← Chapters

အခန်း ၁၉

Vol. 39 Ch. 19

အခန်း ၁၉

Vol. 39 Ch. 19

အခန်း (၁၉) ဂျက်ခ်၏ ထွက်ဆိုချက်

ကိုးလ်စတန်ကို ပြန်ပို့ပြီးနောက် ဖုန်းပုကြွယ်သည် သူ့စားပွဲခုံတွင် ပြန်ထိုင်ကာ အတွေးပွားနေလေသည်။

စကိုးဖီးလ်ကလည်း သူ့ကို မနှောင့်ယှက်ခဲ့ချေ။ ထိုစုံထောက်ကြီးသည်လည်း သူစုဆောင်းရရှိထားသည့် အချက်အလက်များကို ပြန်လည်သုံးသပ်နေခြင်းဖြစ်သည်။

“အခုချိန်ကျတော့လည်း နီရိုဝုဖ် (Nero Wolfe - ရက်တ်စတောင်ဒါ ဖန်တီးခဲ့သည့် ဝတ္တုထဲက နာမည်ကြီးစုံထောက်၊ ဖက်တီးကြီး၊ အပြင်မထွက်သူ၊ သစ်ခွပန်းကြိုက်ပြီး အမှုလိုက်ခအလွန်ကြီးသော အကြံပေးစုံထောက်) လို လူမျိုးတွေကို တကယ်မနာလိုဖြစ်မိတယ်”

ခဏအကြာတွင် ဖုန်းပုကြွယ်က ပြောလိုက်သည်။

“သူက အိမ်ထဲကအိမ်ပြင်မထွက်ဘဲ အမှုတွေကို လွယ်လွယ်ဖြေရှင်းနိုင်တာကိုး”

“အင်း… ခင်ဗျားသာ ဆန္ဒရှိရင် ခင်ဗျားလည်း အဲဒီလို ထိုင်ခုံပေါ်ကနေ အမှုဖြေရှင်းတဲ့ ပြောင်မြောက်တဲ့ ‘ကုလားထိုင်စုံထောက်’ တစ်ယောက် ဖြစ်လာနိုင်ပါတယ်”

စကိုးဖီးလ်က ဆိုသည်။

“သေချာတာပေါ့ ဖြစ်နိုင်တာပဲလေ”

ဖုန်းပုကြွယ်သည် တစ်ချက်လေးမျှပင် မနှိမ့်ချဘဲ သူ၏ ပင်ကိုယ်ဘဝင်ရူးစရိုက်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ကျွန်တော် ‘မနာလိုဖြစ်မိတယ်’ လို့ ပြောတာက အဲ့ဒီလူရဲ့ ပါရမီကို မဟုတ်ဘူး၊ သူက ဒီလိုမျိုး ငြီးငွေ့စရာကောင်းတဲ့ သတင်းအချက်အလက် စုဆောင်းရေးအလုပ်တွေကို ကိုယ်တိုင် ဝင်လုပ်စရာမလိုတာကိုပဲ မနာလိုဖြစ်မိတာ”

စကိုးဖီးလ်က ပခုံးတွန့်ပြရင်း ဆိုသည်၊

“ဒါကတော့ ဒီလိုပဲလေဗျာ၊ ဒီအမှုမှာ သံသယရှိသူ ကိုးယောက်ပဲ ရှိတယ်ဆိုပေမယ့် မာ့ခ် ပုံမှန်စစ်ဆေးတုန်းက ရခဲ့တဲ့ အချက်အလက်တွေက… လူသတ်သမားကို အတည်ပြုဖို့ မလုံလောက်သေးဘူး”

“လောလောဆယ်တော့ ကျွန်တော်တို့ သံသယရှိသူ သုံးယောက်ကို အခြေခံအားဖြင့် ဖယ်ထုတ်လို့ ရပါပြီ… သခင်ကြီး ကိုးလ်စတန် လဗ်ခရက်ဖ်၊ အိမ်တော်ထိန်း ဟန်ဒါဆန်နဲ့ အစေခံ မစ္စအိုလီဗာတို့ပေါ့”

