အခန်း ၁၂
Vol. 38 Ch. 12
အခန်း (၁၂) အမှုကို ပြန်သရုပ်ပြခြင်း
၁၀ မိနစ်ကျော်ခန့် ကြာပြီးနောက် ဖုန်းပုကြွယ်သည် စကိုးဖီးလ်နှင့် ဗီလာအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သော ရဲအရာရှိတို့ကို သူ့အခန်းဆီသို့ ခေါ်ဆောင်လာကာ သော့ခတ်ထားသည့် အခန်းတွင်း လူသတ်မှုပဟေဠိကို သရုပ်ပြရန် ပြင်ဆင်လိုက်သည်။
ဤအခန်းမှာ ပြစ်မှုဖြစ်ပွားရာ အခန်းနှင့် ဝဲယာပြောင်းပြန် ဖြစ်နေသည်မှအပ တံခါး၊ ပြတင်းပေါက်တည်ဆောက်ပုံနှင့် ကုန်ကြမ်းပစ္စည်းများမှာ ထပ်တူပင် ဖြစ်သည်။ အမှုကို ပြန်လည်သရုပ်ဖော်ရန်အတွက် အလွန်ပင် ပြီးပြည့်စုံလှသည်။
စကိုးဖီးလ်သည်လည်း ကျော်ကြားလှသော စုံထောက်ကြီးက သူ့ရှေ့မှောက်တွင် ဤပဟေဠိကို မည်သို့ ဖော်ထုတ်ပြသမည်နည်းဟူသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုသဖြင့် မျှော်လင့်ချက်အပြည့် ရှိနေလေသည်။
ဖုန်းပုကြွယ်သည် အိမ်ရှင်၏ သဘောတူညီချက်ကို ရရှိထားပြီးဖြစ်၍ လူသတ်လက်နက်နှင့် ဆင်တူသော တယောကြိုး အပြတ်တစ်ချောင်းကို သိုလှောင်ခန်းထဲမှ ရှာယူလာခဲ့သည်။ သူသည် ထိုကြိုးကို ထုတ်ယူ၍ အခန်းအလယ်သို့ လျှောက်သွားလိုက်ပြီး ရဲအရာရှိနှစ်ဦးဘက် လှည့်ကာ ဆိုသည်။
“အခြေအနေတွေက လုံလောက်နေပြီဖြစ်သလို တကယ့်မှုခင်းအစစ်ကိုလည်း မထိခိုက်စေနိုင်တော့… ကျွန်တော်တို့ မှုခင်းကို ဘာလို့ ပြန်သရုပ်ဖော်မကြည့်ရမှာလဲ”
“ခင်ဗျား ဆိုလိုတာက…”
စကိုးဖီးလ်က တုန့်ပြန်လိုက်သည်။
“ကျုပ်တို့ သုံးယောက်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်သရုပ်ဖော်ရမှာလား”
“နှစ်ယောက်ဆို ရပါပြီ”
ဖုန်းပုကြွယ်က ဆိုသည်။
“ကျွန်တော်က လူသတ်သမားအဖြစ် သရုပ်ဆောင်မယ်”
သူက စကိုးဖီးလ်ဘေးရှိ ရဲအရာရှိကို လှမ်းကြည့်လိုက်သည်။
“ဒီတစ်ယောက်က…”
“ရဲအရာရှိ ဒန်းပ်ဆေးပါ ဆရာ”
အရာရှိ ဒန်းပ်ဆေးက သူ့ဦးထုပ်အစွန်းကို အနည်းငယ်ပြင်ဆင်ရင်း မိတ်ဆက်လိုက်သည်။ သူသည် အတော်အတန် အရပ်ရှည်သော အရာရှိလူငယ်လေးတစ်ဦးဖြစ်ပြီး သေဆုံးသူဒန်းနစ်ကဲ့သို့ နှုတ်ခမ်းမွေးစစ ရှိသော်လည်း ပိုမိုချဉ်းကပ်ရလွယ်ကူသော ရုပ်ရည်နှင့် အမူအရာတို့ ရှိပေသည်။
