြင့် ပြောဆိုလိုက် သည်။

ထိုအချိန်မှာပင် လူအုပ်ကြားထဲမှ အရိပ်တစ်ခုက ရုတ်တရက် ရွေ့လျားသွားပြီး သူ၏ လက်တစ်ဖက်က အနက်ရောင်ဝတ်စုံဝတ် လူငယ်၏လည်ပင်းကို ပြင်းထန်စွာ ညှစ်ဆွဲ လိုက်ရာ သူ၏လည်ပင်းရိုးများမှာ တကျွီကျွီ မြည်သွားတော့သည်။

“မင်းကိုယ်စား ငါပဲ လုပ်ပေးလိုက်မယ်၊ ဒါဆို မင်းလဲ ဒူးထောက် တောင်းပန်နေစရာ မလို တော့ဘူး” ကျူးမင်လန်က ထိုလူငယ်၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး သူ၏ပတ်လည်တွင် အဖြူရောင် အမွေးအတောင်များ အမြောက်အမြား ပေါ်ထွက်လာ သည်။

ထိုအမွေးအတောင်များသည် လည်ပတ်နေသော ဓားသွားများကဲ့သို့ ကျူးမင်လန်ကို ဝိုင်းရံ ထားသည်။ သူ၏ အမိန့်တစ်ခွန်းသာ ထွက်လာပါက ဤလူသတ်သမား လူငယ်လေးသည် အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။

“မင်လန်... မင်လန်... မလုပ်နဲ့၊ မလုပ်ရဘူး” ဒေါ်လေး ပိုင်ရှင်းက အော်ဟစ်ရင်း အလျင်မြန် ပြေးလာသည်။ သူမက ကျူးမင်လန်၏ လက်ကို အတင်းဆွဲကာ လွှတ်ပေးရန် အရိပ် အယောင် ပြလိုက်သည်။

“ဒါ ဘာအရူးကွက်တွေလဲ၊ ဒီနေရာမှာ ရာဇဝတ်မှု ကျူးလွန်ရဲတယ်ပေါ့” မုတ်ဆိတ်မွေး အနည်းငယ်နှင့် ထိုလူက ဒေါသတကြီး ပေါက်ကွဲသွားပြီး သူ၏ လက်ဝါးဖြင့် ကျူးမင်လန် ကို ရိုက်ချလိုက်သည်။

သူ၏ လက်ဝါးထဲမှ မီးတောက်များ ဝါးမြိုထားသော တံခါးပေါက်တစ်ခုကဲ့သို့ ကြီးမားသည့် တံဆိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။

ထိုတံခါးပေါက်အတွင်းမှ ခရမ်းရောင် မီးတောက်များဖြင့် ဝန်းရံထားသော မိုးပြာနဂါး တစ်ကောင်သည် ပါးစပ်ကို ဟလျက် ကျူးမင်လန်ကို ကိုက်ဝါးရန် ခုန်အုပ်လိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ ပိုင်ရှင်းသည် ကျူးမင်လန်ကို အလျင်အမြန် ကာကွယ်ပေး ရန် ကြိုးစားလိုက်သော်လည်း၊ သူက တစ်ဖက်လက်ဖြင့် သူမကို တားဆီးထားလိုက်သည်။ သူ့မျက်ဝန်းများမှာ ရုတ်တရက် အနီရောင်အလင်းတန်းများ ဖြတ်ပြေးသွားပြီး ထိုအချိန် တွင် သူ၏အရှိန်အဝါမှာ နတ်ဆိုးတစ်ပါးကဲ့သို့ပင် ရုတ်တရက် မြင့်တက်လာသည်။

“ဓားဝိညာဉ်နဂါး”

သူ၏အမိန့်သံနှင့်အတူ ဓားတစ်လက်က ဟင်းလင်းပြင်ကို ဖောက်ထွက်လာပြီး၊ ကြီးမား ခမ်းနားလှသော အရိပ်ယောင်တစ်ခုသာ လျှပ်တစ်ပြက် ပေါ်ထွက်လာသည်။ မည်သူမျှ တုံ့ပြန်ရန် အချိန်မရမီပင်၊ ထိုဓားက ခရမ်းရောင်မီးတောက် မိုးပြာနဂါးဆီသို့ အပိုင်းပိုင်း ခုတ်ပိုင်းလိုက်သည်။

