အခန်း ၁၃
Vol. 38 Ch. 13
အခန်း (၁၃) သော့ခတ်ထားသောအခန်းပဟေဠိ
“လူသတ်မှုဆိုတာ တာဝေးအပြေးပြိုင်ပွဲ ဒါမှမဟုတ် စက်ဘီးစီးပြိုင်ပွဲ မဟုတ်ဘူး၊ အားချန်ထားတယ်ဆိုတာမျိုး မရှိဘူး၊ လူသတ်သမားက တိုက်ခိုက်မယ့်အချိန်ကို အသေအချာ ထိန်းချုပ်နိုင်ပြီး သားကောင်ရဲ့ တုံ့ပြန်မှုတွေကိုလည်း အပြည့်အဝ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့ ရင့်ကျက်ပြီး အတွေ့အကြုံရှိတဲ့ ကြေးစားလူသတ်သမား မဟုတ်ရင်တော့… ကျူးလွန်သူက သားကောင် လုံးဝမခုခံနိုင်တော့တဲ့အထိ အားသွန်ခွန်စိုက်နဲ့ ကြိုးကို အစွမ်းကုန်ဆွဲကျပ်ပစ်မှာပဲ”
ဖုန်းပုကြွယ်က ရှင်းပြသည်။
“ဒါကြောင့် လူသတ်သမားရဲ့ လက်ဖဝါးမှာ ပြတ်ရှရာ ဒါမှမဟုတ် ပွတ်တိုက်မိတဲ့ ဒဏ်ရာတွေ သေချာပေါက် ရှိနေလိမ့်မယ်”
သူက သူ့လက်ဖြင့် လက်ဟန်ပြလိုက်သည်။
“ဒဏ်ရာက လက်သန်းရင်းအောက်နား၊ အကြမ်းဖျင်းအားဖြင့် လက်ဖဝါးအစွန်းဘက်မှာ ရှိနေလိမ့်မယ်၊ တကယ်လို့ အားများများရအောင် ကြိုးကို လက်မှာ အထပ်ထပ်ပတ်ထားခဲ့ရင်တောင် တကယ့်တိုက်ခိုက်မှုအတွင်းမှာ အားအများစုက ဒီနေရာပေါ်ကိုပဲ သက်ရောက်မှာ ဖြစ်လို့ပဲ”
“ဒါဆိုရင် ဒီအမှုက ပြီးသလောက် ဖြစ်သွားပြီပေါ့”
စကိုးဖီးလ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“သော့ခတ်ထားတဲ့အခန်း ပဟေဠိကို ခဏမေ့ထားလိုက်စမ်းပါ၊ ဒန်းပ်ဆေး… ဗီလာထဲက လူတွေအားလုံးကို အမြန်ဆုံးစုစည်းပြီး သူတို့ရဲ့ လက်တွေကို စစ်ဆေးလိုက်…”
“မလောပါနဲ့ဦး စုံထောက်ကြီး”
ဖုန်းပုကြွယ်က အားပျော့သော လေသံဖြင့် ကြားဖြတ်ပြောလိုက်သည်။
“ကျွန်တော် စောစောက ပြောခဲ့တဲ့… ‘တကယ်လို့ သင့်တော်တဲ့ ကာကွယ်ရေးပစ္စည်း မပါဘူးဆိုရင်’ ဆိုတဲ့ အချက်ကို မမေ့နဲ့ဦး”
သူ ပခုံးတွန့်ပြလိုက်သည်။
“တကယ်လို့ လူသတ်သမားက နည်းနည်းလောက်ထူထဲတဲ့ လက်အိတ်တစ်စုံ ဝတ်ထားခဲ့ရင် ဒီပြဿနာက ပြေလည်သွားမှာပဲ၊ ဒါတင်မကသေးဘူး၊ တကယ်လို့ လက်အိတ်က အရှည်ကြီးဆိုရင် သားကောင်က လူသတ်သမားရဲ့ လက်နဲ့ လက်ဖျံတွေကို ကုတ်ခြစ်မိနိုင်ခြေကလည်း အများကြီး လျော့နည်းသွားလိမ့်မယ်”
ဤသို့ရေအေးတစ်လုံး လောင်းခံလိုက်ရမှုကြောင့် စကိုးဖီးလ်နှင့် ဒန်းပ်ဆေးတို့၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုများ ချက်ချင်း ငြိမ်းသေသွားလေသည်။
