← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉) ထမီနားခိုစားပြန်ပြီလား။

ကျူးမျိုးနွယ်စု အတွင်းခန်းမသည် မေပယ်ပင်များနှင့် မိုးမခပင်များဖြင့် ပြည့်နှက်နေပြီး၊ တောင်စောင်းရှိ ဤရေကန်ကျွန်းပတ်လည်တွင် ရှေးဟောင်း ပန်းခြံဆောင်များကဲ့သို့သော အဆောက်အအုံများ ရှုပ်ထွေးစွာ တည်ရှိနေသည်။

နောက်သို့ လှည့်ကြည့်လိုက်လျှင် စည်ကားသိုက်မြိုက်ပြီး အိပ်မက်ဆန်သော နှင်းစက်ရေ ကန်မြို့တော် တစ်ခုလုံးကို မြင်တွေ့နိုင်ပြီး၊ ရှေ့သို့ ကြည့်လိုက်လျှင်မူ တစ်နှစ်ပတ်လုံး ပွင့်လန်းနေသော သစ်ခွပန်းများ၊ စည်းစနစ်တကျ ထိန်းသိမ်းထားသည့် မိုးမခကိုင်းများ၊ မြက်ခင်းပြင်များနှင့် ပန်းခင်းများဖြင့် ပြည့်နှက်နေသော ကျယ်ဝန်းသည့် လမ်းကြောင်း များကြောင့် အခြားကမ္ဘာတစ်ခုဆီသို့ ရောက်သွားသကဲ့သို့ ခံစားရစေသည်။

ပြင်ပခန်းမသည် မြို့ပြလူနေမှုပုံစံ အငွေ့အသက်ကို ဆောင်နေသော်လည်း၊ အတွင်းခန်းမ သို့ ဝင်ရောက်လိုက်သည်နှင့် လုံးဝ ကွဲပြားခြားနားသွားကာ နှင်းစက်ရေကန်၏ ဝိညာဉ် အနှစ်သာရ စွမ်းအင်များအားလုံးကို တစ်နေရာတည်းတွင် စုစည်းထားသကဲ့သို့ ဖြစ်နေ သည်။ ၎င်းကို ဝိညာဉ်တောင်အံ့ဖွယ်နယ်မြေဟု တင်စားရမည်ဆိုလျှင်လည်း လွန်ရာ မရောက်ပေ။

ဤသည်မှာ ကျူးမျိုးနွယ်စု၏ စစ်မှန်သော အခြေခံအုတ်မြစ် ဖြစ်ပေလိမ့်မည်။ အပြင်ဘက် တံခါးပေါက်တွင် ရှိနေစဉ်က ဤကဲ့သို့သော မြင်ကွင်းမျိုးကို အတွင်း၌ ရှိနေလိမ့်မည်ဟု မည်သူမျှ မတွေးထင်နိုင်ပေ။ အင်ပါယာနန်းတော်၏ တော်ဝင်ခန်းမများပင်လျှင် ဤနေရာ ၏ တည်ငြိမ်အေးချမ်းမှုနှင့် လှပတင့်တယ်မှုကို မယှဉ်နိုင်ပေ။

“ငါတို့ အခုလေးတင် ဖြတ်ကျော်လာတဲ့ ကျောက်တုံးမုခ်တံတားက အတွင်းခန်းမနဲ့ ပြင်ပ ခန်းမရဲ့ နယ်နိမိတ်ပဲ။ ဟူး... ငါ့ဦးလေးနဲ့ ဒေါ်လေးတို့က ဒီလောက်တောင် အရှက်တကွဲ အကျိုးနည်းဖြစ်ရပ်တွေကို ခါးစည်းခံခဲ့ကြရတာ။ ဒီလို အဖြစ်အပျက်မျိုး ဖြစ်ပြီးတဲ့ နောက်မှာတော့ သူတို့က အဖေ့ကို အသေးစိတ် မပြောပြချင်တော့ဘဲ အားလုံးကိုပဲ အောင့်အီးမျိုသိပ်ထားလိုက်ကြတာပါ” ကျူးမင်လန်က သက်ပြင်းချလိုက်သည်။

“ဒီကိစ္စကို ငါမသိဘူးလို့ မင်း ထင်နေတာလား?” ထိုအချိန်တွင် ကန်ဘေးရှိ ရှေးဟောင်း မိုးမခပင်ကြီးအောက်၌ ငါးမျှားနေသော အမျိုးသားတစ်ဦးက စကားပြောလိုက်သည်။

ကျူးမင်လန်၊ နန်လင်းရှာနှင့် ဖန်နန်နန်တို့သည် တစ်ချိန်တည်းမှာပင် ရေကန်ဘေးသို့ အကြည့်ရောက်သွားကြသည်။ အစပိုင်းတွင် သူတို့သည် ထိုနေရာ၌ လူတစ်ယောက် ထိုင်နေသည်ကိုပင် သတိမပြုမိခဲ့ကြပေ။