“အရာရှိ ဒန်းပ်ဆေး၊ ခင်ဗျားကိုယ်ထည်က သေဆုံးသူနဲ့ ဆင်တူတာမို့ ခင်ဗျားက သေဆုံးသူအဖြစ် သရုပ်ဆောင်ပေးပါ”
ဖုန်းပုကြွယ် ပြောလိုက်သည်။
ဒန်းပ်ဆေးသည် သူ့ဘေးရှိ အထက်လူကြီးကို လှမ်းကြည့်ပြီး ခွင့်ပြုချက်ရပြီးနောက် ရှေ့သို့ ခြေလှမ်းတစ်ဝက်ခန့် တက်ကာ ပြန်ဖြေလိုက်သည်။
“ကျေးဇူးပြုပြီး လုပ်ပါ ဆရာ”
“ဒါဆို… စလိုက်ရအောင်”
ဖုန်းပုကြွယ်သည် ကုလားထိုင်များဘက်သို့ အချက်ပြရင်း ဒန်းပ်ဆေးကို ပြောလိုက်သည်။
“ဒီဆိုဖာကုလားထိုင်ပေါ်မှာ ထိုင်ပေးပါ”
ဒန်းပ်ဆေးက လျှောက်သွားပြီး ငုံ့ထိုင်လိုက်သည်။
ဖုန်းပုကြွယ်က ပြောသည်။
“တတ်နိုင်သမျှ သဘာဝကျကျ ထိုင်ပေးပါ”
ဒန်းပ်ဆေးက “ကောင်းပြီ” ဟု ဆိုကာ ကုလားထိုင်နောက်မှီကို မှီလိုက်လေသည်။
“ဒန်းနစ် အသတ်မခံရခင်တုန်းက သူက အခုလိုမျိုး ဆိုဖာပေါ်ထိုင်ပြီး ဆေးလိပ်သောက်နေခဲ့တာ”
ဖုန်းပုကြွယ် စတင်ရှင်းပြလိုက်သည်။
“ပြီးတော့ လူသတ်သမားကလည်း သူနဲ့ တစ်ခန်းတည်းမှာ ရှိနေခဲ့တယ်”
သူက ဒန်းပ်ဆေး၏ ဘေးနှင့် နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ရွှေ့လိုက်သည်။
“အခန်းရဲ့ ဒီဘက်အခြမ်းက ဒန်းနစ်ရဲ့ မျက်ကွယ်နေရာထဲ လုံးဝကျရောက်နေတာ၊ အဲဒီမှာ ဘီရို၊ စားပွဲ၊ ကက်ဘိနက်တစ်ခုနဲ့ ရေချိုးခန်းဆီကို သွားတဲ့တံခါးရှိတယ်”
“ဒန်းနစ်အနေနဲ့ သံသယမဝင်ဘဲ နေနေတဲ့အချိန်မှာ လူသတ်သမားက ဒီနေရာထဲကို တိတ်တဆိတ် ဝင်လာနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိတယ်”
ဖုန်းပုကြွယ် ရှင်းပြလိုက်သည်။
“ပထမနည်းလမ်းကတော့… သူက ဒန်းနစ်နဲ့ စကားပြောရင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေသလို ဟန်ဆောင်ပြီး သူ့နောက်ကို တဖြည်းဖြည်း ရွှေ့သွားတာမျိုး၊ ဒုတိယနည်းလမ်းကတော့… အိမ်သာသုံးဖို့ လိုအပ်သလိုမျိုး ဟန်ဆောင်တာ၊ ဒါမှမဟုတ်လည်း လူသတ်သမားက ဘီရိုထဲကနေ ပစ္စည်းတစ်ခုခု သွားယူမလိုမျိုး ဟန်ဆောင်တာ…”
သူ စကားပြောရင်း လမ်းလျှောက်လာရာ မည်သူမျှ သတိမထားမိခင်မှာပင် စကိုးဖီးလ်၏ နောက်ဘက်သို့ တိတ်တဆိတ် ရောက်ရှိသွားခဲ့သည်။
“တွေ့လား၊ ဒါက အရမ်းလွယ်ပါတယ်”
“အာ ခင်ဗျား ဘယ်အချိန်ကတည်းက…”
