အခန်း ၁၄
Vol. 38 Ch. 14
အခန်း (၁၄) နောက်ကျမှရောက်ရှိလာသော မစ္စနန်စီ
ဖုန်းပုကြွယ်နှင့် ရဲအရာရှိနှစ်ဦးတို့သည် စစ်ဆေးမေးမြန်းခြင်းကို တာဝန်ယူထားသည့် ရဲအရာရှိနှင့် တွေ့ဆုံရန် ဧည့်ခန်းမကို ဖြတ်ကျော်နေစဉ် ဗီလာအပြင်ဘက်မှ ကားတစ်စီး ဆိုက်ရောက်လာသံကို ကြားလိုက်ရသည်။
သုံးဦးသား ခြေလှမ်းရပ်လိုက်ပြီး တံခါးဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ စကိုးဖီးလ်နှင့် ဒန်းပ်ဆေးတို့၏ မျက်နှာတွင် သံသယအရိပ်အယောင်များ ရှိနေသော်လည်း ဖုန်းပုကြွယ်ကမူ တည်ငြိမ်အေးဆေးစွာ ရှိနေဆဲဖြစ်သည်။ စောစောက ဖော်ပြခဲ့သည့်အတိုင်း ဖုန်းပုကြွယ်သည် ခြေသံများကို ခွဲခြားသိမြင်နိုင်စွမ်း ရှိသူဖြစ်သည်။ ထို့ကြောင့် လာရောက်သူသည် ကားပေါ်မှဆင်း၍ သော့ထုတ်ကာ တံခါးဆီသို့ လျှောက်လာချိန်မှာပင် ဖုန်းပုကြွယ်စိတ်ထဲ၌ သုံးသပ်ချက်များစွာ ထွက်ပေါ်နေပြီး ဖြစ်သည်။
သူ ချက်ချင်း ပြောလိုက်သည်။
“အမျိုးသမီး၊ အသက် ၂၀ နဲ့ ၃၀ ကြား၊ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တယ်၊ မြင်းစီးဖိနပ်ရှည် ဝတ်ထားပြီး… အခု လက်ရှိမှာ စိတ်လှုပ်ရှား စိုးရိမ်နေပုံပဲ”
သူ စကားမဆုံးမှီ တံခါးပွင့်သွားသည်။ ဆံပင်ရွှေဝါရောင်နှင့် မျက်ဝန်းပြာများ ရှိသည့် အသက် ၂၀ ကျော်အရွယ် လှပသောအမျိုးသမီးတစ်ဦး တံခါးဝတွင် ပေါ်လာလေသည်။ သူမသည် ဂျာကင်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး ခြေထောက်တွင်လည်း သားရေမြင်းစီးဖိနပ်အရှည်ကို အမှန်တကယ် ဝတ်ဆင်ထားလေသည်။
“မစ္စနန်စီလား ခင်ဗျာ”
ဖုန်းပုကြွယ်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
“အမ်…ဟုတ်ပါတယ်… ဒါနဲ့ ရှင်တို့က ဘယ်သူတွေလဲ”
နန်စီက ယူနီဖောင်းဝတ် ဒန်းပ်ဆေးကို လှမ်းကြည့်ရင်း ပြန်ဖြေသည်။
“ဘာဖြစ်လို့လဲ”
“တကယ်တော့… အရမ်းဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်”
ဖုန်းပုကြွယ်သည် သူ့ဘေးရှိ လူနှစ်ယောက်ကို လက်ညှိုးထိုးပြရင်း မိတ်ဆက်ပေးလိုက်သည်။
“ဒါက မြို့က စုံထောက်ကြီး စကိုးဖီးလ်ပါ၊ ဒါကတော့ ရဲအရာရှိ ဒန်းပ်ဆေးပါ”
အရာရှိနှစ်ဦးက သူတို့၏ ဦးထုပ်အစွန်းကို ကိုင်ကာ အမျိုးသမီးကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။
“ကျွန်တော့်နာမည်က ဖုန်းပုကြွယ်ပါ၊ စုံထောက်တစ်ယောက်ပါ”
ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။
“ရဲ… စုံထောက်…”
နန်စီ့မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာတော့သည်။
ဖုန်းပုကြွယ်၏ “ဆိုးရွားတဲ့” ဟူသော စကားလုံးကို သုံးလိုက်ခြင်းမှာ သူမအား စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု ရှိစေရန်နှင့် တစ်ဖက်မှလည်း စမ်းသပ်လို၍ ဖြစ်သည်။ သူမ၏ တုံ့ပြန်မှုကို မြင်ရသောအခါ ဖုန်းပုကြွယ် ဆက်ပြောလိုက်သည်။
“ကျွန်တော် ထင်တာတော့… ဒီသတင်းဆိုးကို ခင်ဗျားမိသားစု ပြောပြတာက ပိုကောင်းလိမ့်ပါမယ်”
သူ နောက်လှည့်ပြီး ဒုတိယထပ်ဘက်သို့ အချက်ပြလိုက်သည်။
“သူတို့တွေ အပေါ်ထပ်က စာကြည့်ခန်းထဲမှာ တခြားရဲအရာရှိတစ်ယောက်နဲ့ ရှိနေတယ်၊ အတူတူ သွားကြတာပေါ့”
နန်စီသည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက် ဖုန်းပုကြွယ်နှင့် သူ့လူများကို အကဲခတ်သလို ကြည့်လိုက်သည်။ ကားထဲတွင် ကျန်ရှိနေသေးသော မိမိ၏ ခရီးဆောင်အိတ်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အပေါ်ထပ်သို့ အမြန်လျှောက်လှမ်းသွားလေသည်။
ဖုန်းပုကြွယ်နှင့် အပေါင်းအဖော်နှစ်ဦးတို့က နောက်မှ လိုက်ပါလာသော်လည်း နန်စီသည် အလွန်အလျင်စလို လျှောက်နေသဖြင့် သူမသည် သူတို့ထက် အတော်လေးဝေးကွာသွားပြီး သုံးဦးသား နောက်တွင် အဝေးကြီးကျန်ရစ်ခဲ့ကြသည်။
“မယုံနိုင်စရာပဲ”
ဒန်းပ်ဆေးက ဤအချိန်တွင် ပြောလာလေသည်။
“မစ္စတာဖုန်း… တံခါးအပြင်ကလူ ဘယ်လိုပုံစံရှိလဲဆိုတာ ခင်ဗျား ဘယ်လိုသိတာလဲ၊ ပြီးတော့ ဘယ်လိုလုပ် သူ့နာမည်ကိုပါ သိနေရတာလဲ”
“လှေကားထစ်ပေါ်က ဖိနပ်ရှည်ရဲ့ နူးညံ့တဲ့ အသံထွက်ပေါ်မှုလက္ခဏာတွေ၊ ခြေသံရဲ့ အကြိမ်ရေနဲ့ အလေးချိန်တွေကို နားထောင်ခြင်းအားဖြင့် ရောက်လာသူရဲ့ ကျား၊ မ ၊ ကိုယ်အလေးချိန်နဲ့ အသက်အရွယ်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်”
ဖုန်းပုကြွယ် ပြန်ဖြေလိုက်သည်။
“နာမည်ကတော့… ကျွန်တော်က လာ့ဗ်ခရက်ဖ် မိသားစုအကြောင်း တချို့ကို ကြိုသိထားပြီးသားဖြစ်သလို ကိုးလ်စတန်မှာ ဗီလာကို လာမယ့် နောက်ထပ်သမီးတစ်ယောက် ရှိသေးတယ်ဆိုတာကို သိထားလို့ပါ၊ သူ့ကို မြင်လိုက်ရတော့ ဆံပင်အရောင်၊ ရုပ်ရည်သွင်ပြင်၊ အသက်၊ ဝတ်စားဆင်ယင်မှုနဲ့ အမူအရာတွေအပေါ် အခြေခံပြီး သူက နန်စီဖြစ်ရမယ်လို့ သုံးသပ်လိုက်တာပဲ။
