အခန်း ၂၅၇
Vol. 26 Ch. 257
အခန်း ၂၅၇
စောစောက ငှက်ဥမှာ သေချာပေါက်ပင် ဤသရဲမျက်နှာ ဇီးကွက်မောင်နှံ ဥထားခဲ့သော ဥဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း ၎င်းတို့က ဆွန်ဇူ၏နောက်သို့ မလျှော့တမ်း တကောက်ကောက် လိုက်လံတိုက်ခိုက်နေကြခြင်းပင်။
ယခုမူ ဆွန်ဇူသည် သူကိုယ်တိုင် လွတ်မြောက်ရန်အတွက် ဤငှက်ဥကို အသုံးချကာ အန္တရာယ်လမ်းကြောင်းလွှဲ၍ အလျင်အမြန် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
“ငါ့ကို အပြစ်မဲ့ ဓားစာခံလုပ်ပြီး လမ်းကြောင်းလွှဲချင်တာလား... မဆိုးတဲ့ အကွက်ပဲ ဟွန့်။ ဒါပေမဲ့ မင်း တကယ်ပဲ လွတ်အောင် ပြေးနိုင်မယ်လို့ ထင်နေတာလား။”
ကုယွမ်သည် ကောင်းကင်စွန်းဆီသို့ ပျံသန်းရောက်ရှိနေပြီဖြစ်သော ဆွန်ဇူ၏ အရိပ်အယောင်ကို လှမ်းကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူသည် ဆွန်ဇူထံမှ ဤကဲ့သို့သော အကွက်ဆိုးကို ကြိုတင်မမျှော်လင့်ထားခဲ့မိသည်မှာ မှန်သော်လည်း ကြိုတင်ပြင်ဆင်မှုအနေဖြင့် ‘ရှောင်ချင်းအား ထိုသူကို မျက်ခြေမပြတ် စောင့်ကြည့်ရန် ကြိုတင်တာဝန်ပေးထားခဲ့ပြီး ဖြစ်သည်။
ဆွန်ဇူသည် ခုနက လျှို့ဝှက်ဝှက်ဖဲတစ်ခုကို အသုံးပြု၍ လွတ်မြောက်သွားခဲ့သော်လည်း စိမ်းပြာရောင်ဓားလိပ်ပြာမှာမူ သူ၏နောက်သို့ ထပ်ကြပ်မကွာ လိုက်လံစောင့်ကြည့်နေဆဲပင်။
ထို့ကြောင့် သူသည် ဆွန်ဇူ၏ကိစ္စကို ချက်ချင်းပင် စိတ်ထဲမှထုတ်လိုက်ပြီး သူထံသို့ တဟုန်ထိုး ပြေးဝင်လာနေကြသော သရဲမျက်နှာ ဇီးကွက်နှစ်ကောင်ထံသို့သာ အာရုံအပြည့်အဝ ပြောင်းလဲလိုက်တော့သည်။
ဆွန်ဇူ၏ အရေးမပါသောကိစ္စများကို ဆက်လက်တွေးတောမနေတော့ဘဲ ကုယွမ်သည် သူ၏ ဓားအလင်းတန်းကို လှုံ့ဆော်လျက် သရဲမျက်နှာ ဇီးကွက်နှစ်ကောင်နှင့် စတင်၍ ယှဉ်ပြိုင်တိုက်ခိုက်တော့သည်။
ငွေရောင်နဂါးရေနတ်ဘုရားဓားမှ ပြောင်းလဲလာသော ဓားအလင်းတန်းမှာ အနှိုင်းမဲ့စူးရှထက်မြက်လှပြီး သရဲမျက်နှာ ဇီးကွက်နှစ်ကောင်အနက် တစ်ကောင်နှင့် ပြင်းထန်စွာ လုံးထွေးတိုက်ခိုက်နေခဲ့သည်။
