← Chapters

အခန်း ၁၅

Vol. 38 Ch. 15

အခန်း ၁၅

Vol. 38 Ch. 15

အခန်း (၁၅) မေးခွန်းတွေစပြီ

မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက်၊ စာကြည့်ခန်းထဲတွင် ဖြစ်သည်။

ဖုန်းပုကြွယ်သည် စားပွဲခုံနောက်တွင် ထိုင်ကာ ရဲအရာရှိမာ့ခ် ထွက်ဆိုချက်များ မှတ်တမ်းတင်ထားသည့် လက်ကမ်းစာအုပ်လေးကို အေးအေးလူလူ လှန်လှောကြည့်ရှုနေခဲ့သည်။ စုံထောက် စကိုးဖီးလ်ကမူ စားပွဲဘေးရှိ ကုလားထိုင်တစ်ခုတွင် ထိုင်နေလေသည်။

သူတို့နှစ်ဦးသည် သံသယရှိသူများကို တစ်ဦးချင်းစီ ခေါ်ယူစစ်ဆေးမေးမြန်းရန် ဤအခန်းကို “ယာယီသိမ်းပိုက်” ထားကြခြင်း ဖြစ်သည်။

“ဒီအမှုမှာ အတည်ပြုထားတဲ့ ရာဇဝတ်မှုဆိုင်ရာ သက်သေအထောက်အထားတွေနဲ့ ဆက်စပ်အချက်အလက်တွေအပေါ် အခြေခံပြီး ကျူးလွန်သူရဲ့ ရာဇဝတ်မှုဆိုင်ရာစိတ်ပညာကို ယုတ္တိဗေဒနည်းကျ ပုံဖော်သုံးသပ်ကြည့်လို့ ရတယ်၊ အချက်အလက် စုဆောင်းခြင်း၊ သုံးသပ်ချက် ထုတ်နုတ်ခြင်း၊ ပြီးတော့ ရလဒ်ကို ပဏာမမှန်းဆခြင်းဆိုတဲ့ ဒီအဆင့်သုံးဆင့်ဟာ အခြေခံအဆင့်တွေပဲ၊ အထူးသဖြင့် ‘ယုတ္တိအခြေပြု ခွဲခြမ်းစိတ်ဖြာခြင်း’ ကို အသုံးပြုပြီး…”

ဖုန်းပုကြွယ်သည် ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာ ခွဲခြမ်းစိတ်ဖြာမှု သီအိုရီအကြောင်းကို စကိုးဖီးလ်အား တက်ကြွလှုပ်ရှားစွာ ရှင်းပြ (ကြွားဝါ) နေလေသည်။

“အိုး၊ ‘ယုတ္တိအခြေပြု ခွဲခြမ်းစိတ်ဖြာခြင်း’ ကျုပ် ကြားဖူးတယ်”

စကိုးဖီးလ်သည် နောက်ဆုံးတွင် သူသိသည့် ဝေါဟာရတစ်ခု ပါလာသဖြင့် ဝင်ပြောလိုက်သည်။

“ဒါ ရှားလော့ဟုမ်းစ် ဝတ္ထုတွေထဲက အယူအဆတစ်ခု မဟုတ်လား”

“မဟုတ်ပဘူး၊ ‘ယုတ္တိအခြေပြု ခွဲခြမ်းစိတ်ဖြာခြင်း’ ဆိုတာ အသုံးအနှုန်းတစ်ခုသက်သက်ပဲ၊ အဓိပ္ပာယ်တွေ အများကြီး ရှိနိုင်ပါတယ်”

ဖုန်းပုကြွယ်က ခေါင်းခါပြသည်။

“ဒီအမှုမှာ ကျွန်တော်တို့ သုံးရမှာက ‘ရှားလော့ဟုမ်းစ်’ ရဲ့ အတွေးအခေါ်မျိုး မဟုတ်ဘဲ၊ ‘ရာဇဝတ်မှုဆိုင်ရာ ရုပ်ပုံလွှာဖော်ထုတ်ခြင်း’ ထဲက မှန်းဆတွေးခေါ်မှုမျိုးပါ”

