← Chapters

အခန်း ၂၃

Vol. 39 Ch. 23

အခန်း ၂၃

Vol. 39 Ch. 23

အခန်း (၂၃) အားလုံးကိုခေါ်လာခဲ့

ထိုသို့ ကျဆင်းသွားသော တိတ်ဆိတ်မှုအတွင်း မိန်းကလေးနန်စီသည် ဖုန်းပုကြွယ်အား နှာခေါင်းရှုံ့လျက် တစ်ချက်စောင်းကြည့်ရင်း ထွက်ခွာရန် ထရပ်လိုက်သည်။

သူမသည် စုံထောက်တစ်ယောက်၏ ညံ့ဖျင်းလှသော စွမ်းဆောင်ရည်အပေါ် သနားစိတ်ကြောင့်ပင် ဖြစ်စေ ယဉ်ကျေးမှုအရဖြစ်စေ… မထွက်ခွာမီ ဘေးနားရှိ စုံထောက် စကိုးဖီးလ်ဘက်သို့ လှည့်ပြောလိုက်သည်။

“နောက်တစ်ခါ ကျိုးကြောင်းဆင်ခြင်မှုတွေ မလုပ်ခင် သေသေချာချာ စဉ်းစားကြဖို့ မျှော်လင့်ပါတယ်”

ထို့နောက် တံခါးကို ဂျိန်းခနဲ ဆောင့်ပိတ်၍ ထွက်သွားလေတော့သည်။

“ဟူး…”

တံခါးပိတ်သွားသည်နှင့် ဖုန်းပုကြွယ်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ဆက်ပြောသည်။

“အရမ်းကောင်းတယ်၊ သံသယရှိသူ နောက်တစ်ယောက် ဖယ်ထုတ်နိုင်ခဲ့ပြီ”

“အဲ… ကျုပ်နည်းနည်း နားမလည်လို့ပါ၊ ခင်ဗျားက ဘာလို့ ပုံမှန်မေးမြန်းတဲ့ နည်းလမ်းကိုသုံးပြီး သူ့ရဲ့ ပြစ်မှုကင်းစင်ကြောင်း သက်သေကို တိုက်ရိုက် မမေးခဲ့တာလဲ”

စကိုးဖီးလ်က မေးမြန်းလိုက်သည်။

“ကျွန်တော့်နည်းလမ်းက ပိုထိရောက်တယ်လို့ ခင်ဗျားမထင်ဘူးလား”

ဖုန်းပုကြွယ်က ဆိုသည်။

“မရေရာတဲ့ ဆင်ခြေတွေသုံးပြီး တစ်ဖက်လူရဲ့ တုံ့ပြန်မှုကို စမ်းသပ်တာက မထင်မှတ်ထားတဲ့ ရလဒ်တွေကို ထွက်ပေါ်လာစေနိုင်တယ်၊ တစ်ချိန်တည်းမှာပဲ… ဒါက သူတို့ကို ကျွန်တော့်အပေါ် သတိလက်လွတ် ဖြစ်သွားအောင်လည်း လုပ်နိုင်တယ်လေ”

“အဲ… အဲဒီလိုလား…”

စကိုးဖီးလ်သည် သူ အမြဲဆောင်ထားတတ်သည့် လက်ကိုင်ပဝါကို ထုတ်ယူကာ နဖူးမှ ထွက်လာသော ချွေးစေးများကို သုတ်လိုက်ရသည်။

[ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ…]

ဖုန်းပုကြွယ် စိတ်ထဲက ကျိန်ဆဲနေမိသည်။

[အိပ်ပျော်နေတဲ့ ကိုဂိုရိုကို ကာကွယ်ပေးတဲ့အခါပြောတဲ့ အင်စပက်တာ မီဂူရီရဲ့ စကားတွေကို ခင်ဗျားက တကယ်ယုံနေတာလား၊ သံသယရှိသူရဲ့ တုံ့ပြန်မှုကို စမ်းသပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတာပဲလေ… ဖူရူဟတ (Furuhata - ဂျပန်စုံထောက်ဇာတ်ကောင်) လိုမျိုး မျက်နှာပြောင်ပြောင်နဲ့ သံသယရှိသူနောက်ကို တကောက်ကောက်လိုက်ပြီး အကဲစမ်းစိတ်အနှောင့်အယှက် ပေးနေသရွေ့တော့ တစ်နေ့နေ့မှာ သူတို့ အမှားအယွင်း လုပ်မိမှာပဲ]

