အခန်း ၁၃၀
Vol. 13 Ch. 130
အခန်း (၁၃၀) ဆရာကျင်းလီ။
“အဖေ၊ အိမ်ထောင်ရေးကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်တော် ကိုယ့်ဘာသာပဲ ဆုံးဖြတ်ပါရ စေ။ အဖေ စိတ်ပူစရာ မလိုပါဘူး။ လူတွေဟာ ဘဝမှာ တစ်ကြိမ်တစ်ခါပဲ ရှင်သန်ရတာမျိုး ပါ၊ ဒီကိစ္စမှာတောင် ကိုယ့်ဆန္ဒအတိုင်း မလုပ်နိုင်ဘူးဆိုရင် ငှက်ကလေးတွေနဲ့ ဘာများ ကွာခြားတော့မှာလဲ” ကျူးမင်လန်က ပြောသည်။
“ကောင်းတယ်၊ တကယ်ကို ငါကျူးကောင်းကင်အရာရှိရဲ့ သားပီသပါပေတယ်။ မင်းက ငါငယ်ငယ်ကအတိုင်း ခေါင်းမာတာပဲ။ အရင်တုန်းကဆို မင်းအဘိုးနဲ့ မင်းအဘေးတွေက ငါ့အိမ်ထောင်ဖက်ကို စီစဉ်ပေးကြတာ။ အဲဒီတုန်းက ငါလဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး ကိုယ်တိုင်ပဲ ရွေးချယ်မယ်လို့ ဆုံးဖြတ်ခဲ့တာ။ နောက်မှပဲ မင်းအမေက ဒီသေမျိုးလောကထဲ ကို မတော်တဆ ရောက်လာတဲ့ နတ်သမီးတစ်ပါးလိုမျိုးဆိုတာ သိလိုက်ရတယ်။ ငါလို သာမန်လူတစ်ယောက်က သူမနဲ့ဆုံတွေ့ပြီး ဒီဘဝမှာ လက်ထပ်နိုင်ဖို့ ဘဝပေါင်းများစွာက ကုသိုလ်ကံတွေ စုဆောင်းထားလို့ ဖြစ်လိမ့်မယ်” ကျူးကောင်းကင်အရာရှိက စိတ်လှုပ်ရှား စွာဖြင့် ပြောသည်။
ကျူးမင်လန်သည် သူ့အဖေနှင့် စကားနိုင်လု၍ မပြောနိုင်မှန်း သိလိုက်သည်။
ကျူးမင်လန်က မျက်နှာကို တည်ထားလျက် သန်းဟန်ပြုကာ “ဒီအမျိုးသမီးနှစ်ယောက်လဲ ပင်ပန်းနေကြပြီ။ သူတို့ကို အနားယူဖို့ သွားပို့လိုက်ဦးမယ်။ အဖေကတော့ ဒီမှာပဲ စိတ်ကြိုက် ငါးမျှားနေလိုက်ပါဦး” ဟု ပြောလိုက်သည်။
“ချင်ယန်၊ သူတို့ကို လမ်းပြပေးလိုက်ပါ” ကျူးကောင်းကင်အရာရှိက အနက်ရောင်ပိုးထည် ဝတ် အမျိုးသမီးကို ညွှန်ကြားပြီးနောက် ကျူးမင်လန်ကို ဆက်ပြောသည်၊ “ကျူးမင်လန်၊ ဒီမှာ လာထိုင်ကွာ။ မင်းအတွက် ငါးမျှားကိရိယာ အစုံလိုက် ပြင်ခိုင်းလိုက်မယ်။ ဒို့သားအဖ နှစ်ယောက်တည်း ညဘက်ငါးမျှားပြီး ရင်ဖွင့်စကားမပြောဖြစ်ခဲ့တာ အတော်ကြာပြီပဲ။”
ကျူးမင်လန်သည် သူ့အဖေကို အရေးမစိုက်တော့ဘဲ ချင်ယန်၊ နန်လင်းရှာနှင့် ဖန်နန်နန်တို့ နောက်သို့ အမြန်လိုက်သွားလိုက်သည်။
ခရီးရှည်ကြီးကို အချိန်မီရောက်အောင် ခပ်သုတ်သုတ် ခရီးနှင်ခဲ့ရသဖြင့် ကျူးမင်လန် သည် ပြီးခဲ့သည့် တစ်လလုံး ကောင်းကောင်းမအိပ်ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