“အာ… အဲဒါက ဘာလဲမသိဘူး…”

စကိုးဖီးလ်က မေးမြန်းလိုက်သည်။

“ဒါက ရာဇဝတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာရပ်တွေကို ကောက်ချက်ချပြီး သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာ၊ စရိုက်လက္ခဏာ၊ နေ့စဉ်အလေ့အထ စတာတွေကို ပုံဖော်ကြည့်တာပဲ၊ ဒါမှ သံသယရှိသူ အရေအတွက်ကို လျှော့ချပြီး ဘောင်ကျဉ်းလိုက်လို့ ရမှာ”

ဖုန်းပုကြွယ် ရှင်းပြလိုက်သည်။

“ဒါက တိကျတဲ့ သိပ္ပံပညာရပ်တစ်ခုတော့ မဟုတ်ပေမယ့် တကယ့်ကို အဆင့်မြင့်စုံစမ်းစစ်ဆေးရေး အယူအဆတစ်ခု ဖြစ်တယ်”

သူက နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။

“ရာဇဝတ်မှုဆိုင်ရာ ရုပ်ပုံလွှာဖော်ထုတ်ခြင်းရဲ့ မှန်းဆတွေးခေါ်မှုမှာ အဆင့်နှစ်ဆင့် ရှိတယ်၊ ပထမအဆင့်က သံသယရှိသူနဲ့ ဆက်သွယ်စကားပြောခြင်းကနေတစ်ဆင့် အဓိက သက်သေအထောက်အထားကို ရယူတာ၊ ဒီသက်သေက အပြုအမူဆိုင်ရာ အစိတ်အပိုင်း ဒါမှမဟုတ် ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာ ခြေရာလက်ရာ အစိတ်အပိုင်းတွေ ဖြစ်နိုင်တယ်၊ ဒုတိယအဆင့်ကတော့ ရာဇဝတ်မှုဆိုင်ရာ စိတ်ပညာ၊ မှုခင်းသိပ္ပံနဲ့ စုံစမ်းစစ်ဆေးရေးရဲ့ ယေဘုယျအခြေခံမူတွေကနေ စတင်ပြီး အဲ့ဒီရာဇဝတ်မှုဆိုင်ရာ အပြုအမူ ဒါမှမဟုတ် စိတ်ပညာခြေရာတွေကို သံသယရှိသူတွေရဲ့ သီးခြားပတ်သက်မှုတွေနဲ့ ချိတ်ဆက်ပြီး ရုပ်ပုံလွှာသုံးသပ်ချက် ထုတ်နုတ်တာပဲ။

သေချာတာကတော့၊ ဒီရုပ်ပုံလွှာ ဖော်ထုတ်တဲ့ ဖြစ်စဉ်မှာ အဆင့်ငါးဆင့်နဲ့ အဓိက အချက်ပေါင်း တစ်ဒါဇင်ကျော် ရှိသေးတယ်၊ ရှင်းပြရရင် အချိန်အများကြီး ပေးရမှာမို့ အသေးစိတ်တော့ မပြောတော့ဘူး၊ ဘာပဲဖြစ်ဖြစ်… ကျွန်တော် တွက်ချက်ကြည့်ရသလောက်တော့… နောက် ဆယ်နှစ်လောက်ဆိုရင် ဒီဘာသာရပ်တွေက ရဲတက္ကသိုလ် သင်ရိုးညွှန်းတမ်းတွေထဲ ပါလာလိမ့်မယ်… အဲဒီအခါကျရင် ပညာရပ်ပိုင်းဆိုင်ရာ ခေတ်ဖြစ်လာပြီး အစီရင်ခံစာ ကောင်းကောင်းရေးနိုင်တဲ့လူတွေက ရာထူးတိုး ပိုမြန်လိမ့်မယ်”

ဒေါက် ဒေါက်။

ဖုန်းပုကြွယ်တစ်ယောက် မူရင်းအကြောင်းအရာမှ တဖြည်းဖြည်း ဝေးကွာသွားချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။ ရဲအရာရှိ ဒန်းပ်ဆေးက အပြင်ဘက်မှ လှမ်းပြောလိုက်သည်။

