အခန်း ၉
Vol. 38 Ch. 9
အခန်း (၉) စုံထောက်စကိုးဖီးလ်
ရဲတပ်ဖွဲ့ဝင်များသည် မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာဖြင့် မိနစ်နှစ်ဆယ်အတွင်း ရောက်ရှိလာကြသည်။
ထိုမိနစ်နှစ်ဆယ်အတွင်း ဘာတွန်က မစ္စကာရိုးလ်ကို တွဲထူပေးပြီး ဧည့်ခန်းမကြီးဆီသို့ ခေါ်ဆောင်ကာ အနားယူခိုင်းလိုက်သည်။ အိမ်တော်ထိန်းဟန်ဒါဆန်မှာမူ သတိပြန်မရသေးသဖြင့် သူ့အခန်းထဲသို့ ပြန်လည်ပွေ့ချီသွားကြပြီး အိုလီဗာက ယာယီစောင့်ရှောက်ပေးထားခဲ့သည်။ ဂျက်ခ်နှင့် ပါဝဲလ်တို့သည် ဟန်ဒါဆန်ကို ပို့ဆောင်ပေးပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် ပြန်လည်ရောက်ရှိလာကြသည်။ သို့သော်လည်း ဖုန်းပုကြွယ်မှာမူ သတိအပြည့်ဖြင့် တံခါးဝတွင် ဆက်လက်စောင့်ကြပ်နေပြီး သူကိုယ်တိုင်အပါအဝင် ဘယ်သူ့ကိုမှ အထဲသို့ ပေးမဝင်ခဲ့ချေ။ သတင်းကြားရရုံမျှဖြင့် အပြေးအလွှား ရောက်ရှိလာသည့် သခင်ကြီး ကိုးလ်စတန်ပင်လျှင် ဖုန်းပုကြွယ်ကို မဖြတ်ကျော်ခဲ့ချေ။
ဤအိမ်ထောင်ဦးစီးမှာ အမှန်တကယ်ပင် ထူးခြားလှသည်။ သူ ရောက်ခါစတွင် အလွန်ပင် စိတ်လှုပ်ရှားဒေါသထွက်နေသော်လည်း အခင်းဖြစ်ပွားရာနေရာသို့ လူပေးမဝင်ရသည့် အကြောင်းအရင်းကို ဖုန်းပုကြွယ် ရှင်းပြလိုက်သောအခါ ချက်ချင်း စိတ်အေးသွားပြီး ဖုန်းပုကြွယ်၏ လုပ်ဆောင်ချက်ကိုပင် ချီးကျူးအသိအမှတ်ပြုခဲ့သည်။
ဥဩသံ ကျယ်လောင်စွာဖြင့် ဗီလာအိမ်ကြီးရှေ့၌ ရဲကားတစ်စီး ဆိုက်ရောက်လာချိန်တွင် ဖုန်းပုကြွယ်နားထဲ၌ စနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာပြီး သူ့တာဝန်မှာလည်း အဆင့်မြှင့်သွားခဲ့သည်။
ဘာတွန်က တံခါးသွားဖွင့်ပေးပြီး ရဲအရာရှိအချို့ကို ပြစ်မှုဖြစ်ပွားရာ အခန်းတံခါးဝသို့ လမ်းပြခေါ်ဆောင်လာခဲ့သည်။
ဤအချိန်တွင် ကော်ရစ်ဒါလမ်း၌ လူငါးဦး စောင့်ဆိုင်းနေကြသည်။ဖုန်းပုကြွယ်အပြင် မစ္စတာကိုးလ်စတန်၊ မစ္စအိုဒက်တ်၊ သခင်လေးဂျက်ခ်နှင့် ဒေါက်တာပါဝဲလ်တို့ ဖြစ်ကြသည်။
ရဲအရာရှိသုံးဦးမှာ ဘာတွန်နောက်မှ လိုက်ပါလာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အရပ်သားကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဦးထုပ်ဝိုင်းဆောင်းလျက် ပြောင်လက်နေသော သားရေဖိနပ်ကို စီးထားသည့် အရာရှိကြီး ဖြစ်သည်။ သူသည် အသက်ငါးဆယ်ဝန်းကျင်ခန့် ရှိပြီး အနည်းငယ် ဝဖြိုးကာ သပ်ရပ်စွာ ညှပ်ထားသော နှုတ်ခမ်းမွေးရှိလျက် ထက်မြက်ကျွမ်းကျင်သော အရှိန်အဝါမျိုး ပေါ်လွင်နေခဲ့သည်။