“ဒါပေမဲ့ ခင်ဗျားရဲ့ အတွေးက မှန်ပါတယ်”
ဖုန်းပုကြွယ်က ဆိုသည်။
“စုံစမ်းစစ်ဆေးမှုကိုတော့ ဆက်လုပ်ဖို့ လိုအပ်တယ်၊ ဒါပေမဲ့ လက်ပေါ်မှာ ဒဏ်ရာမရှိတာနဲ့ပဲ ဒီလူက လူသတ်သမား မဟုတ်တာကို အပြည့်အဝ သက်သေမပြနိုင်ဘူးဆိုတာကိုတော့ ခင်ဗျား နားလည်ထားရမယ်”
သူက ဆက်ပြောသည်။
“ပြီးတော့ ခင်ဗျားတို့ မြင်ခဲ့တဲ့အတိုင်းပဲ၊ သေဆုံးသူက သွေးတွေ အများကြီး ထွက်ခဲ့သလို သူ့လက်တွေမှာလည်း သွေးတွေ ပေကျံနေခဲ့တယ်၊ တကယ်လို့ လူသတ်သမားက လက်အိတ် ဝတ်မထားဘူးဆိုရင် သူ့လက်တွေမှာလည်း သွေးတွေပေကျံနေမှာဖြစ်ပြီး ထွက်ပြေးတဲ့အခါ သွေးစွန်းနေတဲ့ လက်ဗွေရာတွေ နေရာအနှံ့ ချန်ထားခဲ့မိလိမ့်မယ်၊ သေချာတာကတော့… ကျွန်တော့်အနေနဲ့ ဒါက မဖြစ်နိုင်ဘူးလို့ ထင်ပေမယ့်… လူသတ်သမားက မထွက်ပြေးခင် ရေချိုးခန်းထဲမှာ လက်ဆေးသွားခဲ့မယ့် ဖြစ်နိုင်ခြေကိုတော့ ဖယ်ထုတ်လို့ မရသေးဘူး”
စကိုးဖီးလ်က ခေါင်းညိတ်ပြီး ဆိုသည်။
“အင်း… ဒါဆိုရင်တော့ လူသတ်လက်နက်အပြင် သွေးစွန်းနေတဲ့ လက်အိတ်တစ်စုံကိုလည်း ကျုပ်တို့ ဂရုတစိုက် ရှာဖွေရတော့မှာပေါ့”
“အဲဒါကို ရှာတွေ့ဖို့ကတော့ မဖြစ်နိုင်ပါဘူး”
ဖုန်းပုကြွယ်က နောက်ထပ် သတင်းဆိုးတစ်ခုကို ထပ်ပေးလိုက်သည်။
“ဟင်၊ ခင်ဗျား ဘာပြောလိုက်တာလဲ”
စကိုးဖီးလ်က သံသယဖြင့် မေးလိုက်သည်။
ဖုန်းပုကြွယ်က တိုက်ရိုက်ပင် ပြန်လည်ဖြေကြားပေးလိုက်သည်။
“လူသတ်သမားက လူသတ်ပြီး အခန်းကို သော့ခတ်ထားတဲ့အခန်းအဖြစ် ဖန်တီးပြီးတဲ့နောက် သူက ပြတင်းပေါက်အပြင်ဘက်… ဗီလာအပြင်ဘက်ကို ရောက်နေတာ၊ သူက အကွာအဝေး နည်းနည်းလောက် လမ်းလျှောက်သွားပြီး လူသတ်လက်နက်နဲ့ လက်အိတ်တွေကို ချောက်ထဲ ပစ်ချလိုက်ရုံပဲ… ဘယ်သူက ရှာတွေ့နိုင်မှာလဲ”
“အာ…”
စကိုးဖီးလ်သည် နောက်ထပ် ဘာမှ ထပ်မပြောရဲတော့ပေ။ သူ့ရှေ့ရှိ ကျော်ကြားလှသော စုံထောက်ကြီးသည် စကားလုံးအနည်းငယ်ဖြင့် သဲလွန်စတစ်ခုကို ထောက်ပြနိုင်သော်လည်း နှစ်ကြောင်းမပြည့်ခင်မှာပင် ထိုသဲလွန်စကို ပြန်လည် ဖြတ်တောက်ပစ်လိုက်ပြန်သည်။
ဖုန်းပုကြွယ်မှာ တံခါးဘက်လှည့်ကာ လျှောက်သွားနှင့်ပြီ ဖြစ်သည်။
“ကျွန်တော် စောစောက မှုခင်းအခင်းအကျင်းကို စစ်ဆေးတုန်းက အရမ်းဂရုတစိုက် စစ်ဆေးခဲ့တယ်… အလောင်းဘေးပတ်ပတ်လည်ကလွဲရင် ကျွန်တော်ရှာတွေ့ခဲ့တဲ့ တစ်ခုတည်းသော သွေးကွက်က ပြတင်းပေါက်ဘောင်ပေါ်က အရမ်းမှိန်ဖျော့နေတဲ့ သွေးကွက်ပဲ၊ ဒါကြောင့်… ကျွန်တော့်သုံးသပ်ချက်ကတော့ ဒီလိုပဲ…”