အခြားသော သရဲမျက်နှာ ဇီးကွက်တစ်ကောင်အတွက်မူ ကုယွမ်သည် သူ၏ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ဖြစ်သော ကျောငွေရောင်ကင်းခြေများ ‘အားဝူ’ ကို ပြတ်သားစွာ ထုတ်လွှတ်လိုက်တော့သည်။
ဤသရဲမျက်နှာ ဇီးကွက်နှစ်ကောင်သည် ကျင့်ကြံခြင်းအဆင့် လွန်စွာမြင့်မားကြပြီး ရွှေအမြုတေနယ်ပယ် မိစ္ဆာသားရဲများနှင့် သိပ်မခြားနားလှသော်လည်း ၎င်းတို့သည် နောက်ဆုံးတွင်မူ ရွှေအမြုတေအဆင့်သို့ အပြည့်အဝ ရောက်ရှိထားကြသူများ မဟုတ်ပေ။
ထို့ကြောင့်ပင် ကျောငွေရောင်ကင်းခြေများမှာ အရွယ်အစား အနည်းငယ်ပိုမိုသေးငယ်သော ဇီးကွက်တစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ အောက်ခြေတွင် ရှိနေခဲ့သော်လည်း အချိန်အတော်ကြာအောင် ကောင်းစွာ ခုခံထိန်းချုပ်ထားနိုင်ဆဲပင်။
သရဲမျက်နှာ ဇီးကွက်များသည် မိစ္ဆာသားရဲများ ဖြစ်ကြသည့်အားလျော်စွာ ၎င်းတို့၏ မွေးရာပါ နတ်ဘုရားအတတ်ပညာမှာ လူတစ်ဦး၏ စိတ်ဝိညာဉ်ကို ဆွဲဆုတ်ကာ ဖျက်ဆီးပစ်နိုင်လောက်သော စူးရှထက်မြက်ပြီး ကျောချမ်းဖွယ်ကောင်းလှသော အော်ဟစ်သံကြီး ဖြစ်သည်။
၎င်းတို့၏ အတောင်ပံများကို တစ်ချက်ခါယမ်းလိုက်တိုင်း မည်းမှောင်လှသော မိစ္ဆာလေပြင်းများ တဟုန်းဟုန်း တိုက်ခတ်လာတတ်ပြီး ထိုလေပြင်းထဲ၌ သရဲတစ္ဆေများ၏ ငိုကြွေးမြည်တမ်းသံများ မရေမရာ ပဲ့တင်ထပ်နေကာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှပြီး လူတစ်ဦး၏ သွေးနှင့် ဇီဝစွမ်းအားများကို တစ်ခဏချင်းအတွင်း ခန်းခြောက်သွားစေနိုင်သည်။
ကုယွမ်သည် ၎င်းကို သူ၏ ပြောင်မြောက်လှသော ဓားသိုင်းပညာရပ်ဖြင့် ဖိနှိပ်ထားခဲ့ပြီး ဆယ်ချီကျော်မျှ အပြင်းအထန် လုံးထွေးကာ တိုက်ခိုက်ပြီးနောက် နောက်ဆုံး၌ ဓားချက်တစ်ချက်တည်းဖြင့် ထိုဇီးကွက်အဖို၏ ဦးခေါင်းကို ပြတ်သားစွာ ပိုင်းဖြတ်လိုက်တော့သည်။
တစ်ပြိုင်နက်တည်းမှာပင် ဓားအလင်းတန်းအတွင်းရှိ ဓားဆန္ဒစွမ်းရည်သည် ၎င်း၏ ဝိညာဉ်ကိုပါ တစ်ပါတည်း ချေမှုန်းပစ်လိုက်ရာ ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် ကုယွမ်သည် ၎င်းကို သူ၏ သိုလှောင်အိတ်အတွင်းသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။
"ဂါး... ဂါး..."