ဖုန်းပုကြွယ်က ရေရွတ်သည်။

“သူတို့ထဲက တစ်ယောက်မှ ပြစ်မှုကျူးလွန်ဖို့ အရည်အချင်းမရှိဘူး၊ တစ်ယောက်က သတ္တိမရှိဘူး၊ နောက်တစ်ယောက်ကျတော့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပြဿနာရှိနေတယ်…”

“ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဟုတ်လား”

စကိုးဖီးလ်က မေးမြန်းလိုက်သည်။

“ခင်ဗျားလည်း သတိထားမိမှာပါ…”

ဖုန်းပုကြွယ်က ဆိုသည်။

“အဲဒီ မစ္စအိုလီဗာက အရပ် ၁ ဒသမ ၆ မီတာလောက်ပဲ ရှိတာ၊ ပြီးတော့ သူ့ကိုယ်အလေးချိန်က အနည်းဆုံး ဒန်းနစ်ထက် ပိုများလိမ့်မယ်၊ အဲဒီလို ပခုံးကျယ်ကျယ် ခါးတုတ်တုတ်နဲ့ဆိုရင် ပြတင်းပေါက်ကနေ မနည်းတွားထွက်နိုင်ခဲ့ရင်တောင် အပြင်ဘက်နံရံမှာ ကပ်နေရင်းနဲ့ သော့ခတ်ထားတဲ့ အခန်းအကွက်ကို စီမံသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

“အာ… အင်း… ဟုတ်သားပဲ”

စကိုးဖီးလ်သည် ယခုမှ ထိုအချက်ကို ရိပ်မိသွားပုံရသည်။ သူ စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် စကားစ ဆက်လိုက်သည်။

“ဒါပေမဲ့… ခင်ဗျား ဘာလို့ ဥယျာဉ်မှူးကို သံသယရှိသူစာရင်းကနေ မဖယ်တာလဲ၊ မစ္စကာရိုးလ် အလောင်းကို တွေ့တဲ့အချိန်မှာ မစ္စတာဘာတွန်က ခင်ဗျားအခန်းထဲမှာ ခင်ဗျားနဲ့ စကားပြောနေတာ မဟုတ်လား”

“အဲဒါ ဘာဖြစ်လဲ”

ဖုန်းပုကြွယ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“သူ ကျွန်တော့်အခန်းကို မလာခင်ကတည်းက ပြစ်မှုကျူးလွန်ပြီးခဲ့တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား၊ ကျွန်တော့်အမြင်အရတော့ ဒီဗီလာထဲမှာ ခိုင်မာတဲ့ အလီဘိုင် (Alibi - ပြစ်မှုဖြစ်ပွားချိန်တွင် အခြားနေရာ၌ ရှိနေကြောင်းသက်သေ) ရှိတဲ့လူ တစ်ယောက်မှ မရှိဘူး”

သူ ဆက်ပြောသည်။

“ကျွန်တော်ကိုယ်တိုင်လည်း မရှိဘူး၊ ဒါကြောင့်… စုံထောက်ကြီး၊ ခင်ဗျားလည်း ပိုသတိထားတာ ကောင်းမယ်၊ အခွင့်အရေး အရမ်းနည်းပေမယ့် ကျွန်တော်ကိုယ်တိုင် ပြစ်မှုကျူးလွန်ခဲ့တဲ့ ဖြစ်နိုင်ခြေကိုလည်း လုံးဝ ဖယ်ထုတ်လို့ မရဘူးနော်”

“ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်မှာလဲ…”

စကိုးဖီးလ်က ပြုံးလျက် ဆိုသည်။

“ခင်ဗျားမှာ ဘာအကြောင်းပြချက်မှ မရှိဘူးလေ၊ ဒါတင်မကဘဲ မစ္စတာဒန်းနစ်က ခင်ဗျားကို ကူညီခဲ့သေးတယ်မလား”