ကျန်ရဲအရာရှိနှစ်ဦးမှာမူ ပိုမိုငယ်ရွယ်ပြီးတစ်ဦးမှာ ကလေးမျက်နှာရှိကာ ကျောင်းဆင်းခါစ လူငယ်လေးနှင့် တူပေသည်။ သူတို့နှစ်ဦးလုံးမှာ ရဲဝတ်စုံကို ဝတ်ဆင်ထားကြပြီး ထိုဝတ်စုံစတိုင်လ်မှာ... ၁၉၈၀ ပြည့်လွန်နှစ်များက ဗြိတိန်ရဲတပ်ဖွဲ့၏ အနက်ရောင်ဝတ်စုံများနှင့် ဆင်တူသော်လည်း အသေးစိတ်အချက်အလက်များတွင်မူ အနည်းငယ် ကွဲပြားမှု ရှိလေသည်။ မည်သို့ပင်ဖြစ်စေ ယင်းမှာ စိတ်ကူးယဉ်နိုင်ငံတစ်ခု ဖြစ်နေသဖြင့် ထိုသို့ ကွဲပြားမှုများ ရှိနေသည်မှာ နားလည်ပေးနိုင်စရာ ဖြစ်သည်။
“ကျုပ်ကတော့ အင်စပက်တာ စကိုးဖီးလ်ပါ”
ထိုအရပ်သားဝတ်စုံနှင့် အရာရှိက ရှေ့သို့တစ်လှမ်းတိုးကာ မိတ်ဆက်လိုက်သည်။
“ခွင့်ပြုပါဦး၊ ခင်ဗျားတို့ထဲက ဘယ်သူက မစ္စတာလဗ်ခရပ်ဖ်လဲခင်ဗျာ”
ကိုးလ်စတန်သည် သူ၏ တုတ်ကောက်ကို အားပြု၍ ရှေ့သို့ ထွက်လိုက်သည်။
“ကျွန်တော်က ကိုးလ်စတန် လဗ်ခရပ်ဖ် ပါ၊ ဒီဗီလာရဲ့ ပိုင်ရှင်ပါ…”
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး “…ပြီးတော့ သေဆုံးသူရဲ့ ဖခင်ပါ…”
စကိုးဖီးလ်သည် ကိုးလ်စတန်၏ စူးရှသောအကြည့်များကို စက္ကန့်အနည်းငယ် ဆုံကြည့်လိုက်ပြီး သူ၏ သံသယစိတ်ကို လုံးဝ မဖုံးကွယ်ထားချေ။ သူတို့လို စုံထောက်များမှာ ကာလကြာရှည်စွာ ဖြစ်တည်လာခဲ့သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလေ့အထအရ သက်သေအထောက်အထား ရှာဖွေခြင်းထက် “လူ” နှင့် ရင်ဆိုင်ဖြေရှင်းရခြင်းနှင့် စစ်ဆေးမေးမြန်းမှုများအတွင်းမှ လမ်းစရှာဖွေခြင်းတို့တွင် ပိုမို ကျွမ်းကျင်ကြသည်။
“ဒါဆို… အလောင်းက ဘယ်မှာလဲ”
စကိုးဖီးလ်က မေးလိုက်သည်။
“အဲဒီအခန်းထဲမှာပါ”
ကိုးလ်စတန်က ဖုန်းပုကြွယ်ဘေးရှိ တံခါးကို လက်ညှိုးညွှန်ပြလိုက်သည်။
“အာ… အားနာပါတယ်ဗျာ၊ လမ်းလေး ခဏဖယ်ပေးပါဦး”
ထိုသို့ ကြားလိုက်ရသောအခါ စကိုးဖီးလ်သည် သူ၏ လက်အောက်ငယ်သားနှစ်ဦးကို အကြည့်တစ်ချက်ပေး၍ လိုက်လာရန် အချက်ပြလိုက်သည်။
သုံးဦးသား တံခါးဝသို့ ရောက်ရှိလာချိန်တွင် ဖုန်းပုကြွယ်က ဘေးသို့ ဖယ်ပေးလိုက်သည်။
စကိုးဖီးလ်သည် ဖုန်းပုကြွယ်ဘေးမှ ဖြတ်သန်းသွားစဉ် သူ့ကို အကဲခတ်သည့်အနေဖြင့် တစ်ချက် ကြည့်လိုက်သော်လည်း သိပ်အာရုံမစိုက်ဘဲ အခန်းတံခါးဆီသို့သာ အကြည့်ကို ပြောင်းလဲလိုက်သည်။
