← Chapters

အခန်း ၈

Vol. 38 Ch. 8

အခန်း ၈

Vol. 38 Ch. 8

အခန်း (၈) သော့ခတ်ထားတဲ့အခန်းထဲက လူသတ်မှု

“ဒီတစ်ခါတော့ ဒါက စာရေးဆရာဘက်က ဖန်တီးထားတဲ့လှည့်ကွက် မဟုတ်လောက်တော့ပါဘူး…”

ဖုန်းပုကြွယ် စိတ်ထဲမှ တွေးလိုက်သည်။

“မစ်ရှင်က အဆင့်မြှင့်တင်ပြီးသွားပြီ၊ ပြီးတော့ ‘ပြစ်မှုဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးဖို့’ နဲ့ ‘ရဲတွေကို စောင့်ဆိုင်းဖို့’ ဆိုတဲ့ စကားလုံးတွေအရ ကြည့်ရင် ဒါက သေချာပေါက် လူသတ်မှုတစ်ခုပဲ”

“မစ္စတာဖုန်း…”

ဘာတွန်က ဖုန်းပုကြွယ်အား အကူအညီမဲ့စွာ ကြည့်လိုက်သည်။

“စောစောက အသံကို ကြားလိုက်ရလားဟင်…”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“ဘာပဲဖြစ်ဖြစ်… အရင်သွားကြည့်ရအောင်”

သူ တံခါးဆီသို့ အပြေးအလွှား လျှောက်လှမ်းသွားပြီး ဘာတွန်အား သူ့နောက်မှ လိုက်လာရန် လက်ဝေ့ပြလိုက်သည်။

နှစ်ဦးသား အသံထွက်ပေါ်လာရာနေရာဆီသို့ ကော်ရစ်ဒါအတိုင်း အတူတူ ပြေးထွက်လာကြသည်။

ဤတစ်ကြိမ်တွင် အော်ဟစ်သံမှာ ပထမထပ်၊ ဗီလာအိမ်ကြီး၏ အရှေ့ဘက်ခြမ်းရှိ ဖုန်းပုကြွယ် နေထိုင်ရာ ဧည့်သည်အခန်းနှင့် တစ်ဖက်တစ်ချက်စီတွင် ရှိနေသော အခန်းတစ်ခုဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အသံကြားရပြီးနောက် ဖုန်းပုကြွယ်နှင့် ဘာတွန်တို့သည် အခင်းဖြစ်ပွားရာနေရာသို့ အစောဆုံး ရောက်ရှိလာကြသည်။ ကော်ရစ်ဒါလမ်းကွေ့တစ်ခုသို့ အရောက်တွင် မျက်နှာတစ်ခုလုံး ပြာနှမ်းနေသော မစ္စကာရိုးလ်ကို တွေ့လိုက်ရလေသည်။ ထိုအမျိုးသမီးသည် ကော်ရစ်ဒါကြမ်းပြင်ပေါ်တွင် ထိုင်ရင်း တတွက်တွက် ရေရွက်နေခဲ့သည်။

“အိုး… ဘုရားသခင်… မဟုတ်ဘူး… ဒါ အိပ်မက်ပဲ ဖြစ်ရမယ်…”

သူမ၏ အကြည့်များက ရှေ့တည့်တည့်ရှိ ဟောင်းလောင်းပွင့်နေသော တံခါးဆီသို့ စိုက်ကြည့်နေခဲ့သည်။

“မဒမ်၊ ဘာဖြစ်လို့လဲ၊ အဆင်ပြေရဲ့လား”

ဘာတွန်က မေးမြန်းလိုက်သည်။

ဖုန်းပုကြွယ်ကမူ မစ္စကာရိုးလ်၏ အခြေအနေကို သိပ်ဂရုစိုက်ပုံမရဘဲ သူမကို အကဲခတ်ရုံမျှသာ တစ်ချက်ကြည့်ပြီး ထိုဧည့်သည်အခန်းဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။ သူ တံခါးဝမှနေ၍ အခန်းထဲသို့ လှမ်းကြည့်လိုက်ရာ...