“မစ္စကာရိုးလ် ရောက်ပါပြီခင်ဗျာ”

စကိုးဖီးလ်နှင့် အစ်ကိုကြွယ်တို့ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး ဖုန်းပုကြွယ်က ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စုံထောက်ကြီးက အပြင်ဘက်သို့ လှမ်းခေါ်လိုက်သည်။

“ဝင်ခဲ့ပါ”

တံခါးပွင့်သွားပြီး မစ္စကာရိုးလ် ဝင်လာခဲ့သည်။ သူမ၏ မျက်ဝန်းများမှာ နီရဲဖူးရောင်နေပြီး မျက်နှာပေါ်တွင်လည်း မျက်ရည်စများ ကပ်ကျန်နေတုန်း ဖြစ်သည်။ သူမ၏ တန်ဖိုးကြီး မိတ်ကပ်အများစုမှာ လက်ကိုင်ပုဝါဖြင့် သုတ်ထားသဖြင့် ပျက်ပြယ်နေပြီး မူလကတည်းက ရွက်ကြမ်းရေကြိုရှိသော သူမမျက်နှာမှာ ယခုအခါ ပို၍ပင် နွမ်းနယ်ပင်ပန်းနေပုံရသည်။

“အခုလို အချိန်မျိုးမှာ ထပ်ခါတလဲလဲ အနှောင့်အယှက်ပေးမိတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ”

ဖုန်းပုကြွယ် စကားပြောနေစဉ် ဒန်းပ်ဆေးက စာကြည့်ခန်းတံခါးကို အပြင်ဘက်မှ ပြန်ပိတ်ပေးလိုက်သည်။

ကာရိုးလ်က ပြန်ဖြေလိုက်သည်။

“ရပါတယ်… ရှင်တို့လည်း ရှင်တို့အလုပ် ရှင်တို့လုပ်ရတာပါပဲ”

အတော်ကြာအောင် ငိုထားခဲ့သဖြင့် သူမ၏ လေသံမှာ တိုးညင်းပြီး အနည်းငယ် အသံဝင်နေခဲ့သည်။

“အင်း… ကျေးဇူးပြုပြီး ထိုင်ပါဦး”

ဖုန်းပုကြွယ်က သူ့အရှေ့က ထိုင်ခုံကို ညွှန်ပြလိုက်သည်။

စကိုးဖီးလ်က ရှေ့တက်ကာ အမျိုးသမီးအား ကုလားထိုင်ပေါ် ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်ရှင်”

ကာရိုးလ်သည် စုံထောက်ကြီးအာား ခပ်တိုးတိုးပြောပြီးနောက် ဖုန်းပုကြွယ်နှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

“ကျွန်တော် တိုက်ရိုက်ပဲ ပြောပါ့မယ်”

သူမ ထိုင်လိုက်သည်နှင့် ဖုန်းပုကြွယ်က ပြောလိုက်သည်။

“လူသတ်သမားက ဒီဗီလာထဲမှာ ရှိနေတဲ့လူ၊ ကျွန်တော်တို့ကြားထဲက တစ်ယောက်ယောက်ပဲ”

ကာရိုးလ်သည် ဤအချက်ကို အနည်းငယ် စိတ်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူမ မည်မျှပင် ဝမ်းနည်းပူဆွေးနေပါစေ ဤမျှထင်ရှားလှသော အချက်ကိုတော့ မတွေးမိဘဲ မနေနိုင်ပေ။

“ဘယ်… ဘယ်သူလဲ”

ကာရိုးလ်က တုန်ရီသောအသံဖြင့် မေးသည်။

“ကျွန်တော့်မှာ ထင်မြင်ချက်တချို့တော့ ရှိပါတယ်”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါပေမဲ့ ရာနှုန်းပြည့် မသေချာခင်မှာ ခင်ဗျားအမြင်ကို အရင်သိချင်ပါတယ်”

“ကျွန်မရဲ့ အမြင် ဟုတ်လား”