“ဟင်”
တံခါးသော့ပေါက်တွင် သော့တစ်ချောင်း စိုက်လျက် ရှိနေသည်ကို မြင်လိုက်ရသောအခါ စကိုးဖီးလ်သည် အနည်းငယ် တုံ့ဆိုင်းသွားလေသည်။ သူ တံခါးလက်ကိုင်ကို လှည့်ကြည့်လိုက်ရာ တံခါးမှာ သော့ခတ်မထားကြောင်း တွေ့ရှိလိုက်ရသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူသည် ပွင့်နေသော တံခါးနောက်ရှိ ဆိုဖာပေါ်မှ အလောင်းကို မြင်တွေ့လိုက်ရတော့သည်။
“အလောင်းကို တစ်ယောက်ယောက် ရွှေ့ပြောင်းတာမျိုး လုပ်ခဲ့သေးလား”
စကိုးဖီးလ်က အထဲသို့ ချက်ချင်းမဝင်သေးဘဲ နောက်လှည့်၍ မေးမြန်းလိုက်သည်။
“မလုပ်ပါဘူး”
ဂျက်ခ်က ပြန်လည်ဖြေကြားလိုက်သည်။
“ကာရိုးလ် အလောင်းကို စတွေ့ကတည်းက ဒီအိမ်က အခြေအနေအတိုင်း ရှိနေတာပါ”
“ဒါနဲ့ ခင်ဗျားကော ဘယ်သူလဲ”
စကိုးဖီးလ်က မေးလိုက်သည်။
“ကျွန်တော့်နာမည်က ဂျက်ခ်ပါ”
ဂျက်ခ်သည် မေးစေ့ဖြင့် အလောင်းရှိရာသို့ ညွှန်ပြရင်း ပြန်ဖြေလိုက်သည်။
“အဲဒီမှာ ထိုင်နေတဲ့လူက ကျွန်တော့်အစ်ကို ဒန်းနစ်ပါ”
သူက ခဏရပ်ပြီးမှ “ကာရိုးလ်က ဒန်းနစ်ရဲ့ ဇနီးပါ၊ အခု သူက ဧည့်ခန်းထဲမှာ ရှိနေပါတယ်”
စကိုးဖီးလ်သည် ဂျက်ခ်ကို စက္ကန့်အနည်းငယ် စိုက်ကြည့်လိုက်ပြီး အခန်းထဲသို့ တစ်ချက် ပြန်ကြည့်ကာ မေးမြန်းလိုက်သည်။
“အခင်းဖြစ်ပွားရာ နေရာကို ဘယ်သူ့မှ ပေးမဝင်ဖို့ ခင်ဗျားပြောခဲ့တာလား”
“မဟုတ်ပါဘူး၊ သူပြောတာပါ”
ဂျက်ခ်က ဖုန်းပုကြွယ်ကို လက်ညှိုးညွှန်ပြလိုက်သည်။
စကိုးဖီးလ် လှည့်ကြည့်လိုက်သော်လည်း သူစကားမဆိုရသေးမီ အစ်ကိုကြွယ်က ကြားဖြတ် နူတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ရဲအရာရှိကြီး၊ ကျွန်တော့်နာမည်က ဖုန်းပုကြွယ်ပါ”
“ဖုန်း…”
ထိုနာမည်ကို ကြားလိုက်သောအခါ စကိုးဖီးလ်၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားလေသည်။ သူသည် မျက်လုံးအဝိုင်းသားဖြင့် ဖုန်းပုကြွယ်ကို ထပ်မံ၍ သေသေချာချာ စိုက်ကြည့်လိုက်သည်။
“ဘာလဲ၊ ခင်ဗျားနာမည်က ဖုန်းပုကြွယ်လို့ ပြောလိုက်တာလား”
ထိုရဲအရာရှိ၏ လေသံအရ အစ်ကိုကြွယ်သည် ထိုရဲမှာ သူ့နာမည်ကို တစ်နေရာရာတွင် ကြားဖူးနေကြောင်း မရေမရာ ရိပ်မိလိုက်သည်။ ၎င်းကို ဇာတ်လမ်းအကျဉ်းချုပ်နှင့် ဆက်စပ်တွေးတောရင်း သူက စမ်းသပ်သည့်အနေဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ဟုတ်ပါတယ်၊ ဖုန်းပုကြွယ်ပါ၊ ကျွန်တော်က စုံထောက်တစ်ယောက်ပါ”