[ငါ့ရဲ့ လှုပ်ရှားမှုတွေက မစ်ရှင်အောင်မြင်ဖို့ အလုပ်ဖြစ်နေရဲ့လား မသိဘူး… အိပ်မက်အဆင့်က နာမည်နဲ့လိုက်အောင် တကယ်ခက်ခဲလွန်းတယ်၊ အခန်းတစ်ခန်းကို စာလုံးရေ ၂,၅၀၀ တောင် မပြည့်ချင်ဘူး၊ အခုထိတော့ သုံးပုံနှစ်ပုံလောက်ပဲ ပြီးသေးတယ်…]

[ဒါက တကယ့်ကို ဆိုးတာပဲ… လူသတ်သမားက ဘာတွန်ဆိုတာ ငါ အတိအကျသိနေပေမဲ့ အခန်း ဆယ်ခန်းလောက် ကျန်သေးတယ်… အခုအချိန်မှာ သူ့ကို ဖော်ကောင်လုပ်ဖို့က စောလွန်းသေးတယ်]

[ဝတ္ထုတွေက အနီမေးရှင်းတွေလို မဟုတ်ဘူးလေ၊ အနီမေးရှင်းမှာဆိုရင် ရုပ်ပုံတစ်ပုံတည်းကိုသုံး နောက်ခံတေးဂီတလေးဖွင့်ပြီး အသံသရုပ်ဆောင်သုံးယောက်က ဇာတ်ညွှန်းအတိုင်း မိနစ်နှစ်ဆယ်လောက် ပေါက်ကရ လျှောက်ပြောနေလို့ရပေမဲ့ ဝတ္ထုကျတော့… ငါ ဒီအတွေးတွေကို တစ်လုံးချင်းစီ စဉ်းစားညှစ်ထုတ်နေရတာ၊ စာရေးဆရာတစ်ယောက်အနေနဲ့ စိတ်ကူးပေါက်တိုင်း မဟာဂရုဏာမန္တန်ထဲက စာပိုဒ်တွေကို ကူးယူဖော်ပြနေလို့ ဘယ်ဖြစ်မလဲ…]

[ဒါ့အပြင် ကျိုးကြောင်းဆင်ခြင်မှု ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဒီအမှုမှာ အဖြေမထွက်သေးတဲ့ မေးခွန်းတွေ အများကြီး ရှိနေသေးတယ်… ဥပမာ ဘာတွန်ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ပြီးတော့ သူက ဘာလို့ အခန်းကို သော့ခတ်ထားတဲ့ အခန်းအဖြစ် ဖန်တီးခဲ့တာလဲ… ဒါတွေက မရှင်းလင်းသေးဘူး၊ ဒီပဟေဠိနှစ်ခုက နောက်ဆုံးအခန်းအနည်းငယ်ကျမှပဲ ပြေလည်သွားမှာ၊ ရှေ့က ခုနစ်ခန်း ရှစ်ခန်းစာအတွက်တော့ ဇာတ်လိုက်ဖြစ်တဲ့ ငါကပဲ ဇာတ်လမ်းကို ပိုအနှစ်သာရရှိအောင် လုပ်ပေးရလိမ့်မယ်…]

[ငါကိုယ်တိုင် လူတစ်ယောက်လောက် သတ်ဖို့ စဉ်းစားခဲ့ဖူးပေမဲ့ အခန်း ၃၃ ရဲ့ စာလုံးရေ အရှည်က အချိုးမကျတာမို့ လက်စသတ်ဖို့ အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်လိုက်ရပြီ…]

[ဒါမှမဟုတ် ငါ စားပွဲပေါ်က ဆေးလိပ်ပြာခွက်ကိုယူပြီး စကိုးဖီးလ်ကို ရိုက်သတ်လိုက်ရမလား…]