စကိုးဖီးလ်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ သူသည် ဖုန်းပုကြွယ်၏ စကားများကို အာရုံစိုက် တွေးတောနေသဖြင့် နာမည်ကြီးစုံထောက်ကြီးက ပထမဆုံးဥပမာကို ကိုယ်တိုင်သရုပ်ပြသွားကြောင်း ယခုမှ သတိပြုမိတော့သည်။
ဖုန်းပုကြွယ် ပခုံးတွန့်ပြရင်း ဆိုဖာကုလားထိုင်ဆီသို့ ပြန်လျှောက်သွားလိုက်သည်။
“လူတွေက ပြင်ဆင်မှုမရှိဘဲ စိတ်လျှော့ထားချိန်မှာ ချောင်းမြောင်းတိုက်ခိုက်ခံရဖို့ အရမ်းလွယ်ကူတတ်ကြတယ်၊ ဒီကမ္ဘာပေါ်က လူအများစုဟာ အချိန်အများစုမှာ အကာအကွယ်မဲ့တဲ့ အခြေအနေမျိုးမှာ ရှိနေကြတာလို့တောင် ပြောလို့ရတယ်”
သူက ဆက်လက် ဥပမာပေးလိုက်သည်။
“ဥပမာအားဖြင့်၊ ခင်ဗျား အမြဲသွားနေကျ စားသောက်ဆိုင်မှာ ထိုင်နေတုန်း စားပွဲထိုးတစ်ယောက် ဒါမှမဟုတ် ဝယ်သူတစ်ယောက်က ခင်ဗျားဘေးကနေ ရုတ်တရက် ဖြတ်ပြေးသွားတယ် ဆိုပါစို့၊ ခင်ဗျားဦးနှောက်က ‘သတိထား၊ ဒီကောင် သူ့အင်္ကျီထဲကနေ ဓားထုတ်ပြီး မင်းခေါင်းကို ထိုးနိုင်တယ်’ လို့ သတိပေးမှာမလား။
ဒါမှမဟုတ် ခင်ဗျားရဲ့ နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ အိမ်ထဲမှာ ရေချိုးပြီးခါစ စာအုပ်တစ်အုပ်ကို ဖတ်နေတယ် ဆိုပါစို့၊ ခင်ဗျားဘေးဘက် ပြတင်းပေါက်အပြင်ဘက်မှာ တစ်ယောက်ယောက်က စနိုက်ပါရိုင်ဖယ်နဲ့ ခင်ဗျားကို ချိန်နေနိုင်တယ်ဆိုတာကို ခင်ဗျား ထည့်တွေးမိမှာလား”
ထိုစကားကို ကြားသောအခါ စကိုးဖီးလ်နှင့် ဒန်းပဆေးတို့ နှစ်ဦးစလုံးသည် မသိစိတ်မှ အခန်း၏ ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်မိသွားကြသည်...
ဖုန်းပုကြွယ်သည် သူ၏ ညာဘက်လက်ညှိုးဖြင့် သူ့နားထင်ကို ညင်သာစွာ တောက်လိုက်သည်။
“ကျွန်တော်တို့ရဲ့ ဦးနှောက်က အဲဒီလိုမျိုး ရေရှည်၊ အဆက်မပြတ် အရမ်းသတိကြီးကြီး ထားနေရတဲ့ ဒဏ်ကို မခံနိုင်ဘူး၊ ဒါကြောင့် လူတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင်က ဘေးကင်းတယ်လို့ စိတ်ထဲက ယုံကြည်နေသရွေ့တော့ ‘မလိုအပ်တဲ့ ကာကွယ်ရေးအတားအဆီးတွေ’ ကို လျှော့ချပစ်လိုက်တတ်ကြတာပဲ”
သူ ခဏရပ်လိုက်သည်။
