အခန်း ၂၄
Vol. 39 Ch. 24
အခန်း (၂၄) ကျိုးကြောင်းဆင်ခြင်မှုကို ညစာစားပြီးမှ လုပ်မယ်
ထိုစဉ် အမျိုးသား သုံးဦး၏ မျက်နှာအမူအရာများမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားကြသည်။ ဖုန်းပုကြွယ်သည် သူတို့မျက်နှာပေါ်မှ သိမ်မွေ့သော ပြောင်းလဲမှုတိုင်းနှင့် မျက်လုံးထဲတွင် ခဏမျှ ဖြတ်ပြေးသွားသော သာမန်လူတစ်ယောက် သတိမထားမိနိုင်သည့် လျှို့ဝှက်ချက်များကို ဖမ်းဆုပ်မိလိုက်သည်။
“ဟီးဟီး…”
နှစ်စက္ကန့်ခန့် ကြာပြီးနောက် ဖုန်းပုကြွယ် ရယ်မောလိုက်သည်။
“ကောင်းပြီ… ပြီးပါပြီ၊ အခု သွားလို့ ရပါပြီ”
“ဘာလဲ…”
အခန်းထဲရှိ အစ်ကိုကြွယ်မှလွဲ၍ ကျန်လူလေးဦးလုံးက ဤမေးခွန်းကို တပြိုင်နက်တည်း အလိုအလျောက် မေးလိုက်ကြသည်။
“နေပါဦး… ဘာကို ဆိုလိုတာလဲ”
ဒေါက်တာ ပါဝဲလ်က ဆိုသည်။
“သွားလို့ရပြီဆိုတာ ဘာပြောတာလဲ၊ ကျုပ်တို့ကို ဒီကို ခေါ်တယ်၊ ကျုပ်တို့ထဲက တစ်ယောက်က လူသတ်သမားလို့ ပြောတယ်၊ ပြီးတော့ ပြန်သွားခိုင်းတယ် ဟုတ်လား”
“ဟုတ်တယ်”
ဖုန်းပုကြွယ် ပြောလိုက်သည်။
“ကျွန်တော် တရားခံအစစ်ကို နောက်ထပ် အခန်းရှစ်ခန်းလောက်နေရင်… အာ၊ မဟုတ်ပါဘူး၊ ရှစ်နာရီလောက်ကျရင် ထုတ်ဖော်ပြသမှာမို့လို့ပဲ”
“အာ… မစ္စတာဖုန်း”
စကိုးဖီးလ်က ကြားဖြတ်မေးလိုက်သည်။
“မေးပါရစေဦး… ဘာလို့ ရှစ်နာရီအထိ စောင့်ရမှာလဲ”
“ဒီလိုပါ၊ ‘ညစာစားပြီးမှ ကျိုးကြောင်းဆင်ခြင်ရတယ်’ ဆိုတဲ့ စကားပုံရှိတယ်မလား”
ဖုန်းပုကြွယ်က ပြန်လည်ဖြေကြားလိုက်သည်။
[ဒါက ဘယ်လိုစကားပုံမျိုးလဲ… ငါ တစ်ခါမှမကြားဖူးပါဘူး… မင်းဘာသာမင်း လုပ်ကြံပြောနေတာပဲ ဖြစ်ရမယ်…]
စကိုးဖီးလ်မှာ စိတ်ထဲတွင် ကျိန်ဆဲနေမိသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာပင် နေလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း လူသတ်သမားကို မဖော်ထုတ်နိုင်သေးဘဲ အထောက်အထားလည်း မရှိသောကြောင့် ဖြစ်သည်။ သူသည် ဤဆန်းကြယ်လှသော စုံထောက်ကိုသာ အားကိုးရန်သာ ရှိတော့သည်။
“ဟာ… ဟားဟား… ကောင်းပြီ… ကောင်းပါပြီ…”
စကိုးဖီးလ်သည် လက်ကိုင်ပဝါဖြင့် သူ့နဖူးက ချွေးစေးများကို ဆက်သုတ်လိုက်သည်။
