အခန်း ၂၆၀
Vol. 26 Ch. 260
အခန်း ၂၆၀
ထိုစကားကို ကြားလိုက်ရသောအခါ ဘေးပတ်ပတ်လည်ရှိ လူများမှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကြပြီး ပြိုင်တူပင် ပြန်လည်ထူးလိုက်ကြတော့သည်။
“ဆရာသခင် စိတ်ချပါ။ ကျွန်တော်တို့ သေချာပေါက် မီးနီပုလဲကို ပြန်လုပြီး ညီငယ် ဟော့ဖုန်းအတွက် ကလဲ့စားချေပေးပါ့မယ်”
“ကောင်းပြီ”
သက်လတ်ပိုင်းအမျိုးသားက သူတို့ကို တစ်ချက်ဝေ့ကြည့်ကာ ဆက်ပြောသည်။
"သတိထားဖို့တော့ မမေ့ကြနဲ့။ ညီငယ် ဟော့ဖုန်းတောင်မှ အသက်ဆုံးရှုံးခဲ့ရတာ မင်းတို့ဆိုရင် ပိုလို့တောင် အန္တရာယ်များသေးတယ်။ ဒါပေမဲ့လည်း အရမ်း စိုးရိမ်မနေကြပါနဲ့။ အခု မင်းတို့က လေမီးမန္တန်အစီအရင်ကို ကျွမ်းကျင်အောင် လေ့ကျင့်ထားပြီး အချင်းချင်းလည်း အတွဲညီညီ ပူးပေါင်းနိုင်ကြပြီဆိုတော့... ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူတစ်ဦးနဲ့ ရင်ဆိုင်ရရင်တောင် အရေးနိမ့်လိမ့်မယ် မဟုတ်ဘူးလို့ ငါယုံကြည်တယ်..."
"ဒါကြောင့် နောက်တစ်ဆင့်အနေနဲ့ ငါတို့ လမ်းကြောင်းနှစ်ခု ခွဲကြမယ်။ မင်းတို့က အဖွဲ့တစ်ဖွဲ့၊ ငါက အဖွဲ့တစ်ဖွဲ့ ခွဲပြီးတော့... အဲဒီသူခိုးကောင်ကို မဖြစ်ဖြစ်အောင် လိုက်ရှာကြရမယ်..."
ထိုကျင့်ကြံသူတစ်စုလည်း မဆိုင်းမတွဘဲ ချက်ချင်း သဘောတူလိုက်ကြတော့သည်။
...
ထိုအချိန်တွင် ကုယွမ်မှာမူ သူအား အခြားသူများက ပစ်မှတ်ထားနေပြီဖြစ်ကြောင်း လုံးဝ မသိရှိသေးပေ။
သူသည် ဓားအလင်းတန်းကို စီးနင်းလိုက်ပါရင်း လက်ထဲရှိ သိုလှောင်အိတ်အတွင်းမှ ပစ္စည်းများကို စစ်ဆေးနေသည်။
ဆွန်ဇူ၏ သိုလှောင်အိတ်ထဲတွင် ငရဲဘုံမြက်ပင် နှစ်ပင်အပြင် အတော်အတန် တန်ဖိုးရှိသည့် အခြားသော ဝိညာဉ်ဆေးဘက်ဝင်ပစ္စည်းအချို့ ပါဝင်နေသဖြင့် ကုယွမ်က ၎င်းတို့ကို သစ်သားသေတ္တာများနှင့် ကျောက်စိမ်းသေတ္တာများထဲသို့ သေသပ်စွာ ပြောင်းရွှေ့ကာ သိမ်းဆည်းလိုက်သည်။ ကျန်ရှိနေသော ဝတ်စုံများ၊ ဝိညာဉ်ကျောက်တုံးများနှင့် အခြားအရေးမပါသည့် ပစ္စည်းအသေးအဖွဲများကိုမူ သူ ထည့်ပင်မတွက်တော့ချေ။
ဟော့ဖုန်း၏ သိုလှောင်အိတ်ထဲတွင်မူ ထင်မှတ်မထားလောက်အောင် အဖိုးတန်ပစ္စည်း အတော်များများ ပါဝင်နေသည်။ ဝိညာဉ်ကျောက်တုံး ထောင်ချီအပြင် အရည်အသွေး ကောင်းမွန်သည့် ဝိညာဉ်ဆေးဘက်ဝင်ပစ္စည်းများနှင့် ဝိညာဉ်ကုန်ကြမ်းအချို့လည်း ပါဝင်နေသေးသည်။
