အခန်း ၁၈
Vol. 38 Ch. 18
အခန်း (၁၈) ကိုးလ်စတန်၏ ထွက်ဆိုချက်
“ဟွန်း…”
ဖုန်းပုကြွယ် နှာခေါင်းရှုံ့ရင်း အေးစက်စွာ ပြောလိုက်သည်။
“ခင်ဗျား ဟန်ဆောင်နေတာ မဟုတ်လား…”
သူသည် သူကိုယ်တိုင်ပင် မယုံကြည်သော်လည်း ကိုးလ်စတန်၏ ခြေထောက်ကို လက်ညှိုးထိုးပြလိုက်ဆဲ ဖြစ်သည်။
“ဒီနေ့လိုမျိုး သော့ခတ်ထားတဲ့ အခန်းထဲက လူသတ်မှုလုပ်ဖို့နဲ့ လူသတ်မှုသံသယကနေ ကိုယ့်ကိုယ်ကိုယ် ကင်းလွတ်အောင်လို့… ခင်ဗျား လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး လမ်းလျှောက်ရခက်ခဲဟန်ဆောင်ပြီး နေ့စဉ်ဘဝမှာ ဂျိုင်းထောက်တွေ သုံးလာခဲ့တာ မဟုတ်လား”
“ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ…”
ကိုးလ်စတန် ထိတ်လန့်သွားရသည်။ ဤသုံးသပ်ချက်မှာ တကယ့်ကို အဓိပ္ပာယ်မရှိလှသောကြောင့် ဖြစ်သည်။ မိမိ၏ သားအရင်းကို သတ်ရန်အတွက် မည်သူက သုံးနှစ်ပတ်လုံး ဒုက္ခိတဟန် ဆောင်နေပါမည်နည်း။ လူမသတ်ခင် သုံးရက်အလိုမှ ခြေထောက်ခေါက်သွားဟန် ဆောင်လိုက်လည်း အကျိုးသက်ရောက်မှုက အတူတူပဲ မဟုတ်လား။
“ဒါပေမဲ့ တကယ်တမ်းကျတော့… ခင်ဗျားရဲ့ လှုပ်ရှားမှုတွေက ဖျတ်လတ်နေတုန်းပဲ၊ ခင်ဗျားလို အနားယူထားတဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ရဲ့ အရည်အချင်းနဲ့ဆိုရင် လူတစ်ယောက်ကို သတ်ဖို့က ကိတ်ခွဲရသလိုပဲ”
ဖုန်းပုကြွယ် ဆက်ပြောလိုက်သည်။
“အကြောင်းပြချက်ပိုင်း ဆိုရင်တော့… ဒီနေ့ ဒီအိမ်ထဲကလူတိုင်း မြင်ခဲ့ကြတဲ့အတိုင်းပဲ… ခင်ဗျား ဒန်းနစ်နဲ့ ရန်ဖြစ်ရင်း သေနတ် နှစ်ချက်တောင် ပစ်ခဲ့သေးတယ်၊ ဆိုလိုတာက ခင်ဗျား သူ့ကို စိတ်ပျက်ငြီးငွေ့နေတာ ကြာပြီပေါ့၊ တကယ်လို့ လူသတ်မှုက စုံစမ်းရလွယ်လွန်းတာမျိုးသာ မဟုတ်ရင် ခင်ဗျားရဲ့ သေနတ်ပြောင်းဝက မျက်နှာကျက်ကို ဦးတည်နေမှာ မဟုတ်ဘူး”
“မင်း”
ကိုးလ်စတန်သည် နောက်ဆုံးတွင် ဖုန်းပုကြွယ်၏ ရန်စမှုအောက် ရောက်ရှိသွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
“မင်း ခွေးမသား၊ မင်း -ီးတွေ လျှောက်ပြောနေတာလား”
“ဘာလဲ… ကျွန်တော် ဖွင့်ချလိုက်လို့ ဒေါသထွက်သွားတာများလား…”
ဖုန်းပုကြွယ်မှာ မောက်မာသော အမူအရာကို ဆက်ထိန်းထားရင်း ပြောနေဆဲဖြစ်သည်။