“ဒါဆိုလည်း ခင်ဗျားပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့…”
“ဒါက တကယ်ထူးဆန်းလွန်းတယ်”
ဒေါက်တာ ပါဝဲလ်က ဆိုသည်။
“တကယ်လို့ ခင်ဗျားက တကယ့်လူသတ်သမားက ဘယ်သူလဲဆိုတာ သိနေရင် သူ့ကို ချက်ချင်း တရားဥပဒေအတိုင်း အပြစ်ပေးရမှာပေါ့၊ လူသတ်သမားတစ်ယောက်ကို ကျုပ်တို့နဲ့ တစ်ခန်းတည်း အတူတူထားတာက လူတိုင်းအတွက် အန္တရာယ်ရှိတယ်လေ”
“ဒီမှာ ရဲအရာရှိလေးယောက်တောင် ရှိနေတာပဲ၊ ဘာအန္တရာယ် ရှိမှာလဲ”
ဖုန်းပုကြွယ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“ဒါ့အပြင် ခင်ဗျားလည်း အသိဆုံး ဖြစ်မှာပါ… ကျွန်တော် ‘လူသတ်သမားက ခင်ဗျားတို့ သုံးယောက်ထဲမှာ ရှိတယ်’ လို့ မပြောခင်ကတည်းက ခင်ဗျားက လူသတ်သမားနဲ့ အမိုးတစ်ခုတည်းအောက်မှာ အတူရှိနေခဲ့တာ မဟုတ်ဘူးလား”
“ဒါပေမဲ့ အခုခင်ဗျားက အဲဒီလို ပြောလိုက်တော့ အခြေအနေက…”
ဒေါက်တာ ပါဝဲလ်သည် စိုးရိမ်တကြီးဖြင့်ဆိုရင်း သူ့မျက်လုံးများက ဘာတွန်ရှိရာဘက်သို့ အဖန်ဖန် ဝေ့ဝဲနေလေသည်။
ဖုန်းပုကြွယ် ကြားဖြတ်ပြောလိုက်သည်။
“ခင်ဗျား ဘာမှ ဆက်ပြောဖို့ မလိုတော့ဘူး၊ ဒီလိုသိသာထင်ရှားတဲ့ အပြစ်ဖုံးကွယ်ဖို့ ကြိုးစားတာတွေကို ကျွန်တော် အကြိမ်ကြိမ် တွေ့ဖူးပြီးသားပဲ”
သူ ခဏရပ်လိုက်သည်။
“ဒေါက်တာ ပါဝဲလ်၊ ခင်ဗျားရဲ့ ချဲ့ကားလွန်းတဲ့ တုံ့ပြန်မှုတွေနဲ့ ထိတ်လန့်နေတဲ့ပုံစံက ခင်ဗျားကိုယ်ခင်ဗျား အပြစ်မရှိကြောင်း ဟန်ဆောင်ပြီး သံသယကင်းအောင် လုပ်နေတာလား”
“ဒါက…”
ဤစွပ်စွဲချက်ကြောင့် ဒေါက်တာ ပါဝဲလ်သည် ခဏမျှ ဆွံ့အသွားရသည်။
ဟန်ဒါဆန်နှင့် ဘာတွန်တို့လည်း သူ့အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်ကြသဖြင့် အခြေအနေမှာ အလွန်ပင် အကျပ်ရိုက်စရာ ကောင်းသွားတော့သည်။
ဖုန်းပုကြွယ်ကတော့ သူတို့၏ အပြုအမူများကို နှာခေါင်းရှုံ့ရုံသာ ပြုလုပ်ပြီး စကိုးဖီးလ်ဘက်လှည့်လိုက်သည်။
“စုံထောက်ကြီး၊ ညစာမစားခင်မှာ ကျွန်တော်စောစောက စစ်မေးခဲ့တဲ့ ကာရိုးလ်၊ ကိုးလ်စတန်၊ ဂျက်ခ်၊ နန်စီတို့အပြင် ဒီသုံးယောက်ကိုပါ ထမင်းစားခန်းထဲမှာ စုထားပေးပါ၊ ဒါမှ စောင့်ကြည့်ရတာ ပိုလွယ်လိမ့်မယ်”