သို့သော် ထိုပစ္စည်းများကြားတွင် လူသိမသာလှသည့် အနီရောင်ပုလဲလေးတစ်လုံးက ကုယွမ်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
ထိုပုလဲလေးမှာ လက်ထိပ်ခန့် အရွယ်အစားမျှသာ ရှိပြီး ချောမွေ့ပြောင်လက်ကာ မီးကျောက်စိမ်းဖြင့် ထုဆစ်ထားသည့်အလား ထင်ရပြီး မျက်နှာပြင်ထက်မှ ခပ်ဖျော့ဖျော့ ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေသည်။
အစပိုင်းတွင် ကုယွမ်က ၎င်းကို သာမန်အလှဆင်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ကာ အရေးတယူ ဂရုမစိုက်မိသော်လည်း လက်ထဲတွင် ဆုပ်ကိုင်လိုက်သည့်အခါ ထူးခြားဆန်းပြားသည့် ဆက်သွယ်မှုတစ်ခုကို အာရုံခံမိလိုက်သည်။
ဤရတနာလေးသည် တစ်စုံတစ်ရာသော အရပ်မျက်နှာဆီသို့ စိတ်ဝိညာဉ်ချင်း ဆက်နွှယ်နေသည့်အလား ရှိနေသည်။ ကုယွမ်က အနောက်မြောက်ဘက် အရပ်ဆီသို့ ဦးတည်လိုက်သည့်အခါ ထိုပုလဲလေး၏ အလင်းတန်းမှာ သိသိသာသာ ပိုမိုတောက်ပလင်းလက်လာပြီး လမ်းကြောင်း ပြောင်းလိုက်သည့်အခါတွင်မူ ၎င်း၏ အလင်းတန်းက လျင်မြန်စွာ မှေးမှိန်သွားခဲ့ရပြန်သည်။
ဤထူးဆန်းသည့် ဖြစ်စဉ်ကြောင့် ကုယွမ် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
သူသည် ၎င်းကို အချိန်အတော်ကြာ စေ့စေ့စပ်စပ် စစ်ဆေးကြည့်ပြီးနောက် သွေးတစ်စက် ချပက်လိုက်ပြီး ၎င်းအတွင်းသို့ စစ်မှန်သောချီနှင့် စိတ်အာရုံကိုပါ ထည့်သွင်း၍ စမ်းသပ်လိုက်သည်။
နောက်ဆုံးတွင် သူသည် ဟော့ဖုန်း၏ သိုလှောင်အိတ်ထဲမှ စစ်မှန်သော မီးလျှံကို လှုံ့ဆော်ပေးနိုင်သည့် သာမန်မန္တန်လက်နက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထိုမီးလျှံကို အသုံးပြု၍ ပုလဲလေးအား တစ်ခဏမျှ အပူပေးလိုက်သည့်အခါမှသာ ပြောင်းလဲမှု စတင်ပေါ်ပေါက်လာတော့သည်။
ထိုမီးလျှံရဲရဲ အနီရောင်ပုလဲလေးသည် စစ်မှန်သော မီးလျှံများကို လုံးဝဥဿုံ စုပ်ယူပစ်လိုက်ပြီးနောက် ၎င်း၏ ကိုယ်တွင်းမှနေ၍ ဖျော့တော့သော အနီရောင် မီးလျှံငယ်လေးတစ်ခု ပျံသန်းထွက်ပေါ်လာကာ ကုယွမ်၏ လက်ဖဝါးထက်သို့ လာရောက်နားခိုသည်။ သို့သော် ၎င်းထံမှ မည်သည့် ပူပြင်းသည့် အပူရှိန်မျိုးမျှ ထွက်ပေါ်မနေခဲ့ချေ။
ထိုအခြေအနေအစား ဆန်းကြယ်သည့် သတင်းအချက်အလက် စီးကြောင်းတစ်ခုက သူ၏ ဦးနှောက်အတွင်းသို့ တဟုန်ထိုး စီးဝင်လာတော့သည်။
“မီးနီပုလဲ ဟုတ်လား... အနီရောင်နဂါး တာအိုပညာရှင်ရဲ့ ဂူဗိမာန်လျှို့ဝှက်ချက်ကို ဖွင့်လှစ်နိုင်မယ့် သော့ချက်ပေါ့...”
