← Chapters

အခန်း ၂၁

Vol. 39 Ch. 21

အခန်း ၂၁

Vol. 39 Ch. 21

အခန်း (၂၁) နန်စီ၏ ထွက်ဆိုချက်

စာကြည့်ခန်းထဲမှ ဂျက်ခ်ထွက်သွားပြီးနောက် ဖုန်းပုကြွယ်က ပြုံးလျက် ပြန်ထိုင်လိုက်ပြီး မျက်နှာပျက်နေသော စကိုးဖီးလ်ဘက်လှည့်ကာ မေးလိုက်သည်။

“ခင်ဗျားဘယ်လိုထင်လဲ စုံထောက်ကြီး”

စကိုးဖီးလ်က ပြန်ဖြေလိုက်သည်။

“အရမ်း သံသယဖြစ်စရာပဲ… လောလောဆယ်အထိတော့ သူက အဓိက သံသယရှိသူပဲ”

“မှန်တယ်…”

ဖုန်းပုကြွယ် ဆက်ပြောလိုက်သည်။

“ဂျက်ခ်မှာ ပြစ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိတယ်၊ အခွင့်အရေးရှိတယ်၊ ပြီးတော့ အရည်အချင်းလည်း ရှိတယ်၊ ဒါပေမဲ့… သူက လူသတ်သမား မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်”

“အိုး…”

စကိုးဖီးလ်က နားမလည်နိုင်စွာ မေးလိုက်သည်။

“ဘာလို့လဲ”

ဖုန်းပုကြွယ် ပြန်မေးလိုက်သည်။

“စုံထောက်ကြီး၊ ခင်ဗျားသာ ဂျက်ခ်ဆိုရင် ခင်ဗျားအဖေနဲ့ အစ်ကို ဒီလောက်အပြင်းအထန် ရန်ဖြစ်နေတာမြင်ရင် ဘာခံစားရမလဲ”

“ဒါကတော့…”

ဖုန်းပုကြွယ်၏ လမ်းကြောင်းပေးမှုကြောင့် စကိုးဖီးလ်သည် ထိုသခင်လေး၏ ရှုထောင့်မှ စဉ်းစားကြည့်ရင်း ချက်ချင်း သဘောပေါက်သွားလေသည်။

“ကျုပ် ပျော်နေရမှာပေါ့”

“မှန်တယ်”

ဖုန်းပုကြွယ် အတည်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

“တကယ်လို့ သူ့ရဲ့ ရည်ရွယ်ချက်… ဒါမှမဟုတ် သူ့ရဲ့ အဆုံးစွန်ပန်းတိုင်က မိသားစုစည်းစိမ်ဥစ္စာတွေဆိုရင် ဒီနေ့ ဒီလိုမြင်ကွင်းမျိုးကို မြင်ရတဲ့အတွက် သူက ကွယ်ရာမှာ ခိုးဝမ်းသာနေရမှာ၊ ဘာပဲဖြစ်ဖြစ် သူ့မိသားစုမျက်စိထဲမှာ သူက ပုန်ကန်တတ်ပြီး ရည်မှန်းချက်မရှိတာပဲ ရှိတာ၊ ဖြေရှင်းလို့မရတဲ့ ပဋိပက္ခမျိုး မရှိဘူးလေ၊ ဒန်းနစ်နဲ့ ကိုးလ်စတန်ကြားက ပဋိပက္ခပဲ ရှင်းရှင်းလင်းလင်း မရှိတာ…”

“ဆိုတော့ကော…”

စကိုးဖီးလ်က စမ်းသပ်မေးမြန်းလိုက်သည်။

“ဒါကြောင့် ယုတ္တိကျကျပြောရရင် ဂျက်ခ်က ဒန်းနစ်ကို သတ်ဖို့ စဉ်းစားခဲ့ရင်တောင် ဒီလိုနေ့မျိုးကို ရွေးလုပ်မှာ မဟုတ်ဘူး”