“အခု ဒီအမှုကို ကြည့်လိုက်ပါ… ဒန်းနစ် အသတ်ခံရတုန်းက သူက သူ့အဖေရဲ့ တောင်ပေါ်ဗီလာ ဧည့်သည်အခန်းထဲမှာ ရှိနေတာ၊ ပြီးတော့ သူသိတဲ့လူတစ်ယောက်နဲ့ တစ်ခန်းတည်း ရှိနေတာ၊ သေချာတာကတော့ သူက ‘တခြားတစ်ယောက်က ရုတ်တရက် ကြိုးတစ်ချောင်းထုတ်ပြီး ငါ့ကို ညှစ်သတ်နိုင်တယ်’ ဆိုပြီး စိတ်ထဲကနေ သတိထားပြီး ကာကွယ်မနေခဲ့ဘူး၊ သူက ဒါကို လုံးဝ မျှော်လင့်မထားခဲ့ဘူးလေ…”
ထိုနေရာတွင် ဖုန်းပုကြွယ်သည် တယောကြိုးကို ကိုင်ကာ ဒန်းပ်ဆေးဆီသို့ လျှောက်သွားလိုက်သည်။ ဒန်းပ်ဆေးအနေဖြင့် ယင်းမှာ လူသတ်မှုကို ပြန်သရုပ်ဖော်နေခြင်းသာဖြစ်ကြောင်း သိသော်လည်း စိတ်လှုပ်ရှားတင်းကြပ်မှုနေကို မထိန်းနိုင်ရှာချေ။ ဖုန်းပုကြွယ်၏ ထူးဆန်းသော စကားလုံးများနှင့် သူ၏ အေးစက်စက် လေသံကြောင့် ရဲအရာရှိလေးမှာ ကြက်သီးတဖြန်းဖြန်း ထသွားမိသည်။
“သေဆုံးသူရဲ့ ကိုယ်ထည်က ခင်ဗျားနဲ့ အတော်လေးဆင်တူတယ်၊ သူ့ရဲ့ လည်ပင်းနောက်ပိုင်းက ဆိုဖာနောက်မှီရဲ့ အပေါ်စွန်းနဲ့ ကွက်တိကျကျ မှီနေနိုင်တယ်၊ လူသတ်သမားအတွက်တော့ ဒါက အားစိုက်ဖို့ အကောင်းဆုံးအမြင့်အနေအထားပဲ”
ဖုန်းပုကြွယ်က ဒန်းပ်ဆေး၏ ပခုံးကို ပုတ်ရင်း ဆိုသည်။
“နောက်ကနေ ရုတ်တရက် ညှစ်သတ်ခံရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာ စိတ်ကူးကြည့်ပေးပါ”
“အင်း…”
ဒန်းပ်ဆေး ပြန်မဖြေနိုင်ခင်မှာပင် ဖုန်းပုကြွယ်က တယောကြိုးကို သူ့မေးစေ့ရှေ့တွင် နေရာချလိုက်သည်။
“ကျွန်တော် ခင်ဗျားရဲ့ လည်ပင်းကို အခု ညှစ်ထားတယ်၊ ပြင်းထန်တဲ့ သွေးကြောပိတ်ဆို့မှုနဲ့ အသက်ရှူကျပ်မှုတွေက ခင်ဗျားရဲ့ အသက်ကို နှုတ်ယူနေပြီလို့ စိတ်ကူးကြည့်ပါ၊ အသက်ရှူ ရပ်မသွားခင် နောက်ဆုံးမိနစ်မှာ ခင်ဗျားရဲ့ ထိတ်လန့်မှုနဲ့ နာကျင်မှုတွေကြားကနေ ဘယ်လို တုံ့ပြန်မိမလဲ”
“ကျွန်တော့်လည်ပင်းမှာ ပတ်ထားတဲ့ အတားအဆီးကို ဖယ်ရှားဖို့ ကြိုးစားမိမယ်၊ အဲဒီလိုပဲ…”
ဒန်းပ်ဆေးက ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ကျွန်တော့်ခန္ဓာကိုယ်ကို နောက်ဘက်ကို အတင်းတွန်းမိလိမ့်မယ်”
ထိုစကားကို ကြားသောအခါ စကိုးဖီးလ်က ဖုန်းပုကြွယ်ကို ကြည့်ကာ ဆိုသည်။
“ကော်ဇောပေါ်က အမှတ်အသားတွေနဲ့ သေဆုံးသူ လည်ပင်းပေါ်က ကုတ်ခြစ်ရာတွေ အားလုံးက ဒီတုံ့ပြန်မှုတွေကို ထောက်ခံနေတာပဲ”
“တခြား ဘာရှိသေးလဲ”