ကျူးကောင်းကင်အရာရှိသည် မည်သည့်လူစားမျိုးလဲဆိုတာ သူ ကောင်းကောင်းသိသည်။ ရေကန်ဘေးတွင် တစ်ညတာ ကုန်ဆုံးရမည်ဆိုလျှင် သူ၏ငယ်စဉ်ဘဝက မည်မျှ လွတ်လပ် ပေါ့ပါးပြီး ပျော်ရွှင်ခဲ့ကြောင်း၊ မည်မျှ ဂုဏ်ယူစရာကောင်းကြောင်းနှင့် သူ့ဇနီးနှင့် ပတ်သက် ၍ ဇာတ်လမ်းများကို ထပ်ခါတလဲလဲ နားထောင်ရပေလိမ့်မည်။
သူ့အဖေ၏ ဇာတ်လမ်းများကို ကျူးမင်လန် အလွတ်ပင် ရနေသည်။
သူတို့သည် နှင်းစက်ရေကန်ကို အပေါ်စီးမှ မြင်ရသည့် တောင်ကုန်းငယ်တစ်ခုပေါ်သို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် ရိုးရှင်းသော ဝင်းခြံတစ်ခုမှာ ကျူးမင်လန်၏ နေအိမ် ဖြစ်သည်။
ဝင်းခြံသည် အခြားနေရာများနှင့် နီးကပ်ပြီး ကြီးမားသည့် အဆောက်အအုံအချို့၏ ဘေး တွင် ရှိသဖြင့် အလွန်တိတ်ဆိတ်သည့် အမျိုးအစားတော့ မဟုတ်ပေ။
ကျူးမင်လန်သည် အလွန်တိတ်ဆိတ်လွန်းသည့် ပတ်ဝန်းကျင်ကို သိပ်မကြိုက်ပေ။ သူ့ ပတ်ဝန်းကျင်တွင် ရင်းနှီးသည့်သူများနှင့်အတူ ကိုယ်ပိုင်နေရာလေး ရှိနေခြင်းသည်ပင်လျှင် အကောင်းဆုံးနှင့် အပြည့်စုံဆုံးဟု သူယူဆသည်။
ဝင်းခြံသည် သေးငယ်သော်လည်း လှပသည့် အဆောက်အအုံလေးအချို့ ရှိသည်။ နန်လင်း ရှာနှင့် ဖန်နန်နန်တို့သည် ကျူးမင်လန်၏ အဆောက်အအုံဘေးတွင် တည်းခိုကြသည်။ သူမတို့လည်း ပင်ပန်းနေသဖြင့် ရေချိုးပြီး မီးပိတ်ကာ အိပ်စက်ကြသည်။
ကျူးမင်လန်သည် ဆရာငိုက်ကို သွားတွေ့ချင်ခဲ့သော်လည်း ရေစိမ်ရင်းပင် အိပ်ပျော်သွားခဲ့ သည်။ ရေတစ်ငုံ သီးသွားခြင်း မရှိပါက သူသည် သူ့အိပ်ရာနုနုလေးပေါ်တွင် ရှိနေသည်ဟု ထင်မိလောက်သည်။
ခရီးလမ်းသည် အမှန်ပင် ပင်ပန်းလွန်းလှသည်။
မည်သို့ပင်ဖြစ်စေ၊ နောက်ဆုံးတော့ အနည်းငယ် စိတ်အေးလက်အေး နေရတော့မည်။
ပန်းရနံ့များက ကျူးမင်လန်ကို နိုးထစေသည်။ သူသည် သစ်သားပြတင်းပေါက်ကြီးကို ဖွင့်ထားလျက် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။ မျက်လုံးဖွင့်၍ အပေါ်မှ ကြည့်လိုက်သော အခါ အနီးနားတွင် ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူမသည် ခါးသွယ်သွယ် လေးကို တည့်တည့်မတ်မတ် ရပ်လျက် တစ်စုံတစ်ခုကို စေ့စေ့စပ်စပ် ပန်းချီဆွဲနေသည်။
အိပ်ချင်မှုန်မွှားဖြင့် ကျူးမင်လန်သည် အနည်းငယ် ငေးမောသွားမိသည်။