“ဒါမှမဟုတ် ကျွန်တော့်ရဲ့ အပြစ်ပြောစရာမရှိတဲ့ ပြောင်မြောက်တဲ့ သုံးသပ်ချက်မှာ ဟာကွက်တစ်ခု ရှိနေလို့လား”
[ဟေး… မင်းရဲ့ အပေါက်တစ်ရာလောက်ရှိနေတဲ့ သုံးသပ်ချက်မှာ အပြစ်ပြောစရာမရှိတာ ဘာများ ရှိလို့လဲ…]
စကိုးဖီးလ်မှာ စိတ်ထဲမှ ဆက်လက် ညည်းတွားနေမိသည်။ ဖုန်းပုကြွယ် ပြောလိုက်သည်မှာ လွန်လွန်းလှသဖြင့် စုံထောက်ကြီးပင် ဝင်ပြောရန် အလွန်ရှက်ရွံ့နေလေသည်။
“မင်း…”
ကိုးလ်စတန်သည် အကြိမ်အနည်းငယ် ဆဲရေးတိုင်းထွာလိုက်ပြီးနောက် အနည်းငယ် ပြန်လည်တည်ငြိမ်သွားပုံရသည်။ သူက ကျိုးကြောင်းဆင်ခြင်တတ်သူ ဖြစ်ဆဲမို့ ပြန်ပြောလိုက်သည်။
“ငါ့ရဲ့ ကျန်းမာရေးအခြေအနေကို ဒေါက်တာပါဝဲလ်ဆီမှာ မေးကြည့်လို့ ရပါတယ်”
သူ ဖုန်းပုကြွယ်ကို စိုက်ကြည့်လိုက်သည်။
“တကယ်လို့ မင်းက ငါ ဆရာဝန်ကိုပါ လာဘ်ထိုးထားတယ်လို့ ထင်ရင် နိုင်ငံမှာ အကောင်းဆုံး ဆေးရုံက ထုတ်ပေးထားတဲ့ သက်သေခံလက်မှတ်နဲ့ ငါ့ရဲ့ အာမခံမှတ်တမ်းကိုပါ ပြနိုင်ပါတယ်”
ဖုန်းပုကြွယ်သည် ချက်ချင်းပင် အခက်တွေ့သွားဟန်ဆောင်ကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
“အာ… အော်… ဒါက… ဒါဆိုရင်လည်း…”
ကိုးလ်စတန်က ဆက်ပြောလိုက်သည်။
“ဆိုတော့… ငါက လူတစ်ယောက်ကို ဘာမှမစဉ်းစားဘဲ သတ်နိုင်သေးတယ်လို့ မင်းထင်နေတုန်းပဲလား”
ဖုန်းပုကြွယ်သည် သူ့မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားဟန်ပြုလိုက်သည်။
“ဒါပေမဲ့ ဒီနေ့ ခင်ဗျား ဒန်းနစ်နဲ့ အကြီးအကျယ် ရန်ဖြစ်ခဲ့တာကတော့ အရှိတရားပဲလေ…”
ထို့နောက် သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား ပြုမူလိုက်သည်။
“အိုး၊ ဟုတ်ပြီ လူသတ်သမားက သေချာပေါက် ဒေါက်တာပါဝဲလ် ဖြစ်ရမယ်၊ ခင်ဗျား ဒန်းနစ်နဲ့ ရန်ဖြစ်ပြီး သူ့ကို မောင်းထုတ်ပြီးတဲ့နောက် ခင်ဗျားနဲ့ ပါဝဲလ်တို့ ကြံစည်ပြီး သူ့ကို အခန်းထဲမှာ သတ်လိုက်တာပဲ၊ သူက လက်ရောက်ကျူးလွန်သူ၊ ခင်ဗျားက နောက်ကွယ်က ကြိုးကိုင်သူပေါ့”
“ငါက ပါဝဲလ်ကို သွေးပေါင်ချိန်ခိုင်းပြီး ဆေးသောက်ခဲ့ရုံပဲ”
ကိုးလ်စတန်က ပြန်ဖြေလိုက်သည်။
“ဒါက ငါနေ့တိုင်း လုပ်နေကျအလုပ်ပဲ”
သူ ခဏနားလိုက်သည်။