ခရမ်းရောင်မီးတောက် မိုးပြာနဂါးမှာ ထိတ်လန့်သွားသည်။ အစကတည်းက ကျူးမင်လန် ကို ခုန်အုပ်ကိုက်ဝါးရန် အသင့်ဖြစ်နေသော်လည်း ယခုမူ တံခါးပေါက်ထဲမှပင် ထွက်မလာရဲ တော့ဘဲ၊ မြေအောင်းတီကောင်တစ်ကောင်ကဲ့သို့ ဝိညာဉ်နယ်မြေ အတွင်းသို့ ပြန်လည် တွားသွားကာ ပုန်းကွယ်သွားသည်။

“မင်လန်... မင်လန်...” ပိုင်ရှင်းက သူ့ကို ထပ်မံ၍ တားဆီးရန် ကြိုးပမ်းသည်။

ထိုအချိန်တွင် ခြံဝင်းအတွင်းရှိ လူအများစုမှာ ဤနေရာဆီသို့သာ အကြည့်ရောက်နေကြပြီး လူငယ်၏ လည်ပင်းကို ဆုပ်ကိုင်ထားသော ကျူးမင်လန်ကို အံ့ဩတကြီး ကြည့်နေကြ သည်။

“အဲဒါ ကျူးမင်လန် မဟုတ်လား….”

“ကျူးကောင်းကင်အရာရှိရဲ့ သား၊ ပြိုင်ဘက်ကင်း ဓားကျင့်ကြံသူ ကျူးမင်လန်လား”

“သူ သေသွားပြီလို့ သတင်းလွှင့်ထားတာ မဟုတ်ဘူးလား”

“ကျူးမင်လန်ဆိုတာ အရင်က အင်ပါယာမြို့တော်ရဲ့ လူဆိုးလေးပဲ။ သူက တော်ဝင်မျိုးနွယ် စုဝင် မျိုးဆက်သစ်တွေရဲ့ လက်တံ၊ ခြေတံတွေကိုတောင် ဖြတ်ထုတ်ဖူးသူလေ။ ခရမ်းရောင်ဂိုဏ်းရဲ့ တပည့်ကြီး ဟောက်ရှောင်စုန်းတော့ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတော့ မှာပဲ။”

“ဘာဘေးအန္တရာယ်လဲ။ ဒီလူဆိုးလေးက ကောင်းကင်ဘုံကို ဒေါသထွက်စေမိလို့ သူ့ရဲ့ ဓားကျင့်စဉ် အရည်အချင်းတွေ အကုန်လုံး ဖျက်ဆီးခံလိုက်ရပြီး၊ ပြန်လာဖို့တောင် မျက်နှာ မရှိတော့တဲ့ သာမန်လူတစ်ယောက် ဖြစ်သွားတယ်ဆိုတာ မကြားဖူးဘူးလား”

ဝင်ရောက် ဖြေရှင်းပေးမည့်လူမှာ များများစားစား မရှိပေ။ သူတို့မှာ ဘေးမှရပ်ကြည့်ရင်း ပြဇာတ်တစ်ပုဒ်ကို ကြည့်ရှုနေကြသည်။

ဂိုဏ်းပေါင်းစုံကြားရှိ မျိုးနွယ်စုများအကြား ပဋိပက္ခများမှာ ရှားပါးသည်ဟု ထင်ပါသလား။

နောက်ဆုံးတွင် ရှန်းကုန်းတော်ဝင်မိသားစုကြောင့် ကြီးမားသည့် ပြဿနာများမှာ သေးငယ်သွားမည်ဖြစ်ပြီး၊ သေးငယ်သည့် ပြဿနာများမှာလည်း ပျောက်ကွယ်သွားလိမ့် မည်။ အဆုံး၌ ပြဿနာများသည် အဘယ်သူ၌ ပိုမိုကြီးမားသော အာဏာကို ပိုင်ဆိုင်ထား ပြီး မည်သူ၌ ပိုမိုခိုင်မာသော နောက်ခံရှိလဲဆိုသည့်အပေါ်တွင်သာ မူတည်နေသည်။