အခြားသော ဇီးကွက်အမမှာမူ သူမ၏ အဖော်ဖြစ်သူ အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ စူးရှလှသော အော်ဟစ်သံကြီးတစ်ခုကို ထုတ်ဖော်လိုက်ပြီးနောက် နှုတ်သီးကို ဖြတ်ခနဲ စိလိုက်ကာ သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေသော ကျောငွေရောင်ကင်းခြေများကို ကိုက်ခဲလျက် ဝမ်းဗိုက်အတွင်းသို့ တိုက်ရိုက် ဝါးမြိုပစ်လိုက်တော့သည်။
ငှက်ဟူသည်မှာ မွေးရာပါ အင်းဆက်များကို အစာအဖြစ် ဖမ်းယူစားသောက်တတ်သည့်အပြင် ဤသရဲမျက်နှာ ဇီးကွက်မှာ မိစ္ဆာငှက်တစ်ကောင် ဖြစ်ကာ ၎င်း၏ ဗိုက်သည် မည်သည့် အဆိပ်ရှိအင်းဆက်မျိုးကိုမျှ ကြောက်ရွံ့ခြင်းမရှိဘဲ အလွယ်တကူပင် အစာခြေဖျက်ပစ်နိုင်သည်။
သို့သော်ငြားလည်း ဤကျောငွေရောင်ကင်းခြေများမှာ သာမန်အဆိပ်ရှိအင်းဆက်တစ်ခု လုံးဝမဟုတ်ပေ။ ၎င်းမှာ လွန်စွာရှားပါးလှသော ရှေးဟောင်းအင်းဆက်မျိုးစိတ်ဖြစ်ပြီး စိမ်းပြာရောင်ဓားလိပ်ပြာနှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်မျှ နိမ့်ပါးခြင်းမရှိပေ။
ယခုအခါ ၎င်း၏ ဝမ်းဗိုက်အတွင်းသို့ ဝါးမြိုခြင်းခံလိုက်ရသဖြင့် ၎င်းသည် ဇီးကွက်ကြီး၏ ကိုယ်တွင်း၌ ချက်ချင်းပင် အသည်းအသန် ရုန်းကန်ကာ လှုပ်ရှားတော့သည်။
"ဂါး... ဂါး..."
မကြာမီအချိန်အတွင်းမှာပင် ထိုသရဲမျက်နှာ ဇီးကွက်မကြီးမှာ နာကျင်စွာဖြင့် အကြိမ်အနည်းငယ် အော်ဟစ်လိုက်ရပြီး ၎င်း၏ ဝမ်းဗိုက်ထက်မှ သွေးရဲရဲနီနေသော ဒဏ်ရာအပေါက်ကြီးအချို့ ဗြုန်းခနဲ ပေါက်ထွက်လာခဲ့ကာ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားခဲ့ရတော့သည်။
ယင်းနောက်တွင် ကျောငွေရောင်ကင်းခြေများမှာ ၎င်း၏ကိုယ်တွင်းမှ တရွေ့ရွေ့ဖြင့် ပြန်လည်တွားသွားထွက်ပေါ်လာခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ထက်၌ သွေးစက်တစ်စက်မျှပင် စွန်းထင်းနေခြင်း မရှိပေ။
“အားဝူ... ကောင်းတယ် တကယ့်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။”
ကုယွမ်က ချီးကျူးစကားဆိုလိုက်ရင်း အားဝူကို လျင်မြန်စွာလှမ်းယူ၍ သူ၏ ပခုံးထက်တွင် ပြန်လည်တင်ဆောင်လိုက်ပြီး မြေပြင်ပေါ်ရှိ ဇီးကွက်အမကြီး၏ ရုပ်အလောင်းကိုပါ သိမ်းဆည်းလိုက်တော့သည်။
ထို့နောက် သူသည် သူ၏ ဓားအလင်းတန်းနှင့် တစ်သားတည်း ပေါင်းစည်းလိုက်ပြီး စိမ်းပြာရောင်ဓားလိပ်ပြာထံမှ ရရှိနေသော စိတ်ဝိညာဉ်ဆက်သွယ်မှုကို အခြေခံလျက် ဆွန်ဇူ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော အရပ်မျက်နှာဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးတော့သည်။
...
"ကံကောင်းလို့... ငါအစောပိုင်းက အခြေအနေကို ချက်ချင်းရိပ်မိပြီး ဘေးအန္တရာယ်ကို လမ်းကြောင်းလွှဲနိုင်ခဲ့တာ။ အဲဒီသရဲမျက်နှာ ဇီးကွက်ဥကို အဲဒီကောင်ဆီ ပစ်ပေးခဲ့လို့သာ အသက်ဘေးကနေ သီသီလေး လွတ်လာတာ။ မဟုတ်ရင်တော့... ငါတစ်ယောက်တည်းနဲ့ အဲဒီသရဲမျက်နှာ ဇီးကွက်နှစ်ကောင်လုံးကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး..."