“ကျွန်တော် ရူးနေနေတာမျိုးလည်း ဖြစ်နိုင်တယ်လေ”

ဖုန်းပုကြွယ် လေးနက်စွာ မေးလိုက်သည်။

“ခင်ဗျားမျက်စိထဲမှာ ကျွန်တော်က အဲဒီလိုလူမျိုးလို့ မထင်ဘူးလား”

စကိုးဖီးလ်အနေဖြင့် သူ့စိတ်ထဲရှိသည့်အတိုင်း “ကျုပ်ကတော့ နည်းနည်းတူတယ်လို့ ထင်မိတယ်” ဟု ထုတ်ပြောရမလား တုံ့ဆိုင်းနေစဉ်မှာပင် တံခါးခေါက်သံက ထပ်မံ ထွက်ပေါ်လာလေသည်။

ဒန်းပ်ဆေးက အပြင်ဘက်မှ လှမ်းပြောလိုက်သည်။

“ဆရာ၊ မစ္စတာ ဂျက်ခ် လဗ်ခရက်ဖ် ရောက်ပါပြီ”

စကိုးဖီးလ်က ချက်ချင်းပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ဝင်ခဲ့ပါ”

ဂျက်ခ်သည် တံခါးကို တွန်းဖွင့်ကာ အခန်းအလယ်သို့ အရှိန်ပြင်းပြင်း လှမ်းဝင်လာလေ၏။ ဒန်းပ်ဆေးက သူ့နောက်က တံခါးကို ပိတ်ပေးလိုက်ချိန်တွင် သူသည် နောက်သို့ တစ်ချက်လှည့်ကြည့်ပြီးမှ ဖုန်းပုကြွယ်နှင့် စကိုးဖီးလ်တို့ကို အေးစက်သော မျက်နှာထားဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဒါ ဘာလဲ၊ စစ်ဆေးမေးမြန်းတာလား”

“မဟုတ်ပါဘူး၊ ခင်ဗျားကို မေးခွန်းတချို့ မေးချင်ရုံတင်ပါ”

ဖုန်းပုကြွယ်က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

“ဟား”

ဂျက်ခ် ရယ်မောလိုက်ပြီး ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချကာ ခြေထောက်ချိတ်လိုက်သည်။

“နာမည်ကြီး စုံထောက်ကြီးက ကျွန်တော့်ဆီကနေ အကြံဉာဏ် တောင်းချင်လို့လား”

“ရဲတွေမလာခင်အထိ ခင်ဗျား ကျွန်တော့်နာမည်ကို တစ်ခါမှ မကြားဖူးဘူးမလား”

ဖုန်းပုကြွယ်က ဆိုသည်။

“ဟုတ်တယ်၊ ကျွန်တော် သတင်းစာ သိပ်မဖတ်ဘူးလေ”

ဂျက်ခ်က ပြောသည်။

“ဖတ်ရင်တောင် မှုခင်းသတင်းတွေကို သိပ်ဂရုမစိုက်ဘူး”

“အင်း… ခင်ဗျားက ဖျော်ဖြေရေးကဏ္ဍကိုပဲ အဓိကဖတ်တာ နေမှာပေါ့”

ဖုန်းပုကြွယ်၏ စကားလုံးများတွင် လျှို့ဝှက်အဓိပ္ပာယ်တစ်ခု ဖုံးကွယ်နေလေသည်။

“မှန်တာပေါ့၊ ကျွန်တော်က ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖြစ်ခဲ့ဖူးတယ်လေ”

ဂျက်ခ်အကြည့်က ဖုန်းပုကြွယ်လက်ထဲရှိ စာအုပ်ငယ်ပေါ်သို့ ကျရောက်နေပြီး လေသံဆွဲကာ ပြော၏။

“ဒီအကြောင်းကို တခြားအရာရှိကို ပြောပြပြီးသားပဲ၊ ဘာလဲ အဲဒါကော ဥပဒေနဲ့ မညီလို့လား”