“အခုချက်ချင်း အကြိမ်တစ်ရာ ဒူးထောက်လိုက်စမ်း၊ မဟုတ်ရင် မင်းရော မင်းအဖေကိုပါ ငါ အတူတူ သတ်ပစ်မယ်” ကျူးမင်လန်က ပြတ်သားစွာ ပြောဆိုလိုက်ပြီး ထိုခွေးသားကို ပြင်းထန်စွာ တွန်းထုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ဟောက်ရှောင်စုန်းသည် ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး ဒေါသကြောင့် သူ၏မျက်နှာမှာ နီရဲလာသည်။ အသက်ကို အသာအယာ ပြန်ရှူနိုင်သည်နှင့် သူက မတ်တတ်ထရပ်ကာ ကျူးမင်လန်ကို လက်ညှိုးထိုးပြီး “မင်းက ဘာကောင်မို့လို့လဲ၊ ကျူးတုန်းရဲ့ ညီအစ်ကို ဝမ်းကွဲ အမည်ခံကောင်ကများ” အော်ပြောလိုက်သည်။

ထိုအချိန်တွင် မုတ်ဆိတ်မွေးနှင့် လူကြီးသည် ဟောက်ရှောင်စုန်းကို အလျင်အမြန် ဆွဲခေါ် ကာ သူ့ဘေးမှာထားပြီး ပြင်းထန်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ရင်း သူ၏စကားကို တိတ်ဆိတ်သွားစေသည်။

“အဖေ၊ သူ ကျွန်တော့်ကို သတ်ဖို့ ကြိုးစား...”

“ပါးစပ်ပိတ်ထားစမ်း” ဟောက်ယုံက အော်ဟစ်လိုက်၏။ ထိုအသံကြောင့် ဟောက်ရှောင် စုန်းမှာ ကြောက်လန့်တကြား ဖြစ်သွားပြီး မျက်နှာမှာလည်း ဖြူဖျော့သွားကာ တော်ဝင် မိသားစုမှ အမျိုးသမီးတစ်ဦး၏ ဘေးသို့ နောက်ပြန်ဆုတ်သွားရသည်။

ဟောက်ယုံက အသက်ကို ပြင်းပြင်းရှူသွင်း၍ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် တောင်းပန်ဟန်ဆောင်လိုက်သည်။ “ကျူးကောင်းကင်အရာရှိရဲ့ ကျော်ကြားတဲ့ သားဖြစ်သူ ကျူးမင်လန်ပါလား။ ကျွန်တော့်သားက ပြိုင်ပွဲမှာ အနည်းငယ် ပြင်းထန်လွန်းသွားပြီး ကျူးတုန်းရဲ့ အသက်ကို မတော်တဆ ဆုံးရှုံးသွားစေမိတာ အမှန်ပါ ပဲ။ ဖခင်တစ်ယောက်အနေနဲ့ သူ ကျူးတုန်းရဲ့ ဝိညာဉ်တိုင်ရှေ့မှာ အကြိမ်တစ်ရာ ဒူးထောက်တာကို ကျွန်တော် ကိုယ်တိုင် ကြီးကြပ်ပေးပါ့မယ်။”

“ကျူးမင်လန်လား” တော်ဝင်မျိုးနွယ်စုမှ အမျိုးသမီးက ကျူးမင်လန်ကို ဦးခေါင်းမှ ခြေဖျား အထိ စူးစမ်းကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ “ဟွန်း... အရင်က လို အခြေအနေမျိုးလည်း မဟုတ်တော့ဘဲနဲ့ ခုထိ ဒီလောက်မာနကြီးနေတုန်းပဲလား။ ကျူးကောင်းကင်အရာရှိနဲ့ ကျူးရွှဲ့ဟန်တို့က ကာကွယ်ပေးထားတိုင်း အင်ပါယာမြို့တော် မှာ မင်းလုပ်ချင်ရာလုပ်လို့ ရမယ်များ ထင်နေလား”

“သခင်မကျောက်၊ ကျွန်တော့်နဲ့ အဝေးကို အမြန်ဆုံး ထွက်သွားပေးပါ။ ကျွန်တော့်ကို မနှစ်မြို့စေမယ့် စကားလုံး နောက်ထပ် တစ်ခွန်း ထပ်ပြောကြည့်၊ ဒီလထဲမှာပဲ ခင်ဗျားတို့ ကျောက်မျိုးနွယ်စု ဈာပနအခမ်းအနား ကျင်းပရအောင် ကျွန်တော် သေချာပေါက် စီစဉ်ပေး လိုက်မယ်” ကျူးမင်လန်က ထိုတော်ဝင်အမျိုးသမီးအား အေးစက်စက် ပြန်လည် တုံ့ပြန် လိုက်သည်။