သေချာတာကတော့… တံခါးမပွင့်ခင်ကတည်းက သူဖြစ်မယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်၊ နောက်ဆုံး ဒီနေရာက လူသူကင်းဝေးတဲ့ နေရာတစ်ခုဖြစ်လို့ လာရောက်သူ အများကြီး မရှိနိုင်ဘူးလေ၊ တကယ်လို့ ဒလီဗာရီသမားသာ ဆိုရင်…”
သူသည် ဤနေရာတွင် ရပ်တန့်လိုက်ပြီး “ဒလီဗာရီသမား” ဟု ပြောမိလုနီးပါး ဖြစ်သွားသော်လည်း အချိန်မီ ပြန်ပြင်လိုက်နိုင်သည်။
“တကယ်လို့ ဒီမိသားစုက တစ်နေရာရာမှာ ပစ္စည်းတွေ မှာထားပြီး ဆိုင်က နေ့စဉ်သုံးပစ္စည်းတွေကို ပုံမှန်လာပို့တာမျိုးဆိုရင် လာတဲ့လူက သန်သန်မာမာ ယောကျာ်းတစ်ယောက်ပဲ ဖြစ်ရမယ်၊ ဒါက စောစောက ခြေသံနဲ့ မကိုက်ညီဘူးပေါ့”
စကိုးဖီးလ်က အစ်ကိုကြွယ်အား အထင်ကြီးလေးစားစွာ ကြည့်ရင်း ချီးကျူးလိုက်မိသည်။
“ကျော်ကြားတဲ့ စုံထောက်ကြီးပီသပါပေတယ်ဗျာ၊ မျက်စိတစ်မှိတ်အတွင်း ဒီလောက်အထိ တွေးတောနိုင်တယ်”
‘ဒီ NPC က ဘာဖြစ်နေတာလဲ… ကျန်းတိုင်ဇာတ်ကောင် ဝင်ပူးနေတာလားဟ (Detective Dee ထဲမှ ဇာတ်ကောင်တစ်ကောင်)’
ဖုန်းပုကြွယ် စိတ်ထဲမှ တွေးတောလိုက်သည်။
‘မင်းရဲ့ စကားလုံးအားလုံးကို ကျန်းတိုင်အမြဲပြောနေကျ စကားတွေအတိုင်း ပြောင်းလိုက်ရင်တောင် ထူးခြားသွားမှာ မဟုတ်ဘူး…
ဥပမာ “ဆရာကြီးက တကယ့် ပါရမီရှင်ပဲဗျာ”၊ “ခင်ဗျား ဆိုလိုတာက…”၊ “အပြစ်ပြောစရာ မရှိဘူး”၊ “အဓိပ္ပာယ် ရှိလိုက်တာ”၊ “ဆရာကြီး ပြောတာ လုံးဝမှန်တယ်”၊ “ဆရာကြီး ဘာကို တွေးမိလို့လဲ ခင်ဗျာ”၊ “ဒါကို ဘယ်လို တွေးမိသွားတာလဲ” စတာတွေပေါ့… နာမည်နေရာမှာ “မစ္စတာဖုန်း” လို့ ပြောင်းပြီး ပြောလိုက်ရုံနဲ့ ကွက်တိပဲ
မင်းက ဘာမှ အသုံးမဝင်ဘူးလို့ ထင်ရပေမယ့် တကယ်တော့ စုံထောက်ရုပ်ရှင်တွေမှာ မရှိမဖြစ် လှုံ့ဆော်ပေးတဲ့ မောင်းနှင်အားတစ်ခုပဲ… ဒါပေမဲ့ ၁၄ ခန်းပဲရှိတဲ့ ဒီဇာတ်လမ်းတိုလေးထဲမှာတော့ မင်းက ကပ်ဘေးတစ်ခုပဲ၊ မင်းသာ ဒီအတိုင်း ဆက်သွားနေရင်… ငါ့ရဲ့ ပါရမီရှင်ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် ငါ အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်လိုက်ရလိမ့်မယ်’
ဖုန်းပုကြွယ် နောက်ဆုံးတွင် သူ့ဘာသာ ရေရွတ်လိုက်သည်။
“မဟုတ်ဘူး… ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး၊ နည်းနည်းလောက် ဆင်ခြင်တုံတရားမရှိတဲ့ အပြုအမူမျိုး လုပ်ဖို့ကတော့ ရှောင်လွှဲလို့ မရတော့ဘူး… ငါ့ကို အရူးတစ်ယောက်လို မြင်သွားရင်တောင် ကိစ္စမရှိပါဘူး၊ နောက်ဆုံး အမှုကို ဖော်ထုတ်နိုင်သရွေ့တော့ ဘယ်သူမှ ဘာမှပြောနိုင်မှာ မဟုတ်ဘူး”