ကာရိုးလ်က နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

“ဟုတ်ပါတယ်”

ဖုန်းပုကြွယ်က မေးသည်။

“ကျွန်တော် ခင်ဗျားကို မေးချင်တာက… ခင်ဗျားအထင် လူသတ်သမားက ဘယ်သူဖြစ်မလဲ”

ကာရိုးလ်၏ မျက်ဝန်းများက ဝေဝါးသွားပြီး အကြည့်များ မတည်မငြိမ် ဖြစ်သွားကာ အလေးအနက် တွေးတောနေပုံရသည်။ သို့သော်လည်း သူမက “ကျွန်မ… ကျွန်မ မသိဘူး… ဘာလို့ ကျွန်မကို လာမေးနေရတာလဲ” ဟုသာ ပြန်ဖြေရှာသည်။

“ဟဲဟဲ…”

ဖုန်းပုကြွယ် ခပ်ဖွဖွ ရယ်လိုက်သည်။

“ခင်ဗျား မပြောချင်ဘူးဆိုရင်လည်း ကျွန်တော့်ရဲ့ သုံးသပ်ချက်ကိုပဲ ရှင်းပြရတော့မှာပေါ့”

သူသည် ကုလားထိုင်နောက်မှီကို မှီချလိုက်ပြီး သက်တောင့်သက်သာရှိသော လေသံဖြင့် ဆိုလိုက်သည်။

“ကျွန်တော် ယုံကြည်တာကတော့… ဒန်းနစ် လာ့ဗ်ခရက်ဖ်ကို သတ်ခဲ့တဲ့လူက ခင်ဗျားပဲ၊ မစ္စကာရိုးလ်”

“ဘာ”

ကာရိုးလ်သည် ထိတ်လန့်တကြားနှင့် ဒေါသတကြီး ဖြစ်သွားပြီး သူမအသံမှာလည်း မသိစိတ်အရ မြင့်တက်သွားခဲ့သည်။

“ရှင်ဘယ်လိုတောင် ပြောရက်ရတာလဲ၊ ကျွန်မယောက်ျားကို ကျွန်မ ဘယ်လောက်ချစ်လဲ၊ သူ့သေဆုံးမှုကြောင့် ကျွန်မ ရင်ကွဲမတတ် ခံစားနေရတာကို… ရှင်က ကျွန်မကို လူသတ်သမားလို့ စွပ်စွဲရက်တယ်ပေါ့”

“ခင်ဗျားရဲ့ ထွက်ဆိုချက်အရ ဆိုရင်တော့…”

ဖုန်းပုကြွယ်သည် တစ်ဖက်အမျိုးသမီး၏ စိတ်လှုပ်ရှား ဒေါသထွက်နေမှုကို ဂရုမစိုက်ဘဲ သူ့ဘာသာ ဆက်ပြောလိုက်သည်။

“ခင်ဗျား တံခါးမဖွင့်ခင်က တံခါးက လော့ခ်ကျနေခဲ့တာ၊ ပြီးတော့ တံခါးဖွင့်ပြီး အလောင်းကို မြင်လိုက်ရတဲ့အချိန်မှာ ခင်ဗျားက အခန်းထဲတောင် မဝင်ဘဲ ကော်ရစ်ဒါပေါ်မှာ ထိတ်လန့်တကြား လဲကျသွားခဲ့တယ်လို့ ဆိုတယ်”

သူ ပခုံးတွန့်ပြလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့ အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အချိန်မှာ အခန်းထဲက ပြတင်းပေါက်အားလုံးက အထဲကနေ သော့ခတ်ထားပြီးသား ဖြစ်နေတယ်၊ တခြားထွက်ပေါက်လည်း မရှိဘူး၊ သော့ရှိတဲ့ ခင်ဗျားကလွဲရင်… တခြားဘယ်သူက လူသတ်သမား ဖြစ်နိုင်ဦးမှာလဲ”