ကုယွမ်၏ မျက်နှာထက်တွင် အတိုင်းအဆမဲ့အောင် အံ့ဩသွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ထိုသတင်းအချက်အလက်များအရ ဤပုလဲလေး၏ အမည်မှာ မီးနီပုလဲ ဖြစ်ပြီး အနီရောင်နဂါး တာအိုပညာရှင်၏ ဂူဗိမာန်ကို ဖွင့်လှစ်နိုင်မည့် သော့ချက်ဖြစ်ကာ ထိုဂူဗိမာန်မှာ မီးလျှံထောင်သောင်းတောင်တန်း၏ အနက်ရှိုင်းဆုံး အရပ်တွင် တည်ရှိနေကြောင်း သိရှိလိုက်ရသည်။
“သံဖိနပ်တွေ အပေါက်ပေါက်ဖြစ်အောင် အပတ်တကုတ် လိုက်ရှာတုန်းက မတွေ့ဘဲ အမှတ်မထင်ဘဲနဲ့ လက်ထဲကို အလွယ်တကူ ရောက်ရှိလာတာပဲ...”
ကုယွမ်က သက်ပြင်းချရင်း မချိတင်ကရ ရေရွတ်မိတော့သည်။
“အစပိုင်းကတော့ ငါ့မှာ ဘာအစီအစဉ်မှ ထွေထွေထူးထူး မရှိခဲ့တာ... ဘယ်သူက တွေးမိမှာလဲ။ ဒီလိုအဖိုးတန်တဲ့အရာက မတော်တဆ ကံကောင်းမှုကြောင့် ငါ့လက်ထဲကို သက်ဆင်းလာလိမ့်မယ်လို့...”
ဤအနီရောင်နဂါး ကမ္ဘာငယ်လေးသည် အဆမတန် ကျယ်ပြောလှသည်ဖြစ်ရာ တစ်ကမ္ဘာလုံးသည် အနီရောင်နဂါး တာအိုပညာရှင်၏ ဂူဗိမာန်ဖြစ်နေခြင်း မဟုတ်ပေ။
ထိုတာအိုပညာရှင်၏ ဂူဗိမာန်အစစ်အမှန်မှာ ဤကမ္ဘာငယ်လေး၏ သီးခြားနေရာတစ်ခုတွင်သာ ကိန်းအောင်းနေခဲ့ခြင်းပင်။
အမှန်အတိုင်း ပြောရလျှင်မူ ဤကမ္ဘာငယ်လေးထဲ ဝင်ရောက်လာကြသော ကျင့်ကြံသူအားလုံးသည်လည်း သူတို့၏ ကိုယ်ပိုင်ကံကြမ္မာ အခွင့်အလမ်းများနှင့် နတ်ဘုရားအမွေအနှစ် အမျိုးမျိုးကို ရှာဖွေရန်အတွက်သာ ရည်ရွယ်ချက်ရှိရှိ လာရောက်ခဲ့ကြခြင်းပင်။
သို့သော်ငြားလည်း ဤကမ္ဘာငယ်လေးအတွင်းရှိ အကြီးမားဆုံးသော ကံကြမ္မာအခွင့်အလမ်းမှာ ထိုဝိညာဉ်ပစ္စည်းများနှင့် ဝိညာဉ်ဆေးဘက်ဝင်ပစ္စည်းများ မဟုတ်ပေ။ ‘အနီရောင်နဂါး တာအိုပညာရှင်’ ၏ ဂူဗိမာန်လျှို့ဝှက်ချက်သာလျှင် အဓိက ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အနီရောင်နဂါး တာအိုပညာရှင်သည် ဤကမ္ဘာငယ်လေး၏ သခင်ဖြစ်ခဲ့သူဖြစ်ရာ တစ်ကမ္ဘာလုံး၌ရှိသော ရတနာပစ္စည်းများ၏ အဓိက အစိတ်အပိုင်းအတော်များများမှာ ထိုတာအိုပညာရှင်၏ လက်ဝယ်သို့ သက်ဆင်းရောက်ရှိနေခဲ့ခြင်းကြောင့်ပင်။
