အခန်း ၆
Vol. 38 Ch. 6
အခန်း (၆) ဖော်ကောင်
နောက်ထပ် တစ်နာရီခန့်တွင် ဖုန်းပုကြွယ်သည် ဘယ်သောအခါမှ ဖြစ်မလာနိုင်သည့် "လူသတ်မှု" ကို စောင့်ဆိုင်းရန် သူ့အခန်းသို့ ပြန်လာခဲ့သည်။
ဤသည်မှာ သူကစားဖူးသမျှထဲတွင် အလွယ်ကူဆုံး အိပ်မက်ဆိုးဇာတ်လမ်း ဖြစ်သည်။ သူ၏ ဇာတ်ကောင်စွမ်းရည်များ ပြင်းထန်စွာ ကန့်သတ်ခံထားရသော်လည်း ကနဦး ကားပေါက်ကွဲမှုမှလွဲ၍ ထင်ရှားသော အသက်အန္တရာယ်မျိုးနှင့် မကြုံတွေ့ရသေးသည့်အပြင် NPC များအားလုံးကလည်း ရင်းနှီးပျူငှာပြီး ယဉ်ကျေးကြသည်။
သူ့အနေဖြင့် သူ၏ အစစ်အမှန်အထောက်အထားကို ထုတ်ဖော်ပြောဆိုခြင်းကဲ့သို့သော မဆင်မခြင် လှုပ်ရှားမှုမျိုးကို မလုပ်သရွေ့... သူ့ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နိုင်မည့်အရာ မရှိနိုင်ဟု သူ ယူဆထားသည်။
"ဒါဆို... အခက်အခဲက အခန်း ၃၃ မှာ ရှိနေတာပေါ့..."
ဖုန်းပုကြွယ်သည် လက်နှစ်ဖက်ကို ခေါင်းအောက်တွင် ခုထားရင်း အိစက်ညက်ညောသော ကုတင်ပေါ်တွင် လှဲလျောင်းကာ ပျင်းရိစွာ ရေရွတ်လိုက်သည်။
"အင်း... ပုံမှန်အားဖြင့်တော့... လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေနဲ့ စုံထောက်ရုပ်ရှင်တွေမှာ ဇာတ်အိမ်တည်ဆောက်ပုံနဲ့ ပြစ်မှုဖြစ်ပွားတဲ့နေရာက စာမျက်နှာရဲ့ လေးပုံတစ်ပုံထက် ပိုမယူတတ်ကြဘူး၊ ဒါကြောင့်... ဘာပဲဖြစ်ဖြစ် အခန်း ၈ မတိုင်ခင်မှာ မကောင်းတဲ့အရာတစ်ခုခုတော့ ဖြစ်လာမှာပဲ..."
သူ ထိုသို့ တောင်တွေးမြောက်တွေး တွေးတောနေစဉ် ရုတ်တရက် အပြင်ဘက် ကော်ရစ်ဒါမှ ပေါ့ပါးသော ခြေသံအချို့ကို ကြားလိုက်ရသည်။
ဖုန်းပုကြွယ်သည် ချက်ချင်းပင် သတိရှိရှိဖြင့် ထထိုင်လိုက်ပြီး အာရုံစိုက်ကာ နားစွင့်လိုက်သည်။
ခြေသံများနှင့်ပတ်သက်၍ အစ်ကိုကြွယ်သည် စနစ်တကျမဟုတ်သော်လည်း လက်တွေ့ကျသော သုတေသနအချို့ကို ပြုလုပ်ခဲ့ဖူးသည်။ ကွဲပြားသော အရပ်အမောင်း၊ ကျား/မ ခွဲခြားမှု၊ အလုပ်အကိုင်၊ အဝတ်အစား၊ လူနေမှုပုံစံနှင့် စရိုက်လက္ခဏာများပင်လျှင် လူတစ်ယောက်၏ လျှောက်လှမ်းသော ခြေသံတွင် ရောင်ပြန်ဟပ်နေတတ်သည်။
ဤအချိန်တွင် သူရှိရာသို့ လျှောက်လာသူမှာ အရပ်ပုပု ဥယျာဉ်မှူးဘာတွန် ဖြစ်ကြောင်း သူ ချက်ချင်း သိရှိလိုက်သည်။