ဖုန်းပုကြွယ် ဆက်ပြော၏။

“ကျွန်တော့်အမြင်တော့… ‘သေနတ်ပစ်ခတ်မှု’ အပြီးမှာ ဂျက်ခ်ပြောခဲ့တဲ့ စကားက သူ့အဖေနဲ့ အစ်ကိုတို့ ရန်ဖြစ်တာကို မြင်ပြီး စိတ်ထဲကနေ ခိုးဝမ်းသာနေလို့ ထွက်လာတဲ့ လေကြွားစကားသက်သက်ပဲ၊ အဲဒီစကားက သူ့အတွင်းစိတ်ထဲက အတွေးအချို့ကို မရည်ရွယ်ဘဲ ဖွင့်ဟလိုက်မိတာပေါ့၊ ဒါပေမဲ့… တကယ်လူသတ်ဖို့ ရည်ရွယ်ထားတဲ့လူက ကြိုတင်သတိပေးချက်မရှိဘဲ လှုပ်ရှားမှာပဲ၊ ဒီလို ထင်ရှားတဲ့ ဟာကွက်မျိုးကို ဘယ်တော့မှ ချန်ထားခဲ့မှာ မဟုတ်ဘူး”

သူ ခဏနားလိုက်ပြီး ထပ်လောင်းပြောကြားလိုက်သည်။

“ပြီးတော့ သူ့ရဲ့ နောက်ဆုံး စကားလုံးတွေကို သတိထားမိလား… ‘ငါ့မှာ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ… ငါ မလုပ်ခဲ့ဘူး…’ ဆိုတာလေ၊ ‘ပြစ်မှုတစ်ခု ဖြစ်ခဲ့ရင်ကော ဘာဖြစ်လဲ’ ဆိုတဲ့ သဘောမျိုးပဲ၊ ဒီစကားက သူ လူသတ်ဖို့ စဉ်းစားခဲ့ဖူးတယ်ဆိုတာကို အခြေခံအားဖြင့် ဝန်ခံလိုက်တာပဲ၊ ဒါပေမဲ့ သူက နည်းနည်းလေးမှ ကြောက်မနေဘူး… သူ့မျက်လုံးတွေ၊ လေသံတွေနဲ့ သိမ်မွေ့တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေအရ ကြည့်ရင် ‘ဘာပဲဖြစ်ဖြစ် ငါ လူမသတ်ခဲ့ဘူး’ ဆိုတဲ့ စကားက အမှန်တရားပဲ”

ဖုန်းပုကြွယ် သူ့မေးစေ့ကို လက်နှင့်ထောက်၍ စားပွဲပေါ် တံတောင်ဆစ်တင်ရင်း ဆိုလိုက်သည်။

“သူ့စကားထဲက ယုံကြည်မှုက ရာဇဝတ်ကောင်တစ်ယောက်ရဲ့ ယုံကြည်မှုမျိုး မဟုတ်ဘဲ အပြစ်မဲ့သူတစ်ယောက်ရဲ့ ယုံကြည်မှုမျိုးပဲ၊ အဲဒီနှစ်ခုကြားမှာ ကွာခြားချက် ရှိတယ်၊ ရှေ့ကလူက ရဲတွေ သူ့ကို ပြစ်ဒဏ်ချဖို့ အထောက်အထား အလုံအလောက် ရှာမတွေ့နိုင်ဘူးလို့ ယုံကြည်တာ၊ နောက်လူကျတော့… သူ ဘာမှမလုပ်ခဲ့ဘူးလို့ ရိုးရိုးရှင်းရှင်း ယုံကြည်နေတာ၊ ဂျက်ခ်က နောက်ဆုံးလူစားမျိုးထဲကပဲ၊ ‘ဖုံးကွယ်ထားစရာ ဘာမှမရှိတဲ့’ လူမျိုးပေါ့…”

“ဒါဆို…”

