အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း ၂၅၈
သို့သော်ငြားလည်း ယခုအချိန်တွင် နောင်တရနေ၍လည်း မထူးတော့ပေ။ သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ မပြေလည်နိုင်တော့သော သေကျေရမည့် ရန်ငြိုးရန်စအခြေအနေသို့ လုံးဝဥဿုံ ဆိုက်ရောက်သွားခဲ့ပြီ ဖြစ်သည်။
၎င်းကပင် အဆိုးရွားဆုံးအခြေအနေ မဟုတ်သေးပေ။ အဓိကသော့ချက်မှာ သူသည် ယခုအခါ ပြင်းထန်လှသော ဒဏ်ရာအနာတရများကို ခံစားနေရပြီး ထွက်ပြေးတိမ်းရှောင်ရန် လမ်းစ လုံးဝမရှိတော့ခြင်းပင်။
ဆွန်ဇူသည် ကိုယ့်ကိုကိုယ် အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ဆက်လက်ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် ဝေးကွာလှသော အရပ်မျက်နှာဆီမှနေ၍ ဒေါသတကြီးဖြင့် သူရှိရာဘက်သို့ တည့်တည့်မတ်မတ် ပျံသန်းလာနေသော လေခွင်းအလင်းတန်းတစ်ခုကို လှမ်း၍ မြင်တွေ့လိုက်ရတော့သည်။
သူ၏ မျက်နှာမှာ အလွန်တရာ အရုပ်ဆိုးအကျည်းတန်သွားခဲ့ရပြီး ဘေးနားရှိ စိမ်းပြာရောင်ဓားလိပ်ပြာကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် မည်သည့်လှုပ်ရှားမှုမျှ ထပ်မံ၍ မပြုလုပ်ရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဆွန်ဇူသည် သူကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့်အပြင် ဤစိမ်းပြာရောင်ဓားလိပ်ပြာကပါ မျက်ခြေမပြတ် စောင့်ကြည့်နေသည့်အတွက်ကြောင့် သူအနေဖြင့် မည်သို့မျှ လွတ်မြောက်အောင် ပြေးနိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းကြီး နားလည်ထားသောကြောင့်ပင်။
သူ၏ နှလုံးသားတစ်ခုလုံးတွင် အဆုံးစွန်သော မျှော်လင့်ချက်မဲ့မှုများနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားခဲ့ရတော့သည်။
ဆွန်ဇူသည် သူ၏ ကံကြမ္မာက ဤမျှလောက်အထိ ဆိုးဝါးလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။
သူ၏ အစီအစဉ်မှာ သိသိသာသာပင် လွန်စွာစေ့စပ်သေချာလှပြီး အဝေးသို့လည်း ကောင်းစွာ ထွက်ပြေးနိုင်ခဲ့ပြီ ဖြစ်သော်လည်း နောက်ဆုံးတွင်မူ ဘေးကင်းအောင် မတိမ်းရှောင်နိုင်ခဲ့ပေ။
မကြာမီအချိန်အတွင်းမှာပင် ထိုလေခွင်းအလင်းတန်းသည် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီး ဝိညာဉ်အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ ကုယွမ်၏ ပုံသဏ္ဌာန် ထွက်ပေါ်လာခဲ့တော့သည်။ ကုယွမ်၏ မျက်နှာထက်တွင်မူ အဓိပ္ပာယ်မရေမရာနိုင်လှသော ပြုံးယောင်သန်းနေသည့် အမူအရာတစ်ခု ရှိနေခဲ့ပြီး
“အန္တရာယ်ကို ကြိုတင်ရိပ်မိတာနဲ့... သူတစ်ပါးဆီကို ဘေးအန္တရာယ် လွှဲပြောင်းပေးလိုက်တာပဲ။ မင်းမှာ တကယ့်ကို ပြတ်သားတဲ့ သတ္တိ ရှိတာပဲ...”