ထိုအနီရောင်နဂါး တာအိုပညာရှင်၏ ဂူဗိမာန်အတွင်း၌ ကျန်ရစ်နေခဲ့သော ဝိညာဉ်ဆေးရည်များ၊ မန္တန်လက်နက်များနှင့် သူ၏ တရားအမွေအနှစ်များအပြင် အဖိုးတန်လှသော ‘မီးလျှံနဂါး ကျောက်စိမ်းတံဆိပ်တော်ပင်လျှင် တည်ရှိနေခဲ့သည်။
ထို့ကြောင့်ပင် ဤနယ်ပယ်အတွင်းသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ထိုဂူဗိမာန်ကြီးဆီသို့သာ မျက်စိကျနေကြခြင်းပင်။
ကုယွမ်သည် သူ၏ ကံကြမ္မာက ဤမျှလောက်အထိ ကောင်းမွန်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူသည် ဆွန်ဇူ ဆောင်ကြဉ်းပေးခဲ့သော အနှောင့်အယှက်များနှင့် ကြုံတွေ့ခဲ့ရသည်မှာ မှန်သော်လည်း ထိုအကြောင်းရင်းကြောင့်ပင် ယခုကဲ့သို့သော ‘မီးနီပုလဲ’ ကို လက်ဝယ်ရရှိခဲ့ခြင်းပင်။
ဤရတနာလေး ရှိနေပြီဖြစ်ကာ သင့်တော်သောအချိန်ကျရောက်လာပါက အနီရောင်နဂါး တာအိုပညာရှင်၏ ဂူဗိမာန်အတွင်းသို့ ဝင်ရောက်စူးစမ်းရန် သေချာပေါက် ဖြစ်နိုင်ခြေ ရှိသွားခဲ့သည်။
သူ၏ ယခုတစ်ခေါက် လာရောက်ခြင်း မူလရည်ရွယ်ချက်မှာ ‘ခရမ်းပြာ ကြာပန်းအမြွှာနှင့် အခြားသော နတ်ဘုရားရွှေဝိညာဉ်ကုန်ကြမ်းပစ္စည်းများကို ရှာဖွေရန် ဖြစ်သော်လည်း ယခုအခါ မီးနီပုလဲကို ရရှိထားခဲ့ပြီဖြစ်ရာ ထိုနေရာဘက်သို့ လမ်းကြောင်းအနည်းငယ်လွှဲ၍ သွားမကြည့်ဘဲနေလျှင် သဘာဝမကျရာ ရောက်ပေလိမ့်မည်။
"အနီရောင်နဂါးဂူက. မီးလျှံထောင်သောင်းတောင်တန်းနဲ့ သိပ်မဝေးတဲ့နေရာမှာ တကယ်ပဲ ရှိနေတာပဲ။ အချိန်ရမယ်ဆိုရင်တော့... ငါ အနီရောင်နဂါးဂူဘက်ကို အရင်သွားကြည့်တာက ပိုကောင်းမယ်..."