ဖုန်းပုကြွယ်မှာမူ ရဲအရာရှိ ဒန်းပ်ဆေးကို ဆက်ပြောရန်သာ အချက်ပြလိုက်သည်။
ဒန်းပ်ဆေးသည် ခေတ္တမျှ တွေးတောပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားကာ ရေရွတ်လိုက်သည်။
“ကျွန်တော် ထင်တယ်… လူသတ်သမားရဲ့ လက်မောင်း ဒါမှမဟုတ် ခန္ဓာကိုယ်ကို လှမ်းဖမ်းဖို့ ကြိုးစားမိလိမ့်မယ်”
“အင်း… အမှန်ပဲ”
ဖုန်းပုကြွယ်က ခေါင်းညိတ်လျက် တွေးတောရင်း ဆိုသည်။
“ဒါပေမဲ့… လေးလံခိုင်ခံ့တဲ့ ဆိုဖာကုလားထိုင်ပေါ်မှာ ထိုင်နေတာ၊ အောက်က ကော်ဇောကလည်း ခြေကန်ဖို့ အားမရတာမျိုးဆိုရင်… တစ်စုံတစ်ယောက်က သေဆုံးသူကို နောက်ကနေ ကြိုးနဲ့ ညှစ်ထားတဲ့အခါ… သေဆုံးသူအနေနဲ့ နောက်ဘက်ကို လှမ်းဖမ်းဖို့ ရုန်းကန်ရင်တောင် လူသတ်သမားရဲ့ ခန္ဓာကိုယ်ဆီ ရောက်ဖို့က အရမ်းခက်ခဲလိမ့်မယ်”
“လက်ဖျံ”
စကိုးဖီးလ်သည် ရုတ်တရက် တစ်ခုခု သဘောပေါက်သွားသည့်အလား အော်ဟစ်လိုက်လေသည်။
“ရုန်းကန်နေတဲ့အချိန်အတွင်းမှာ သေဆုံးသူက လူသတ်သမားရဲ့ လက်တွေ၊ လက်ကောက်ဝတ်တွေ၊ ဒါမှမဟုတ် လက်ဖျံပေါ်မှာတောင် ကုတ်ခြစ်ရာတွေ ချန်ထားခဲ့နိုင်ခြေ ရှိတယ်”
“အင်း”
ဖုန်းပုကြွယ်က ဆက်ပြောသည်။
“ဒါတင် မကသေးဘူး…”
သူ ခဏရပ်လိုက်သည်။
“ပုံမှန်အားဖြင့် ပေါင် ၂၀၀ လောက် လေးတဲ့ သန်သန်မာမာလူကြီးတစ်ယောက်ကို ညှစ်သတ်ဖို့ဆိုရင် လှုပ်ရှားမှုက မြန်ဆန်ပြီး အားပါရမယ်၊ ဒါပေမဲ့ ဒီအမှုမှာ လူသတ်သမားက ဝါယာကြိုး ဒါမှမဟုတ် အလားတူလက်နက်ကို သုံးခဲ့တာပဲ၊ ပြီးတော့ ဒါက ညှစ်သတ်ဖို့ အကောင်းဆုံးကိရိယာပဲ၊ ဝှက်ရလွယ်ပြီး ကျူးလွန်သူဘက်က အများကြီးအားစိုက်ဖို့ မလိုဘူး၊ မိန်းမတစ်ယောက် ဒါမှမဟုတ် အရွယ်မရောက်သေးသူတစ်ယောက်တောင် ဒါကိုသုံးပြီး သန်မာတဲ့ယောကျ်ားတစ်ယောက်ကို သတ်နိုင်တယ်၊ ကြေးစားလူသတ်သမားတွေက ဒီနည်းလမ်းကို မကြာခဏ သုံးတတ်ကြတယ်”
စကားပြောရင်းနှင့် ဖုန်းပုကြွယ်သည် သူ့လက်ဖဝါးများကို ရှေ့သို့ ဖြန့်ပြကာ လက်နှစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
“ဒါပေမဲ့… ဒီအရာကို သုံးတဲ့အခါမှာ သတိထားရမယ်၊ သင့်တော်တဲ့ ကာကွယ်ရေးပစ္စည်း မပါဘူးဆိုရင် ကိုယ့်လက်တွေကိုလည်း အလွယ်တကူ ဒဏ်ရာရစေနိုင်တယ်”