ထိုသို့ ပြောဆိုနေစဉ်မှာပင် နဂါးတစ်ကောင်အလား သဏ္ဌာန်တူသော ငွေရောင်ဓားအလင်းတန်းတစ်ခုသည် ကုယွမ်၏ ဘေးပတ်ပတ်လည်တွင် ဝဲပျံကာ လှည့်ပတ်နေခဲ့ပြီး ၎င်းမှ ထွက်ပေါ်နေသော ကျောချမ်းဖွယ် သတ်ဖြတ်ခြင်း အာဏာစက်များကြောင့် ဆွန်ဇူ၏ အမွေးအမှင်များပင် ထောင်ထွက်သွားခဲ့ရကာ လောလော လောလောဖြင့် အလျင်အစလို ပြောလိုက်ရတော့သည်။
“ကျင့်ကြံသူကု... ကျေးဇူးပြုပြီး လက်ခဏတားပေးပါဦးဗျ ကျွန်တော့်မှာ ပြောစရာ စကားရှိလို့ပါ”
‘သူက ငါ့ရဲ့ မူလမည်သူမည်ဝါဖြစ်ကြောင်းကို တကယ်ပဲ မှတ်မိနေတာလား...’
ကုယွမ်သည် မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး အနည်းငယ် အံ့ဩသွားသည့်အလား ဖြစ်သွားကာ ဘေးနားရှိ စိမ်းပြာရောင်ဓားလိပ်ပြာကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အခြေအနေကို ချက်ချင်းပင် သဘောပေါက်သွားခဲ့တော့သည်။
စင်စစ်အားဖြင့် စိမ်းပြာရောင်ဓားလိပ်ပြာ တည်ရှိနေခြင်းကြောင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဆွန်ဇူ သိရှိသွားခြင်းမှာ အံ့ဩစရာ မရှိပေ။
“ပြောလေ... မင်း ဘာများပြောဦးမလဲဆိုတာ ငါလည်း သိချင်သားပဲ။”
ကုယွမ်သည် နှုတ်ခမ်းထက်၌ ခပ်ဖျော့ဖျော့ လှောင်ပြုံးတစ်ခုကို ဆင်မြန်းလျက် သူ၏ မျက်ဝန်းအစုံထဲ၌ ရယ်ချင်ပတ်ချင် ဖြစ်နေသော အရိပ်အယောင်များဖြင့် ဆွန်ဇူကို စိုက်ကြည့်လိုက်သည်။
"ကျင့်ကြံသူကု... ဒီပစ္စည်းတွေက... ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု အားလုံးပါဗျာ။ စောစောက ငရဲဘုံမြက်ပင် နှစ်ပင်တင်မကဘဲ... ကျွန်တော် မကြာသေးခင်ကမှ ရှာဖွေစုဆောင်းထားမိတဲ့ အခြား ဝိညာဉ်ဆေးဘက်ဝင်ပစ္စည်း အချို့လည်း ပါပါသေးတယ်..."
"ကျေးဇူးပြုပြီး... ကျွန်တော့်ရဲ့ အသက်ကလေးကိုတော့ ချမ်းသာပေးပါဦးဗျာ။ အနာဂတ်မှာ မိတ်ဆွေကြီး ခိုင်းသမျှ ဘာမဆို... မြေဝယ်မကျ နာခံပါ့မယ်..."
ဆွန်ဇူသည် အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ ခါးထက်မှ သိုလှောင်အိတ်ကို ဖြုတ်ယူလိုက်ကာ နှမြောတသဖြစ်နေခဲ့သည်ဆိုစေဦးတော့ မဆိုင်းမတွပင် ပြတ်သားစွာဖြင့် ကုယွမ်ထံသို့ လှမ်း၍ ပေးအပ်လိုက်တော့သည်။
သူသည် ယခုအချိန်တွင် သူ၏ အသက်အန္တရာယ်မှာ ကုယွမ်၏ လက်ခုပ်တွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ အသက်ရှင်သန်ခွင့်မှာ ထိုသူ၏ စိတ်အလိုအတိုင်းသာ ဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်ထားသည်။
စောစောက သူ ပြုလုပ်ခဲ့သော ကောက်ကျစ်သည့် လှည့်ကွက်များကို ပြန်လည်စဉ်းစားကြည့်လျှင် အကယ်၍သာ သူသည် ကုယွမ်၏ နေရာတွင် ရှိနေခဲ့ပါက သေချာပေါက် ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
ယခုအခါ သူ၏ ပိုင်ဆိုင်မှုအားလုံးကို ပုံအော၍ ပေးအပ်လိုက်ခြင်းဖြင့်သာ သီသီလေး အသက်ရှင်သန်နိုင်မည့် အခွင့်အလမ်း အနည်းငယ် မျှော်လင့်နိုင်မည်ပင်။
ကုယွမ်သည် ထိုသိုလှောင်အိတ်ကို လှမ်း၍ လက်ခံလိုက်ပြီးနောက် သူ၏ စိတ်အာရုံကို အသုံးပြု၍ ၎င်းအတွင်းသို့ ထိုးဖောက်စစ်ဆေးလိုက်ပြီး ဆွန်ဇူကို ကြည့်လိုက်သည်။
သူသည် ဆွန်ဇူ၏ တောင်းပန်မှုကို တိုက်ရိုက်ပြန်လည် မဖြေကြားဘဲ ထူးဆန်းစွာ မေးမြန်းလိုက်သည်မှာ
“မင်းက ချင်ကျိုးပြည်နယ်က လူမဟုတ်ဘူး မဟုတ်လား။”
"ကျွန်တော်က ပင်းကျိုးပြည်နယ်က 'သစ်ရွက်နီတောင်ကြားမှာ မွေးဖွားခဲ့တာ ဖြစ်ပြီးတော့... ရွှေအမြုတေကျင့်ကြံသူ ဟော့ဖုန်း'ရဲ့ တပည့်တစ်ဦးပါဗျာ..."