သို့သော် သူသည် တစ်ခုခုကို သတိပြုမိသွားကာ ခေါင်းကို အမြန်ခါလိုက်ပြီး မျက်လုံးကို ပွတ်လိုက်သည်။
နန်လင်းရှားသည် နှင်းစက်ရေကန်၏ ရှုခင်းကို ပန်းချီဆွဲနေခြင်း ဖြစ်သည်။
သူ့ပြတင်းပေါက်မှနေ၍ သူမစားပွဲခုံကို ကောင်းစွာ မြင်ရသော်လည်း သူမဘက်ကမူ သူ့ဘက်ကို မြင်ရန် ခက်ခဲသည်။
အရင်ကဆိုလျှင် အိမ်ဘေးက အဆောက်အအုံသည် အမြဲတမ်း လူမရှိဘဲ ခြောက်ကပ်နေ ခဲ့ပြီး ကျူးမင်လန်လည်း ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးပေ။ အမျိုးသမီးတစ်ယောက် ပြောင်းလာပြီးနောက် အဆောက်အအုံတစ်ခုလုံး အရောင်အသွေး တောက်ပလာပြီး သူ့ အကြည့်ကို အမြဲ ဆွဲဆောင်နေလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
ကျူးမင်လန်သည် အိပ်ချင်စိတ် ဆက်ရှိနေသေးသဖြင့် တစ်ဖက်သို့လှည့်ကာ မျက်လုံးကို ပြန်မှိတ်ထားလိုက်သည်။
ခဏမျှ ကြာသွားသလား၊ သို့မဟုတ် အချိန်အတော်ကြာ အိပ်ပျော်သွားသလား မသေချာ သော်လည်း ကျူးမင်လန် မျက်လုံး ပြန်ဖွင့်လိုက်သည့်အခါ ပြတင်းပေါက်ဘက်သို့ မျက်နှာ မူလျက်သား ဖြစ်နေသည်။
ထိုနေရာတွင် လေအဝေ့တွင် ကန့်လန့်ကာများ လှုပ်ခတ်နေသည့် ပြတင်းပေါက်မှတစ်ဆင့် နန်လင်းရှာ ထိုင်နေသည်ကို မြင်ရသည်။ သူမ၏ ကိုယ်ဟန်မှာ လှပတင့်တယ်လှသည်။ သို့သော် သူမ ပန်းချီမဆွဲတော့ပေ။ အစားတွင် ထူးဆန်းသော သတ္တဝါလေးတစ်ကောင်နှင့် ကစားနေသည်။
ထိုသတ္တဝါလေးသည် ထူးခြားသော ပုံစံရှိသည်။ ကန်ရေကြည်ကဲ့သို့ ကြည်လင်နေပြီး အစိမ်းရောင်သမ်းလျက် တစ္ဆေတစ်ကောင်ကဲ့သို့ အလင်းစက်လေးများ ရှိနေသည်။ သူ၏ ကြည်လင်နေသော ခန္ဓာကိုယ်အတွင်းမှ စက္ကူပေါ်ရှိ မှင်စက်များကိုပင် သူ မြင်နေရသည်။
၎င်းကို သတ္တဝါလေးဟု ခေါ်ရသည်ထက် အသက်ဝင်နေသော တစ္ဆေနဂါးလေးတစ်ကောင် ဟု ဆိုရပေမည်။
ကျူးမင်လန် ချက်ချင်း နိုးကြားသွားသည်။ သူသည် ပြတင်းပေါက်ဘက်သို့ ကိုယ်ကိုမှီကာ သူမ ကစားနေသည်မှာ တကယ်ပဲ နဂါးဟုတ်မဟုတ် စူးစမ်းကြည့်လိုက်သည်။ ရုတ်တရက် နန်လင်းရှာက ထရပ်လိုက်ပြီး ဖန်နန်နန် ခေါ်လိုက်သဖြင့် အထဲသို့ ဝင်သွားသည်။
ကျူးမင်လန်လည်း အမြန်ထကာ ရေချိုးလိုက်သည်။
ဝင်းခြံသို့ ရောက်သောအခါ နန်လင်းရှာလည်း အပြင်သို့ ထွက်လာသည်။ အဝတ်အစားများ တွန့်ကြေနေဆဲဖြစ်သော ကျူးမင်လန်ကို သူမ မြင်လိုက်ရသည်။
“နန်နန်နဲ့ ကျွန်မ လမ်းလျှောက်သွားဦးမယ်” နန်လင်းရှာက ပြောသည်။