တံခါးဝမှနေ၍ ဆိုဖာကုလားထိုင်ပေါ်တွင် လဲကျနေသည့် အမျိုးသားတစ်ဦး၏ အလောင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။ သူ့ဦးခေါင်းသည် ဘေးတစ်ဖက်သို့ စောင်းနေပြီး မျက်လုံးများ အပေါ်သို့ လန်တက်နေကာ ပါးစပ်မှာ တစ်ဝက်ပွင့်နေလျက် လည်ပင်း၊ အင်္ကျီကော်လာနှင့် ရှပ်အင်္ကျီတစ်ခုလုံးတွင် သွေးများဖြင့် ရွှဲရွှဲစိုနေခဲ့သည်။

ထိုအချိန်တွင် ခြေသံများနှင့်အတူ လူအချို့ ထပ်မံရောက်ရှိလာကြသည်။ ဂျက်ခ်သည် အရှေ့ဆုံးမှ ဖြစ်ပြီး လျှောက်လာရင်း မေးမြန်းလိုက်သည်။

“ဘာဖြစ်တာလဲ”

သူ့နောက်မှ ကပ်လျက် ဒေါက်တာပါဝဲလ်၊ အိမ်တော်ထိန်းဟန်ဒါဆန်နှင့် မစ္စအိုဒက်တ်တို့ ရောက်ရှိလာကြသည်။ သူတို့အားလုံး၏ မျက်နှာတွင် စိတ်ရှုပ်ထွေးခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ ရောပြွမ်းလျက် ကော်ရစ်ဒါလမ်းတွင် ထွက်ပေါ်လာခဲ့ကြသည်။

ဖုန်းပုကြွယ်သည် မည်သည့်စကားတစ်ခွန်းမှ မဆိုဘဲ ဘေးလူများ အနားသို့မရောက်မီ အခန်းထဲသို့ အမြန်ဝင်ရောက်သွား၏။ သူသည် ကုတင်အောက်၊ ဘီရိုများနှင့် ရေချိုးခန်းအတွင်း တစ်စုံတစ်ယောက် ပုန်းအောင်းနေခြင်း ရှိ၊ မရှိကို အရင်ဆုံး လိုက်လံရှာဖွေ စစ်ဆေးလိုက်ပြီးနောက် သေဆုံးသူ၏ ဒဏ်ရာများကို အနီးကပ် အကဲခတ်လိုက်သည်။ ဒန်းနစ် အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ဖုန်းပုကြွယ်သည် တံခါးဝသို့ အလျင်အမြန် ပြန်လည်ဆုတ်ခွာလာခဲ့ရာ ဂျက်ခ်နှင့် ကွက်တိ ဆုံတွေ့လိုက်တော့သည်။

“အိုး… ဘုရားသခင်၊ ဒန်းနစ်”

ဂျက်ခ်သည် အလောင်းကို မြင်လိုက်ရသဖြင့် လန့်ဖျန့်သွားသည်။ စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးနောက် သူသည် အခန်းထဲသို့ ပြေးဝင်ရန် ပြင်လိုက်လေသည်။

သို့သော်လည်း သန်မာသော လက်တစ်ဖက်က သူ့ကို ဆွဲတားလိုက်သဖြင့် တံခါးအပြင်ဘက်တွင် ရပ်တန့်သွားခဲ့ရသည်။

“မင်း ဘာလုပ်တာလဲ၊ ငါ့ကို အထဲပေးဝင်စမ်း”

ဂျက်ခ်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

“သူ သေသွားပြီ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ခင်ဗျား အထဲဝင်သွားလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး”

သူက တည်ငြိမ်ပြတ်သားသော လေသံဖြင့် ဆက်ပြောလိုက်သည်။

“ဒီလူသတ်မှုဖြစ်ပွားရာ နေရာမှာ ခင်ဗျားရဲ့ သက်သေအထောက်အထားတွေကို ချန်မထားခဲ့ချင်ဘူးဆိုရင် ဒီတံခါးကို ဖြတ်မဝင်တာ အကောင်းဆုံးပဲ”