ဆွန်ဇူသည် တစ်နေရာ၌ ရပ်တန့်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထက်ရှိ အဖြူရောင်အလင်းတန်းများမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ သာမန်လေခွင်းအလင်းတန်းတစ်ခုသာ ကျန်ရှိတော့သည်။
ယခုအချိန်တွင် သူ၏ နှလုံးသားထဲ၌ အသက်ဘေးမှ လွတ်မြောက်ခဲ့ရသဖြင့် စိတ်သက်သာရာရမှု၊ ကျန်ရစ်နေသေးသော ထိတ်လန့်တုန်လှုပ်မှုများနှင့်အတူ ပြင်းထန်လှသော နှမြောတသမှုများ ဒွန်တွဲ၍ ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် အစောပိုင်းက သူ ဖိခြေဖျက်ဆီးပစ်လိုက်သော ကျောက်စိမ်းမန္တန်ပြားမှာ သူ၏ အဖိုးတန်သော အသက်ကယ်ဝှက်ဖဲဖြစ်ပြီး ယခင်က သူ ကြီးမားလှသော အကျိုးဆောင်မှုများ ပြုလုပ်ခဲ့စဉ်က အထက်လူကြီးများမှ သူ့အား အသက်ဘေးလွတ်ကင်းစေရန် အကာအကွယ်ပစ္စည်းအဖြစ် အထူးတလည် ဆုချီးမြှင့်ထားခဲ့သော ရတနာတစ်ခု ဖြစ်နေသောကြောင့်ပင်။
အသက်အန္တရာယ်နှင့် ကြုံတွေ့ရသည့် အရေးကြုံချိန်များတွင် ၎င်းကို ဖိခြေဖျက်ဆီးလိုက်ပါက မိုင်ပေါင်းထောင်ချီဝေးသော အရပ်ဆီသို့ ချက်ချင်း ထွက်ပြေးတိမ်းရှောင်နိုင်မည်ဖြစ်ရာ ကောင်းမွန်စွာ အသုံးချနိုင်လျှင် အရေးကြီးသော အခိုက်အတန့်များ၌ သူ၏ အသက်ကို သေချာပေါက် ကယ်တင်ပေးနိုင်မည့် ရတနာ ဖြစ်သည်။
ဤကဲ့သို့သော အဖိုးတန်ပစ္စည်းမျိုးကို သူ၏ တစ်ကိုယ်ရည်တွင် တစ်ခုတည်းသာ ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ပြီး ယခုမူ ဤနေရာ၌ သုံးစွဲပစ်လိုက်ရသည်။
“ထားလိုက်ပါတော့လေ... အဟောင်းကုန်မှ အသစ်လာမှာပဲဥစ္စာ။”
ဆွန်ဇူသည် ဆက်လက်၍ ထွက်ပြေးနေစဉ်အတွင်းမှာပင် ကိုယ့်ကိုကိုယ် ပြန်လည်နှစ်သိမ့်လိုက်တော့သည်။
"ဒီတစ်ခေါက်တော့... ငါ ငရဲဘုံမြက်ပင် နှစ်ပင်တောင် ရခဲ့တာ။ တစ်ပင်ကို ငါ့ဆရာ့ဆီ ပေးအပ်ပြီး... ကျန်တဲ့တစ်ပင်ကိုတော့ ငါ့ဘာသာငါပဲ သိမ်းထားလိုက်မယ်။ ဒါဆိုရင်တော့... အနာဂတ်မှာ ငါ ရွှေအမြုတေ စုစည်းဖို့အတွက် သေချာပေါက် အဆပေါင်းများစွာ ပိုလွယ်သွားမှာပဲ..."