“ဒါတင်မကဘဲ၊ ဒေါက်တာပါဝဲလ်က ဘာကိစ္စနဲ့ ငါ့အတွက် လူသတ်ပေးရမှာလဲ၊ သူက လူသတ်သမားမှ မဟုတ်တာ၊ ဗီလာမှာ အလုပ်လုပ်နေတဲ့ ဘယ်သူ့ကိုမဆို ‘ငါမင်းကို ပိုက်ဆံပေးမယ်၊ ငါ့အတွက် လူတစ်ယောက် သတ်ပေးစမ်း’ လို့ ပြောလိုက်ရုံနဲ့ အဲဒီလူက တကယ်ထလုပ်လိမ့်မယ်လို့ မင်း ထင်နေတာလား”
“အဲဒါတော့ ပြောရခက်ပါတယ်…”
ဖုန်းပုကြွယ်က ပြောဆိုရင်း တစ်ဖက်လူကို ကျောပေးလိုက်သည်။ သူသည် စားပွဲခုံဆီသို့ ဖြည်းညင်းစွာ လျှောက်သွားနေရင်း ထိုအခိုက်အတန့်တွင် သူ့မျက်ဝန်းများက ပြောင်းလဲသွားပြီး လေသံမှာလည်း အေးစက်ခက်ထန်သွားလေသည်။
“ခင်ဗျားသာ လူသတ်ဖို့ သန္နိဋ္ဌာန်ချထားတယ်ဆိုရင် နည်းလမ်းကတော့ အမြဲရှိနေမှပဲ”
သူ ဆက်လက်စမ်းသပ်မေးမြန်းလိုက်သည်။
“အဲဒါက ခင်ဗျားနဲ့ ဒန်းနစ်ကြား ပဋိပက္ခက ဘယ်လောက်ပြင်းထန်သလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်…”
“ဒါ ငါ့သားကွ၊ ငါတို့ကြားမှာ ဘာပဋိပက္ခ ရှိနိုင်မှာလဲ”
ကိုးလ်စတန်က ပြန်တုန့်ပြန်လိုက်သည်။
“တကယ်လို့… တကယ်လို့ အယူအဆ မတူတာမျိုး ရှိခဲ့ရင်တောင် ငါ့မှာ သူ့ကို သတ်ပစ်မယ်ဆိုတဲ့ အတွေးမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး”
“အို၊ ဒါဆိုရင် မေးပါရစေဦး… ဒီနေ့ ခင်ဗျားတို့ ရန်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ ”
ဖုန်းပုကြွယ် မေးလိုက်သည်။
“ဒါ ငါ့ရဲ့ မိသားစုတွင်းကိစ္စပဲ”
ကိုးလ်စတန်က လေးနက်သောအသံဖြင့် ပြန်ဖြေလာ၏။
“မိသားစုကိစ္စ ဟုတ်လား”
ဖုန်းပုကြွယ် ခပ်ဖွဖွ ရယ်လိုက်သည်။
“ကျွန်တော် အရှိကို အရှိအတိုင်း ပြောရရင်တော့၊ တကယ်လို့ ဒီစကားလုံးလေး နှစ်လုံးတည်းနဲ့ မေးခွန်းကို ရှောင်လွှဲလို့ရမယ်ဆိုရင် ကမ္ဘာပေါ်က လူသတ်မှု ထက်ဝက်ကျော်လောက်က အမှုတောင် ဖွင့်ခံရမှာ မဟုတ်ဘူး”
သူသည် တစ်ဖက်လူအား လမ်းမှားသို့ စတင်ဆွဲခေါ်နေပြီဖြစ်သည်။
“ခင်ဗျား ဒန်းနစ်နဲ့ ရန်ဖြစ်တာ၊ သေနတ်ပစ်တာကနေစလို့ သူ အသတ်ခံရပြီး အလောင်းတွေ့တဲ့အထိ အချိန်က တစ်နာရီကျော်လေးပဲ ခြားတာ။
မစ္စတာ ကိုးလ်စတန်၊ ခင်ဗျားက အမြော်အမြင်ရှိတဲ့လူပဲ၊ ဒီအမှုကို ဘယ်သူပဲ လာစုံစမ်းစုံစမ်း နောက်ဆုံးမှာ ဒီမေးခွန်းကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူးဆိုတာ ခင်ဗျား အသိဆုံးဖြစ်မှာပါ၊ ခင်ဗျားနဲ့ ဒန်းနစ်တို့ ဘာအကြောင်းကြောင့် အကြီးအကျယ် ငြင်းခုံခဲ့ကြတာလဲ။