[ဒါပေမဲ့ သေသေချာချာ ပြန်စဉ်းစားကြည့်ရင် ဒီလို ကန့်သတ်ချက် ပြင်းထန်တဲ့ အိပ်မက်ဆိုးဇာတ်လမ်းထဲမှာ NPC တွေက ငါ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တဲ့ အရည်အချင်း ရှိကြတယ်…]

[ဟူး…]

အစ်ကိုကြွယ်သည် စိတ်ထဲတွင် ခဏမျှ တောင်စဉ်ရေမရ တွေးတောနေပြီးနောက် ဆုံးဖြတ်ချက်ချကာ တံခါးဆီသို့ သွားလိုက်လေသည်။ သူ တံခါးဖွင့်လိုက်ပြီး ကော်ရစ်ဒါတွင် စောင့်ဆိုင်းနေသော ဒန်းပ်ဆေးကို လှမ်းခေါ်လိုက်သည်။

“အရာရှိ ဒန်းပ်ဆေး”

“ဘာကူညီပေးရမလဲ ဆရာ”

ဒန်းပ်ဆေးက ပြန်ဖြေလိုက်သည်။

“မစ္စတာ ဟန်ဒါဆန်၊ ဒေါက်တာ ပါဝဲလ်နဲ့ မစ္စတာ ဘာတွန်တို့ကို အတူတူ ခေါ်လာပေးပါ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“သုံးယောက်လုံး အတူတူလား”

ဒန်းပ်ဆေးက သေချာအောင် ပြန်မေးလိုက်သည်။

“ဟုတ်တယ်၊ အားလုံးကို တစ်ခါတည်း ခေါ်လာခဲ့ပါ”

ဖုန်းပုကြွယ် ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပါပြီ၊ ခဏလောက် စောင့်ပေးပါ”

ဒန်းပ်ဆေးသည် သူ့အင်္ကျီကော်လံကို ဖြောင့်အောင်လုပ်ရင်း လှည့်ထွက်သွားလေသည်။

ညွှန်ကြားချက်ပေးပြီးနောက် ဖုန်းပုကြွယ်သည် အထဲသို့ ပြန်ဝင်ကာ စာကြည့်ခန်းတံခါးကို ပြန်ပိတ်လိုက်သည်။

“ခင်ဗျား ဘာလုပ်မလို့လဲ”

စကိုးဖီးလ်က နားမလည်နိုင်စွာ မေးလာ၏။

“ဘာဖြစ်လို့လဲ၊ ခင်ဗျားက ကျွန်တော် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ဆက်ခေါ်ပြီး မေးမြန်းလိမ့်မယ်လို့ ထင်နေတာလား”

ဖုန်းပုကြွယ် ပြန်လည်မေးခွန်းထုတ်ရင်း စိတ်ထဲက တွေးလိုက်သည်။

[နောက်ဘာဖြစ်လာမလဲဆိုတာ မင်းက ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ၊ တကယ်လို့ စာရေးဆရာက ‘ဒီလူ့ထွက်ဆိုချက်’၊ ‘ဟိုလူ့ထွက်ဆိုချက်’ ဆိုတဲ့ ခေါင်းစဉ်မျိုးတွေကိုပဲ ဆက်သုံးနေရင် သူလည်း ကျေနပ်မှာ မဟုတ်ဘူး]

“ဟုတ်တယ်၊ အဲဒီလို ထင်တာပဲလေ”

စုံထောက်ကြီးက ပြန်ဖြေသည်။

“ဟဲ…”

ဖုန်းပုကြွယ်က ဆိုသည်။

“စိတ်မပူပါနဲ့၊ စောင့်သာ ကြည့်နေလိုက်ပါ”

“အဲ… အမှန်အတိုင်း ပြောရရင် ဘာမှတော့ မဟုတ်ပါဘူး၊ စောစောက မစ္စနန်စီက ခင်ဗျားကို နည်းနည်း အရှက်ရစေသလို ဖြစ်သွားလို့ပါ”

စကိုးဖီးလ်သည် ဖုန်းပုကြွယ်၏ မိမိကိုယ်ကိုယ် အရှက်ကွဲစေမည့် ကျိုးကြောင်းဆင်ခြင်မှုများကို မတားဆီးနိုင်တော့ဘဲ ပြောလိုက်ရရှာသည်။

“ဟား”