“မင်းရဲ့ဇနီးနဲ့ သမီးတောင် အရွယ်ရောက်နေကြပြီ၊ အခုမှပဲ အိမ်ကို ခေါ်လာတော့တယ်။ မင်းရဲ့အဘိုး အကြီးအကဲ ဓားဧကရာဇ်သာ ငါ့ကို ကြိုမပြောထားဘူးဆိုရင်၊ လာမယ့်လမှာ မင်းအတွက် ဈာပနအခမ်းအနားကို ဒီအတွင်းခန်းမမှာပဲ ငါတို့ စီစဉ်ပေးရတော့မှာ” ငါးမျှားသူက ဆက်ပြောသည်။

ဖန်နန်နန်နှင့် နန်လင်းရှာတို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြသည်။

“ဦးလေးရာ၊ ပညာရှိယောင်ဆောင်ပြီး နောက်ကိုတော့ လှည့်မကြည့်ဘဲ မနေပါနဲ့။ စကား မပြောခင် အချက်အလက်တွေကို သေချာအောင် အရင်လုပ်ပါဦး။”

“ဒီမှာ ဘယ်သူက သူ့ဇနီးနဲ့ သမီး ဖြစ်ရမှာလဲ” ဖန်နန်နန်က ပြောသည်။

“အဖေ၊ ဒီလောက်နှစ်တွေ ကြာတဲ့အထိ အဖေ့မျက်စိမှုန်တာ မပျောက်သေးဘူးလား” ကျူးမင်လန်က ပြောရင်း အမျိုးသမီးနှစ်ဦးကို ခေါ်ဆောင်ကာ ငါးမျှားနေသူထံသို့ လျှောက် သွားလိုက်သည်။

ထိုအခါမှသာ ငါးမျှားသူက နန်လင်းရှာနှင့် ဖန်နန်နန်တို့ကို သေချာကြည့်လိုက်ပြီး၊ ထို့နောက် အနေရခက်စွာဖြင့် ကျူးမင်လန်ဆီသို့ အကြည့်ပြန်ရောက်သွားသည်။ သူက အားနာပါးနာ ပြုံးလိုက်ပြီး “မင်းအမေက ငါ့ကို အငယ်အနှောင်းထားခွင့် ဘယ်တုန်းကမှ မပေးခဲ့ဘူး။ မင်းကတော့ အခြားလူတွေ အိပ်မက်မက်လောက်တဲ့ အလွန်အမင်း ထူးချွန်တဲ့ ကျင့်စဉ်တွေကို စွန့်ပစ်ပြီး၊ ရှုပ်ထွေးတဲ့ မိသားစုနိုင်ငံရေးကို လျစ်လျူရှုကာ ဒီလို စိတ်အေးလက်အေးနဲ့ နေနေလိုက်တာ…” ဟု ပြောသည်။

“ဦးလေး၊ ကိုယ့်လောကထဲမှာပဲ မနေပါနဲ့တော့။ ကျွန်မတို့က ဦးလေးထင်သလို မဟုတ်ပါ ဘူး” ဖန်နန်နန်က မခံမရပ်နိုင်စွာ ပြောလိုက်သည်။

“သူမတို့က ကျွန်တော့်ရဲ့ နဂါးထိန်းအဖွဲ့ အဖွဲ့ဝင်တွေပါ။ ဒီတစ်ယောက်က လီချွမ်းတိုက်၊ ဘိုးဘေးနဂါးမြို့တော်ရဲ့ နန်မိသားစုက နတ်ဘုရားနွယ်ဝင်လူသား နန်လင်းရှာတဲ့။ ဦးလေး လို့ခေါ်တဲ့လူက ကျွန်တော့်ရဲ့ အစားအသောက် စီမံခန့်ခွဲသူပါ။ ကျွန်တော်တို့က လုပ်ဖော် ကိုင်ဖက်တွေပါ၊ လင်မယားတွေ မဟုတ်ကြဘူး” ကျူးမင်လန်က အလေးအနက် ရှင်းပြ လိုက်သည်။

“မင်း ခုနက ဘာလုပ်နေတယ်လို့ ပြောလိုက်လဲ” ငါးမျှားသူသည် ဖြည်းညင်းစွာ ထရပ် လိုက်ပြီး ကျူးမင်လန်ကို အလေးအနက် ကြည့်လိုက်သည်။

“ကျွန်တော် အခု နဂါးထိန်းဖြစ်နေပြီလို့ ပြောတာ” ကျူးမင်လန်က သူ့အကြည့်ကို မလွှဲဘဲ ပြန်ကြည့်လိုက်သည်။