စကိုးဖီးလ်က တွေးတောလိုက်သည်။

“ဂျက်ခ်က လူသတ်သမားဆိုတဲ့ ဖြစ်နိုင်ခြေကို အခြေခံအားဖြင့် ဖယ်ထုတ်လို့ ရပြီပေါ့…”

“ဟုတ်တယ်”

ဖုန်းပုကြွယ် ပြန်ဖြေလိုက်သည်။

“ဒီအဆင့်မှာတော့… ကိုးလ်စတန်၊ ဟန်ဒါဆန်၊ အိုလီဗာ၊ ကာရိုးလ်နဲ့ ဂျက်ခ်တို့ကို သံသယရှိသူစာရင်းကနေ ယာယီ ဖယ်ထုတ်ထားလို့ရပြီ”

စကိုးဖီးလ်က ရေရွတ်လိုက်သည်။

“သံသယရှိသူ စုစုပေါင်းကိုးယောက် ရှိတာဆိုတော့ အခုဆို… မိသားစုဆရာဝန် ဒေါက်တာ ပါဝဲလ်၊ ဥယျာဉ်မှူး မစ္စတာ ဘာတွန်၊ မစ္စနန်စီနဲ့ မစ္စအိုဒက်တ်တို့ပဲ ကျန်တော့တာပေါ့”

သူ ခဏရပ်လိုက်သည်။

“ဒါနဲ့ စကားမစပ်… မစ္စနန်စီက အခင်းဖြစ်ပွားပြီးမှ ရောက်လာတာဆိုတော့ သူ့ကိုလည်း ဖယ်ထုတ်ရမှာ မဟုတ်ဘူးလာ”

“ဘယ်သူပြောလဲ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“နန်စီမှာ ပြစ်မှုကျူးလွန်ဖို့ အခွင့်အရေး အပြည့်အဝရှိတယ်၊ တခြားလူတွေထက်တောင် ပိုနေသေးတယ်”

သူ့မျက်ဝန်းများက အနည်းငယ် ပြောင်းလဲသွား၏။

“တကယ်လို့ ကျွန်တော်တို့ အကြောင်းပြချက်တစ်ခုခု ရှာတွေ့ရင် သူက ဂျက်ခ်ထက်တောင် ပိုသံသယဖြစ်စရာ ကောင်းသေးတယ်”

ဒေါက် ဒေါက် ဒေါက်။

တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပြောရင်းဆိုရင်းနှင့်ပင် ရောက်ရှိလာချေပြီ…။

“မစ္စနန်စီ ရောက်ပါပြီ ဆရာ”

ဒန်းပ်ဆေး၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာ၏။

“ဝင်ခဲ့ပါ”

စကိုးဖီးလ်က ပြန်ထူးလိုက်သည်။

တံခါးပွင့်သွားပြီး မိန်းကလေးနန်စီ လှမ်းဝင်လာလေသည်။ သူမ၏ ဝတ်စားဆင်ယင်ပုံမှာ အတော်လေး ယောက်ျားဆန်ပေသည်။ ရိုးရှင်းသော အင်္ကျီအဖြူရောင်ပေါ်တွင် ဂျာကင်အင်္ကျီတစ်ထည် ထပ်ဝတ်ထားပြီး ဂန္ထဝင်ဂျင်းဘောင်းဘီနှင့် ဒေါက်မြင့် မြင်းစီးဖိနပ်ရှည်တို့ကို ဆင်မြန်းထား၏။ ဤအထက်တန်းလွှာ အမျိုးသမီးလေးသည် ဗီယင်နာမြို့၏ အနုပညာဆန်သော အငွေ့အသက်များနှင့် လုံးဝကင်းကွာနေပုံရပြီး၊ အမေရိကန်အနောက်ပိုင်းသို့ ခရီးထွက်လာသည့် ပုံစံနှင့် ပိုတူနေပေသည်။