သူသည် ဇာတ်လမ်းတစ်ပုဒ်ကို တမင်တကာ လုပ်ကြံဖန်တီးပြီး ပြောလိုက်ခြင်းဖြစ်သည်။

“ကျွန်တော် ထင်တာကတော့… ခင်ဗျားက သူ့ကို အရင်သတ်တယ်၊ ပြီးတော့ အခန်းကို သော့ခတ်၊ အပြင်ထွက်ပြီး လူသတ်လက်နက်ကို ဖျောက်၊ လက်ကသွေးတွေကို ဆေးကြောခဲ့တယ်၊ အဲဒီနောက်မှ အခန်းကို ပြန်လာပြီး သံသယကင်းအောင် အလောင်းကို အရင်ဆုံး တွေ့သူအဖြစ် ဟန်ဆောင်လိုက်တာပဲ”

“ရှင်… ရှင် လုံးဝအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာပဲ”

ကာရိုးလ်သည် ဒေါသထွက်လွန်းသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ။

“ကျွန်မက ဘာကိစ္စနဲ့ ကျွန်မယောက်ျားကို သတ်ရမှာလဲ”

“အကြောင်းပြချက်ကတော့… အချစ်ကနေ အမုန်းပြောင်းသွားတာလို့ ကျွန်တော် ထင်တာပဲ…”

ဖုန်းပုကြွယ်က သူ့လက်ထဲက စာအုပ်ငယ်လေးကို ကိုင်မြှောက်ပြီး အသာအယာ ဝှေ့ယမ်းပြလိုက်သည်။

“အရာရှိမာ့ခ် စစ်ဆေးမေးမြန်းတုန်းက ပြောပြချက်အရ… ခင်ဗျားနဲ့ ဒန်းနစ်မှာ ကလေးမရှိဘူး၊ ဟုတ်တယ်မလား”

“ဟုတ်တယ်၊ အဲဒါ ဘာဖြစ်လဲ၊ ကလေးမရှိတာ ဥပဒေနဲ့ညှိစွန်းနေလို့လား”

ကာရိုးလ်က ပြန်ပက်လိုက်သည်။

“အသက် လေးဆယ်ဝန်းကျင်စုံတွဲမောင်နှံနှစ်ဦး၊ ယောက်ျားက ချမ်းသာတဲ့ မိသားစုကဖြစ်ပြီး မိန်းမက ပိုပြီးတော့တောင် ဂုဏ်သရေရှိတဲ့ မိသားစုကလာတာ၊ တကယ်လို့ သူတို့မှာ ငွေကြေးပူပန်စရာမရှိဘဲ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြတယ်ဆိုရင် ဘာလို့ ကလေးမယူကြတာလဲ…”

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။

“ဒါက ဥပဒေနဲ့ မညီတာတော့ မဟုတ်ပါဘူး… ဒါပေမဲ့ အတော်လေး ထူးဆန်းတယ်လို့ မထင်ဘူးလား”

“ဒါ ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပဲ”

ကာရိုးလ်က ဒေါသတကြီး ပြောလိုက်သည်။

“ကိုယ်ရေးကိုယ်တာကိစ္စ… အိုး…”

ဖုန်းပုကြွယ်က ဘာမှမဖြစ်သလို ဆက်ပြောလိုက်သည်။

“ဒါဆိုရင်တော့ အပြင်လူဖြစ်တဲ့ ကျွန်တော့်အနေနဲ့ မတွေးဘဲ မနေနိုင်တော့ဘူး… ခင်ဗျားက သူ့ကို ချစ်သလောက် ခင်ဗျားယောက်ျားကကော ခင်ဗျားကို ပြန်ချစ်ရဲ့လား…၊ သူ ခင်ဗျားကို လက်ထပ်ခဲ့တာ တခြားရည်ရွယ်ချက် တစ်ခုခုကြောင့်များလား၊ ခင်ဗျားလည်း သိတဲ့အတိုင်း လာ့ဗ်ခရက်ဖ် မိသားစုက လူအများစုမျက်စိထဲမှာ ချမ်းသာတယ်ဆိုပေမယ့် ခင်ဗျားတို့ မိသားစုနဲ့ ယှဉ်လိုက်ရင်တော့…”

All Chapters