“နဂါးထိန်း၊ နဂါးထိန်းလား” ထိုအသံကို ကြားရသောအခါ ငါးမျှားသူမှာ ရူးသွပ်မတတ် ဖြစ်သွားပုံရသည်။ သူသည် ငါးမျှားတံကိုပင် ပစ်ချလုမတတ် ဖြစ်သွားပြီး “ကျူးမျိုးနွယ်စု ရဲ့ ပန်းပဲပညာရပ်က မင်းမျက်လုံးထဲမှာ နေရာမရှိတော့ဘူးလား။ မင်းက ဓားလမ်းစဉ်ကို လိုက်စားမယ်လို့ ပြောပြီး အဒေါ်ရွှဲ့ဟန်နဲ့အတူ ယောင်ရှန်းဓားဂိုဏ်းကို လိုက်သွားခဲ့တယ်။ အခု မင်းရဲ့ဓားကျင့်စဉ် ပျောက်သွားတော့ မင်း ပန်းပဲပညာကို စနစ်တကျ ပြန်လည် သင်ယူ နိုင်တော့မယ် ထင်ပြီး ငါ တကယ်ပဲ ပျော်ခဲ့မိတာ။ ဒါပေမဲ့ မဟုတ်ဘူး၊ မင်းက နဂါးထိန်း ဖြစ်သွားပြန်တယ်။ ပန်းပဲပညာမှာ ရှက်စရာကောင်းတဲ့ အချက်တစ်ခုခုများ ရှိနေလို့လား” ဟု ညည်းတွားလိုက်သည်။

ဖန်နန်နန်နှင့် နန်လင်းရှားတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ကျူးမင်လန်၏ ဖခင်မှာ တစ်ခုခု ထူးဆန်းနေသည်။

ကျူးမျိုးနွယ်စု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် တည်ကြည်၍ ဩဇာကြီးမားသူ ဖြစ်သင့်သည် မဟုတ်ပါလော။ သားဖြစ်သူနှင့် ရယ်မောစရာများကို ဖန်တီးနေမည့်အစား သူက အဘယ်ကြောင့်... သားကို အလွန်အမင်း ချစ်မြတ်နိုး၍ ပူပန်ပေးတတ်သည့် ဖခင် တစ်ယောက်နှင့် တူနေရသနည်း။

“အဖေ၊ ကျွန်တော် ပန်းပဲပညာကို လေ့ကျင့်နေပါတယ်။ ကျွန်တော့်နဂါးအတွက် သံချပ် ကာတစ်ထည်တောင် လုပ်ထားတယ်၊ ခဏနေရင် အဖေ့ကို ပြမယ်” ကျူးမင်လန်က ပြောသည်။

“ဒါဆို မင်းက နဂါးတွေကြောင့် ငါတို့ရဲ့ ရှေးဟောင်းပညာရပ်ကို ပြန်ကောက် ကိုင်လိုက် တာပေါ့ ဟုတ်လား”

“အဖေ အဲဒီလို မြင်ရင်လည်း ကျွန်တော် ဘာမှ မတတ်နိုင်ဘူးလေ” ကျူးမင်လန်က အားမလိုအားမရဖြင့် ပြန်ဖြေသည်။

“ကောင်းပြီလေ၊ နဂါးတွေအတွက်ဆိုရင်လည်း နဂါးတွေအတွက်ပဲ ထားလိုက်ပါတော့” ငါးမျှားသူက ပြောရင်း ထိုနေရာတွင် ပြန်ထိုင်လိုက်သည်။

သူက ရေပြင်ပေါ်တွင် တစ်စုံတစ်ယောက်ကို ခေါ်လိုက်သကဲ့သို့ ရေကန်ဘေးသို့ လက်ကို ဝှေ့ယမ်းပြလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ငြိမ်သက်နေသည့် ရေကန်ထဲမှ ငန်းတစ်ကောင်ကဲ့သို့ ကျော့ရှင်း သော ပုံရိပ်တစ်ခုက ရေပြင်ကို ဖြတ်ကျော်ကာ ပေါ်ထွက်လာ၏။ အနက်ရောင် ပိုးထည် အဝတ်အစားကို ဝတ်ဆင်ထားသည့် ရဲရင့်သော အမျိုးသမီးတစ်ဦးသည် ရေကန်ဘေးသို့ ဆင်းသက်လိုက်သည်။ သူမတစ်ကိုယ်လုံး ရေပြင်မှ ပေါ်ထွက်လာသည့် ရေခဲတုံး တစ်တုံး ကဲ့သို့ အေးစက်နေ၏။

