← Chapters

အခန်း ၁၆

Vol. 38 Ch. 16

အခန်း ၁၆

Vol. 38 Ch. 16

အခန်း (၁၆) ကာရိုးလ်၏ ထွက်ဆိုချက်

“တော်လောက်ပြီ”

ကာရိုးလ်က ဟိန်းဟောက်လိုက်သည်။

“ကျေးဇူးပြုပြီး… ကွယ်လွန်သူ ကျွန်မယောက်ျားကို အပုပ်ချနေတာတွေ ရပ်လိုက်ပါတော့”

သူမ အံကြိတ်ကာ ပြန်ပြောလိုက်သည်။

“ကျွန်မတို့ ကလေးမလိုချင်လို့ မဟုတ်ပါဘူး၊ ဒါက…”

သူမသည် ရှိုက်သံတစ်ချက်ကို အောင့်အီးရင်း “ဒေါက်တာက ပြောတယ်… ဒါ ကျွန်မဘက်က ပြဿနာမို့လို့ပါတဲ့…”

သူမသည် ဤမျှသာ ပြောနိုင်တော့မှန်း သိသဖြင့် ထိုနေရာတွင် စကားရပ်လိုက်လေသည်။

“မစ္စတာဖုန်း၊ စုံထောက်ကြီး၊ ဒါကို လျှို့ဝှက်ပေးထားဖို့ ကျွန်မ မျှော်လင့်ပါတယ်၊ တကယ်လို့ ကျွန်မ ဒီနေ့ ဒီမှာပြောခဲ့တာတွေ တစ်ခုခု မီဒီယာပေါ် ပါလာခဲ့ရင်တော့…”

“နားလည်ပါတယ်… နားလည်ပါတယ်…”

ဖုန်းပုကြွယ်က ကြားဖြတ်ပြောလိုက်သည်။

“ဒါသာအပြင်ကို ပေါက်ကြားသွားရင် အက်ဆာလီရဲ့ အကြီးဆုံး ဘဏ္ဍာရေးမိသားစုက ကျွန်တော်တို့နောက်ကို လိုက်တော့မှာပေါ့၊ အဲဒီအချိန်ကျရင်… မစ္စတာ စကိုးဖီးလ်လည်း အလုပ်ပြုတ်ပြီး ပင်စင်ပါ ဆုံးရှုံးရလိမ့်မယ်၊ ကျွန်တော်ဆိုရင်လည်း… ခရီးဆောင်အိတ်ထဲ အထည့်ခံရပြီး မြေထဲပင်လယ်ထဲ အပစ်ခံရဖို့ များတာပေါ့”

စကိုးဖီးလ်မှာ ချွေးစေးများ စီးကျလာပြီး လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ချက်ချင်း ဝင်ပြောလိုက်သည်။

“ကျုပ်ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ရင်းပြီး အာမခံပါတယ် မဒမ်၊ ခင်ဗျားပြောတဲ့ စကားတွေ အပြင်ကို လုံးဝပျံ့မသွားစေရပါဘူး”

ဖုန်းပုကြွယ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဘာပဲဖြစ်ဖြစ်… ဒီလို အကြောင်းပြချက် ရှိနေမှတော့… ကျွန်တော် ခင်ဗျားအပေါ် အထင်လွဲသွားတာလို့ပဲ ထင်မိပါတယ်”

သူသည် အစောပိုင်းက ပြောခဲ့သည့် စကားများကို ဘာမှမဖြစ်သလို ပြန်ရုပ်သိမ်းလိုက်ပြီး ကာရိုးလ်ကို ပြောလိုက်သည်။

“အခုထိ ကျွန်တော် ပြောခဲ့တာတွေအားလုံးက သုံးသပ်ချက်သက်သက်သာ ဖြစ်ပြီး စွပ်စွဲချက်မဟုတ်ပါဘူး၊ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”

“ရှင်ပြောလိုက်တာတွေကို စိတ်ထဲမထားဖို့ဆိုတာ လူအများစုအတွက်တော့ အတော်လေး ခက်ခဲလိမ့်မယ်လို့ ကျွန်မထင်တယ်”

ကာရိုးလ်က ပြန်ပြော၏။

“ခင်ဗျား ဒေါသထွက်တာ လုံးဝ အကြောင်းပြချက် ရှိပါတယ်၊ ကျွန်တော် နားလည်ပါတယ်”

ဖုန်းပုကြွယ်က ဆိုသည်။

“ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင် အခုချိန်မှာ ‘ဒန်းနစ်အနေနဲ့ ဒီလူယုတ်မှာကို လမ်းဘေးမှာပဲ ပစ်ထားခဲ့သင့်တာ’ ဆိုပြီး သေချာပေါက် တွေးနေမိမှာ…”