ဤအချိန်တွင် ဟန်ဒါဆန်သည်လည်း တံခါးဝသို့ ရောက်ရှိလာလေသည်။ သူ တံခါးဝမှ အလောင်းကို လှမ်းမြင်လိုက်ရသည်နှင့် သူ့မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားပြီး ရုတ်တရက် ရင်ဘတ်ကို ဖိကာ နာကျင်စွာဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

ဂျက်ခ်မှာ သူ့ဘေးနားတွင် ရှိနေသဖြင့် ဟန်ဒါဆန်ကို ဗီဇအရ အမြန်ဖမ်းထိန်းလိုက်နိုင်သည်။

“ဟေး၊ ဟန်ဒါဆန်၊ အဆင်ပြေရဲ့လား”

မလှမ်းမကမ်းတွင် ရှိနေသော ဒေါက်တာပါဝဲလ်က ချက်ချင်း ရှေ့တိုးလာခဲ့သည်။

“သူ့မှာ နှလုံးရောဂါအခံ ရှိတယ်၊ မြန်မြန်… သူ့ကို အရင် လှဲသိပ်လိုက်ပါ”

သူက ဘာတွန်ကို မော့ကြည့်ကာ “မစ္စတာဘာတွန်၊ ကျွန်တော့်အခန်းထဲမှာ ရှေးဦးသူနာပြုသေတ္တာ ရှိပါတယ်၊ ကျေးဇူးပြုပြီး…”

“အို အခုချက်ချင်း သွားယူလိုက်ပါမယ်”

ဒေါက်တာ စကားမဆုံးမီမှာပင် ဘာတွန်က ဆိုလိုရင်းကို သဘောပေါက်သွားပြီး နောက်လှည့်၍ အပြေးအလွှား ထွက်ခွာသွားလေ၏။

သူ ကော်ရစ်ဒါကွေ့သို့ ရောက်သောအခါ အိမ်စေမလေး အိုလီဗာနှင့် ပွတ်ကာသီကာ ဆုံတွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ မစ္စတာဘာတွန်”

အိုလီဗာက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

သို့သော် ဘာတွန်မှာမူ သူမကို ပြန်ဖြေကြားရန် အချိန်မရှိဘဲ စိုးရိမ်တကြီး ပြေးထွက်သွားခဲ့သည်။

တံခါးဝတွင် မတ်တတ်ရပ်နေသည့် ဖုန်းပုကြွယ်မှာမူ လူတိုင်း၏ လှုပ်ရှားမှုများကို အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် သူက ထပ်မံ၍ “မစ္စအိုလီဗာ” ဟု ခေါ်လိုက်သည်။

“အာ… ဘာလဲဟင်၊ လူကြီးမင်း”

ကော်ရစ်ဒါလမ်းဆုံးတွင် ရှိနေသော အိုလီဗာက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။

“ကျေးဇူးပြုပြီး ရဲစခန်းကို ဖုန်းဆက်ပေးပါ”

ဖုန်းပုကြွယ် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီမှာ လူသတ်မှု ဖြစ်ပွားခဲ့လို့ပါ”

အိုလီဗာ၏ တုံ့ပြန်မှုမှာ သဘာဝကျစွာပင် ထိတ်လန့်အံ့အားသင့်သွားခြင်း ဖြစ်သော်လည်း ဖုန်းပုကြွယ်၏ လေသံမှာ နောက်ပြောင်နေခြင်း မဟုတ်ချေ။ ကော်ရစ်ဒါအတွင်းရှိ လူတိုင်း၏ ပျာပျာသလဲ ဖြစ်နေသော အခြေအနေကို ကြည့်ပြီးမှ နောက်ဆုံးတွင် အိုလီဗာက ညည်းတွားလိုက်မိသည်။

“အိုး…ကြောက်စရာကောင်းလိုက်တာ”

ဖုန်းပုကြွယ်သည် လူတိုင်းကို စိတ်အေးအောင် ချော့မော့ရန် အချိန်မရှိချေ။ သူသည် သူလုပ်ဆောင်ရမည့် အလုပ်များကိုသာ ဆက်လက်လုပ်ဆောင်ရင်း အခြားတစ်ဖက်ရှိ ဆွံ့အနေသော မစ္စအိုဒက်တ်ဘက်သို့ လှည့်ကာ တောင်းဆိုလိုက်သည်။