ကုယွမ်သည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ရင်း နှလုံးသားထဲမှနေ၍ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
သူသည် ကျိချန်းဟိုင်၊ စုချိုးယွဲ့နှင့် အခြားသောသူများနှင့်အတူ မီးလျှံထောင်သောင်းတောင်တန်း၌ ဆုံတွေ့ရန် ကြိုတင်သဘောတူထားခဲ့ကြသည်မှာ မှန်သော်လည်း အမှန်အတိုင်း ပြောရလျှင် ထိုနေရာ၌ လောလောလတ်လတ် အရေးကြီးကိစ္စမျိုး မရှိသေးသဖြင့် ရက်အနည်းငယ် စောခြင်း သို့မဟုတ် နောက်ကျခြင်းမှာ ပြဿနာမဟုတ်ပေ။
ထို့ကြောင့် ဤမီးနီပုလဲကို ရရှိထားစဉ်အတွင်း အနီရောင်နဂါးဂူဆီသို့ သွားရောက်စွန့်စားခြင်းကသာ အကောင်းဆုံး အကြံဉာဏ် ဖြစ်ပေလိမ့်မည်။
...
“သစ်ရွက်နီတောင်ကြားက ကောင်တွေကတော့... တကယ့်ကို မလျှော့တမ်း လိုက်နေကြတာပဲ...”
ရက်အနည်းငယ် ကြာလွန်ပြီးနောက်. ကောင်းကင်ယံထက်တွင် ဖျော့တော့လှသော လေခွင်းအလင်းတန်းတစ်ခု ဖြတ်သန်းပျံသန်းနေခဲ့သည်။
ထိုအလင်းတန်းအတွင်းရှိ ကုယွမ်၏ မျက်မှောင်များမှာ တွန့်ကွေးနေခဲ့ပြီး ထင်ရှားစွာပင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရသည်။
လွန်ခဲ့သော ရက်အနည်းငယ်က အနီရောင်နဂါးဂူဆီသို့ ဦးတည်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် သူသည် မီးနီပုလဲ၏ လမ်းညွှန်မှုအောက်တွင် သူ၏ သွားရမည့်လမ်းကြောင်းကို အနည်းငယ် ပြောင်းလဲခဲ့သည်။
သို့သော်လည်း အံ့ဩစရာကောင်းလှသည်မှာ နှစ်ရက်မျှ ဆက်တိုက်ပျံသန်းပြီးနောက် ဝေးကွာလှသော အရပ်မျက်နှာဆီမှနေ၍ လေခွင်းအလင်းတန်း မြောက်မြားစွာသည် သူ၏နောက်သို့ အတင်းအကျပ် လိုက်လံကပ်ပါလာနေခဲ့ကြခြင်းပင်။
သူ၏ စိတ်အာရုံ အသုံးပြု၍ စုံစမ်းတွေ့ရှိချက်များအရ ကုယွမ်သည် ထိုလူများမှာ သေချာပေါက်ပင် သစ်ရွက်နီတောင်ကြားမှ တပည့်များဖြစ်ကြောင်း သိရှိလိုက်ရသည်။
သူတို့အားလုံးမှာ အခြေခံကျင့်ကြံခြင်းစွမ်းအား လွန်စွာ မြင့်မားကြသူများ ဖြစ်ကြသည်။
သူတို့ သူနောက်သို့ တကောက်ကောက် လိုက်နေကြခြင်းမှာ ဟော့ဖုန်း၏ တပည့်ကို သတ်ဖြတ်ခဲ့သူမှာ သူဖြစ်နိုင်ကြောင်း တစ်စုံတစ်ရာသော ခြေရာလက်ရာ သဲလွန်စများကြောင့် သံသယဝင်နေကြခြင်းပင်။
ထို့ကြောင့်ပင် သူတို့က မလျှော့တမ်း လိုက်လံဖမ်းဆီးနေကြရုံတင်မကဘဲ အကယ်၍သာ ဤကိစ္စမှာ ကုယွမ်၏လက်ချက်မဟုတ်ပါက သူ့အား ဘေးကင်းစွာ ထွက်ခွာခွင့်ပြုမည်ဟု ဆိုကာ လှမ်း၍ အော်ဟစ်ကာ တားဆီးနေကြခြင်းပင်။
သို့သော် ကုယွမ်ကမူ ထိုကဲ့သို့သော ကလေးကလားစကားများကို သေချာပေါက် ယုံကြည်လိမ့်မည်မဟုတ်ချေ။