ဘာမျှမပြောဘဲ ထိုအနက်ရောင် ပိုးထည်ဝတ်အမျိုးသမီးက ဒူးထောက်လျက် ရပ်လိုက်၏။ သူမမျက်နှာပေါ်တွင် မလိုအပ်သသည့် စိတ်ခံစားမှု အရိပ်အယောင် အနည်းမျှပင် မရှိချေ။

“ငါ့မှာတော့ ချင်ယန်ကို အဲဒီသားရဲလေးရဲ့ လက်ခြေတွေကို ဖြတ်ပစ်ခိုင်းပြီး အသက်ကို ချမ်းသာပေးဖို့ ညွှန်ကြားထားခဲ့တာ။ အဲဒီလိုလုပ်မှလဲ မင်းဦးလေးနဲ့ ဒေါ်လေးတို့ရဲ့ အဆင့် အတန်းက နည်းနည်းတက်လာမှာမို့လို့ပါ။ ဒါပေမဲ့ မင်းက ဝမ်းနည်းခြင်းခန်းမမှာ ပြောချင် ရာတွေ ပြောပြီးပြီဆိုတော့ ငါ ကြားဝင်စရာ မလိုတော့ဘူးပေါ့” ကျူးကောင်းကင်အရာရှိက ဆိုသည်။

“ဒါဆို အဖေက အစီအစဉ်တွေ အကုန်ဆွဲထားပြီးသားပေါ့။ အဖေက အသက်ကြီးလာတော့ ပျော့ညံ့သွားပြီလို့ ကျွန်တော် ထင်နေခဲ့တာ” ကျူးမင်လန်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

ကျူးတုန်းအတွက် တရားမျှတမှုကို ရှာဖွေပေးခြင်းသည် ကျူးယွီရှန်းနှင့် ပိုင်ရှင်းတို့အတွက် သူ တတ်နိုင်သမျှတွင် အနည်းဆုံး လုပ်ပေးနိုင်သည့် အရာပင်ဖြစ်သည်။

“ငါ နောက်ကွယ်ကနေ လုပ်ပေးတာထက် မင်းကိုယ်တိုင် လူသိရှင်ကြား ကိုင်တွယ်တာက ပိုကောင်းတဲ့ ကိစ္စတွေလည်း ရှိလာတာပဲ” ကျူးကောင်းကင်အရာရှိက မှတ်ချက်ပြုသည်။

အမှောင်ထဲတွင် ဖြစ်ပျက်နေသည့် အာဏာလွန်ဆွဲပွဲများ၊ ပဋိပက္ခများနှင့် မကျေနပ်ချက် များမှာ အလွန်အဖြစ်များသော်လည်း၊ လိုက်နာရမည့် ရေးမထားသော စည်းမျဉ်းများလည်း ရှိနေသေးသည်။

အကယ်၍ ကျူးကောင်းကင်အရာရှိသာ ဟောက်ရှောင်စုန်းကို ကိုယ်တိုင် သတ်ပစ်လိုက်ပါ က၊ ခရမ်းရောင်ဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်အချို့က ကျူးမျိုးနွယ်စုဝင် မျိုးဆက်သစ်များကို ဒုက္ခပေးမည် မဟုတ်ကြောင်း မည်သူမျှ အာမမခံနိုင်ပေ။

“ဒီကိစ္စက အဖေ့ကို ပစ်မှတ်ထားတာလား” ကျူးမင်လန်က မေးလိုက်သည်။

“တစ်ဝက်တော့ ဟုတ်တယ်။ သူတို့က ငါ့ကို ဒေါသထွက်အောင် လှုံ့ဆော်ချင်နေကြတာ။ ဟောက်ရှောင်စုန်းနဲ့ ဟောက်ယုံကို ပွဲထုတ်ပြီး ငါ့ကို အရင်ဆုံး လှုပ်ရှားစေချင်နေကြတာ ပေါ့။ ငါသာ စည်းမျဉ်းကို အရင်ချိုးဖောက်လိုက်ရင် ခရမ်းရောင်ဂိုဏ်းအနေနဲ့ ငါတို့ ကျူးမျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေကို ဖိနှိပ်ပြီး အနိုင်ကျင့်ဖို့ အခွင့်အရေး ရသွားမယ်လေ” ကျူးကောင်းကင်အရာရှိက ရှင်းပြသည်။

“ဒီကိစ္စရဲ့ အကျိုးဆက်ကို သိလျက်နဲ့ပဲ ချင်ယန်ကို လုပ်ခိုင်းဖို့ စီစဉ်ထားတာလား” ကျူးမင်လန်က ဆက်မေးသည်။

“သူတို့မှာလည်း သူတို့အစီအစဉ်ရှိသလို၊ ငါ့မှာလည်း ဒေါသကို ဖြေဖျောက်ဖို့ အစီစဉ်ရှိတာ ပဲလေ။ နောင်မှာ ဒီလိုမျိုး ထပ်ဖြစ်လာရင် ငါ အခုလို လုပ်မှာပဲ” ကျူးကောင်းကင်အရာရှိ က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