“သခင်မ၊ ကျေးဇူးပြုပြီး အပေါ်ထပ်ကို ခဏသွားပြီး… ဒီမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ခင်ဗျားရဲ့ ခင်ပွန်းကို ပြောပြပေးပါလား”

“ဟေး၊ မိတ်ဆွေ”

ဟန်ဒါဆန်ကို ကုသပေးနေသည့် ဒေါက်တာကို ကူညီရန် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည့် ဂျက်ခ်က ရုတ်တရက် မော့ကြည့်လိုက်သည်။

“မင်းက ဘယ်သူမို့လို့လဲ၊ ဘယ်အချိန်ကတည်းက ဒီမှာ အမိန့်ပေးပိုင်ခွင့် ရှိသွားတာလဲ”

“ကျွန်တော်ကတော့ အခြေအနေကို အေးအေးဆေးဆေး သုံးသပ်နိုင်တဲ့ အပြင်လူတစ်ယောက်ပါပဲ”

ဖုန်းပုကြွယ်၏ အကြည့်များက လူတိုင်း၏ မျက်နှာပေါ်သို့ လျင်မြန်စွာ ဖြတ်သန်းသွား၏။

“သေဆုံးသူ ရှိနေတဲ့နေရာမှာ လူသတ်သမားလည်း ရှိနေမယ်ဆိုတာ ခင်ဗျားတို့ အားလုံး နားလည်ထားကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

“ဒါကြောင့် ရဲတွေမရောက်လာခင်အထိ အခင်းဖြစ်ပွားရာနေရာကို ကာကွယ်ဖို့အတွက် အားလုံး ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ဖုန်းပုကြွယ်က ပြောရင်း အခန်းထဲမှ ထွက်လာလိုက်သည်။ သူ တံခါးပိတ်ရန် ပြင်လိုက်စဉ်… ကော်ရစ်ဒါဘက်သို့ မျက်နှာမူထားသော တံခါးသော့ပေါက်တွင် သော့တစ်ချောင်း စိုက်လျက်ရှိနေသည်ကို သတိပြုမိလိုက်သည်။

“မစ္စကာရိုးလ်”

ဖုန်းပုကြွယ်က ချက်ချင်း မေးမြန်းလိုက်သည်။

“ခင်ဗျား တံခါးမဖွင့်ခင်တုန်းက ဒီတံခါးက သော့ခတ်ထားတာလား”

မိနစ်အနည်းငယ် ကြာပြီးနောက် လူများ ပိုမိုရောက်ရှိလာသဖြင့် ကာရိုးလ်၏ စိတ်ခံစားချက်မှာ အနည်းငယ် ပြန်လည်တည်ငြိမ်လာသော်လည်း မကြာမီမှာပင် သူမသည် ရှိုက်ကြီးတငင် ငိုကြွေးနေပြန်သဖြင့် ဖုန်းပုကြွယ်၏ မေးခွန်းကို ပြန်လည်မဖြေကြားနိုင်ရှာချေ။

“ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ၊ ဒါက အရမ်းအရေးကြီးလို့ပါ”

ဖုန်းပုကြွယ် ဖိအားပေးလိုက်သည်။

“ဟီး… ဟုတ်… ဟုတ်ပါတယ်”

ကာရိုးလ်မှာ ငိုသံစွက်လျက် အနိုင်နိုင် ဖြေကြားလိုက်သည်။

“ဘာဖြစ်လို့လဲ”

ဂျက်ခ်က ဖုန်းပုကြွယ်ကို မေးလိုက်သည်။

“အဲဒါက ဘာကို ဆိုလိုတာလဲ”

ဖုန်းပုကြွယ်က ဧည့်သည်အခန်း၏ ဆန့်ကျင်ဘက်ရှိ ပြတင်းပေါက်ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒါက ဒီအိပ်ခန်းထဲမှာရှိတဲ့ တစ်ခုတည်းသော ပြတင်းပေါက်ပဲ၊ ပြီးတော့ အခု အဲဒါက ပိတ်ထားတယ်၊ ပြတင်းပေါက် လက်ကိုင်ကလည်း အတွင်းထဲကို ခေါက်ဝင်နေတယ်”