ကုယွမ်၏ ကိစ္စနှင့်ပတ်သက်၍မူ ထိုသူမှာ ယခုအချိန်လောက်ဆိုလျှင် သေချာပေါက် အသက်ပျောက်နေလောက်ပြီဟု သူ ယုံကြည်ထားခဲ့သည်။
"အစောပိုင်းက... သူရဲ့ ဓားသိုင်းက ဘယ်လောက်ပဲ ထက်မြက်ပြီး ကြောက်ဖို့ကောင်းနေပါစေ အခု သရဲမျက်နှာ ဇီးကွက်နှစ်ကောင်ရဲ့ ပြိုင်တူတိုက်ခိုက်မှုကို သူ ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ..."
"ကုယွမ်ရဲ့ ကျင့်ကြံခြင်းအဆင့်က 'ကောင်းကင်ဘုံလူသားနယ်ပယ်' ရဲ့ မဟာအောင်မြင်ခြင်းအဆင့်လေးတင် ရှိသေးတာ။ ဒါပေမဲ့ အဲဒီ သရဲမျက်နှာ ဇီးကွက်နှစ်ကောင်လုံးကတော့ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ရဲ့ အထွတ်အထိပ် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေကြပြီ။ ရွှေအမြုတေနယ်ပယ်ကို ရောက်ဖို့ ဆံခြည်တစ်မျှပဲ လိုတော့တာကို သူ အထင်အရှား မြင်လိုက်ရတယ်..."
"ဒါတင်မကသေးဘူး... သရဲမျက်နှာ ဇီးကွက်တွေရဲ့ မွေးရာပါ နတ်ဘုရားအတတ်ပညာကလည်း အဆမတန် စွမ်းရည်ကြီးလွန်းတော့ ကျင့်ကြံခြင်းအဆင့်တူချင်း ကျင့်ကြံသူတွေတောင် တစ်ယောက်ချင်း ယှဉ်တိုက်ရင် အနိုင်ရဖို့ မလွယ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ကုယွမ်လိုလူမျိုးက ဘယ်လိုလုပ် တောင့်ခံနိုင်ပါ့မလဲ..."
"ကုယွမ်အနေနဲ့ ဒီသရဲမျက်နှာ ဇီးကွက်နှစ်ကောင်ရဲ့ လက်သည်းအောက်ကနေ လွတ်မြောက်
နိုင်ဖို့ သူ့မှာ ဘယ်လိုစွမ်းဆောင်ရည်နဲ့ အရည်အချင်းမျိုး ရှိနိုင်မှာလဲ..."
သို့သော်လည်း ထိုအခိုက်အတန့်တွင်ပင် သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ခေါင်းကို လှည့်၍ ကြည့်လိုက်ရာ စိမ်းပြာရောင် လိပ်ပြာလေးတစ်ကောင် သူရှိရာဘက်သို့ ပျံသန်းလာနေသည်ကို လှမ်း၍ မြင်လိုက်ရသည်။
ဤစိမ်းပြာရောင် လိပ်ပြာလေးသည် နုနယ်ပျော့ပျောင်းလှသည်ဟု ထင်ရသော်လည်း အလွန်တရာ ကျော့ရှင်းစွာဖြင့် ပျံသန်းနေခဲ့ပြီး ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင်ပင် ယခုအချိန်အထိ သူ၏နောက်သို့ ထပ်ကြပ်မကွာ လိုက်လံစောင့်ကြည့်နေခဲ့ခြင်းပင်။
‘ဝိညာဉ်လိပ်ပြာတစ်ကောင်လား... စိမ်းပြာရောင် ဝိညာဉ်လိပ်ပြာတစ်ကောင်ပါလား...’