“ဪ ဟုတ်ကဲ့၊ ချင်ယန်က လိုက်ပို့ပေးပါလိမ့်မယ်။ နဂါးအစားအစာတွေလည်း သိပ် မကျန်တော့ဘူး… ဟုတ်သားပဲ၊ မနေ့ညက ကျွန်တော် ခင်ဗျားကို ရှေးဟောင်းနဂါးတံခါး အကြောင်း မေးထားတာ၊ ဒီနေ့ ရှင်းပြမယ်လို့ ပြောထားတယ်လေ။ ညကျရင် ကျွန်တော် ခင်ဗျားကို ဒီမှာရှိတဲ့ အကောင်းဆုံး စားသောက်ဆိုင်ကို ခေါ်သွားပြီး နှင်းစက်ရေကန်က ငါးပေါင်းနဲ့ မိုးမခအရက် တိုက်မယ်။ အဲဒီအခါကျမှ အေးအေးဆေးဆေး ပြောပြပေးပါ” ကျူးမင်လန်က ပြောသည်။
“ကောင်းပြီလေ” နန်လင်းရှာက ငါးစားပြီး အရက်သောက်ရန် စိတ်ဝင်စားပုံရပြီး သူမ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
ကျူးမင်လန်သည် ယဉ်ကျေးသိမ်မွေ့စွာ ပြုံးလိုက်ပြီး နန်လင်းရှာနှင့် ဖန်နန်နန် ထွက်သွား သည်ကို ကြည့်နေလိုက်သည်။ လိမ္မော်ရောင် ပိုးထည်ဝတ်ထားသည့် ချင်ယန်ကလည်း ဝင်းခြံဝင်ပေါက်တွင် စောင့်နေပြီး ဖြစ်သည်။
သူတို့ထွက်သွားပြီးနောက် ကျူးမင်လန်၏ မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူသည် နန်လင်းရှာ ထွက်သွားသည့် လမ်းကို ငေးကြည့်ရင်း အတွေးနယ်ချဲ့လိုက်သည်။
မနေ့ညက သူသည် နန်လင်းရှာကို ရှေးဟောင်းနဂါးတံခါး အကြောင်း မေးမြန်းခဲ့ခြင်း မရှိပါ ဘဲလျက်၊ အခုတော့ နန်လင်းရှာက ဘာမေးခွန်းမှ ပြန်မထုတ်ခဲ့ပေ။
မနက်စာစားပြီးနောက် ကျူးမင်လန်သည် ရေကန်ကျွန်းတောင်တန်း၏ နောက်လမ်း ကြောင်းတစ်ခုဘက်သို့ ဦးတည်သွားသည်။ လမ်းတွင် လူအချို့နှင့် တွေ့သော်လည်း သူတို့ကို သူ မမှတ်မိတော့ပေ။
ကျူးမျိုးနွယ်စု၏ အတွင်းပိုင်းဝင်းများတွင်ပင် ရှိနေသော်လည်း ကျူးမင်လန် အနေဖြင့် အချို့လူများကို လုံးဝ မမှတ်မိခြင်းမှာ အံ့သြစရာဖြစ်သည်။ နှစ်အတော်ကြာအတွင်း လူအင်အား ပြောင်းလဲမှုများစွာ ဖြစ်ခဲ့ပုံရသည်။
ကြီးကျယ်ခမ်းနားသည့် ဓားသွန်းလုပ်ရေးခန်းမကို ဖြတ်သန်းကာ ကျူးမင်လန်သည် ရေစီး ကြောင်းမှတစ်ဆင့် ဖြစ်ပေါ်လာသည့် အပြာရောင်ရေကန်သို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်များသည် ကျောက်ခုံတန်းလျားများတွင် စနစ်တကျ ထိုင်နေကြပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် ပြဇာတ်ကို နားထောင် နေကြသကဲ့သို့ ဖြစ်သည်။