“သေချာတာပေါ့၊ မညီစရာ မရှိပါဘူး”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါပေမဲ့… ခင်ဗျားလို ခေတ်ကုန်သွားတဲ့ အဆိုတော်တစ်ယောက်က ကိုယ့်ရဲ့ အစ်ကိုအရင်းကို သတ်ခဲ့တာဆိုရင်ကော…”

“ဟေး ဟေး ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ”

ဂျက်ခ် အော်ဟစ်လိုက်သည်။

“ဘာဖြစ်လို့လဲ”

ဖုန်းပုကြွယ်၏ လူကို ဒေါသထွက်အောင် ဆွပေးတတ်သော အမူအရာက ပြန်လည်ပေါ်ထွက်လာတော့သည်။

“ခင်ဗျားက ‘ခေတ်ကုန်သွားတဲ့’ ဆိုတဲ့ စကားလုံးကို မကျေနပ်တာလား၊ ဒါမှမဟုတ် လူသတ်မှု စွပ်စွဲချက်ကို ငြင်းဆန်ချင်တာလား၊ ဒါမှမဟုတ် နှစ်ခုလုံးလား”

“ခင်ဗျားမှာ အဲဒီလိုပြောဖို့ ဘာအထောက်အထား ရှိလဲ”

ဂျက်ခ်က ပြန်တုံ့ပြန်လိုက်သည်။

“အထောက်အထားမရှိရင် ဒါက အသရေဖျက်တာပဲ”

“အထောက်အထား…”

ဖုန်းပုကြွယ် နှာခေါင်းရှုံ့လိုက်သည်။

“ဟဲ… ‘ငါ့မှာ အဲဒီလိုသေနတ် မရှိတာကိုပဲ အစ်ကိုဝမ်းသာသင့်တယ်’ တဲ့”

သူက စကားလုံးကို တစ်လုံးမကျန် ပြန်ရွတ်ပြလိုက်သည်။

“ဒီဝါကျက… အခင်းမဖြစ်ခင်က ခင်ဗျား ဒန်းနစ်ကို နောက်ဆုံးပြောခဲ့တဲ့စကား မဟုတ်လား၊ ကျွန်တော် အပါအဝင် လူအများကြီး ကြားခဲ့ကြတယ်လေ”

“အဲဒါ ဘာဖြစ်လဲ”

ဂျက်ခ်က ပြန်ချေပသည်။

“ဒါ ဟာသသဘောဆိုတာ လူတိုင်း သိနေတာပဲ”

“တကယ်လို့ အဲဒီလူသာ မသေဆုံးခဲ့ရင်တော့ ဒါက ဟာသတစ်ခု ဖြစ်နိုင်တာပေါ့”

ဖုန်းပုကြွယ်သည် သူ့ညာလက်ကို စားပွဲခုံပေါ် တင်ထားပြီး လက်ချောင်းလေးချောင်းကို လှိုင်းတံပိုးကဲ့သို့ စည်းချက်ကျကျ တောက်လိုက်သည်။

“ဒါပေမဲ့ အခု လူက သေသွားပြီဆိုတော့ အခြေအနေက ပြောင်းလဲသွားပြီ… အခြေအနေအရ ကြည့်ရင် ခင်ဗျားရဲ့ စကားကို ‘ငါ့မှာသာ အဲဒီလိုသေနတ်ရှိရင် မျက်နှာကျက်ဆီပစ်မှာ မဟုတ်ဘူး’ လို့ ကျွန်တော် အဓိပ္ပာယ်ကောက်လို့ ရတာပေါ့”

“အဓိပ္ပာယ်မရှိတာ၊ လုံးဝ အမှိုက်စကားတွေပဲ”

ဂျက်ခ်သည် ကုလားထိုင်မှ ဝုန်းခနဲ ထရပ်လိုက်သည်။

“မင်းက ဘယ်လိုစုံထောက်မျိုးလဲကွ”