ဖုန်းပုကြွယ်က ဆိုသည်။

“ကျွန်တော်က ဘာလို့ ရှက်ရမှာလဲ”

သူ စကိုးဖီးလ်ဘက်သို့ လှည့်လိုက်ပြီး သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ စောစောက ပြသခဲ့သည့် အလွန်အကျပ်ရိုက်နေသော ရုပ်ပျက်ဆင်းပျက် မျက်နှာပေးသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားလေသည်။

“ဒါ အမှန်ပဲ၊ ကျွန်တော့်အသံတွေ တုန်ခါနေခဲ့တယ်၊ နဖူးမှာ ချွေးတွေ စိုနေခဲ့တယ်၊ မျက်သူငယ်အိမ်တွေ ကျယ်နေခဲ့တယ်၊ ပြီးတော့ သေသေချာချာကြည့်ရင် ကျွန်တော့်ရဲ့ ဘယ်ဘက်လက်ကတောင် အနည်းငယ်တုန်ယင်နေတာကို မြင်ရလိမ့်မယ်”

သူသည် ပြောရင်းဆိုရင်းနှင့်ပင် ပုံမှန်အခြေအနေသို့ ချက်ချင်း ပြန်ပြောင်းလိုက်သည်။

“ဒါပေမဲ့ အဲဒါက ကျွန်တော် တကယ်ပဲ အရှက်ရသွားတယ်လို့ မဆိုလိုဘူးလေ”

စကိုးဖီးလ်မှာ နှုတ်ခမ်းများ တွန့်သွားရသည်။

“ဒါကတော့…”

သူသည် ထိုအချိန်က ခံစားချက်ကို မည်သို့ဖော်ပြရမှန်း မသိတော့ချေ။ ဤလူသည် ပရော်ဖက်ရှင်နယ် လိမ်လည်လှည့်ဖြားသူတစ်ဦး ဖြစ်နိုင်သည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသော်လည်း မည်သည့်ရှုထောင့်က ကြည့်ကြည့် ဤလူမှာ အတော်လေး အထင်ကြီးစရာ ကောင်းနေလေသည်…။

“ပုံမှန်အားဖြင့်တော့ ကျွန်တော်ဟာ စိတ်ခံစားချက်ကြောင့် မရည်ရွယ်ဘဲ ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ် တုံ့ပြန်မှုမျိုးတွေ မလုပ်ဘူး၊ ကျွန်တော်ကိုယ်တိုင်က အခြေအနေတစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးချင်မှပဲ လုပ်တာ”

ဖုန်းပုကြွယ်က ရှင်းပြလိုက်သည်။

“အမူအရာနဲ့ သေးငယ်တဲ့ လှုပ်ရှားမှုတွေက လူတစ်ယောက်ရဲ့ အားနည်းချက်ကို ဖော်ပြနိုင်တယ်၊ ပြီးတော့ ဒါတွေကိုသုံးပြီး ပြိုင်ဘက်ကို တွေဝေသွားအောင် လုပ်တာက အတော်လေး မြင့်တဲ့ ဂိမ်းဗျူဟာတစ်ခုပဲ”

[ငါ နောက်တစ်ခါ ထပ်အလှည့်စားမခံတော့ဘူး… မင်း ဒီလိုမျိုး အမူအရာအပြည့်နဲ့ သီအိုရီတွေကို ပြောပြီးတိုင်း နောက်အခန်းကျရင် ဇာတ်လမ်းက လုံးဝပေါက်ကရတွေ ဖြစ်ကုန်ရော… ငါသာ ဝင်ကန့်ကွက်မိရင် ငါပဲ ရှုံးမှာ]

စကိုးဖီးလ်သည် စိတ်ထဲမှသာ ကြိတ်တွေးလိုက်သော်လည်း အပြင်ပန်းတွင်မူ ယဉ်ကျေးစွာဖြင့်သာ “သဘောပေါက်ပါပြီ… သဘောပေါက်ပါပြီ…” ဟု ဆိုလိုက်ရသည်။

“စုံထောက်တစ်ယောက်က ထက်မြက်တဲ့ ဉာဏ်ပညာ ရှိဖို့လိုရုံတင်မကဘဲ မြင့်မားတဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်လည်း ရှိဖို့ လိုအပ်တယ်”