ကျူးကောင်းကင်အရာရှိကို ပရိယာယ်အကြောင်း လာမပြောပါနှင့်။ သူသည် လက်စားချေ ခြင်းကို အပြည့်အဝ ယုံကြည်သူတစ်ဦး ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကျူးမင်လန် ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

မူလကဆိုလျှင် မိမိလူကို ရှစ်ရာအထိ နစ်နာခံပြီး ရန်သူတစ်ထောင် ထိခိုက်စေမည့် နည်းလမ်းမျိုး ဖြစ်သော်လည်း၊ အခုတော့ မိမိကိုယ်ကို ထိခိုက်နစ်နာအောင် လုပ်စရာ မလိုတော့ပေ။

ရန်သူဘက်က မည်သည့် ပရိယာယ်မျိုးကိုပင် သုံးနေပါစေ၊ သူတို့အနေဖြင့် သူတို့နည်းတူ ပင် ပြန်လည်တုံ့ပြန်မည် ဖြစ်သည်။

ကျူးမင်လန်က ခမ်းနားသောပြိုင်ကြီးပွဲတွင် ဟောက်ရှောင်စုန်းကို သတ်ဖြတ်လိုက်ခြင်းက ကြီးမားသည့် ကိစ္စမဟုတ်ပေ။ ကျူးမျိုးနွယ်စုအနေဖြင့် ဟောက်ရှောင်စုန်း၏ ဈာပန စရိတ်ကိုပင် စိုက်ထုတ်ပေးလိုက်ဦးမည်။

ကျူးယွီရှန်းနှင့် ပိုင်ရှင်းတို့မှာ ထိုငွေကြေး သုံးစွဲရပင်လျှင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပေ လိမ့်မည်။ ဟောက်မျိုးနွယ်စု၏ ဆုံးရှုံးမှုကို ဂုဏ်သိက္ခာရှိရှိ ကိုင်တွယ်နိုင်ရန်အတွက် ပရော်ဖက်ရှင်နယ် ဈာပနပို့ဆောင်ရေးအဖွဲ့ကိုပင် ငှားရမ်းပေးလိုက်ဦးမည်မှာ အသေချာ ပင်။

“အဖေ၊ ကျွန်တော်တို့ ကျူးမျိုးနွယ်စုထဲမှာ မကြာသေးခင်က အပြောင်းအလဲကြီးတွေ ဖြစ်နေတယ်လို့ အဘိုးဆီက ကြားတယ်။ တစ်ခုခု အရေးကြီးတဲ့ကိစ္စ ဖြစ်ပျက်ခဲ့လို့လား၊ ကျွန်တော်တို့ ကျူးမျိုးနွယ်စုဟာ ဘာပဲဖြစ်ဖြစ် မျိုးနွယ်စုကြီး ခြောက်ခုထဲက တစ်ခုဖြစ်ပေ မယ့် နောက်ဆုံးအဆင့်မှာ ရှိနေတာပဲလေ။ အခုတော့ ဘာကြောင့် ဒီလောက်တောင် ဆင်းရဲနွမ်းပါးနေသလို ဖြစ်နေရတာလဲ” ကျူးမင်လန်က မေးလိုက်သည်။

“သခင်လေးက ဘာတွေ ဆင်းရဲနွမ်းပါးတာလဲ၊ သခင်လေးကရော ကျွန်မတို့ ကျူးမျိုးနွယ်စု အပေါ် ဂရုစိုက်ရဲ့လား” အနက်ရောင် ပိုးထည်ဝတ်ထားသည့် ချင်ယန်က ထိုအချိန်တွင် ဝင်ပြောလိုက်သည်။

“ကျွန်တော်တို့က ဆင်းရဲနေတာ မဟုတ်ဘူးလား” ကျူးမင်လန်က နားမလည်နိုင်စွာ မေးလိုက်သည်။

“ငါတို့မျိုးနွယ်စုကို စီမံခန့်ခွဲနေတဲ့ မင်းအဖေ့ရဲ့ စွမ်းဆောင်ရည်အပေါ် မင်း တကယ်ပဲ ဒီလောက်အထိ ယုံကြည်မှု ကင်းမဲ့နေပြီလား” ကျူးကောင်းကင်အရာရှိက မျက်ခုံးတစ်ဖက် ပင့်ပြီး မေးလိုက်သည်။