သူသည် တံခါးဝသို့ ရောက်သောအခါ တံခါးကို သော့ခတ်၍ ဆက်ပြောလိုက်သည်။
“လူသတ်ပြီးတော့ လူသတ်သမားက ကြိုးပေါ်က သွေးကွက်တွေကို တတ်နိုင်သမျှ သေချာသန့်စင်အောင် လူသတ်လက်နက်ကို အရင်သုတ်လိုက်ပြီး ဘေးမှာ ဖယ်ထားလိုက်တယ်၊ ပြီးတော့ သူ့လက်အိတ်တွေကို ချွတ်၊ ပြောင်းပြန်လှန်ပြီး လုံးထွေးလိုက်တယ်…အဲ့ဒီအထုပ်ကို လောလောဆယ် ဘေးဖယ်ထားလိုက်မယ်၊ ပြီးရင် လူသတ်သမားက တံခါးကို လာသော့ခတ်လိုက်မယ်၊ သေချာတာကတော့၊ လူသတ်သမားက သူ့ကို သတ်လိုက်တဲ့ အချိန်ကတည်းက တံခါးက လော့ခ်ကျနေပြီးသားဖြစ်ဖို့ ၇၀ ရာခိုင်နှုန်းကျော် ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော်ထင်တယ်”
အစ်ကိုကြွယ် ထိုသို့ပြောပြီးနောက် ပြတင်းပေါက်ဘက်သို့ ပြန်လည်လှည့်လာခဲ့သည်။
“တံခါးက အထဲကနေ လော့ခ်ကျသွားပြီဆိုတာ သေချာပြီးနောက်လူသတ်သမားက လက်အိတ်တွေကို ယူ၊ ပြတင်းပေါက်ဆီကိုသွားပြီး ကြိုးကို ပြတင်းပေါက်မှာ ချည်ဖို့ ကြိုးစားတယ်”
ရုတ်တရက် ဖုန်းပုကြွယ်သည် ပြတင်းပေါက်နားတွင် ခက်ခဲနေသော အမူအရာဖြင့် ရပ်တန့်သွားလေသည်။
“အာ… အရာရှိတို့၊ ခင်ဗျားတို့ထဲက ကွင်းလျှောကြိုးထုံး ဘယ်သူထုံးတတ်လဲ”
ထိုလူ၏ ကြိုးထုံးမကျွမ်းကျင်သော အားနည်းချက်မှာ တစ်ဖန် ပေါ်လွင်သွားပြန်သည်… သို့သော်လည်း ဒါက ပြဿနာတော့ မဟုတ်ပေ။
“အင်း… ခင်ဗျား ဘယ်လိုကွင်းလျှောမျိုး လိုချင်လို့လဲ”
ဒန်းပ်ဆေးက အနားသို့ လျှောက်လာပြီး မေးလိုက်သည်။
“ဘာ… ဒါက တကယ်ပဲ လုပ်နည်းတွေ အများကြီး ရှိတာလား…”
ဖုန်းပုကြွယ်၏ မျက်နှာအမူအရာမှာ ယခင်ကထက် ပိုမို ဆွံ့အသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤစကားဝိုင်းသည် သူ၏ မျက်ကွယ်နေရာ (မသိနားမလည်သော နယ်ပယ်) ထဲသို့ ဝင်ရောက်သွားသောကြောင့် ဖြစ်သည်...။
“ရှိပါတယ်”
ဒန်းပ်ဆေးသည် သူ့ရဲဦးထုပ်ကို ဘေးသို့တွန်း၍ ခေါင်းကုတ်လိုက်သည်။
“ကျွန်တော့်မှာ သင်္ဘောသားဖြစ်ဖူးတဲ့ ဦးလေးတစ်ယောက် ရှိပါတယ်၊ ကျွန်တော် ငယ်ငယ်တုန်းက သူက ကျွန်တော့်ကို ကြိုးထုံးနည်းတွေ အများကြီး သင်ပေးခဲ့ဖူးတယ်၊ ဥပမာ… နှစ်ထပ်ရိုးရိုးထုံး၊ တံငါသည်ထုံး၊ ဆွဲဖြုတ်ထုံး၊ ကြိုးဆက်ထုံး၊ နံပါတ် ၈ ပုံစံအထုံး တွေလိုမျိုးပေါ့…”