ကာရိုးလ်မှာ ပြန်မတုံ့ပြန်သော်လည်း သူမ၏ မျက်နှာအမူအရာက ထိုသို့တွေးပြီးဖြစ်ကြောင်းကို ဝန်ခံနေပြီ ဖြစ်သည်။

“ပထမမေးခွန်းဆီ ပြန်သွားရအောင်”

ဖုန်းပုကြွယ် ပြုံးလိုက်သည်။

“တွေ့လား၊ ခင်ဗျားက ကျွန်တော့်ရဲ့ သုံးသပ်ချက်ကို ချေပလိုက်တော့ အခု ကျွန်တော် လမ်းပျောက်သွားပြီ၊ ခင်ဗျားဘက်က အကြောင်းပြချက်ရှိတဲ့ သံသယရှိသူတစ်ယောက်ကို မပြောပြသရွေ့တော့ ဒီစုံစမ်းစစ်ဆေးမှုကို ဆက်သွားဖို့ ခက်ခဲလိမ့်မယ်”

ဤနေရာအထိဆိုလျှင် လူတိုင်း သဘောပေါက်လောက်ပြီ ဖြစ်သည်။ တကယ်တော့ အစ်ကိုကြွယ်၏ နည်းလမ်းမှာ… စစ်ဆေးခံရသူကို မဟုတ်မမှန် စွပ်စွဲချက်များ၊ လုပ်ကြံဇာတ်လမ်းများဖြင့် အရင်ဆုံး ဆွပေးခြင်း ဖြစ်သည်။ ထို့နောက် မိမိဘက်က လမ်းပိတ်သွားသည့်ဟန် ပြုလုပ်ကာ၊ တစ်ဖက်လူထံမှ ပုံမှန်စစ်ဆေးမေးမြန်းမှုတွင် ထုတ်ပြောမည်မဟုတ်သော အချက်အလက်များကို ပြောလာအောင် မျှားယူခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ဤအရာအားလုံးမှာ “လှည့်စားခြင်း” သာ ဖြစ်သည်။ အပြစ်မဲ့သူနှင့် လူသတ်သမားတို့ စွပ်စွဲခံရချိန်တွင် ပြသသည့် တုံ့ပြန်မှုမှာ သေချာပေါက် ကွဲပြားပေလိမ့်မည်။ ထို့ပြင် ဤလူနှစ်မျိုးစလုံးသည် မိမိတို့ရှေ့ရှိ စုံထောက်ကြီးမှာ အရည်အချင်းမရှိဟု တွေ့ရှိသွားချိန်တွင်လည်း မတူညီသော စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ခံစားရမည် ဖြစ်သည်။

ဆက်လက်၍ အစ်ကိုကြွယ်သည် လူများ အခန်းထဲ ဝင်လာမည့် အစီအစဉ်ကိုပါ ဂရုတစိုက် စီမံထားခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် အခြားလှည့်ကွက်များ ရှိနေသေးသောကြောင့် ဖြစ်သည်…။ ခေတ်ဟောင်းလှည့်ကွက်တစ်ခုဖြစ်သည့် “ဘယ်သူဘယ်ဝါကတော့ မင်းကို အကုန်ဖော်သွားပြီ” ဆိုသည့် နည်းလမ်းမျိုးမှာ ၎င်းတို့ထဲမှ တစ်ခုဖြစ်သော်လည်း ထိုအကြောင်းကတော့ နောက်မှ ပြောရမည့် အကြောင်းအရာ ဖြစ်သည်...။

စကိုးဖီးလ်သည် ဝါရင့်စုံထောက်တစ်ဦးဖြစ်သည့်အားလျော်စွာ ဤကဲ့သို့သော ခွဲခြားစစ်ဆေးမေးမြန်းသည့် ဗျူဟာကို အတော်အတန် ရင်းနှီးပြီးသား ဖြစ်သည်။ သို့သော်လည်း ဤအမှုနှင့် ရင်ဆိုင်ရချိန်တွင် သူ၌ စိုးရိမ်ပူပန်စရာများစွာ ရှိနေလေသည်။ အထောက်အထားမရှိဘဲ ပြစ်မှုမှတ်တမ်းမရှိသည့် ဥပဒေလိုက်နာသော နိုင်ငံသားများအပေါ် ဤကဲ့သို့ အောက်တန်းစားလှည့်ကွက်များ သုံးခြင်းမှာ အလွန်မသင့်တော်ပေ။ အမှုပေါ်သွားခဲ့လျှင်ပင် သူတို့သည် ကျေးဇူးတင်ကြမည်မဟုတ်ဘဲ အမှုမပေါ်ခဲ့လျှင်မူ အကျိုးဆက်က အလွန်ဆိုးရွားပေလိမ့်မည်။