“အခုဆိုရင် ကျူးမျိုးနွယ်စုနဲ့ ပူမျိုးနွယ်စုတို့က မျိုးနွယ်စုကြီး ခြောက်ခုရဲ့ ထိပ်ဆုံး မျိုးနွယ် စုအဖြစ် ရပ်တည်နေတာပါ။ ကျန်တဲ့ မျိုးနွယ်စုကြီး လေးခုကိုလည်း ကျွန်မတို့က ဖိနှိပ် ထားပြီးသား။ ဟောက်ယုံတို့၊ ဟောက်ရှောင်စုန်းတို့လို သေးငယ်တဲ့ မိသားစုတွေ၊ မျိုးနွယ်စု တွေဆိုတာ ခရမ်းရောင်ဂိုဏ်းသာ မရှိရင် ကျွန်မတို့က အကုန်လုံးကို ချေမှုန်းပစ်လိုက်နိုင် တယ်။ ဘယ်သူကမှလည်း ဝေဖန်ရဲမှာ မဟုတ်ဘူး။ ဒီနှစ်တွေအတွင်း ကျွန်မတို့မျိုးနွယ်စုရဲ့ တိုးတက်မှုက အရမ်းမြန်ဆန်လွန်းတဲ့အတွက် တော်ဝင်မိသားစု၊ ခရမ်းရောင်ဂိုဏ်းနဲ့ အခြား မျိုးနွယ်စုတွေ၊ အာဏာရှိသူတွေရဲ့ မနာလိုမှုတွေကိုတောင် ဆွဲဆောင်မိပြီး ဖြစ်ရပ် ဆိုးတွေ အများကြီး ပေါ်ပေါက်လာရတာပါ” ချင်ယန်က ရှင်းပြသည်။ ကျူးမင်လန်မှာ ပါးစပ်အဟောင်းသားဖြစ်ကာ စကားပင် မပြောနိုင်တော့ဘဲ အံ့အားသင့်နေမိသည်။

အပြောင်းအလဲတွေဆိုတာ ဒါတွေလား..…

ငါတို့က မျိုးနွယ်စုကြီး ခြောက်ခုထဲ နောက်ဆုံးနေရာကနေ ပထမနေရာအထိ ရောက်သွား ပြီဆိုတဲ့ အဓိပ္ပာယ်လား…..။

အဘိုး အကြီးအကဲ ဓားဧကရာဇ်ကြီးရေ၊ အဲဒီလောက် မရေမရာ ဝေဝေဝါးဝါးဖြစ်စေမယ့်တဲ့ စကားတွေကို မပြောပါနဲ့လား….။

ဤလမ်းတစ်လျှောက်လုံးတွင် ကျူးမင်လန်သည် သူ့မျိုးနွယ်စုဝင်တွေ အနိုင်ကျင့်ခံနေရပြီး ဆင်းရဲဒုက္ခရောက်နေမှာကို စိုးရိမ်ပြီး ရင်တထိတ်ထိတ် ဖြစ်နေခဲ့တာပါ။ အထူးသဖြင့် နေအိမ်ကို ပြန်ရောက်ရောက်ချင်း ဈာပနအတွက် အဖြူရောင်မီးပုံးတွေကို မြင်လိုက်ရ သည့်အချိန်မှာ ပိုပြီးတော့တောင် စိုးရိမ်မိသွားသေးသည်။

“ဒါကြောင့် မင်း နောင်အခါ တစ်ခုခုလှုပ်ရှားတဲ့အခါမှာ အရမ်းကြီး ကြောက်ရွံ့ပြီး ရဲရဲတင်း တင်း မလှုပ်ရှားပဲ မနေနဲ့... ဒါပေမဲ့ တော်ဝင်မိသားစုရဲ့ မျိုးဆက်တွေကို လက်မောင်း၊ ခြေထောက် ဖြတ်ပစ်တဲ့ ကိစ္စမျိုးကိုတော့ တတ်နိုင်သမျှ လျှော့လုပ်ပါ။ တကယ်လို့ မဖြစ်မ နေ လုပ်မှရမယ်ဆိုရင်လည်း တခြားလူတွေ လက်ထဲမှာ ဘာအထောက်အထားမှ မကျန်ခဲ့ စေနဲ့၊ ဘာသဲလွန်စမှ မကျန်အောင် သေချာလုပ်၊ နားလည်လား” ကျူးကောင်းကင်အရာရှိ က စိတ်ရင်းအမှန်ဖြင့် အကြံပေးလိုက်သည်။

ဘေးနားမှ နားထောင်နေသည့် ဖန်နန်နန်နှင့် နန်လင်းရှာတို့မှာ အလွန်တရာ ထူးဆန်း သည်ဟု ခံစားလိုက်ရသည်။

မည်သည့်ဖခင်ကမှ မိမိသားကို ဤကဲ့သို့ ပြုမူရန် သင်ပေးမည် မဟုတ်လောက်ပေ။ သူ့အနေဖြင့် ကိုယ့်သားကို သတိထားရန်၊ ဂမူးရူးထိုး ဆင်ခြင်းမဲ့ မလှုပ်ရှားဖို့ အကြံပေးသင့် သည် မဟုတ်ပါလော။