တကယ်လို့ ခင်ဗျား အခု ကျွန်တော့်ကို ပြောပြမယ်ဆိုရင် ဒါကို ကျွန်တော်နဲ့ စုံထောက် စကိုးဖီးလ် နှစ်ယောက်ပဲသိမှာ၊ အမှုပေါ်သွားပြီးရင် ဘယ်သူမှ ဒါကို ပြန်ဖော်တော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ခင်ဗျားက ဘာမှမပြောဘဲ တင်းခံနေပြီး အမှုကို ကြန့်ကြာအောင် လုပ်နေမယ်ဆိုရင်တော့… တစ်နေ့နေ့ကျရင် ခင်ဗျားဟာ သက်သေခံခုံ ဒါမှမဟုတ် ဝက်ခုံ(တရားခံခုံ)ပေါ်မှာ မဖြစ်မနေ ဖြေရလိမ့်မယ်၊ အဲဒီအခါကျရင် ဂျူရီလူကြီးတွေ၊ သတင်းထောက်တွေနဲ့ ဒီပွဲကြည့်ချင်တဲ့ သာမန်ပြည်သူတွေ အများကြီး ရှိနေလိမ့်မယ်၊ ခင်ဗျားကို မေးခွန်းမေးမယ့်သူကလည်း ခင်ဗျားအပေါ် ရန်ငြိုးရှိပြီး ဘက်လိုက်တတ်တဲ့ တရားလိုရှေ့နေ ဖြစ်ဖို့များပြီး ခင်ဗျားအတွက် မကောင်းတဲ့စကားတွေ ပိုထွက်လာအောင် လမ်းကြောင်းပေး မေးလိမ့်မယ်၊ ပြီးတော့ ခင်ဗျားရဲ့ အဖြေအားလုံးကို တရားရုံးမှာ မှတ်တမ်းတင်ရုံတင်မကဘဲ သတင်းစာတွေပေါ်မှာပါ ဖော်ပြကြလိမ့်မယ်”
“တော်တော့”
ကိုးလ်စတန်သည် ဖုန်းပုကြွယ်၏ စကားအောက်သို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ အခြေအနေအပေါ် သူ၏ စိုးရိမ်ပူပန်မှုများက အဘိုးကြီးအား ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် တွန်းအားပေးလိုက်တော့သည်။
“ဒီလို ဖြစ်နေမှတော့…”
သူ့အကြည့်မှဦ ဖုန်းပုကြွယ်နှင့် စကိုးဖီးလ်တို့အပေါ် ဖြတ်သန်းသွားလေသည်။
“ငါ ပြောပြနိုင်ပါတယ်၊ ဒါပေမဲ့ မင်းတို့ ဒါကို တခြားဘယ်သူ့နားထဲမှ မရောက်စေရဘူးလို့ ကတိပေးရမယ်၊ အထူးသဖြင့် ငါ့မိသားစုဝင်တွေပေါ့”
“ကျုပ် ကတိပေးပါတယ် ဆရာ”
စကိုးဖီးလ်က ဝင်ပြောလိုက်သည်။
“ကျွန်တော်က စကားတည်တဲ့လူပါ”
ဖုန်းပုကြွယ်ကလည်း ထပ်လောင်းပြောကြားလိုက်သည်။
“စိတ်ချပါ၊ ဒီစကားတွေက ဒီစာကြည့်ခန်းအပြင်ဘက်ကို လုံးဝ ထွက်သွားမှာ မဟုတ်ပါဘူး”
ဤသို့ဖြင့် ဖုန်းပုကြွယ်သည် နောက်ဆုံးတွင် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်…။ သူသည် ကိုးလ်စတန်အား တစ်ကြိမ်တစ်ခါမျှ သံသယမဝင်ခဲ့ဖူးချေ။ သူ ဤမျှအထိ ဒုက္ခခံ၍ အကွက်ဆင်ခဲ့ရသည့် အကြောင်းရင်းမှာ မိသားစုခေါင်းဆောင်ထံမှ… ဒန်းနစ်နှင့် သူ ဘာကြောင့် ရန်ဖြစ်ခဲ့ကြသည်ကို သိရှိရန်အတွက်သာ ဖြစ်သည်။