ဒေါက် ဒေါက်။
ဘာတွန်က ဖုန်းပုကြွယ်၏ တံခါးကို ခပ်ဖွဖွ ခေါက်လိုက်သည်။
"ဘယ်သူလဲ"
အမှန်တကယ်တော့ ဖုန်းပုကြွယ်သည် တံခါးနောက်ကွယ်တွင် မတ်တတ်ရပ်နေပြီဖြစ်ပြီး မည်သူဖြစ်ကြောင်း သိရှိပြီးသားဖြစ်သော်လည်း ဟန်ဆောင်မေးမြန်းလိုက်ခြင်း ဖြစ်သည်။
“အာ… ကျွန်တော် ဥယျာဉ်မှူးပါ၊ နာမည်က ဘာတွန်ပါ”
ဘာတွန်က တံခါးအပြင်ဘက်မှ ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်တော်တို့ အပြင်မှာ တစ်ခါ ဆုံဖူးတယ်လေ၊ မှတ်မိရဲ့လားခင်ဗျာ”
ဖုန်းပုကြွယ်သည် တံခါးဖွင့်ပြီး တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။
“မှတ်မိတာပေါ့၊ မင်္ဂလာပါ မစ္စတာဘာတွန်၊ ဘာကူညီပေးရမလဲ ”
ဘာတွန်သည် ကော်ရစ်ဒါတစ်လျှောက် ဘေးဘီဝဲယာသို့ ဖြန့်ကျက်ကြည့်ရှုလိုက်ပြီးနောက် လေသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
“မစ္စတာဖုန်း… ခင်ဗျားက တကယ်ကြီး စုံထောက်တစ်ယောက် ဟုတ်ပါသလား”
“ဟုတ်ပါတယ်”
ဖုန်းပုကြွယ်၏ လေသံမှာ အလွန်ရိုးရှင်းသော်လည်း စိတ်ချရဖွယ်ရှိသော ယုံကြည်မှုကို ပြသနေလေသည်။ စကားပြောရင်း သူက ဘေးသို့ဖယ်ပေးလိုက်သည်။
“ကျွန်တော့်ကို ပြောစရာရှိပုံရတယ်၊ အထဲ ကြွပါဦး”
“အာ…”
ဘာတွန်က စက္ကန့်အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ဘယ်သူမှ စောင့်ကြည့်မနေကြောင်း သေချာစေရန် ခေါင်းကို ထပ်မံလှည့်ကြည့်ပြီး အထဲသို့ ဝင်လိုက်သည်။
“ခွင့်ပြုပါဦး”
ဖုန်းပုကြွယ်သည် သူ့နောက်မှ တံခါးကိုပိတ်ကာ ဂျက်ထိုးလိုက်ပြီးနောက် သဘာဝကျစွာ လှည့်၍ ကုလားထိုင်တစ်လုံးကို ဆွဲပေးလိုက်သည်။
“ထိုင်ပြီး စကားပြောကြတာပေါ့ မစ္စတာဘာတွန်”
“ကျေးဇူးတင်ပါတယ်”
ဘာတွန်က ကုလားထိုင်ကို ယူလိုက်သော်လည်း ချက်ချင်း မထိုင်ဘဲ အိမ်ရှင်ဖြစ်သူ အရင်ထိုင်သည်အထိ စောင့်ဆိုင်းနေခဲ့သည်။
ဖုန်းပုကြွယ်သည် ဤအသေးစိတ်အချက်အလက်များကို ပုံမှန်အတိုင်းပင် သဘောပေါက်လိုက်လေသည်။ စကားအများကြီးမဆိုတော့ဘဲ သူက အခြားကုလားထိုင်တစ်လုံးကို ဆွဲထိုင်လိုက်သည်။
ယင်းကို မြင်ရမှ ဘာတွန်လည်း လိုက်ထိုင်လိုက်တော့သည်။