သို့သော် သူတို့ရှေ့တွင် ပြဇာတ်စင် မရှိပေ။ အပြာရောင်ရေစီးကြောင်းတစ်ခုသာ ရှိပြီး၊ ထိုရေစီးကြောင်းအထက်တွင် ဆရာငိုက်သည် ရေလှိုင်းစီးနေသကဲ့သို့ မရပ်မနား ပြောဆို နေသည်။ သူသည် ရှေးဟောင်း မယုံနိုင်စရာ နတ်ဘုရားနဂါးများ၏ ဒဏ္ဍာရီများကို ပြောပြနေသည်။
“ဒီနဂါးဟာ ဘိုးဘေးနဂါးသွေးကြောကို ပိုင်ဆိုင်ထားတယ်။ သူ ဒေါသထွက်ရင် သူ ဆင့်ခေါ် လိုက်တဲ့ လေဟာနယ်ပင်လယ်ထဲမှာ ကမ္ဘာမြေကြီးကို နစ်မြုပ်သွားအောင် လုပ်နိုင်တယ်။ အဲဒီပင်လယ်ရဲ့ လှိုင်းတွေက ကီလိုမီတာ ရာပေါင်းများစွာ ရှည်လျားတဲ့ တောင်တန်းတွေ ကိုတောင် ဖြိုဖျက်နိုင်ပြီး ပင်လယ်ထဲက ရှေးဟောင်းသားရဲတွေကတော့ နိုင်ငံမြို့တော်ကို တောင် အလွယ်တကူ ပြားချပ်သွားအောင် လုပ်နိုင်တယ်…”
“ဒါဆို ဒီဘိုးဘေးသွေးကြော လေဟာနယ်နတ်ဘုရားနဂါးထက် ပိုပြီး အလေးထားရမယ့် ဘူက ဘယ်သူလဲဆိုတာ မင်းတို့ သိကြလား”
“ဟုတ်တယ်၊ မှန်တယ်၊ အဲဒီလူက တခြားမဟုတ်ဘူး၊ ဒီမှာရှိတဲ့ ငါပဲ”
“ငါက ကောင်းကင်ဘုံ ကိုးခုအထက်ကနေ ဆင်းသက်လာတဲ့ မူလဘိုးဘေးပဲ။ သာမန် သေမျိုးငါးလေးအဖြစ် ပြန်ရောက်လာတာပေါ့။”
ထိုသို့ပြောလိုက်သောအခါ ကလေးငယ်များသည် တဟားဟားဖြင့် ရယ်မောကြတော့၏။ ဤနေရာတွင် စနစ်တကျထိုင်ကာ ဆရာငိုက်၏ ရယ်စရာကောင်းသော ဇာတ်လမ်းများကို နားထောင်ရခြင်းသည် သူတို့၏ တစ်နေ့တာအတွက် အပျော်ဆုံးအချိန်ပင် ဖြစ်သည်။
အကယ်၍ အပြင်လူသာ ဤနေရာသို့ ရောက်လာပြီး လေထဲတွင် လွတ်လွတ်လပ်လပ် ပျံဝဲ နိုင်သည့် ကျင်းလီတစ်ကောင်ကို မြင်လိုက်ရပါက၊ ထိုငါးက လူ့စကား ပြောနေသည်ကို ကြားလိုက်ရလျှင် အလွန် ထူးဆန်းသော မြင်ကွင်းဟု ထင်မြင်မိမည်မှာ အမှန်ပင်။
သို့သော် ကျူးမျိုးနွယ်စုအတွင်းတွင်မူ သုံး၊ လေးနှစ်အရွယ် ကလေးငယ်များပင် ဤငါး စကားပြောတတ်သည်ကို သိရှိထားကြသည်။
လူတိုင်းက သူ့ကို ဆရာငိုက်ဟု ခေါ်ကြသည်။
ကျူးမျိုးနွယ်စု အတွင်း၌ ဤကျင်းလီငါး၏ မူလဇစ်မြစ်ကို မည်သူမျှ မသိကြပေ။ သူသည် ကံကောင်းခြင်းများ သယ်ဆောင်လာသူအဖြစ်သာ လူသိများသည်။ အားလပ်ရက်များတွင် အိမ်တိုင်းလိုလိုက ငါးကြင်းပန်းချီကားများကို ချိတ်ဆွဲကာ ကံကောင်းစေရန် ဆုတောင်း ကြသည်။
ကျူးမျိုးနွယ်စုလည်း ထူးမခြားနားပင်။ သို့သော် သူတို့က ငါးကြင်းပန်းချီကားများ မချိတ်ဆွဲကြပေ။ ကလေးငယ်များကို အပြာရောင်ရေစီးကြောင်းသို့ ပို့ကာ ဆရာငိုက်ကို ရှိခိုးစေခြင်းဖြင့် လုံလောက်သည်ဟု ယူဆကြသည်။