ထိုအချိန်တွင် အစ်ကိုကြွယ်က အခြားတစ်ဖက်လူကို ကြည့်လိုက်သော အကြည့်မှာ ဤသို့ဖြစ်သည်။
‘ဒါဆို မင်းက ဖိနပ်ကြိုးချည်တဲ့ အတတ်ပညာကို ကျော်လွန်သွားပြီဖြစ်တဲ့ ဒဏ္ဍာရီလာ ကြိုးထုံးဆရာကြီးပေါ့’
“ဘာပဲဖြစ်ဖြစ်ပါလေ…”
ဖုန်းပုကြွယ်က စကားလမ်းကြောင်းကို လွှဲလိုက်သည်။
“ကျွန်တော် ပြောတာကို နားထောင်ကြည့်၊ ဒါဆိုရင် အဲဒီကြိုးထုံးက ဘာလဲဆိုတာ ခင်ဗျား သိသွားလိမ့်မယ်”
ဤဧည့်သည်အခန်းရှိ ပြတင်းပေါက်မှာ ရိုးရာပြတင်းပေါက်အမျိုးအစား ဖြစ်ပြီး ပြတင်းပေါက်တံခါးချပ် နှစ်ချပ်၏ အလယ်တွင် ထွန်ခြစ်ပုံသဏ္ဍာန် ဂျက်တစ်ခုစီ ရှိသည်။ ဖုန်းပုကြွယ်က ထိုဂျက်၏ လက်ကိုင်တစ်ခုကို ညွှန်ပြကာ ဆိုသည်။
“လူသတ်သမားက ကြိုးရဲ့ အစွန်းတစ်ဖက်ကို ဒီလက်ကိုင်မှာ ချည်လိုက်တယ်၊ ပြီးတော့ သူက အခန်းအပြင်ဘက်ကို ကျော်တက်သွားပြီး တခြားပြတင်းပေါက်တစ်ချပ်ကို အရင်ပိတ်ပြီး ဂျက်ချလိုက်တယ်၊ ပြီးတော့ ဒီပြတင်းပေါက်ရဲ့ ဂျက်ကို အလျားအနေအထားအတိုင်း ထားပြီး အပြင်ဘက်ကနေ ဖြည်းဖြည်းချင်း ပိတ်လိုက်တယ်”
“အိုး ကျွန်တော် နားလည်ပြီ”
ထိုစကားကို ကြားသောအခါ ဒန်းပ်ဆေးသည် ဖုန်းပုကြွယ်ဆိုလိုသည်ကို သဘောပေါက်သွားတော့သည်။ သူသည် ဖုန်းပုကြွယ်လက်ထဲမှ ကြိုးကိုယူကာ ဂျက်လက်ကိုင်တွင် လျင်မြန်စွာ ချည်နှောင်လိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ချက်ချင်း ကျော်တက်သွား၏။ သူသည် ကြိုးတစ်ဖက်စွန်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ပြတင်းပေါက်ကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ ထို့နောက် ကြိုးကို ပြတင်းပေါက် အက်ကြောင်းကြားမှတစ်ဆင့် အပြင်သို့ ဆွဲထုတ်လိုက်သည်။
“ဟုတ်တယ်၊ အဲဒီလိုပဲ…”
ဖုန်းပုကြွယ်က သူ့ဘေးရှိ စကိုးဖီးလ်ကို ပြောလိုက်သည်။
“ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ ကြိုးရဲ့ တည်နေရာက ပြတင်းပေါက်အောက်ခြေအစွန်းက အဟထဲမှာ ညှပ်နေရမယ်၊ ဒါမှ လူသတ်သမားက ကြိုးကို ဆွဲလိုက်တဲ့အခါ ဂျက်က အောက်ဘက်လည်သွားပြီး လော့ခ်ကျသွားမှာမို့လို့ပဲ”
စကိုးဖီးလ်လည်း သဘောပေါက်သွားခဲ့သည်။