“ဟင်၊ မစ္စတာဖုန်း… ဘာပြောလိုက်တာလဲ”
စကိုးဖီးလ်က မေးလိုက်သည်။
“အာ၊ အာ… မဟုတ်… မဟုတ်ပါဘူး… ဘာမှမဟုတ်ပါဘူး”
ဖုန်းပုကြွယ် စကားလမ်းကြောင်း လွှဲလိုက်သည်။
“ကျွန်တော် ရုတ်တရက် အကြံတစ်ခု ရလာလို့ပါ၊ ဒါက လူသတ်သမားကို ပိုပြီး ထိထိရောက်ရောက် ရှာဖွေနိုင်ဖို့ ကူညီပေးလိမ့်မယ်”
သူ လက်ဝှေ့ယမ်းပြရင်း စကိုးဖီးလ်နှင့် ဒန်းပ်ဆေးတို့ကို အနားတိုးလာရန် အချက်ပြလိုက်သည်။
အရာရှိနှစ်ဦးကလည်း ဘာမှ ထွေထွေထူးထူး စဉ်းစားမနေဘဲ ချက်ချင်း ဖုန်းပုကြွယ်အနားသို့ ခြေလှမ်းအနည်းငယ် တိုးလာကာ ဂရုတစိုက် နားထောင်မည့် အမူအရာ လုပ်လိုက်ကြသည်။
“ကျွန်တော့်အစီအစဉ်ကတော့…”
ဖုန်းပုကြွယ်သည် လေသံနှိမ့်ကာ လူနှစ်ဦးကြားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။
တစ်မိနစ်ခန့် ကြာပြီးနောက် သူ စကားပြောပြီးသွားခဲ့သည်။ စကိုးဖီးလ်နှင့် ဒန်းပ်ဆေးတို့သည် မတ်တတ်ရပ်ကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဖုန်းပုကြွယ်ကို ပြန်ကြည့်လိုက်ကြသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် စကိုးဖီးလ်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
“ဒါက တကယ်ကိုကောင်းတဲ့ အကြံဉာဏ်ပဲ”
“အိုး တကယ်လား”
ဖုန်းပုကြွယ်သည် သူ၏ ထူးဆန်းလှသော မဟာဗျူဟာကို တစ်ဖက်လူက ဤမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“တကယ်တော့ ကျွန်တော် မြို့ကြီးမှာ စုံထောက်လုပ်ခဲ့တုန်းက ခေါင်းမာတဲ့ဂိုဏ်းစတားတွေနဲ့ မူးယစ်ဆေးဝါး အရောင်းအဝယ်သမားတွေအပေါ် ဒီနည်းလမ်းကို ခဏခဏ သုံးခဲ့ဖူးတယ်”
စကိုးဖီးလ်က ဆိုသည်။
“သူတို့တွေက ဝါရင့်မြေခွေးအိုတွေပဲ၊ လှည့်ကွက်တချို့လောက် မသုံးလို့ကို မရဘူး”
သူ ခဏရပ်လိုက်သည်။
“ဒါပေမဲ့… ဒီအိမ်ကြီးထဲက လူတွေက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ ဖြစ်နေကြတော့… ကျွန်တော်ကလည်း မြို့ရဲ့ စုံထောက်အရာရှိချုပ် ဖြစ်နေတော့ သူတို့အပေါ် ဒီနည်းလမ်းကို သုံးဖို့က သိပ်ပြီး မသင့်တော်သလိုပဲဗျ…”
“ဒါပေမဲ့ ခင်ဗျားလို စုံထောက်တစ်ယောက်အတွက်တော့ ဒါက အများကြီး ပိုလွယ်ကူတာပေါ့”