ရိုးရှင်းသော စကားလုံးများနှင့် လှုပ်ရှားမှုအချို့မှတစ်ဆင့် ဖုန်းပုကြွယ်သည် စုံထောက်ကြီးမှာ အလွန်ပင် ပေါင်းသင်းဆက်ဆံရလွယ်သူဖြစ်သည်ဟူသော ထင်ယောင်ထင်မှားကို အောင်မြင်စွာ ဖန်တီးပေးနိုင်ခဲ့သည်။
“ကျွန်တော့်အနေနဲ့ ခင်ဗျားကို ပြောပြဖို့လိုတယ်လို့ ခံစားရတဲ့ အရမ်းအရေးကြီးတဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်”
ဘာတွန် ပြောလိုက်စဉ် သူ့အမူအရာမှာ တင်းမာနေပြီဖြစ်သည်။
“ဒါပေမဲ့ အဲဒါကို မပြောခင် ကျွန်တော့်ရဲ့ အတိတ်က အကြောင်းအချို့ကို အရင်ဝန်ခံချင်ပါတယ်”
“နားထောင်ဖို့ အဆင်သင့်ပါပဲ”
ဖုန်းပုကြွယ်က ပြန်လည်ဖြေကြားလိုက်သည်။
ဘာတွန်သည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သကဲ့သို့ ခေါင်းညိတ်ပြီး ပြောလာလေသည်။
“ကျွန်တော်… အရင်တုန်းက သူခိုးတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်”
“အရင်တုန်းက ဟုတ်လား”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“အာ… ဟုတ်ပါတယ်၊ အခုတော့ လုံးဝ မဟုတ်တော့ပါဘူး”
ဘာတွန်က ရှင်းပြလိုက်သည်။
“တကယ်တော့ ကျွန်တော် ငယ်ငယ်တုန်းက တောက်ပတဲ့ အနာဂတ်တစ်ခု ရှိခဲ့ဖူးပါတယ်… ဟူး… ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် အသက် ၃၀ အရွယ်တုန်းက ပန်တွန်ဗေးလ်အကျဉ်းထောင်မှာ နှစ်နှစ်လောက် နေခဲ့ရဖူးတယ်၊ အဲဒါက တကယ့်ကို ဆိုးရွားလွန်းပါတယ်၊ ဆောင်းတွင်းမှာတောင် အကျဉ်းသားတွေမှာ ကြမ်းတမ်းတဲ့ လျှော်ကြမ်းအဝတ်အစားတစ်စုံပဲ ရှိပြီး အစားအသောက်ကလည်း ရေလုံပြုတ်ပဲစေ့တွေပဲ ကျွေးခဲ့တာ၊ ပြီးတော့ နေ့တိုင်း မပြီးနိုင်တဲ့လုပ်ငန်းခွင် အလုပ်ကြမ်းတွေ လုပ်ရတယ်၊ တစ်ညမှာတော့ ကျွန်တော် ချမ်းလည်းချမ်း၊ ဆာလည်းဆာပြီး မိုးရေထဲမှာ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေခဲ့တယ်၊ ငါတော့ အအေးမိပြီး သေတော့မှာပဲလို့ တွေးမိခဲ့တယ်…”
“လိုရင်းပဲပြောပါ မစ္စတာဘာတွန်”
ဖုန်းပုကြွယ် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး လိုရင်းကိုပဲ ရောက်အောင် ပြောပေးပါ”
“ဟဲ… စိတ်မရှိပါနဲ့ဗျာ”
ဘာတွန်က ပြောသည်။