ပြီးလျှင် ထိုအကျိုးဆက်များမှာ အထက်လူကြီးထံ တိုင်ကြားစာ ပို့ရုံမျှဖြင့် ပြီးသွားမည့်အရာ မဟုတ်ပေ…။ ဖုန်းပုကြွယ် ပြောခဲ့သလိုပင် မစ္စကာရိုးလ်၏ မိသားစုမှာ အက်ဆာလီတွင် အကြီးဆုံးနှင့် သြဇာအာဏာအရှိဆုံး ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်သည်။

ဤမိသားစုသည် တိုင်းပြည်ထဲတွင် မည်မျှသြဇာလွှမ်းမိုးမှု ရှိသနည်း။ ဥပမာအားဖြင့်… ညတစ်ညတွင် သင်သည် လမ်းကြားတစ်ခုထဲ၌ ကားနောက်ဆုတ်ရင်း သူတို့မိသားစုဝင်တစ်ယောက်ကို မတော်တဆ တိုက်မိသွားသည် ဆိုပါစို့။ သင်သည် ထောင်ဒဏ်ခုနစ်နှစ် ကျခံရမည့်အပြင် အိမ်ရောင်းပြီး လျော်ကြေးပေးရကာ မိသားစုပါ လမ်းဘေးရောက်ပြီး အရာအားလုံး ဆုံးရှုံးသွားနိုင်ပေသည်။ ခုနစ်နှစ်ကြာပြီးနောက် သင့်ထံတွင် တစ်ပြားတစ်ချပ်မျှ ကျန်တော့မည်မဟုတ်ပေ။ အခြားတစ်ဖက်တွင်မူ… ညတစ်ည၌ သင်သည် မီးပွိုင့်စိမ်းနေ၍ လမ်းကူးနေစဉ် သူတို့မိသားစုထဲက တစ်ယောက်ယောက်က ကားကို အရှိန်ပြင်းစွာမောင်းပြီး သင့်ကို တိုက်မိသွားသည် ဆိုပါစို့။ သူသည် ထောင်ဒဏ်သုံးနှစ် ဆိုင်းငံ့ပြစ်ဒဏ်နှင့် တစ်နှစ်ခံဝန်ဖြင့် လွတ်မြောက်သွားဖို့ များသည်။ ပေးလျော်သည့် လျော်ကြေးငွေမှာ နည်းလှသည်မဟုတ်သော်လည်း ထိုပြိုင်ကား၏ ဘီးတစ်လုံးစာ ဝယ်ဖို့ရန်သာ လုံလောက်ပေလိမ့်မည်။

မချုပ်ဆိုရသော် စကိုးဖီးလ်အနေဖြင့် တရားခံအစစ်ကို မဖမ်းမိရုံသာမက ဤမိသားစုအပေါ် မဟုတ်မမှန် စွပ်စွဲချက်များ လုပ်ကြံခဲ့မည်ဆိုပါက သူသည် အချိန်စော၍ အနားယူရုံသာ ရှိတော့သည်။ အခြားမည်သည့်အလုပ်မျှ ရရန် မျှော်လင့်၍မရတော့ဘဲ တစ်စုံတစ်ယောက်က အမျိုးသားမီဒီယာများပေါ်တွင် သူ့အား စုံထောက်မဖြစ်ခင်က အပျော်လင်တစ်ယောက် ဖြစ်ခဲ့ဖူးသည့်အလား သူ့ဂုဏ်သိက္ခာကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။

ထို့ကြောင့် စုံထောက်ကြီးသည် ဤဖြစ်နိုင်ခြေမျိုးကို တစ်ကြိမ်တစ်ခါမျှပင် မတွေးရဲခဲ့ပေ။

သို့သော်လည်း အပြင်လူတစ်ယောက်ဖြစ်သည့် ဖုန်းပုကြွယ်က ဤကဲ့သို့သော စစ်ဆေးမေးမြန်းရေး ဗျူဟာကို တင်ပြလာပြီး ကိုယ်တိုင်အကောင်အထည်ဖော်ရန် စေတနာ့ဝန်ထမ်း လုပ်လိမ့်မည်ဟု သူ မမျှော်လင့်မိခဲ့ချေ။