ဒန်းပ်ဆေးက ဝင်ပြောလိုက်သည်။
“ခင်ဗျား ပြောလိုက်တဲ့ စကားတွေအတွက် ကျွန်တော်တို့ရဲတပ်ဖွဲ့က တာဝန်ခံစရာ မလိုတော့ဘူးလေ”
“ဒါဆို အဆင်ပြေတာပေါ့၊ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်အခြေအနေပဲ”
ဖုန်းပုကြွယ် ပြုံးလိုက်သည်။
သူတို့သုံးဦး စကားပြောရင်းနှင့် ဒုတိယထပ်ရှိ ဧည့်ခန်းတံခါးဝသို့ ရောက်ရှိလာကြသည်။ အထဲမဝင်ရသေးခင်မှာပင် အခန်းထဲမှ နန်စီ၏ ထိတ်လန့်တကြား အာမေဍိတ်သံကို ကြားလိုက်ရလေသည်။
“အို ဘုရားသခင် ဒါ မဖြစ်နိုင်တာ”
သူမစကား၏ နောက်ဆုံးပိုင်းတွင် ငိုသံများ စွက်နေခဲ့သည်။
“အရမ်းဝမ်းမနည်းပါနဲ့ ညီမလေးရယ်၊ ဒါမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားကြပါဘူး”
ဂျက်ခ်က ပြန်ပြောလိုက်သည်။
ဤအချိန်တွင် ဖုန်းပုကြွယ်နှင့် အပေါင်းအပါနှစ်ဦးတို့ အခန်းထဲ ဝင်ရောက်လာကြသည်။ အခန်းတွင်းကို အလျင်အမြန် အကဲခတ်လိုက်ရာ ဆိုဖာပေါ်တွင် စစ်ဆေးမေးမြန်းခြင်းကို တာဝန်ယူထားသည့် ရဲအရာရှိ မာ့ခ်က မစ္စကာရိုးလ်ထံမှ ထွက်ဆိုချက်များကို ရယူနေပြီး၊ မစ္စအိုဒက်တ်က သူမကို ညင်သာစွာ နှစ်သိမ့်ပေးနေလေသည်။ မလှမ်းမကမ်းရှိ ကုလားထိုင်တစ်ခုတွင် မစ္စတာကိုးလ်စတန်က မျက်မှောင်ကြုတ်လျက် ထိုင်နေပြီး သူ့ဘေးရှိ ဒေါက်တာပါဝဲလ်နှင့် စကားပြောနေ၏။ ဘာတွန်ကမူ အခန်း၏ အခြားထောင့်တစ်နေရာတွင် တစ်ကိုယ်တည်းထိုင်နေပြီး ဂဏာမငြိမ် ဖြစ်နေပုံရသည်။ ဂျက်ခ်မှာ တံခါးနှင့် မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေခြင်းဖြစ်ပြီး နန်စီကမူ သူ့ရင်ခွင်ထဲတွင် ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။
“အရာရှိ၊ ဒီဘက်ကို ခဏလောက် လာပေးလို့ ရမလား”
ဖုန်းပုကြွယ်က မာ့ခ်ကို လှမ်းပြောလိုက်သည်။
မာ့ခ်က လှည့်ကြည့်လာပြီး စောစောက စကိုးဖီးလ်၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ သူ၏ အထက်လူကြီးက ခေါင်းညိတ်ပြသည်ကို မြင်မှသာ အနားသို့ လျှောက်လာပြီး ဖုန်းပုကြွယ်ကို မေးလိုက်သည်။
“ကျွန်တော့်ဘက်က ဘာကူညီပေးရမလဲခင်ဗျာ”
“ဟုတ်ကဲ့…”
ဖုန်းပုကြွယ်သည် အခန်းထဲရှိ လူတိုင်းနှင့် မျက်လုံးချင်းဆုံအောင် ရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်ပြီးနောက် လေသံကို အနည်းငယ် မြှင့်၍ ဆိုလိုက်လေသည်။
“ကျွန်တော်တို့ သီးသန့် စကားပြောလို့ ရမလား”