သူတို့နှစ်ဦးမှာ အတိတ်က အငြိုးအတေးများ ရှိခဲ့ပြီး ရင်းနှီးပြီးသားသူများ ဖြစ်သောကြောင့် ကျူးမင်လန်အနေဖြင့် ယဉ်ကျေးပြနေရန် မလိုအပ်ဟု ခံစားရသည်။

သခင်မကျောက်သည် တော်ဝင်မျိုးနွယ်ဝင်တစ်ဦး၏ ဇနီးဖြစ်သည့် ဂုဏ်ပုဒ်ကို အားကိုး ကာ ဟောက်မိသားစုမှ သားအဖနှစ်ယောက်ကို ကျောထောက်နောက်ခံ ပေးထားသည်။ ဦးလေးကျူးယွီရှန်းနှင့် ဒေါ်လေးပိုင်ရှင်းတို့မှာ သာမန်အရပ်သားများ ဖြစ်ကြသော်လည်း သူတို့မှာ အလွယ်တကူ အနိုင်ကျင့်၍ ရသူများ မဟုတ်ပေ။

မိမိတို့၏ တော်ဝင်ဂုဏ်ပုဒ်ကို အသုံးပြု၍ ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းနိုင်မည် ဟု ထင်နေသလော။ အိပ်မက်သာ မက်နေလိုက်ပါ။

“မင်း...” သခင်မကျောက်သည် ကျူးမင်လန်ကို လက်ညှိုးထိုးရင်း ဒေါသထွက်လွန်း၍ နောက်ထပ် စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။

အရေးအကြီးဆုံးအချက်မှာ သခင်မကျောက်သည် ကျူးမင်လန်ကို အမှန်တကယ်ပင် ကြောက်ရွံ့နေခြင်း ဖြစ်သည်။ သူသည် တော်ဝင်မျိုးနွယ်စုဝင်များ၏ လက်တံ၊ ခြေတံများ ကိုပင် ဖြတ်ထုတ်ရဲသူဆိုလျှင်၊ တော်ဝင်မျိုးနွယ်စုဝင်ပင် မဟုတ်သော သူမ၏ ကျောက် မျိုးနွယ်ကို ပို၍ပင် မည်သို့မျှ မတွန့်ဆုတ်ဘဲ လုပ်ဆောင်မည်ကို သိနေသည်။

ကျူးမင်လန်သည် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ကျူးလွန်ရဲသူဖြစ်ပြီး၊ ကျူးကောင်းကင် အရာရှိရှိနေသမျှ ကာလပတ်လုံး သူ့ကို မည်သူမျှ မထိရဲကြပေ။

“မင်လန်... ပြန်ရောက်လာတာ ဝမ်းသာပါတယ်၊ ပြန်ရောက်လာတာ ဝမ်းသာပါတယ်...

ကျူးတုန်းအကြောင်းကတော့... အို... သားအရင်ဆုံး သူ့ဆီ သွားကြည့်လိုက်ပါဦး။ သူက သားကို နောက်တစ်ခေါက် ပြန်တွေ့ချင်နေခဲ့တာကြာပြီ။ နှစ်တွေကြာလာပေမယ့်လည်း ကျူးတုန်း ဟာ သားနဲ့ တန်းတူလိုက်နိုင်ဖို့ အမြဲတစေ ကြိုးစားအားထုတ်ခဲ့တာပါ... အာ... သူ့ဆီ သွားပြီး စကားပြောလိုက်ပါဦး” ဒေါ်လေး ပိုင်ရှင်းက မျက်ရည်များ ကျဆင်းလျက် ပြောလိုက်သည်။

သူမအနေဖြင့် သူမ၏ မွေးစားသားအတွက် မည်သို့လျှင် ဒေါသမထွက်ဘဲ၊ နှလုံး မကြေကွဲဘဲ နေနိုင်ပါမည်နည်း။

သို့သော်လည်း သူတို့အနေဖြင့် မည်သို့ တတ်နိုင်ပါမည်နည်း။

အစွမ်းထက်သူများကြား ဖြစ်ပွားခဲ့သော ပြိုင်ပွဲကြီးများတွင် အသက်ဆုံးရှုံးမှုများရှိပါက တော်ဝင်မိသားစုကမူ “ကျွမ်းကျင်မူ အားနည်း၍ မလွှဲမရှောင်သာ ဖြစ်ရသည်” ဟုသာ အကြောင်းပြကာ အမြဲတမ်း ပယ်ဖျက်လေ့ရှိကြသည်။

All Chapters