“ဒါကြောင့် မင်းတို့ ကြည့်ထား၊ လှိုင်းတွေက ကီလိုမီတာ ရာပေါင်းများစွာ ရှည်လျားတဲ့ တောင်တန်းတွေကိုတောင် ဖြိုဖျက်နိုင်ပြီး ပင်လယ်ထဲက ရှေးဟောင်းသားရဲတွေက…” ငယ်ရွယ်သော ဂျင်လီသည် ပါးစပ်ကို ဟလျက် ဆက်ပြော၏။ သူ၏အသံမှာ အသက်ကြီး ရင့်သည့် အဘိုးကြီးပုံစံဖြင့် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း အမှန်တကယ်တော့ ထိုမျှ အသက်ကြီးသည် မဟုတ်ဘဲ ရယ်စရာကောင်းသော လေသံမျိုးကို အမြဲပုံဖမ်းထားခြင်း ဖြစ်သည်။
“ဆရာငိုက်၊ ဆရာငိုက် အဲဒီအပိုင်းကို ပြောပြီးသွားပြီလေ” ကလေးဝဝ တစ်ယောက်က ပြောသည်။
“အာ…. ငါက မင်းတို့ကို မမှတ်မိမှာစိုးလို့ ထပ်ပြောရတာပါကွ” ကျင်းလီငါးက အမြီးကို ခါယမ်းလိုက်ပြီး၊ လေထဲတွင် ပျံဝဲနေရင်း ကျောင်းတိုက်တွင် လက်နောက်ပစ် လမ်း လျှောက်နေသည့် ဆရာတစ်ယောက်ကဲ့သို့ ဟန်လုပ်လိုက်သည်။
“ဒါပေမဲ့ ဆရာငိုက် ဒီအပိုင်းကို ဒီနေ့ ခုနစ်ခါတောင် ပြောပြီးပြီလေဗျာ” ဆံပင်ကို စုထုံးထား သည့် ကလေးမလေးတစ်ယောက်က ပြောသည်။
“ဒါဆိုရင် ဒီနေ့အတွက် သင်ခန်းစာ ပြီးပြီ၊ သွားဆော့ကြတော့” လေထဲတွင် ပျံဝဲနေသော ကျင်းလီငါးက ပြောလိုက်သည်။
ကလေးများသည် တောင်တန်းချောင်းနားတွင် လိပ်ပြာများကို လိုက်ဖမ်းရင်း နေရာတွင် ပျောက်ကွယ်သွားကြသည်။
ငယ်ရွယ်သော ကျင်းလီငါးသည် ရေစီးကြောင်းအပေါ်တွင် စက်ဝိုင်းအချို့ပေါ်အောင် ပျံဝဲလိုက်သည်။
ကျူးမင်လန်သည် ရေစီးကြောင်းဆီသို့ ချဉ်းကပ်လာပြီး ခုနစ်လှမ်းခန့် လျှောက်လိုက်သည် နှင့် ကျင်းလီငါး အော်ပြောသံကို ကြားလိုက်ရ၏။
“ဒီကောင်စုတ်လေးတွေ….၊ ဒီနေ့ တစ်ယောက်မှ စာလာမသင်ဘူး။ နောက်ကျရင် သူတို့ မိဘတွေကို တစ်ယောက်ချင်းစီ လိုက်ပြောရဦးမယ်။ စိတ်တိုစရာကောင်းလိုက်တာ၊ လုံးဝ ကို စိတ်တိုစရာပဲ” ကျင်းလီးငါးလေးက ပို၍မြန်မြန် ပျံဝဲလာသည်။ သူ၏ နှုတ်ခမ်းမွှေးများ မှာ လှုပ်ခတ်နေပြီး မျက်လုံးများ ပြူးကျယ်လျက် ဒေါသထွက်နေသည်။
ကျူးမင်လန် တစ်ယောက် အသံထွက်ပြီး ရယ်မောမိတော့မလို ဖြစ်သွားသည်။
ဆရာငိုက်သည် သူ့နာမည်နှင့် အမှန်ပင် လိုက်ဖက်လှသည်။
ခုနစ်စက္ကန့်လောက်သာ မှတ်ဉာဏ်ရှိသည့် ထိုငါးလေးသည် ထူးဆန်းသည့် ဇာတ်လမ်းများ ကို မည်သို့ မှတ်ထားနိုင်လဲဆိုသည်မှာ အံ့သြစရာပင်။