မှန်ပေသည် စကိုးဖီးလ်အနေဖြင့် အစ်ကိုကြွယ်၏ အကြံပြုချက်ကို ငြင်းပယ်စရာ အကြောင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် မည်သူ့ကိုမဆို စော်ကားပုတ်ခတ်နေသည်မှာ သူတို့၏ စုံထောက်အဖွဲ့ မဟုတ်သောကြောင့် ဖြစ်သည်။ ထိုမျှတင်မကသေးဘဲ ဖုန်းပုကြွယ်မှာ ကျော်ကြားလှသော နာမည်ကျော် စုံထောက်ကြီးတစ်ယောက် ဖြစ်သည်။ သူသည် ထာဝရပုန်းအောင်းနေနိုင်မည် မဟုတ်ပေ။ တကယ်လို့ အမှုမပေါ်ခဲ့ရင် ဒေါသပုံချစရာ လူတစ်ယောက် ရတာပေါ့…။

“ကောင်းပြီလေ…”

အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ကာရိုးလ်က နောက်ဆုံးတွင် စိတ်လျှော့ကာ ဆိုလိုက်သည်။

“တကယ်လို့ ကျွန်မဘက်က အကြောင်းပြချက်ရှိတဲ့ လူတစ်ယောက်ကို အမည်တပ်ရမယ်ဆိုရင်… ကျွန်မထင်တာတော့… ကျွန်မ တကယ်ပဲ မှန်းဆကြည့်တာပါနော်…”

“စိတ်ချပါ၊ ခင်ဗျား တစ်စုံတစ်ယောက်ကို စွပ်စွဲခဲ့တယ်ဆိုတာ ကျွန်တော် အခြားဘယ်သူ့ကိုမှ ထုတ်ပြောမှာ မဟုတ်ပါဘူး”

သူမ ငါးစာဟပ်မိပြီ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ဖုန်းပုကြွယ်သည် နောက်ထပ် ကတိတစ်ခု အလျင်အမြန် ပေးလိုက်ပြန်သည်။

“ဖြစ်နိုင်တာကတော့ အိုဒက်တ်နေမှာပေါ့…”

ကာရိုးလ်၏ အကြည့်က ဘေးသို့ ရွှေ့ပြောင်းသွား၏။

‘မိန်းမတွေက တကယ်ကြောက်စရာကောင်းတဲ့ သတ္တဝါတွေပဲ…’

ဖုန်းပုကြွယ်သည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲကမူ တွေးနေမိသည်။

‘မင်း အခန်းထဲ ဝင်လာချိန်ကတည်းက မင်းတို့နှစ်ယောက် ရယ်မောပြီး စကားပြောနေကြတာလေ၊ ဖြစ်ပွားပြီးတဲ့နောက်မှာလည်း သူက မင်းဘေးမှာ ရှိနေပေးခဲ့တာ၊ အဲဒါတောင် မင်းက သူနာမည်ကို ထုတ်ပြောသေးတယ်ပေါ့…’

“အို၊ ဘာဖြစ်လို့လဲ မသိဘူးနော်”

ဖုန်းပုကြွယ်က မေးခွန်းနောက် စကားလိုက်ပေးရင်း တစ်ဖက်မှလည်း စကိုးဖီးလ်ကို ကြားဖြတ်မပြောရန် မျက်စိမှိတ်ကာ အချက်ပြလိုက်သည်။

“ကျွန်မ မသိဘူး… ဖြစ်နိုင်တာက မစ္စတာကိုးလ်စတန်ရဲ့ အမွေကြောင့် ဖြစ်နိုင်ပါတယ်…”

ကာရိုးလ်က ဆိုသည်။

“ဒန်းနစ်က သားကြီးလေ၊ သူက သူ့မိထွေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု မဟုတ်ဘူးလား၊ ပြီးတော့… ပြီးတော့…”

သူမ တုံ့ဆိုင်းနေလေသည်။

“ပြီးတော့… အသက် ၂၈ နှစ်အရွယ် မိန်းမတစ်ယောက်က အသက် ၅၅ နှစ်အရွယ် ယောကျာ်းတစ်ယောက်ကို လက်ထပ်တယ်ဆိုတာ အစကတည်းက ပိုက်ဆံအတွက်ပဲ မဟုတ်လား”

ဖုန်းပုကြွယ်က သူမ ထုတ်မပြောရဲသည့် စကားကို အစားထိုး ဝင်ပြောပေးလိုက်သည်။

ကာရိုးလ်မှာ ပြန်မဖြေဘဲ ခေါင်းကိုသာ တွင်တွင်ငုံ့ထားလျက် တိတ်ဆိတ်နေခဲ့သည်။

“ကောင်းပါပြီ၊ ကျွန်တော် နားလည်ပါပြီ”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒီအချက်အလက်တွေအတွက် အများကြီး ကျေးဇူးတင်ပါတယ်၊ ကျွန်တော် စုံထောက်ကြီးနဲ့အတူ အမှုတစ်ခုလုံးကို ပြန်ပြီးစဉ်းစားသုံးသပ်လိုက်ပါ့မယ်”