သို့သော်လည်း နန်စီ၏ ထိုကဲ့သို့ ယောက်ျားဆန်သောစတိုင်သည် သူမ၏ ဆွဲဆောင်မှုကို လျော့ပါးမသွားစေဘဲ ညှို့ယူဖမ်းစားနိုင်သော အလှပိုင်ရှင်တစ်ဦး ဖြစ်နေဆဲပင်။ သူမ၏ ဖြူစင်နုနယ်သော မျက်နှာပြင်တွင် တောက်ပသော မျက်ဝန်းများ၊ ဖြူဖွေးသော သွားတန်းများ၊ ပြည့်စုံသော နှုတ်ခမ်းလွှာနှင့် စင်းလုံးချော နှာတံတို့ ရှိနေပြီး သူမ၏ ရွှေအိုရောင်ဆံနွယ်များက ပခုံးပေါ်သို့ ဝေ့ဝဲကျနေကာ တဖျတ်ဖျတ် တောက်ပလျက်ရှိနေသည်။

မဒမ်အိုဒက်တ်၏ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ဂန္ထဝင်အလှတရားနှင့် မတူဘဲ နန်စီမှာ လူငယ်တို့၏ တက်ကြွမှုကို ထုတ်ဖော်ပြသနေခြင်းဖြစ်သည်။ သူမမျက်ဝန်းထဲရှိ ပြတ်သားမှုနှင့် ထက်မြက်မှုတို့က ဖုန်းပုကြွယ်စိတ်ထဲတွင် ခေတ်သစ် အမျိုးသမီးဝါဒ အငွေ့အသက်ကိုပင် ခံစားမိစေသည်။

“မင်္ဂလာပါ မစ္စနန်စီ”

ဒန်းပ်ဆေး တံခါးပိတ်ပေးလိုက်ပြီးနောက် ဖုန်းပုကြွယ်က နှုတ်ဆက်လိုက်သည်။

“ကျွန်တော်တို့ တရားဝင် မိတ်မဆက်ရသေးဘူး ထင်တယ်…”

သူ ထရပ်ကာ စားပွဲခုံနောက်မှ ပတ်လျှောက်လာပြီး လက်ကမ်းပေးလိုက်သည်။

“ကျွန်တော့်နာမည်က ဖုန်းပုကြွယ်ပါ၊ စုံထောက်တစ်ယောက် ဖြစ်ပါတယ်”

နန်စီက ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာဖုန်း”

သူမအသံမှာ သူမ၏ စိတ်ခံစားချက်ကဲ့သို့ လေးလံနေခဲ့သည်။

“ဒါက စုံထောက် စကိုးဖီးလ်ပါ၊ ခင်ဗျားတို့ ဧည့်ခန်းဆောင်မှာ တွေ့ခဲ့ဖူးတယ်မလား”

ဖုန်းပုကြွယ်က စုံထောက်ကြီးကို မိတ်ဆက်ပေးလိုက်သည်။

စကိုးဖီးလ်က ထရပ်ကာ သူ့လက်တစ်ဖက်ဖြင့် သူ့ဦးထုပ်အနားစွန်းကို အသာဆွဲ၍ အခြားလက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။

“တွေ့ရတာ ဂုဏ်ယူပါတယ် မဒမ်”

“တွေ့ရတာ ဝမ်းသာပါတယ် စုံထောက်ကြီး”

နန်စီက ဆိုကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ကျေးဇူးပြုပြီး ထိုင်ပါဦး မစ္စနန်စီ”

ဖုန်းပုကြွယ်က ဆိုသည်။

“စိတ်မလှုပ်ရှားပါနဲ့၊ ကျွန်တော်တို့က ခင်ဗျားကို မေးခွန်းတချို့ မေးချင်ရုံတင်ပါ”

“ကောင်းပါပြီ”

နန်စီက ဝင်ထိုင်ရင်း ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ကျွန်မ ရှင်တို့ကို ကူညီနိုင်မယ်လို့တော့ အာမမခံရဲဘူး၊ ရှင်တို့ သိတဲ့အတိုင်း အဲဒီအချိန်တုန်းက… ဒန်းနစ်က အထဲမှာ…”