“အိုး တကယ်ပဲ ခင်ဗျားကိုး”
စကိုးဖီးလ်က ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။ သူသည် အတည်ပြုသည့်အနေဖြင့် အစ်ကိုကြွယ်၏ မျက်နှာကို အကြိမ်ကြိမ် အသေအချာ စိုက်ကြည့်ပြီးနောက် ဆက်လက် ပြောဆိုလိုက်သည်။
“ခင်ဗျားကို မြင်ဖူးသလိုရှိနေတာ မဆန်းပါဘူး၊ အခုမှပဲ မှတ်မိတော့တယ်၊ ကျုပ် ခင်ဗျားကို သတင်းစာထဲမှာ တွေ့ဖူးတာပဲ၊ ခင်ဗျားက နာမည်ကျော် စုံထောက်ကြီး ဖုန်းပုကြွယ်ပဲ”
“အင်း… နားလည်ပြီ… ငါ NPC ကို ဘယ်နာမည်ပဲ ပြောပြော စနစ်က ငါကစားနေတဲ့ ဇာတ်ကောင်နာမည်ကိုပဲ အလိုအလျောက် သတ်မှတ်ပေးလိုက်တာကိုး…”
ဖုန်းပုကြွယ် စိတ်ထဲမှ တွေးလိုက်သည်။
“ဒါနဲ့ စကားမစပ်… ငါက တကယ်ကြီး ‘နာမည်ကျော်’ စုံထောက်’တစ်ယောက် ဖြစ်နေတာပဲ၊ ဒီလိုနေရာမျိုးက ရဲတွေတောင် ငါ့အကြောင်း ကြားဖူးတယ်ဆိုတော့ ငါက အတော်လေး နာမည်ကြီးတာပေါ့၊ အခြေခံအားဖြင့်တော့ ဟာကျူလီ ပါးရော့နဲ့ အဆင့်အတန်းချင်း တူနေတာပဲ (ဟာကျူလီပါးရော့ဆိုသည်မှာ အာဂါသာခရစ္စတီ ဖန်တီးခဲ့သော ဘယ်လ်ဂျီယံ စုံထောက်ကြီး ဖြစ်သည်။ လန်ဒန်တွင် နေထိုင်ပြီး မိမိ၏ အောင်မြင်မှုများကို လျှို့ဝှက်ထားတတ်သည့် အချို့သော အစွဲအလမ်းကြီးပြီး အတ္တကြီးသူများနှင့်မတူဘဲ ပါးရော့ကတော့ ဇာတ်အိမ်အရ အရမ်းနာမည်ကြီးသည့် စုံထောက်တစ်ယောက်ဖြစ်သည်။ သူ၏ အမှုတော်တော်များများကို မီဒီယာများက ဖော်ပြခဲ့ကြပြီး သူ့နာမည်မှာ အများပြည်သူအကြား ရေပန်းစားလှသည်။ ထူးခြားချက်အနေဖြင့် ‘ဟာကျူလီ’ ဟူသော လက်ရာထဲတွင် စာရေးဆရာမသည် လွန်ခဲ့သော ၁၈၆၄ ခုနှစ်၊ ဟုမ်းစ်မိသားစု ဥရောပတိုက်ကို ဒုတိယအကြိမ် ခရီးထွက်စဉ်အတွင်း ပါးရော့မိသားစုထံသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိမ်မွေ့စွာ အရိပ်အမြွက် ထည့်သွင်းဖော်ပြခဲ့ဖူးသည်။ ဤသည်မှာလည်း ခရစ္စတီအနေနဲ့ ကိုနန်ဒွိုင်းလ်အပေါ် ဂါရဝပြုထားခြင်း ဖြစ်ပေလိမ့်မည်။ လူတိုင်းကတော့ အစွဲအလမ်းကြီးသူတွေကို သဘောကျကြတာပဲလေ။)…”
“အာ… ဟုတ်ပါတယ်၊ ကျွန်တော်ပါပဲ”
ဖုန်းပုကြွယ်သည် အပြင်ပန်းတွင် တည်ငြိမ်ပြီး ခန့်မှန်းရခက်သော အမူအရာကို ထိန်းသိမ်းထားလျက် အေးစက်စွာ ပြန်လည်ဖြေကြားလိုက်သည်။