“ဆရာကျင်းလီ၊ ကျူးမင်လန် ရောက်လာပြီ” ကျူးမင်လန်က ရေစီးကြောင်းနားသို့ ရောက်သည်နှင့် ကျယ်လောင်စွာ ခေါ်လိုက်သည်။
“ကျူးမင်လန်” ဆရာကျင်းလီက ရုတ်တရက် လေထဲတွင် ခုန်ပေါက်လိုက်ပြီး ကျူးမင်လန် အနားသို့ ချက်ချင်း ရောက်လာကာ ကြီးမားသည့် မျက်လုံးပြူးကြီးများဖြင့် ကြည့်လိုက် သည်။
“ကျွန်တော်ပါ…”
“မင်းဆိုတဲ့ကောင်လေး၊ မင်းက ရေကန်တွေထဲက ငါးစာတွေကို စားနေတာ မဟုတ်လား၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးလာရတာလဲ” ဆရာကျင်းလီ၏ ငါးမျက်နှာသည် လူသားကဲ့သို့ပင် အံ့သြသည့် အရိပ်အယောင်ကို ပြသလိုက်သည်။
“ဆရာကျင်းလီ၊ ကျွန်တော် အခု နဂါးထိန်း ဖြစ်နေပြီ။ ဆရာကျင်းလီကို မေးစရာ မေးခွန်း တွေ အများကြီး ရှိတယ်” ကျူးမင်လန်က ဆရာကျင်းလီ၏ ထူးဆန်းသော စကားပြောပုံကို ရင်းနှီးပြီးဖြစ်သည့်အတိုင်း ပြောလိုက်သည်။
“နဂါးထိန်းလား…..၊ မင်းက အခု နဂါးထိန်း ဖြစ်နေပြီပေါ့လေ၊ ဟား ဟား ဟား ဟား” ဆရာကျင်းလီက ရုတ်တရက် အမြီးဖြင့် မတ်တပ်ရပ်လိုက်ပြီး သူ၏ တိုတောင်းသော ရေယက်တိုလေးများဖြင့် ခါးထောက်ဟန် လုပ်လိုက်၏။ သူက အပေါ်ကို မော့ကြည့်ကာ ရယ်မောလိုက်ပြီး “ဓားသခင်ဆိုတာ ဘာအဓိပ္ပာယ်ရှိလို့လဲ၊ ဘဝတစ်လျှောက်လုံး ဘာမှ ထူးချွန်အောင် လုပ်နိုင်မှာမဟုတ်ဘူးကွ။ နောက်ဆုံးတော့ သူတို့က နဂါးထိန်းတွေအတွက် အလုပ်လုပ်ပေးရတာပဲ။ ဒီနေရာမှာ ကောင်းကင်ဘုံကိုးခုအထက်က အဘိုးငါးရှိနေမှတော့ မင်း နဂါးထိန်းလုပ်ဖို့ နောက်မကျသေးပါဘူး၊ “ငါ့ကို ယုံလိုက်စမ်းပါ။ မင်း ကျယ်ပြောလှတဲ့ နယ်မြေတွေအထိ လွယ်လွယ်ကူကူနဲ့ လွှမ်းမိုးနိုင်ရမယ်လို့ ငါ အာမခံတယ်” ကျူးမင်လန် မှာတော့ စကားပင် ပြန်မပြောနိုင်တော့ပေ။ ဆရာကျင်းလီသည် အရင်အတိုင်းပင် ထူးဆန်းလွန်းပြီး တကယ်ကို မည်သူနှင့်မျှ မတူပေ။
“အခု ကျွန်တော့်မှာ နဂါးလေးကောင် ရှိတယ်…”
“မင်းနဲ့အတူ ကြီးပြင်းလာတဲ့ ငွေနှင်းအရုဏ်ဦးနဂါးဖြူကော ဘယ်လိုလဲ။ အဲကောင် သေသွားပြီလား” ဆရာကျင်းလီက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး အံ့သြစွာ မေးလိုက်သည်။
“အဖြူလေးက အိပ်စက်နေတာပါ၊ သူက အခု ငွေနှင်းအရုဏ်ဦးနဂါးဖြူ ဖြစ်သွားပြီ” ကျူးမင်လန်က ပြန်ဖြေသည်။
စာစဉ် (၁၃) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။