“ဘာပဲဖြစ်ဖြစ် အဲဒီအတွေ့အကြုံက ကျွန်တော့်အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပြီး ကျွန်တော် လူကောင်းတစ်ယောက် ဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်”
“ဆိုတော့… အဲဒီအချက်က ခင်ဗျားအခုပြောမယ့် အရမ်းအရေးကြီးတဲ့ အကြောင်းအရာနဲ့ ဘယ်လို ဆက်စပ်နေလို့လဲ”
ဖုန်းပုကြွယ် မေးလိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို လုံးဝယုံကြည်စေချင်လို့ပါ”
ဘာတွန်က ပြန်လည် ဖြေကြားလိုက်သည်။
“အင်း…”
ဖုန်းပုကြွယ် တွေးတောလိုက်သည်။
“ဒါက ထူးဆန်းတယ်… ကိုယ့်ရဲ့ ရာဇဝတ်မှတ်တမ်းကို ပြောပြတာက ကျွန်တော့်ရဲ့ ယုံကြည်မှုကို ရဖို့ ဘယ်လို ကူညီပေးနိုင်မှာလဲ…”
သူသည် ပြန်လည်တုံ့ပြန်မှုကို မစောင့်ဆိုင်းဘဲ ဆက်လက်ပြောလိုက်သည်။
“ကျွန်တော် ထင်တာတော့… ခင်ဗျားပြောပြမယ့် ‘အရမ်းအရေးကြီးတဲ့’ အကြောင်းအရာက ဒီအိမ်ထဲက တစ်စုံတစ်ယောက်အတွက် အလွန်အမင်း ထိခိုက်နစ်နာစေမယ့်အရာ ဖြစ်လိမ့်မယ် မဟုတ်လား”
“ခင်ဗျား ဘယ်လိုသိတာလဲ…”
ဘာတွန်က စကားစလိုက်သော်လည်း ဖုန်းပုကြွယ်က ကြားဖြတ် ပြောလိုက်သည်။
“ဒါက သိသာပါတယ်… တကယ်လို့ A ဆိုတဲ့လူက B ဆိုတဲ့လူရဲ့ မကောင်းကြောင်းကို ပြောမယ်ဆိုရင် B ဘက်က တုံ့ပြန်ဖို့ အကောင်းဆုံးနည်းလမ်းက A ကို ပြန်တိုက်ခိုက်ပြီး သူပြောတဲ့ စကားရဲ့ ခိုင်လုံမှုကို လျှော့ချပစ်တာပဲ၊ ‘မင်းက အဲဒီသူခိုးပြောတဲ့ စကားကို တကယ် ယုံနေတာလား’ ဆိုတဲ့ ခံစားချက်မျိုးပေါ့…”
သူ ခေါင်းကုတ်လိုက်သည်။
“ခင်ဗျားလည်း သူများတွေက ခင်ဗျားရဲ့ မကောင်းတဲ့ အတိတ်ကို အခွင့်ကောင်းယူပြီး အသုံးချလိမ့်မယ်ဆိုတာ ကောင်းကောင်း သိနေတာပဲ၊ ဒါကြောင့် ခင်ဗျားကိုယ်တိုင်ပဲ ကျွန်တော့်ကို အရင်လာပြောလိုက်တာ မဟုတ်လား”
“အိုး လူကြီးမင်း၊ ခင်ဗျားက တကယ့်ကို မှတ်သားလောက်စရာပဲဗျာ၊ တကယ့်ကို ကြီးမြတ်တဲ့ စုံထောက်ကြီးပါပဲ”
ဘာတွန်က မျက်လုံးအဝိုင်းသားဖြင့် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ဟွန်း… ချီးမွမ်းနေပါပြီ…”