ဆွန်ဇူသည် မည်သည့်အရာကိုမျှ ထိန်ချန်ထားခြင်းမရှိဘဲ ရိုးသားစွာပင် ပြန်ဖြေလိုက်တော့သည်။
‘သစ်ရွက်နီတောင်ကြား ဟုတ်လား... ဟော့ဖုန်းလား...’
ကုယွမ်သည် သူ့ကို တစ်ချက် မျက်မှောက်ပြုလိုက်သည်။
သစ်ရွက်နီတောင်ကြားကို နတ်ဘုရားလမ်းစဉ် ဂိုဏ်းကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်သော်လည်း ဆေးဘုရင်တောင်နှင့် ‘ကူနတ်ဘုရားဂိုဏ်းကဲ့သို့သော မဟာနတ်ဘုရားဂိုဏ်းကြီးများနှင့် နှိုင်းယှဉ်လျှင်မူ ၎င်းတို့၏ အခြေခံအုတ်မြစ်ပိုင်းမှာ သိသိသာသာပင် အလှမ်းကွာဝေးသည်။
သာမန်တစ်ကိုယ်တော် ကျင့်ကြံသူများအတွက်မူ ၎င်းသည် လုံးဝအငြိုးမခံရဲသော ဧရာမ အဆောက်အအုံကြီးတစ်ခု ဖြစ်နေနိုင်သော်လည်း ကုယွမ်အတွက်မူ ၎င်းမှာ အရေးတယူ တွေးတောနေစရာ မလိုလောက်အောင်ပင် အာရုံစိုက်ရန် မထိုက်တန်ပေ။
သူသည် ဆေးဘုရင်တောင်၏ တပည့်တစ်ဦး ဖြစ်သည့်အပြင် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် တိုက်ခိုက်ရေး စွမ်းရည်များအရ ဆေးဘုရင်တောင်၏ ‘စစ်မှန်သော တပည့်အဆင့်အတန်းသို့ အလွယ်တကူပင် ဝင်ဆံ့နေပြီ ဖြစ်သည်။
"ဒီလောက်အထိ မြင့်မားတဲ့ ဂုဏ်ဒြပ်ရှိပြီး အရင်က ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူ နှစ်ယောက်တိတိကို ကောင်းကောင်းကြီး သတ်ဖြတ်ခဲ့တဲ့ အံ့မခန်း တိုက်ပွဲမှတ်တမ်းတွေ ရှိရက်နဲ့... ငါ့အနေနဲ့ ဒီသစ်ရွက်နီတောင်ကြားကို ဘာဖြစ်လို့ ကြောက်နေရဦးမှာလဲ..."
"သေချာတာကတော့... အကယ်၍ သစ်ရွက်နီတောင်ကြားရဲ့ 'ယင်ဝိညာဉ် ဘိုးဘေးကြီး' ကိုယ်တိုင် ထွက်လာရင်တော့ ငါ့အနေနဲ့ အမှန်တကယ် သတိထားရမှာ ဖြစ်ပေမဲ့... ဆွန်ဇူလောက်တဲ့ အဆင့်အတန်းမျိုးကတော့... ငါ့ကို ဘယ်လိုမှ ခြိမ်းခြောက်နိုင်စွမ်း မရှိဘူး..."