သူ ခဏရပ်လိုက်သည်။

“ဒီအခန်းရဲ့ ဖွဲ့စည်းပုံက ကျွန်တော်နေတဲ့ ဧည့်သည်အခန်းနဲ့ အတူတူပဲ၊ ရေချိုးခန်းထဲမှာလည်း ပြတင်းပေါက် အသေးလေးတစ်ခု ရှိသေးတယ်၊ ဒါပေမဲ့ အဲဒါက အရမ်းသေးပြီး တစ်ဖက်စီက ဆယ်လက်မထက်မပိုဘူး၊ လူတစ်ယောက် ဖြတ်သွားဖို့ နေနေသာသာ လုံးဝ မဖြစ်နိုင်ဘူး”

ဂျက်ခ်သည် တစ်စုံတစ်ရာကို ရိပ်မိသွားပုံရပြီး သူ့မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။

“မင်း ဆိုလိုတာက… လူသတ်သမားက… အခုထိ အခန်းထဲမှာပဲ ရှိနေသေးတာလား…”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

ဖုန်းပုကြွယ်က ငြင်းပယ်လိုက်သည်။

“လူသတ်ပြီးတာနဲ့ ဘယ်သူက တံခါးတွေ၊ ပြတင်းပေါက်တွေကို ပိတ်ပြီးမှ အခင်းဖြစ်ပွားရာနေရာကနေ ထွက်သွားမှာလဲ… ဒါ့အပြင် ကျွန်တော်လည်း ရှာပြီးပြီ၊ အခန်းထဲမှာ တခြားဘယ်သူမှ မရှိတော့ဘူး”

သူ မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“ကြည့်ရတာတော့… ဒါက သော့ခတ်ထားတဲ့အခန်းထဲက လူသတ်မှုပဲ ဖြစ်လိမ့်မယ်”

သူတို့ စကားပြောနေစဉ် ဘာတွန်သည် ဆေးသေတ္တာကို ကိုင်ဆောင်၍ အပြေးအလွှား ပြန်လည်ရောက်ရှိလာခဲ့သည်။

“မြန်မြန်၊ ဆေးသေတ္တာကို ငါ့ကိုပေး”

ဒေါက်တာပါဝဲလ်က ဆေးသေတ္တာကို လှမ်းယူလိုက်ပြီး လိုအပ်သောဆေးဝါးများကို ကျွမ်းကျင်စွာ ရှာဖွေကာ အဘိုးကြီးဟန်ဒါဆန်ကို ဆေးတစ်ချက် ထိုးပေးလိုက်သည်။ ထို့နောက် နားကြပ်ဖြင့် ခေတ္တမျှ နားထောင်ပြီးမှ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်လေသည်။

“ဟူး… အခုတော့ သူ အဆင်ပြေသွားပါပြီ၊ ငါ ထင်တာတော့ သူ အရမ်းလန့်သွားလို့ ဖြစ်မယ်၊ နာရီဝက်လောက် အနားယူလိုက်ရင် သက်သာသွားမှာပါ”

ပါဝဲလ်သည် သူ့နဖူးမှ ချွေးများကို သုတ်ရင်း တောင်းဆိုလိုက်သည်။

“ဂျက်ခ်၊ သူ့ကို သူ့အခန်းထဲ ပြန်ပို့ဖို့ ငါ့ကို ကူညီပေးပါဦး”

“ရတာပေါ့…”

ဂျက်ခ်က ပြန်လည်ဖြေကြားရင်း ဖုန်းပုကြွယ်ကို စောင်းငဲ့ကြည့်ကာ အေးစက်သော လေသံဖြင့် ဆိုလိုက်လေသည်။

“ဘာပဲဖြစ်ဖြစ် ငါတို့ဆီမှာ ကြီးမြတ်တဲ့ စုံထောက်ကြီး ရှိနေတာပဲ၊ ငါ ဝင်ရောက်စွက်ဖက်ဖို့ မလိုတော့ပါဘူး”

All Chapters