ဖုန်းပုကြွယ်သည် အလွန်အမင်း ကျေနပ်အားရနေသော အမူအရာဖြင့် “နှိမ့်ချစွာ” ပြန်လည် ဖြေကြားလိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက ထပ်မံ ပြောဆိုလိုက်သည်။
“စိတ်မပူပါနဲ့ အကြောင်းအရာကို ပြောပြပါ မစ္စတာဘာတွန်၊ ကျွန်တော် ခင်ဗျားအပေါ်မှာ ဘာခွဲခြားဆက်ဆံမှုမှ မရှိပါဘူး၊ အဲဒါက အမှန်လား၊ အမှားလားဆိုတာကို ကျွန်တော့်ဘာသာ ဆုံးဖြတ်နိုင်ပါတယ်”
ဘာတွန်က ခေါင်းညိတ်၍ တံတွေးတစ်ချက် မျိုချလိုက်သည်။
“ကျွန်တော် ပြောပြချင်တဲ့ အကြောင်းအရာကတော့…”
သူက လေသံကိုနှိမ့်ကာ အလေးအနက် ပြောလိုက်သည်။
“သခင်လေး ဒန်းနစ်က မစ္စအိုဒက်တ်ကို လုပ်ကြံဖို့ စီစဉ်နေပုံရပါတယ်…”
“ဘာကို အခြေခံပြီးတော့လဲ…”
ဖုန်းပုကြွယ်သည် ဥယျာဉ်မှူးအနေဖြင့် တစ်စုံတစ်ရာကို မြင်တွေ့ခဲ့ခြင်း သို့မဟုတ် ကြားသိခဲ့ခြင်း ဖြစ်ရမည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
“စောစောက သခင်လေးဒန်းနစ်နဲ့ သခင်ကြီး ကိုးလ်စတန်တို့ အခန်းထဲမှာ ငြင်းခုံနေကြတုန်းက ကျွန်တော် စကားတချို့ကို ကြားလိုက်ရလို့ပါ…”
ဘာတွန်က ဆိုသည်။
“ခန့်မှန်းကြည့်ပါရစေ…”
ဖုန်းပုကြွယ်သည် သူ့လက်နှစ်ဖက်ကို မြှောက်ကာ လက်ညှိုးနှစ်ချောင်းစီဖြင့် မျက်တောင်အဖွင့်အပိတ် သင်္ကေတ ပြုလုပ်ရင်း ပြောလိုက်လေသည်။
“ခင်ဗျားက အဲဒီအခန်းအပြင်ဘက်က သစ်ပင်ကို ‘တိုက်တိုက်ဆိုင်ဆိုင်နဲ့’ သွားဖြတ်နေတာ မဟုတ်လား”
ဘာတွန်က အနေရခက်စွာ မျက်တောင်ခတ်လိုက်သည်။
“အာ… ဟုတ်ပါတယ်”
“ကောင်းပြီ… ဆက်ပြောပါဦး၊ သူတို့ ဘာတွေ ပြောခဲ့ကြတာလဲ”
ဖုန်းပုကြွယ်က ပခုံးတွန့်ပြရင်း တစ်ဖက်လူကို ဆက်ပြောရန် အချက်ပြလိုက်သည်။
ဘာတွန်က ဆက်ပြောသည်။
“ကျွန်တော် စကားလုံးနည်းနည်းပဲ ကြားလိုက်ရတာပါ… သခင်လေးဒန်းနစ်က သခင်ကြီးကို သခင်မအိုဒက်တ်ရဲ့ နာမည်ကို သေတမ်းစာထဲကနေ ဖျက်ပေးဖို့ နားချနေပုံရပါတယ်”
“သခင်ကြီးက ငြင်းလိုက်တာလား”
ဖုန်းပုကြွယ်က မေးလိုက်သည်။
ဘာတွန်က ခေါင်းညိတ်သည်။
“ဟုတ်ပါတယ်၊ ပြီးတော့ သူက အရမ်းဒေါသထွက်သွားပြီး သခင်လေးကိုပါ ဆဲဆိုကြိမ်းမောင်းခဲ့ပါတယ်”
သူ၏ မျက်နှာအမူအရာမှာ ပိုမိုညှိုးငယ်သွား၏။
“အဲဒီအချိန်မှာပဲ သခင်လေးဒန်းနစ် တကယ်ကြီး ပြောချလိုက်တာကတော့…”