“အိုး သာမန်လူတစ်ယောက်က အခင်းဖြစ်ပွားရာနေရာကို ဘယ်လို ကာကွယ်ရမလဲဆိုတာ သိနေတာ တကယ် ထူးဆန်းနေတာ”
စကိုးဖီးလ်က ပြောလိုက်သည်။
“ခင်ဗျား ဒီကို ရောက်နေလို့ကိုး”
ဤအချိန်တွင် လဗ်ခရပ်ဖ် မိသားစုဝင်အားလုံးမှာ အလွန်ရှုပ်ထွေးလှသော အမူအရာကိုယ်စီ ရှိနေကြပြီး ၎င်းတွင် အဓိပ္ပာယ်နှစ်ခု ရှိနေသည်။ ပထမအချက်မှာ အံ့အားသင့်ခြင်း ဖြစ်သည်။ ဤလူမှာ ဤမျှနာမည်ကြီးသော စုံထောက်တစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ အပြစ်ရှိစိတ် ဖြစ်သည်… အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်ချက်ရှိသော လူများသည် များသောအားဖြင့် လျှို့ဝှက်ချက်များကို ဖော်ထုတ်ရာတွင် ကျွမ်းကျင်သော လူမျိုးများနှင့် မပတ်သက်ချင်ကြသောကြောင့် ဖြစ်သည်။
“အိုး ဒါက တကယ်ကို အံ့ဩစရာပါပဲဗျာ”
စကိုးဖီးလ်က ဆက်ပြောလိုက်သည်။
“ကျုပ်တို့ကို နည်းနည်းပါးပါး လမ်းညွှန်ပေးပါဗျာ၊ ခင်ဗျား ဒီမှာ ရှိနေမှတော့ အမှုက အမြန်ဆုံး ပေါ်ပေါက်သွားလိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်”
“ဟဲ… ဟဲ… ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်”
ဖုန်းပုကြွယ်သည် စိတ်မပါလက်မပါ ရယ်မောရင်း စိတ်ထဲမှ ကျိတ်တွေးလိုက်သည်။
“ငါ့ရဲ့ ကျိုးကြောင်းဆင်ခြင်မှုစွမ်းရည်ကို ငါကိုယ်တိုင် ယုံကြည်မှု ရှိနေပေမဲ့လည်း အမှုက ဒီလောက်မြန်မြန်ကြီး ပေါ်သွားရင် တကယ်အဆင်ပြေပါ့မလား…
ခုမှ အခန်း ၉ ပဲ ရှိသေးတယ်လေ၊ တကယ်လို့ ငါးခန်းလေးနဲ့ အမှုပြီးသွားရင် ကျန်တဲ့ အခန်းနှစ်ဆယ်ကျော်က စာရေးဆရာက ကီးဘုတ်ပေါ် သူ့မျက်နှာတင်ပြီးလှိမ့်ရေးထားတဲ့ ပေါက်ကရစာသားတွေနဲ့ပဲ ပြည့်နေတော့မှာပေါ့…
ဒါနဲ့ စကားမစပ်… မင်းနာမည်က စာလုံးငါးလုံးအပြည့်ရှိနေတဲ့အပြင် လဗ်ခရပ်ဖ်ဆိုတဲ့ စာလုံးခြောက်လုံးပါတဲ့ မျိုးရိုးနာမည်တွေ ခဏခဏ ပေါ်လာတာ ပြီးတော့ အပေါ်က ရှည်လျားလှတဲ့ ကွင်းစကွင်းပိတ်မှတ်စုတွေပါထည့်တွက်ရင်… ဒါတွေအားလုံးက စာလုံးရေတိုးအောင် လျှို့ဝှက်လုပ်ဆောင်ထားတဲ့ စက်ဆုပ်ရွံရှာစရာ နည်းလမ်းတွေ မဟုတ်လား… ဒီလိုမျိုး အဆင့်အတန်းကို လျှော့ချပစ်တဲ့ နည်းလမ်းတွေရဲ့ သက်ရောက်မှုက တကယ်တော့ သေးသိမ်လှပါတယ်…
တကယ်ပါပဲ၊ အခန်း ၃၃ အထိ ရောက်အောင် သွားနိုင်ဖို့ ငါ့ရဲ့ ကိုယ်ပိုင်အရည်အချင်းကိုပဲ အားကိုးရတော့မှာပဲ”