သူ စကိုးဖီးလ်ဘက်သို့ လှည့်လိုက်သည်။

“အရာရှိ၊ ခင်ဗျားက ဒီကောင် အပြစ်မဲ့တဲ့လူတစ်ယောက်ကို ဒီလို မဟုတ်မမှန် စွပ်စွဲနေတာကို ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား”

“ကျုပ်လည်း ထင်တယ်… ခင်ဗျားက အဓိက သံသယရှိသူပဲ”

စကိုးဖီးလ်သည်လည်း စုံထောက်ကြီးတစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်ကာ ဂျက်ခ်ကို တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

“သံသယရှိသူအားလုံးထဲမှာ ခင်ဗျားတစ်ယောက်တည်းပဲ ခန္ဓာကိုယ်ထွားကြိုင်းမှုက သေဆုံးသူနဲ့ ယှဉ်လို့ရတာ၊ စိတ်ပညာအရ ပြောရရင် ခန္ဓာကိုယ်သန်မာတဲ့လူတွေက ပိုပြီး သတ္တိရှိကြတယ်မလား”

“ခင်ဗျား…”

ဂျက်ခ်မှာ ခဏမျှ ဆွံ့အသွားရသည်။

“ခင်ဗျားက ရော့ခ်ဂီတအဖွဲ့အကြောင်း ပြောလာမှတော့…”

ဖုန်းပုကြွယ်က ချက်ချင်း စကားဆက်လိုက်သည်။

“ဒါဆိုရင် ဂစ်တာကြိုးလိုမျိုး အရာတွေကို ခင်ဗျား အတော်လေး ရင်းနှီးလိမ့်မယ်လို့ ကျွန်တော် ယူဆရမှာပေါ့…”

သူ ခဏရပ်လိုက်သည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ… လူသတ်လက်နက်ကလည်း အဲဒီလို အရာမျိုး ဖြစ်နေတော့လေ”

“မင်း သိထားဖို့က… ဒီမှာ ရဲတွေသာမရှိရင် ငါမင်းကို လာထိုးပြီးပြီ”

ဂျက်ခ်သည် ဒေါသထွက်လွန်းသဖြင့် အံကြိတ်ကာ စကားလုံးများကို သွားကြားမှ ထုတ်ပြောလိုက်သည်။

“ဟမ့်… ခင်ဗျားကို စိတ်မလောဖို့ သတိပေးပါရစေ”

ဖုန်းပုကြွယ်က မျက်ခုံးပင့်ပြကာ ဘဝင်မြင့်သောအမူအရာဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ပြင်းထန်တဲ့ ခြေကန်ချက်ကို ဒီစားပွဲခုံလေး တစ်ခုတည်းနဲ့ တားနိုင်မှာ မဟုတ်ဘူးနော်”

“လူကြီးမင်းတို့… ကျုပ်တို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုကို ပြန်သွားကြရအောင်”

စကိုးဖီးလ်တွင် ကြားဖြတ်ဝင်ပြောရုံမှတစ်ပါး အခြားမရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုလူနှစ်ဦး၏ အပြုအမူမှာ လမ်းဘေးရန်ပွဲတစ်ခုနှင့် တူနေပြီ ဖြစ်သောကြောင့်ပင်...။

“ဟမ့်…”

ဂျက်ခ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။သူ ပြန်ထိုင်လိုက်ပြီး ဖုန်းပုကြွယ်ကို ပြောလိုက်သည်။

“ဒါဆိုရင် ပြောစမ်းပါဦး၊ ကျွန်တော်က ဘာကိစ္စနဲ့ ကျွန်တော့်အစ်ကိုကို သတ်ရမှာလဲ၊ ဒီနေ့ ဖြစ်ခဲ့တဲ့ ဒီပြဿနာအသေးအမွှားလေးကြောင့်လား၊ သူနဲ့ အဖေ ဘာကြောင့် ရန်ဖြစ်ခဲ့ကြလဲဆိုတာတောင် ကျွန်တော် အခုထိ မသိသေးဘူး၊ ဘာလို့ လူသတ်ရမှာလဲ”

All Chapters