“ဟုတ်ပါပြီ၊ ကျွန်တော် အဖေ အရေးတကြီး လုပ်ပေးရမယ့် ကိစ္စတစ်ခု ရှိသေးတယ်...” ကျူးမင်လန်က ပြောသည်။

“မင်း ဘယ်မိန်းကလေးကို ကိုယ်ဝန်ဆောင်ရအောင် လုပ်ခဲ့ပြန်ပြီလဲ” ကျူးကောင်းကင် အရာရှိက မေးလိုက်သည်။

“အဖေ... အဲဒီလို အရိုသေတန်မဲ့ စကားတွေ ပြောနေတာ ရပ်ပေးလို့ မရဘူးလား၊ ကျွန်တော် ပြောတာ အရေးကြီးတဲ့ ကိစ္စပါ။ အဖေ လီချွမ်းတိုက် အကြောင်း သိပြီးပြီလား” ကျူးမင်လန်က ပြောလိုက်သည်။

“သိတာပေါ့။ အဲဒီနယ်မြေက ထင်သလောက် မရိုးရှင်းဘူး။ မကြာခင်မှာပဲ အင်အားကြီး အဖွဲ့အစည်း အတော်များများက အဲဒီနေရာကို မက်မောလာတော့မယ်လို့ ငါ ထင်တယ်” ကျူးကောင်းကင်အရာရှိက ဆိုသည်။

“အဖေ ဘာတွေများ သိထားလို့လဲ” ကျူးမင်လန် အံ့အားသင့်သွားမိသည်။

ယုတ္တိကျကျဆိုရလျှင် ထိုမျှ ဝေးကွာလွန်းသော နယ်မြေဒေသသည် ကျူးမျိုးနွယ်စုကို စိတ်ဝင်စားမှု ဖြစ်စေလိမ့်မည် မဟုတ်ပေ။ သို့သော် အဘယ်ကြောင့် လီချွမ်းတိုက်ကို အင်အားကြီး ပုဂ္ဂိုလ်ကြီးများစွာက စောင့်ကြည့်နေကြသည့်နှယ် ပြောနေရသနည်း။

“ငါလည်း ဟိုတစ်စဒီတစ်စ ကြားထားရုံပါပဲ။ လီချွမ်းတိုက်က တကယ်တော့ ရှန်ကုန်း တရားစီရင်ရေးတိုက်ကြီးထက်တောင် ပိုပြီး ရှေးကျသေးတယ်။ အဲဒီနေရာမှာ မရှာဖွေရ သေးတဲ့ ရှေးဟောင်းအမွေအနှစ်တွေ အများကြီး ရှိနေသလို၊ ရှေးဟောင်းနဂါးတံခါး တစ်ခု တောင် ရှိနိုင်တယ်လို့ ပြောနေကြတယ်…” ကျူးကောင်းကင်အရာရှိက လျှို့ဝှက်ချက် တစ်ခုကို ဖော်ထုတ်ပြောပြလိုက်သည်။

“ဒါက တကယ်လား” ကျူးမင်လန် အံ့အားသင့်သွားပြီး နန်လင်းရှာဘက်သို့ လှည့်ကြည့် လိုက်သည်။

နန်လင်းရှားကမူ ဘာမျှ ပြန်မပြောပေ။

သူမသည် ဤကိစ္စများကို တစ်ခါမျှ မကြားဖူးခြင်းလား၊ သို့မဟုတ် သူ့ကို ပြောမပြထား သည့် လျှို့ဝှက်ချက်များ အမှန်တကယ်ပဲ ရှိနေခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

“ဒါကြောင့် မင်းသာ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားမယ်ဆိုရင်၊ မင်းအနေနဲ့ မျိုးနွယ်စုအသီးသီးက လူငယ်မျိုးဆက်တွေတင် ရင်ဆိုင်ရမှာ မဟုတ်လောက်ဘူး” ကျူးကောင်းကင်အရာရှိက ကျူးမင်လန် ဘာကိုတွေးနေမှန်း သိရှိနေသည့်ဟန်ဖြင့် ပြောလိုက်သည်။