ဥယျာဉ်မှူးဘာတွန်က ဖုန်းပုကြွယ်ကို ပြောပြထားပြီးသား ဖြစ်သော်လည်း ဖုန်းပုကြွယ်သည် ဥယျာဉ်မှူးကို လုံးလုံးလျားလျား မယုံကြည်ချေ။ ထို့ကြောင့် သူသည် ကိုးလ်စတန်၏ နှုတ်ထွက်စကားကိုပါ ထပ်မံ နားထောင်လိုခြင်း ဖြစ်သည်။
မှန်ပေသည် ကိုးလ်စတန်၏ ပြောပြချက်သည် ဘာတွန်ပြောခဲ့သည်နှင့် ကွဲလွဲနေလျှင်ပင် ယင်းက ဘာတွန် လိမ်ညာနေကြောင်း သက်သေမပြနိုင်သေးပေ။ မည်သို့ပင်ဖြစ်စေ ဒန်းနစ်မှာ သေဆုံးသွားပြီဖြစ်ပြီး ကိုးလ်စတန်အနေဖြင့် သူပြောချင်တာကို ပြောနိုင်ပေသည်။ ဘာတွန်က ဖုန်းပုကြွယ်ထံ လာတွေ့ခဲ့သည်ကိုလည်း သူ မသိနိုင်ချေ။ တတိယမြောက် ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေသေးသည်။ နှစ်ဦးလုံး လိမ်နေကြခြင်း ဖြစ်ပြီး ထိုသို့ဆိုလျှင်တော့ အခြေအနေက ပို၍ ရှုပ်ထွေးသွားပေလိမ့်မည်…။
“ဒန်းနစ်က ငါ့အမွေအားလုံးကို တစ်ယောက်တည်း သိမ်းပိုက်ချင်နေတာ”
ကိုးလ်စတန်က စတင် ပြောကြားလိုက်သည်။ ၎င်းကပင် သူ့အဖြေ ဖြစ်တော့သည်။
“အင်း… တစ်ယောက်တည်း သိမ်းပိုက်ဖို့… အဲ့လိုပေါ့…”
ဖုန်းပုကြွယ်က သိလျက်နှင့် မေးလိုက်သည်။
“ဒါဆို… ခင်ဗျားမှာ သေတမ်းစာ ရှိနေတာပေါ့၊ ပြီးတော့ ဒန်းနစ်က အဲဒီသေတမ်းစာထဲက အကြောင်းအရာတွေကို မကျေနပ်လို့ ရန်ဖြစ်ခဲ့ကြတာပေါ့၊ ဟုတ်လား”
“ဟုတ်တယ်၊ ငါ့မှာ သေတမ်းစာ ရှိတယ်”
ကိုးလ်စတန်က ဆိုသည်။
“ဒါပေမဲ့ အဲဒီထဲက အကြောင်းအရာတွေကို ငါနဲ့ ငါ့ရှေ့နေကလွဲရင် ဘယ်သူမှ မသိကြဘူး”
သူ စက္ကန့်အနည်းငယ် ရပ်တန့်လိုက်သည်။
“ဒန်းနစ်လည်း သဘာဝကျကျ မသိနိုင်ဘူးပေါ့၊ ဒါပေမဲ့ သူကတော့… ငါဟာ သေတမ်းစာထဲမှာ အမွေတွေကို ‘မသင့်တော်တဲ့လူတွေ’ ဆီ ခွဲဝေပေးထားတယ်လို့ ထင်နေတာလေ၊ ဒါကြောင့်… ငါတို့ ငြင်းခုံခဲ့ကြတာပဲ”
ဤအချက်မှာ အိုဒက်တ်၏ နာမည်ကို ဝေဝါးဝါးသာ ထည့်သွင်းပြောဆိုခဲ့သည့် ဘာတွန်၏ ပြောပြချက်နှင့် အတော်အတန် ကိုက်ညီမှု ရှိနေလေသည်။
သို့သော်လည်း… ဖုန်းပုကြွယ်သည် ကိုးလ်စတန်၏ စကားလုံးများနောက်တွင် အခြား ဖုံးကွယ်ထားသော အရာတစ်ခုခု ရှိနေသေးသည်ဟု ဝေဝေဝါးဝါး ခံစားမိနေဆဲ ဖြစ်သည်…။