ဆွန်ဇူသည် တစ်ခဏမျှ ဆွံ့အသွားခဲ့ရပြီး သူ၏ မျက်နှာအမူအရာမှာ ဗြုန်းခနဲ ပြောင်းလဲသွားခဲ့ကာ မွေးရာပါ အသိစိတ်အရ အန္တရာယ်ရှိကြောင်း အာရုံခံမိလိုက်သလို တစ်ဖက်မှလည်း တစ်နေရာရာတွင် ဤအကြောင်းကို ကြားဖူးခဲ့သည့်အလား မရေမရာ ရင်းနှီးမှုကို ခံစားလိုက်ရသည်။
သို့သော်ငြားလည်း သူ့ထံ၌ ထပ်မံ၍ တွေးတောနေရန် အချိန်မရှိတော့ပေ။ သူသည် ဝတ်ရုံလက်အင်္ကျီကို ခါယမ်းလိုက်ပြီး ထိုဝိညာဉ်လိပ်ပြာလေးကို ကြေမွသွားစေရန်အတွက် ပြင်းထန်လှသော စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ဝိညာဉ်လိပ်ပြာလေးသည် ၎င်း၏ အတောင်ပံစုံကို ခပ်ဖွဖွလေး ခါယမ်းလိုက်ရုံမျှဖြင့် ရာနှင့်ချီသော သေးငယ်လှသည့် စိမ်းပြာရောင် ဓားချီအလင်းတန်းများကို မှုတ်ထုတ်လိုက်ရာ ဆွန်ဇူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝဥဿုံ လွှမ်းမိုးကာ ဝန်းရံသွားခဲ့တော့သည်။
“ဘာလဲဟ...”
ဆွန်ဇူ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရသော်လည်း တုံ့ပြန်ရန်အတွက် အချိန်နှောင်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထက်ရှိ ကျောက်စိမ်းလက်ကောက်လေးတစ်ခုမှာ ဝင်းခနဲ လင်းလက်လာခဲ့ပြီး သူ၏ ရှေ့မှောက်တွင် အကာအကွယ်အဖြစ် ပိတ်ဆို့ကာ တားဆီးပေးလိုက်သည်။
သို့သော်လည်း ထိုဓားချီအလင်းတန်းများ တဟုန်ထိုး ပြေးဝင်လာပြီး လက်ကောက်နှင့် ထိမှန်မိသည့်အခါ “ဒင် ဒင် ဒေါင် ဒေါင်” ဟူသော တိုက်ခိုက်သံများ ဟင်းလင်းပြင်ကြီးအတွင်း၌ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်သွားခဲ့တော့သည်။
ဤကျောက်စိမ်းလက်ကောက်မှာ အလွန်တရာ အရည်အသွေး ကောင်းမွန်လှပြီး ၂၉ စင်းသော မန္တန်ချုပ်နှောင်မှုစည်းများ ပါဝင်သည့် အလတ်စားမန္တန်လက်နက်တစ်ခု ဖြစ်သဖြင့် ခံစစ်ပိုင်းတွင် လွန်စွာ အားကိုးရသည်။
သို့သော်ငြားလည်း မုန်တိုင်းအလား ပြင်းထန်လှသော ဓားချီများ၏ ဆက်တိုက်ဆိုသလို အဆက်မပြတ် ဖိနှိပ်တိုက်ခိုက်မှုအောက်တွင်မူ ၎င်း၏ ဝိညာဉ်အလင်းတန်းမှာ လျင်မြန်စွာ မှေးမှိန်သွားခဲ့ရပြီးနောက် ခရက်ဟူသော အသံများနှင့်အတူ ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွကာ ပျက်စီးသွားခဲ့ရတော့သည်။
ထို့နောက်တွင် မြောက်မြားစွာသော သေးငယ်လှသည့် ဓားချီအလင်းတန်းများသည် ဆွန်ဇူ၏ ခန္ဓာကိုယ်ကို စူးစူးရှရှ ဖြတ်သန်းထိုးဖောက်သွားခဲ့ပြီး ဗြစ်ဗြစ်ဟူသော သွေးစိမ်းရှင်ရှင်ထွက်သံများနှင့်အတူ သူ၏ကိုယ်ပေါ်၌ သွေးပေါက်ကြီးများ ဗြုန်းခနဲ ပွင့်ထွက်သွားခဲ့တော့သည်။
ဆွန်ဇူသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ရပြီး ခန္ဓာကိုယ်မှာ လေထဲ၌ ယိမ်းထိုးသွားခဲ့ရာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