“တကယ် အဲဒီလိုလား”

ဖုန်းပုကြွယ်၏ သဘောထားက ရုတ်တရက် ပြောင်းလဲသွားလေသည်။

“ဘာပြောလိုက်တာလဲ”

နန်စီက နားမလည်နိုင်စွာ မေးလိုက်သည်။

“ဖြစ်နိုင်တာက… ခင်ဗျားက ကျွန်တော်တို့ သိထားတာထက်စောပြီး ဒီကိုရောက်နေခဲ့တာလည်း ဖြစ်နိုင်တာပဲ…”

ဖုန်းပုကြွယ်သည် ဤ NPC များကို “လူတစ်ယောက်အပေါ် အပြစ်ရှာစွပ်စွဲခြင်း” ဆိုသည်မှာ မည်သို့ရှိသည်ကို လက်တွေ့ ပြသနေခြင်း ဖြစ်သည်။

“ဘာ… ဘာကို ဆိုလိုတာလဲ”

နန်စီသည် သူ့စကားလုံးများနောက်ကွယ်က အဓိပ္ပာယ်ကို ရိပ်မိသွားခဲ့သည်။

“ကျွန်တော့်ရဲ့ စိတ်ကူးယဉ်မှုကို သုံးနေတာပါ”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“ဒါက စုံထောက်တစ်ယောက်အတွက် အရေးကြီးတဲ့ အရည်အချင်းပဲ၊ ကျွန်တော်တို့က ယုတ္တိဗေဒနဲ့ ပုံစံတူ အစဉ်အလာတွေကို လိုက်နာရမှာ ဖြစ်ပေမဲ့ ဒီလို လုပ်နေကျ အတွေးအခေါ်ဘောင်ထဲမှာပဲ ပိတ်မိမနေသင့်ဘူး”

သူ ပြုံးလိုက်သည်။

“ဘာပဲဖြစ်ဖြစ်… ကျွန်တော် အခုပြောမယ့်စကားက ထူးဆန်းနေပြီး ခင်ဗျားကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တယ်၊ ဒါကြောင့်… ကျွန်တော် အခုပြောမယ့်အရာအားလုံးက ခန့်မှန်းချက်သက်သက်ပဲဆိုတာ ကြိုပြောပါရစေ၊ အဲဒီအထဲက တစ်ခုခုက ခင်ဗျားကို စိတ်မသက်မသာ ဖြစ်စေခဲ့ရင် နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

[အင်း… ဒီအကွက်ဟောင်းကြီး ပြန်လာပြန်ပြီပေါ့… ဒါပေမဲ့ မစ္စနန်စီက အခင်းဖြစ်ပြီးမှ ပေါ်လာတာဆိုတော့ သူဘယ်လို စွပ်စွဲဦးမှာပါလိမ့်…]

စကိုးဖီးလ်သည် စိတ်ထဲမှ တွေးတောလိုက်ပြီး ဖုန်းပုကြွယ်တစ်ယောက် မည်သို့သော ဆင်ခြေဆင်လက်များ ထုတ်သုံးဦးမည်ကို စိတ်ကူးရခက်နေလေသည်။

“ရှင် တကယ်တမ်း တိတိကျကျ ဘာကို ပြောချင်နေတာလဲ”

နန်စီက မေးလိုက်သည်။

ဖုန်းပုကြွယ် နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ကိုဆန့်ကာ လက်ညှိုးထိုးပြရင်း မိန်းကလေးနန်စီကို အလွန် ဩဇာညောင်းလှသော အမူအရာဖြင့် အော်ဟစ်လိုက်တော့သည်။

“ဒန်းနစ်ကို သတ်ခဲ့တဲ့ လူသတ်သမားက… ခင်ဗျားပဲ မဟုတ်လား၊ နန်စီ လဗ်ခရက်ဖ်”

All Chapters