"သူ့ရဲ့ ဆရာဖြစ်တဲ့ ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူ ဟော့ဖုန်းနဲ့ ပတ်သက်လို့ကတော့ ငါက အဲဒီလို ရွှေအမြုတေအဆင့်မျိုးကို နှစ်ယောက်တောင် သတ်ဖူးထားတာ ဂိုဏ်းငယ်လေးတစ်ခုရဲ့ ရွှေအမြုတေကျင့်ကြံသူကို ဘာလို့ ကြောက်လန့်နေရဦးမှာလဲ..."
"ဒီအိတ်ကိုတော့... ငါ ယူထားလိုက်မယ်..."
ကုယွမ်သည် သိုလှောင်အိတ်ကို လက်ထဲ၌ အထက်အောက် ပစ်မြှောက်ကာ အလေးချိန်ကို ဆန်းစစ်လိုက်ပြီးနောက် မျက်နှာအမူအရာ တဖြည်းဖြည်း ပိုမိုမသက်မသာ ဖြစ်လာနေသော ဆွန်ဇူကို ကြည့်ကာ ပြုံးလိုက်ရင်း
“မင်းအတွက်ကတော့... ငါကပဲ ကောင်းရာမွန်ရာ လမ်းပြပေးလိုက်ပါ့မယ်။”
“မင်း...”
ထိုစကားကို ကြားလိုက်ရသဖြင့် ဆွန်ဇူ၏ မျက်နှာတွင် သွေးဆုတ်ဖြူဖျော့သွားခဲ့ပြီး စကားစပင် မဟရသေးမီမှာပင် ဖြတ်ခနဲ ဝင်းခနဲ လက်သွားသော ဓားအလင်းတန်းတစ်ခုက သူ၏ ဦးခေါင်းကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်တော့သည်။
“ငါ့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေနဲ့... ဆရာသခင်တွေက... ငါ့အတွက် သေချာပေါက် ကလဲ့စားချေ... ချေမှုန်းပေးကြလိမ့်မယ်။”
ဦးခေါင်း ပြတ်ကျသွားချိန်တွင် ၎င်းအတွင်းမှ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော စိတ်ဝိညာဉ်အာရုံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဆွန်ဇူ၏ မျက်ဝန်းအစုံသည် ကုယွမ်အား အဆိပ်အတောက်ကဲ့သို့ ပြင်းထန်လှသော နာကျည်းမုန်းတီးမှုများဖြင့် စိုက်ကြည့်နေခဲ့ရာ အလွန်ခြောက်လှန့်ဖွယ်ကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့သည်။
“ကလဲ့စားချေမယ် ဟုတ်လား... ဟာ...”
ကုယွမ်၏ အကြည့်သည် ဆွန်ဇူ၏လက်ထဲရှိ ကြေမွပျက်စီးနေသော အဝါရောင်မန္တန်ပြားတစ်ခုထက်သို့ ကျရောက်သွားခဲ့ပြီး သူ၏ မျက်နှာထက်၌ မည်သည့်အရေးတယူ ရှိပုံမျှမပြဘဲ အေးစက်တည်ငြိမ်နေခဲ့သည်။
ထိုအဝါရောင်မန္တန်ပြားသည် သူ၏ ဂိုဏ်းတူညီအစ်ကိုများထံသို့ သတင်းပို့လိုက်ခြင်းပင်။
အလွန်ဆုံးရှိလှလျှင် အနည်းငယ်မျှသော အနှောင့်အယှက်လေးတစ်ခုသာ ဖြစ်လာနိုင်ပြီး ကြောက်ရွံ့နေစရာ အကြောင်း လုံးဝမရှိပေ။
သေချာသည်မှာ သစ်ရွက်နီတောင်ကြားသည် အဆမတန် ကြွယ်ဝချမ်းသာသော ဂိုဏ်းကြီးတစ်ခု မဟုတ်သော်လည်း သူတို့တွင် ‘ယင်ဝိညာဉ် အရှင်သခင်တစ်ဦးနှင့် ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူ အချို့ ရှိနေကြဆဲပင်။