ဖုန်းပုကြွယ်က ထပ်မံ၍ ကြွားလုံးထုတ်ပြန်သည်။

“ကျွန်တော့်အမြင်အရတော့ စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ဆိုတာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊ အလိုလိုသိမြင်စိတ်နဲ့ သရုပ်ဆောင်အရည်အချင်းတို့ ပေါင်းစပ်ထားတာပဲ၊ လောကဝတ် ပြေပြစ်တဲ့လူတွေ အားလုံးက ဒါကို ကျွမ်းကျင်တဲ့ မာစတာတွေချည်းပဲ၊ သူတို့က ခင်ဗျားကို သူတို့ဆန္ဒအတိုင်း လှုပ်ရှားအောင် လုပ်နိုင်ပြီး ခင်ဗျားကိုယ်တိုင်ကလည်း သက်တောင့်သက်သာ ဖြစ်နေလိမ့်မယ်”

သူ ခဏရပ်လိုက်သည်။

“နောက်ထပ်ဝင်လာမယ့် သုံးယောက်ထဲမှာ တစ်ယောက်ကတော့ အရမ်းမြင့်မားတဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် ရှိတယ်၊ ပြီးတော့… သူ့ရဲ့ ဉာဏ်ပညာကလည်း မနိမ့်လှဘူး၊ ဒါပေမဲ့…”

ဒေါက် ဒေါက် ဒေါက်။

တံခါးခေါက်သံက ဖုန်းပုကြွယ်၏ စကားကို ဖြတ်တောက်လိုက်သည်။ ဒန်းပ်ဆေးက တံခါးအပြင်ဘက်မှ လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။

“လူကြီးမင်းသုံးယောက် ရောက်လာပါပြီ မစ္စတာဖုန်း”

“ဝင်ခဲ့ပါစေ”

ဖုန်းပုကြွယ် နောက်လှည့်လိုက်ပြီး စားပွဲခုံကို မှီလျက် တံခါးဘက်သို့ မျက်နှာမူကာ စမ်းသပ်ချင်စိတ်ပြင်းပြနေသော ပုံစံမျိုး ဖမ်းလိုက်လေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ထိုသုံးဦး ဝင်ရောက်လာကြသည်။

အဦးဆုံး ဝင်လာသူမှာ အသက် ၅၀ ကျော်၊ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး၊ မျက်မှန်တပ်ထားပြီး ရှပ်အင်္ကျီအဖြူပေါ်တွင် အနက်ရောင်ကုတ်အင်္ကျီ ဝတ်ဆင်ထားသည့် ဒေါက်တာ ပါဝဲလ် ဖြစ်သည်။

အိမ်တော်ထိန်းကြီး ဟန်ဒါဆန်ကတော့ ဘာတွန်၏ တွဲထူပေးမှုဖြင့် ဝင်လာရသည်။ သူသည် သူ့ဘာသာ လမ်းလျှောက်နိုင်သော်လည်း မကြာသေးမီကမှ နှလုံးရပ်မတတ် ဖြစ်ခဲ့ရသည့် လူအိုကြီးကို ဘာတွန်က စာနာစိတ်ဖြင့် ကူတွဲပေးလာခြင်း ဖြစ်သည်။

သူတို့အား ပို့ဆောင်ပေးပြီးနောက် ဒန်းပ်ဆေးသည် ထုံးစံအတိုင်း တံခါးကို အပြင်ဘက်မှ ပြန်ပိတ်ပေးလိုက်သည်။

ထိုသုံးဦး နှုတ်ဆက်စကားပင် မပြောရသေးမီ သူတို့ရှေ့တွင် ရှိနေသော ဖုန်းပုကြွယ်က ရုတ်တရက် စကားစလိုက်လေသည်။

“ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်…”

သူ၏ စူးရှသော အကြည့်များက သူတို့သုံးဦး၏ မျက်နှာပေါ်သို့ လေပြင်းမုန်တိုင်းတစ်ခုအလား ဖြတ်သန်းသွားလေသည်။

“လူသတ်သမားက… ခင်ဗျားတို့ သုံးယောက်ထဲမှာ ရှိတယ်”

All Chapters