“ဂျက်က လော့ခ်ကျသွားတာနဲ့ ဒေါင်လိုက်အနေအထား ဖြစ်သွားလိမ့်မယ်၊ တကယ်လို့ ဆက်ဆွဲနေမယ်ဆိုရင်တော့ ကြိုးရဲ့ ကြိုးထုံးက ဂျက်လက်ကိုင်ရဲ့ အဆုံးကနေ ပြုတ်ထွက်သွားလိမ့်မယ်၊ အဲဒီအချိန်မှာ ကွင်းလျှောထုံးက ပြေသွားမှာဖြစ်ပြီး ပြီးရင်တော့ ကြိုးကို အပြင်ဆွဲထုတ်လိုက်ရုံပဲ”
သူက ပြတင်းပေါက်ဘောင်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီဖြစ်စဉ်အတွင်းမှာ ပွတ်တိုက်မှုကြောင့် ကြိုးက ပြတင်းပေါက်ဘောင်ပေါ်မှာ သွေးကွက်တွေ ချန်ထားခဲ့တာပေါ့”
“ဟုတ်တယ်၊ လူသတ်သမားက အစီအစဉ်ပေါ်သွားမှာစိုးလို့ လက်နက်ပေါ်က သွေးတွေကို သုတ်ခဲ့ပေမယ့်လည်း ဘာခြေရာလက်ရာမှ မကျန်အောင်လုပ်ဖို့ကတော့ ခက်နေတုန်းပဲ”
ဖုန်းပုကြွယ် ဆက်ပြောလိုက်သည်။
“လူအများစုက လူသတ်မှု ကျူးလွန်ပြီးနောက်မှာ အခင်းနေရာကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးဖို့ပဲ တွေးတတ်ကြတယ်”
ဖုန်းပုကြွယ် စကားပြောရင်း ပြတင်းပေါက်ကို ဖွင့်ကာ ဒန်းပ်ဆေးကို အထဲသို့ ပြန်ဆွဲခေါ်လိုက်ပြီး ဆိုသည်။
“ဒီအမှုက လူသတ်သမားမှာ ကြိုတင်စီမံချက် ရှိခဲ့တယ် ဆိုဦးတော့၊ ဒါကို လက်တွေ့ အကောင်အထည်ဖော်တဲ့အချိန်မှာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ သာမန်လူတစ်ယောက်နဲ့ သိပ်ကွာခြားမှာ မဟုတ်ဘူး”
ဖုန်းပုကြွယ်သည် ပြတင်းပေါက်မှ ခွာကာ အခန်းထဲတွင် လမ်းလျှောက်ရင်း ပြောလိုက်သည်။
“တကယ်လို့ သူက ဒီအစီအစဉ်အတွက် သီးသန့်နောက်ကြိုးတစ်ချောင်း ကြိုတင်ပြင်ဆင်ထားခဲ့ရင် ဒါမှမဟုတ် ပြစ်မှုကျူးလွန်ပြီးတော့ ရေချိုးခန်းထဲမှာ လူသတ်လက်နက်ကို သေသေချာချာ ဆေးကြောခဲ့မယ်ဆိုရင်… ဒီလော့ခ်ချထားတဲ့အခန်းကို ဖော်ထုတ်မယ့်ခက်ခဲမှုက အခုထက်မက ပိုကြီးသွားလိမ့်မယ်”
“ပုံမှန်ဆိုရင်တော့ ဘယ်သူမှ အဲဒီအတိုင်းအတာအထိ လုပ်မှာ မဟုတ်ပါဘူး…”
စကိုးဖီးလ်က ဝင်ပြောလိုက်သည်။
“ဟဲ…”
ဖုန်းပုကြွယ်က အဓိပ္ပာယ်နက်နဲလှသော ရယ်သံတစ်ခုကို ခပ်ဖွဖွရယ်မောလိုက်ရာ ထိုရယ်သံကြောင့် ရဲအရာရှိနှစ်ဦးစလုံး မသိစိတ်မှ အေးစိမ့်သွားရသည်။
“ကောင်းပြီ… လူသတ်မှုရဲ့ အခြေခံနည်းလမ်းတွေကိုတော့ ကျွန်တော်တို့ သိသွားကြပြီ”
အစ်ကိုကြွယ် ပျင်းကြောဆန့်လိုက်ရင်း တံခါးဘက်သို့ မျက်စိမှိတ်ပြလိုက်သည်။
“နောက်ထပ်… ဒီအမှုက သံသယရှိသူတွေနဲ့ သွားစကားပြောကြရအောင်”