သို့သော်လည်း ကုယွမ် သိထားသရွေ့မူ ထိုယင်ဝိညာဉ် ဘိုးဘေးကြီးမှာ သက်တမ်းရင့်လှပြီဖြစ်ပြီး ဘဝ၏ နောက်ဆုံးအချိန်သို့ ဆိုက်ရောက်နေပြီဖြစ်ရာ ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး စွန့်စားလိမ့်မည် မဟုတ်ပေ။
ကျန်ရှိနေသောသူများအနက် ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူများ ရှိနေခဲ့လျှင်ပင် သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။
ကုယွမ်သည် လက်ကို တစ်ချက်ခါယမ်းလိုက်ရာ ဆွန်ဇူ၏ ခန္ဓာကိုယ်ကြီးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေထုထဲ၌ လွင့်စင်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။
စိမ်းပြာရောင်ဓားလိပ်ပြာသည် ၎င်း၏ အတောင်ပံစုံကို ခါယမ်းလျက် ကျောငွေရောင်ကင်းခြေများနှင့်အတူ သူ၏ပခုံးထက်သို့ အေးအေးလူလူပင် လာရောက်နားခိုကာ ငြိမ်သက်သွားကြသည်။
ကုယွမ်သည် ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သော်လည်း ရုတ်ချည်းပင် အောက်ခြေအရပ်ဆီမှနေ၍ နီရဲလှသော အလင်းတန်းတစ်ခု ဖြတ်ခနဲ ထွက်ပေါ်လာခဲ့ပြီးနောက် အနီရောင် မျဉ်းကြောင်းငယ်တစ်ခုအသွင် ပြောင်းလဲလျက် သူ၏ ဗဟိုချက်တည့်တည့်ဆီသို့ ဦးတည်ကာ တဟုန်ထိုး ပျံသန်းလာခဲ့တော့သည်။
‘တောက်... တကယ့်ကို ကောက်ကျစ်ညစ်ပတ်တဲ့ ထောင်ချောက်ပါလား။’
သူ၏ အစောပိုင်းက တည်ငြိမ်နေသော မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရသည်။ ကုယွမ်သည် သူ၏ အောက်ခြေဆီမှနေ၍ ကျောချမ်းဖွယ်ကောင်းလှသော အအေးဓာတ်တစ်ခု ငယ်ထိပ်အထိ ဆောင့်တက်လာသည်ကို အာရုံခံမိလိုက်ရသည်။
သူသည် အံတင်းတင်းကြိတ်လိုက်ရင်း မန္တန်လက်ကွက်တစ်ခုကို လှုံ့ဆော်လိုက်ရာ ငွေရောင်နဂါးရေနတ်ဘုရားဓား၏ ဓားအလင်းတန်းက ထိုအနီရောင် မျဉ်းကြောင်းနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်လိုက်တော့သည်။
“ကလင်...”
သတ္တုချင်း ထိမှန်မိသည့် စူးရှပြတ်သားလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက်... ထိုအနီရောင် မျဉ်းကြောင်းမှာ တစ်ခဏမျှ ရပ်တန့်သွားခဲ့ပြီး ဘေးဘက်သို့ လွင့်စင်သွားခဲ့ရသည်။
၎င်းမှာ စင်စစ်အားဖြင့်... လက်ဝါးဝက်ခန့် ရှည်လျားလှသော အနီရောင် သံအပ်ပျံတစ်စင်း ဖြစ်ပြီး ၎င်း၏ မျက်နှာပြင်ထက်တွင် ထူထပ်ကာ ဆန်းကြယ်လှသော မန္တန်အစင်းကြောင်းငယ်များ ဖုံးလွှမ်းနေကာ အေးစက်လှသော အလင်းတန်းများကို ထုတ်ဖော်နေခဲ့သည်။
ကုယွမ်၏ ပြင်းထန်လှသော ဓားချက်နှင့် ထိမှန်ခဲ့သော်လည်း ထိုအပ်ပျံမှာ မည်သည့် ထိခိုက်ဒဏ်ရာမျှ ရရှိခဲ့ခြင်းမရှိဘဲ လေထုထဲ၌ ထူးဆန်းလှသော ဝိညာဉ်အရှိန်အဝါများကို ထုတ်ဖော်လျက် ရှေ့နောက်ဝဲပျံနေခဲ့ရာ ကုယွမ်ကို အနည်းငယ် အံ့ဩသွားစေသည်။