ဤမျှလောက် မြင့်မားလှသော ကောင်းကင်ယံထက်တွင် ပြင်းထန်လှသော ဒဏ်ရာအနာတရများကို ခံစားနေရသည့်အပြင် အသက်ကယ်ခံစစ်မန္တန်လက်နက်ပါ ပျက်စီးသွားခဲ့ပြီဖြစ်ရာ အကယ်၍သာ ပေပေါင်းထောင်ချီမြင့်သော ကောင်းကင်ယံမှ မြေပြင်သို့ ပြုတ်ကျသွားခဲ့လျှင် သူသည် သေချာပေါက် အစအနရှာမရအောင် ကြေမွပျက်စီးသွားပေလိမ့်မည်။
သို့သော်လည်း ဤအခြေအနေထက် သူ၏ နှလုံးသားတစ်ခုလုံးကို အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားစေသည့် အရာမှာ အခြားမဟုတ်ပေ။
၎င်းမှာ သေလုမြောပါး ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရခြင်း သို့မဟုတ် ထိုဝိညာဉ်လိပ်ပြာလေး၏ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းရည်ကြောင့်တင်မကဘဲ သူ၏ ဦးနှောက်အတွင်း၌ ဤဝိညာဉ်လိပ်ပြာလေး၏ မူလဇစ်မြစ်ကို ရုတ်ချည်း သတိရမှတ်မိသွားခဲ့သောကြောင့်ပင်။
ဆွန်ဇူသည် မျက်လုံးများ ပြူးကျယ်သွားခဲ့ရပြီး သွေးထွက်လွန်မှုကြောင့် ဖြူဖျော့နေသော သူ၏မျက်နှာထက်၌ အဆုံးစွန်သော ထိတ်လန့်မှုများ ယှဉ်တွဲလျက်
“စိမ်းပြာရောင်ဓားလိပ်ပြာပါလား...”
“ဒါဆိုရင်... စောစောကလူက တကယ်ပဲ ‘ကုယွမ်’ ဖြစ်နေခဲ့တာလား...”
ဤအချက်ကို သဘောပေါက်သွားခဲ့သည့် အခိုက်အတန့်တွင်မူ ဆွန်ဇူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲတွင်းနက်ကြီးတစ်ခုအတွင်းသို့ ကျဆင်းသွားခဲ့ရသည့်အလား ထုံကျင်အေးစက်သွားခဲ့ရတော့သည်။
သူသည် ပြင်ပပြည်နယ်တစ်ခု၏ ကျော်ကြားလှသော နတ်ဘုရားဂိုဏ်းကြီးတစ်ခုမှ လာခဲ့သူဖြစ်သော်လည်း ကုယွမ်’ ဟူသော နာမည်၏ ကျော်စောမှုနှင့် အရှိန်အဝါကိုမူ ကောင်းကောင်းကြီး ကြားဖူးနားဝ ရှိခဲ့သည်။
သူ၏ အမြင်တွင်မူ ချင်ကျိုးပြည်နယ်တစ်ခုလုံး၌ရှိသော မျိုးဆက်သစ်လူငယ်များအကြားတွင် သူ အသိအမှတ်ပြု၍ မျက်မှောက်ပြုရမည့်သူဟူ၍ လက်ချိုးရေတွက်ရုံမျှသာ ရှိသည်။
ထိုအနည်းငယ်သော ထိပ်တန်းပုဂ္ဂိုလ်များထဲတွင် ကုယွမ်သည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ၎င်းမှာ ကုယွမ်၏ အနှိုင်းမဲ့လှသော ပါရမီထူးချွန်မှုကြောင့်တင်မကဘဲ လျူကွမ်းကဲ့သို့သော အစွမ်းထက်ကျင့်ကြံသူကို သတ်ဖြတ်နိုင်ခဲ့သည့် သူ၏ အံ့မခန်းဖွယ် တိုက်ပွဲအောင်နိုင်မှု မှတ်တမ်းများကြောင့် ယခုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းလှသည့် ‘စိမ်းပြာရောင်ဓားလိပ်ပြာ’ ကဲ့သို့သော ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များကို မွေးမြူထားနိုင်ခြင်းကြောင့်ပင်။
ဤကဲ့သို့သော ထိပ်တန်းနတ်ဆိုးအလား စွမ်းရည်ကြီးမားလှသည့် ပုဂ္ဂိုလ်မျိုးက သူ တတ်နိုင်သမျှ ဝေးဝေးမှ ရှောင်ရှားရမည့်သူပင်။