သူ လိုချင်တာ ရသွားပြီဖြစ်၍ သူမကို ထွက်ခွာရန် အချက်ပြလိုက်သည်။

“ကျေးဇူးပြုပြီး…”

…

မစ္စကာရိုးလ် ထွက်ခွာသွားပြီးနောက် ဖုန်းပုကြွယ်သည် တံခါးအပြင်ဘက်ရှိ ဒန်းပ်ဆေးအား နောက်ထပ် သံသယရှိသူအား ခေါ်လာရန် ညွှန်ကြားလိုက်ပြီး တံခါးပြန်ပိတ်လိုက်သည်။

“ခင်ဗျား တကယ်ကို ထက်မြက်တာပဲ မစ္စတာဖုန်း”

ဖုန်းပုကြွယ် နောက်လှည့်မလာခင် စကိုးဖီးလ်က လှမ်းပြောလိုက်သည်။

“ကျုပ်ဘက်ကတော့ တချို့စကားတွေကို ထုတ်ပြောဖို့ မဖြစ်နိုင်ဘူးလေ”

“ပြောသာ ပြောလိုက်စမ်းပါ… စောစောက ကျွန်တော် တကယ့်ကို အရှက်မရှိ ပြုမူခဲ့တာ မဟုတ်လား”

ဖုန်းပုကြွယ်က သူ့ကိုယ်သူ လှောင်ပြောင်သလို ရယ်မောလိုက်သည်။

“မဟုတ်တာ၊ မဟုတ်တာ…”

စကိုးဖီးလ်သည် ပြုံးလျက် လက်ဝှေ့ယမ်းပြသော်နေလည်း သူ့မျက်နှာအမူအရာကတော့ ဝန်ခံနေသည့်အလား ဖြစ်သည်။

“တချို့အချိန်တွေမှာ စစ်ဆေးမေးမြန်းခြင်းရဲ့ ရည်ရွယ်ချက်ကို အောင်မြင်ဖို့အတွက်”

ဖုန်းပုကြွယ်က ဘာမှမဖြစ်သလို လေသံဖြင့် ဆိုသည်။

“အမုန်းခံရတာမျိုးကတော့ ရှောင်လွှဲလို့ မရဘူးလေ”

သူ စားပွဲခုံဆီသို့ ပြန်လျှောက်သွားလိုက်သည်။

“တစ်ဖက်လူက ကျား ဖြစ်ဖြစ် မ ဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် လူအိုဖြစ်ဖြစ်၊ အရပ်ရှည်ရှည် ပုပု၊ ဝဝပိန်ပိန် ဖြစ်ဖြစ်၊ သူတို့ရဲ့ လူမှုပတ်ဝန်းကျင် အဆင့်အတန်း၊ စရိုက်လက္ခဏာ ဒါမှမဟုတ် ဂုဏ်သတင်းက ဘာပဲဖြစ်နေပါစေ… သမ္မတပဲဖြစ်ဖြစ်၊ သူတောင်းစား၊ ဘုန်းကြီး ဒါမှမဟုတ် လူမိုက်ပဲဖြစ်ဖြစ်၊ စုံထောက်တစ်ယောက်ရဲ့ ရည်မှန်းချက်က တစ်ခုတည်းပဲ၊ သူတို့ဆီကနေ ကိုယ်လိုချင်တဲ့ အချက်အလက်ကို ထုတ်ယူဖို့ပဲ၊ သူတို့ရဲ့ အကြိုက်ကို လိုက်ဖို့ မဟုတ်ဘူး”

“အင်း…”

စကိုးဖီးလ်သည် အတော်လေး သဘောကျသွားသည့်အလား ခေါင်းညိတ်ပြလိုက်သည်။

ဖုန်းပုကြွယ်က ဆက်ပြော၏။

“ဒါကြောင့်… အခုကစပြီး ကျွန်တော့်ရဲ့ တည်ငြိမ်မှုကို မပျက်ပြားစေဘဲ ပိုပြီးတော့ စော်ကားပုတ်ခတ်တဲ့ စကားလုံးတွေကို ဆက်ပြောတော့မှာမို့ ခင်ဗျားလည်း စိတ်ပြင်ဆင်ထားတာ ပိုကောင်းလိမ့်မယ်”

All Chapters