“အဖေ့မှာရော ဘာအကြံကောင်း ဥာဏ်ကောင်းတွေ ရှိသေးလဲ” ကျူးမင်လန်က မေးလိုက်သည်။

“ငါ့မှာ ဘာအကြံဥာဏ်တွေ ရှိနိုင်မှာလဲ။ အခုဆိုရင် ငါတို့ ကျူးမျိုးနွယ်စုဟာ လူအများရဲ့ မနာလိုမှုကို ခံနေရတာလေ။ အနည်းငယ် လှုပ်ရှားလိုက်ရုံနဲ့တင် ဒုက္ခပေါင်းစုံကို ဆွဲဆောင် မိသလို ဖြစ်နေလိမ့်မယ်။ လီချွမ်းတိုက် တစ်ခုလုံးကို ကာကွယ်ပေးဖို့ဆိုတာ ခက်ခဲနိုင်ပြီး၊ အဲဒီသတင်းစကားတွေသာ တကယ်မှန်ကန်ခဲ့ရင် အဲဒီမိစ္ဆာအိုကြီးတွေက ငါတို့ ကျူး မျိုးနွယ်စု တစ်ခုတည်းကို လက်ဝါးကြီးအုပ်ခွင့် ပေးမှာမဟုတ်ဘူး... ဒါပေမဲ့ မင်းပြောတဲ့ မြို့တော်ကြီး လေးခုကို ကာကွယ်ဖို့လောက်တော့ ပြဿနာ မရှိနိုင်ပါဘူး။ အဆိုးဆုံး ဖြစ်လာရင်တောင် ငါက မင်းအဘိုးကိုခေါ်ပြီး လီချွမ်းတိုက်မှာ ရှေးဟောင်းဓားဂူတစ်ခု ရှိနေ တယ်လို့ ပြောလိုက်မှာ။ ယောင်ရှန်းဓားဂိုဏ်းရဲ့ ကျောထောက်နောက်ခံသာ ရထားမယ်ဆို ရင် ဒီကိစ္စက လုံခြုံသွားမှာပါ” ကျူးကောင်းကင်အရာရှိက ပြောသည်။

ကျူးမင်လန် ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်လည်း ဤအကြံကို အချိန်အတော်ကြာ ကတည်းက စဉ်းစားထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်သာ သူသည် ယောင်ရှန်းဓားဂိုဏ်းသို့ အထူးတလည် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“အဖေ အဲဒီလို ပြောလိုက်မှပဲ ကျွန်တော် စိတ်အေးသွားရပြီ။ ဟူး... ကျွန်တော်ကတော့ မျိုးနွယ်စုမှာ အပြောင်းအလဲကြီးတွေ ဖြစ်ပြီး မျိုးနွယ်စုက ရှင်သန်ရပ်တည်ဖို့တောင် ရုန်းကန်နေရပြီလို့ ထင်နေခဲ့တာ။ မျိုးနွယ်စုကို ပြန်လည် ထူထောင်ဖို့ အစီအစဉ်တွေနဲ့ ပြန်လာခဲ့တာပါ၊ အခုတော့ ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုတွေက မလိုအပ်တော့ပုံပဲ” ကျူးမင်လန်က မှတ်ချက်ပြုလိုက်သည်။

“ဟူး... မင်းလို အသုံးမကျတဲ့ကောင်ကို ငါ အစကတည်းက အားကိုးလို့မရမှန်း သိထားပြီး သားမို့လို့ မင်းထက်တောင် ပိုပြီး သတိဝီရိယရှိရှိနဲ့ နေခဲ့ရတာပေါ့။ ငါတို့ ကျူးမျိုးနွယ်စုမှာ နဂါးထိန်းတွေ သိပ်မရှိတော့ မင်းကို အများကြီး အထောက်အပံ့ မပေးနိုင်ခဲ့ဘူး။ ဒါမှ မဟုတ်လဲ ငါကိုယ်တိုင် တော်ဝင်မိသားစုဆီ သွားပြီး မင်းအတွက် အိမ်ထောင်ရေးကိစ္စ စီစဉ်ပေးရမလား။ မင်းကို တော်ဝင်သားမက်တော် ဖြစ်အောင် လုပ်ပေးလိုက်ရင် တော်ဝင် မိသားစုရဲ့ အရင်းအမြစ်တွေနဲ့ဆို မင်းလဲ ထိပ်ဆုံးကို အေးဆေးပဲ ရောက်သွားမှာပါ” ကျူး ကောင်းကင်အရာရှိက ပြောလိုက်သည်။ သူ၏ မျက်လုံးများမှာ ထိုအကြံကို အလွန်ပင် ကောင်းမွန်သည်ဟု ယူဆနေသည့်အလား အရောင်တောက်သွားခဲ့သည်။

မိန်းမထမီနား ခိုစားရပြန်ပြီလား……။ ကျူးမင်လန် ထိုစကားကို သည်းမခံနိုင်တော့ပေ။

နေစမ်းပါဦး၊ သူက ဘာလို့ ‘ပြန်ပြီ’ လို့ တွေးမိလိုက်တာလဲ….။

အနားတွင် ရပ်နေသည့် ဖန်နန်နန်မှာမူ ရယ်ရလွန်းသဖြင့် မတ်တပ်ပင် မရပ်နိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောနေတော့သည်။

All Chapters