သိသာလှသည်မှာ ဤအနီရောင် အပ်ပျံ၏ အရည်အသွေးမှာ သူ၏ ငွေရောင်နဂါးရေနတ်ဘုရားဓားနှင့် နှိုင်းယှဉ်လျှင်ပင် အောက်ကျနောက်ကျနိုင်ခြင်း အနည်းငယ်မျှ မရှိပေ။
“မင်းကလည်း သစ်ရွက်နီတောင်ကြားကပဲလား။”
ကုယွမ်သည် ငွေရောင်နဂါးရေနတ်ဘုရားဓားကို ထိန်းချုပ်လိုက်ရင်း သူ၏ မျက်ဝန်းအစုံကို ကျဉ်းမြောင်းလိုက်သည်။
ငွေရောင်ဓားအလင်းတန်းသည် သူ၏ ဘေးပတ်ပတ်လည်တွင် မာန်ဟုန်ပြင်းစွာဖြင့် ဝဲပျံနေခဲ့ပြီး သူ၏ အကြည့်မှာမူ ဝေးကွာလှသော နေရာမှ ပုံသဏ္ဌာန်တစ်ခုထံသို့ စိုက်ကြည့်နေခဲ့သည်။
ထိုသူမှာ သတ်လတ်ပိုင်းအရွယ် ပညာရှိတစ်ဦး ဖြစ်ပြီး ဟောင်းနွမ်းကာ ညစ်ထေးနေသော အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားခဲ့သော်လည်း ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေသော အေးချမ်းတည်ငြိမ်ပြီး ဆန်းကြယ်လှသော အရှိန်အဝါများကြောင့် မည်သို့မျှ လျှော့တွက်၍ မရနိုင်ပေ။
“မှန်တယ်... ငါက ဟော့ဖုန်း ဖြစ်ပြီး မိတ်ဆွေငယ်ကု ခုနတင်ပဲ သတ်ပစ်လိုက်တာက ငါ့ရဲ့ စကားမနားထောင်တဲ့ တပည့်မိုက်ပါပဲ။”
ထိုသတ်လတ်ပိုင်း ပညာရှိသည် ညင်သာစွာ ပြောဆိုလိုက်သော်လည်း ကုယွမ်အပေါ် ထားရှိသော သူ၏အကြည့်ထဲတွင် မည်သည့် ဒေါသအမျက်ထွက်မှု အရိပ်အယောင်မျှ မရှိဘဲ လွန်စွာ တည်ငြိမ်အေးစက်နေခဲ့သည်။
သူ၏ ဤကဲ့သို့သော အပြုအမူကို မြင်လိုက်ရသည့်အခါ ကုယွမ်မှာ မျက်မှောင်ကြုတ်လိုက်မိပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း
“အို... ဒါဆိုရင် မင်းက မင်းရဲ့တပည့်အတွက် ကလဲ့စားချေဖို့ ပြင်နေတာပေါ့ ဟုတ်လား။”
"သဘာဝကျတာပေါ့... ငါက သူ့အတွက် ကလဲ့စားချေပေးချင်တာပေါ့။ ဒါပေမဲ့ ငါ စောစောက တိုက်ခိုက်ခဲ့တာကို မင်းဘက်က အောင်မြင်အောင် တားဆီးနိုင်ခဲ့ပြီးပြီဆိုတော့ ငါ မင်းကို ဘာမှလုပ်လို့ရမှာ မဟုတ်ဘူးဆိုတာ အထင်အရှားပဲလေ။ ဒါကြောင့်... ထပ်ပြီး တိုက်ခိုက်နေရတာက ဘာမှအကျိုးမရှိတဲ့အပြင် အားအင်ကုန်ခမ်းရုံပဲ ရှိမှာပေါ့..."
ဟော့ဖုန်းသည် သူ၏ စိတ်ထဲရှိ အတွေးများကို ပွင့်လင်းရိုးသားစွာပင် ထုတ်ဖော်ပြောဆိုလိုက်တော့သည်။
ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ ယခုအချိန်တွင် ထပ်မံ၍ တိုက်ခိုက်နေရန် မလိုအပ်တော့ဘဲ နောက်နောင်တွင် အခွင့်အရေးကောင်း ကြုံတွေ့ရသည့်အခါမှသာ အပြတ်အသတ် ရှင်းလင်းပစ်မည်ဟူသော သဘောပင်။