ဤသည်မှာ အပြစ်လုပ်ထားသဖြင့် ရင်လေးနေခြင်းမျိုး မဟုတ်ဘဲ ထိုကိစ္စကို သူကိုယ်တိုင် ကျူးလွန်ခဲ့ခြင်းဖြစ်၍ လိမ္မာယဉ်ကျေးစွာဖြင့် ရပ်တန့်ပေးလိမ့်မည် မဟုတ်ပေ။
၎င်းအပြင် သူ၏လက်ချက် မဟုတ်ခဲ့လျှင်ပင် ဤကဲ့သို့သောအခြေအနေမျိုးတွင် သူ၏ ဖြူစင်မှုကို သက်သေပြရန်အတွက် အဖမ်းခံလိမ့်မည်မဟုတ်သည်မှာ သူ၏ ပင်ကိုယ်စရိုက်ပင်။
ထို့ကြောင့် ကုယွမ်သည် သူတို့ကို လုံးဝဥဿုံ လျစ်လျူရှုကာ ရှေ့သို့သာ ဆက်လက်၍ အရှိန်ပြင်းပြင်း မောင်းနှင်နေခဲ့တော့သည်။
ဤသည်မှာ သူ ကြောက်ရွံ့နေ၍လည်းမဟုတ်သလို သူနောက်မှ တကောက်ကောက် လိုက်ပါလာသော သစ်ရွက်နီတောင်ကြားမှ တပည့်အနည်းငယ်နှင့် တိုက်ပွဲဝင်ရန် ဝန်လေးနေ၍လည်း မဟုတ်ပေ။ ထိုလူများနှင့် အချိန်ကုန်မခံချင်ခြင်းကြောင့်သာ ဖြစ်သည်။
နောက်မှ လိုက်ပါလာသူများမှာ ကောင်းကင်ဘုံလူသားနယ်ပယ်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ကုယွမ်အနေဖြင့် ကြောက်ရွံ့စရာမရှိသော်လည်း ဤအနီရောင်နဂါး ကမ္ဘာငယ်လေးထဲသို့ သစ်ရွက်နီတောင်ကြားမှ ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူဆို၍ ဟော့ဖုန်းတစ်ဦးတည်းသာ ဝင်ရောက်လာခဲ့လိမ့်မည်ဟု သူ လုံးဝမယုံကြည်ချေ။
တစ်ကိုယ်တော် သွားလာလှုပ်ရှားခြင်း၏ အားနည်းချက်မှာ လူအင်အား မမျှတခြင်းနှင့် စစ်ကူခေါ်ယူ၍ မရနိုင်ခြင်းပင်။
တစ်ခါက နောက်မှ လိုက်ပါလာသူများနှင့် စတင်တိုက်ခိုက်မိပါက အခြေအနေမှာ လွယ်ကူလိမ့်မည်မဟုတ်ချေ။
ထိုလူတစ်စုမှာ ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအား မြင့်မားကြသူများဖြစ်သည့်အပြင် ယခုအခါ သူ၏ နဂါးချုပ်နှောင်မန္တန်အစီအရင် ပျက်စီးသွားခဲ့ပြီဖြစ်ရာ ဤအစီရင်ခံကွက်မရှိဘဲ ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားမျှဖြင့် ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန်မှာ သိသိသာသာ ခက်ခဲသည်။
အကယ်၍ တိုက်ပွဲအတွင်း ရန်သူက စစ်ကူခေါ်ယူကာ ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူတစ်ဦး ရောက်ရှိလာပါက နောက်ဆုံးတွင် သူသာလျှင် အခြေအနေမလှ ဖြစ်ရပေလိမ့်မည်။
အဓိကအကျဆုံးအချက်မှာ ကုယွမ်၏ ဓားဝိညာဉ်ပါရမီက ထိုလူများထံမှ အန္တရာယ်ရှိသော အငွေ့အသက်အချို့ကို မရေမရာ အာရုံခံမိနေခြင်းပင်။
ဤသည်မှာ ထိုလူများသည် သူအတွက် အတိုင်းအဆတစ်ခုအထိ ခြိမ်းခြောက်မှုဖြစ်စေနိုင်ကြောင်း ညွှန်းဆိုနေသဖြင့် ကုယွမ်အနေဖြင့် အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိတော့ပေ။