ထိုသို့ဆိုရင်း သူတို့သုံးဦးဘေးမှ ဖြတ်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။
“ဘယ်သွားမလို့လဲ မစ္စတာဖုန်း”
စကိုးဖီးလ်က မေးမြန်းလိုက်သည်။
“မီးဖိုချောင်ကို”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်ပြီး တံခါးဖွင့်ကာ ထွက်သွားလေတော့သည်။
စာကြည့်ခန်းထဲတွင် ကျန်ရစ်ခဲ့သော လူလေးဦးမှာ တစ်ဦးကိုတစ်ဦး ကိုးရိုးကားရားကြည့်နေကြရုံသာ ရှိတော့သည်။
…
ဤဗီလာ၏ မီးဖိုချောင်မှာ အတော်လေး ကောင်းမွန်ပြီး အနောက်တိုင်း စားသောက်ဆိုင်ငယ်လေးများ၏ ပြင်ဆင်မှုနှင့်ပင် နှိုင်းယှဉ်နိုင်၏။
မီးဖိုချောင်တံခါးမှာ ဘေးတိုက်တွန်းဖွင့်ရသည့် တံခါးနှစ်ချပ်ဖြစ်ပြီး လက်ဖြင့်ဖြစ်စေ၊ ခြေထောက်ဖြင့်ဖြစ်စေ၊ အစားအစာတင်သည့် တွန်းလှည်းဖြင့်ဖြစ်စေ အလွယ်တကူ တွန်းဖွင့်နိုင်သဖြင့် အစားအစာများ အဝင်အထွက် သယ်ယူရာတွင် အလွန်အဆင်ပြေလှသည်။ ဖုန်းပုကြွယ် တံခါးကို တွန်းဖွင့်လိုက်ရာ ကျယ်ဝန်းသပ်ရပ်ပြီး သန့်ရှင်းကာ အမြင်လှသော ပတ်ဝန်းကျင်က သူ့ကို ဆီးကြိုနေလေသည်။
အိမ်မီးဖိုချောင်တစ်ခုအတွက်မူ ဤနေရာရှိ ပစ္စည်းကိရိယာများမှာ အံ့အားသင့်စရာကောင်းလောက်အောင် ပြည့်စုံလွန်းလှသည်။ဗီရိုများ၊ ဒယ်အိုးပြား၊ အကင်ပြား၊ ဖုတ်စက်၊ ဘာဘီကျူးကင်စက်၊ အကြော်စက်၊ မီးဖို၊ စင်များ၊ အလုပ်လုပ်သည့် စားပွဲခုံ၊ အအေးခံပြကွက်၊ ရေခဲသေတ္တာ၊ အဖျော်စက်၊ အသားကြိတ်စက်၊ အသားလှီးစက်၊ ကြက်ဥမွှေစက် စသည်ဖြင့်… နံရံကပ်ဖုတ်စက်ကဲ့သို့ အလွန်အမင်း ထူးခြားသည့် ကိရိယာမှလွဲ၍ အခြေခံအားဖြင့် အားလုံး ရှိနေသဖြင့် အချက်အပြုတ်ပြိုင်ပွဲတစ်ခုပင် ကျင်းပ၍ ရနိုင်ပေသည်။
“အာ… မစ္စတာဖုန်း၊ မီးဖိုချောင်မှာ ဘာကိစ္စရှိလို့ပါလဲ”
ထိုအချိန်တွင် မစ္စအိုဒက်တ်သည် လက်ရှည်၊ ဒူးဖုံး ဂါဝန်အဝတ်အစားသို့ လဲလှယ်ဝတ်ဆင်ထားပြီး အေပရွန်ကို ဆင်မြန်းထားခြင်းဖြစ်သည်။ သူမသည် အိုလီဗာနှင့်အတူ မီးဖိုနားတွင် အလုပ်ရှုပ်နေခြင်း ဖြစ်သည်။
“ခင်ဗျားတို့ လူတိုင်းရဲ့ ညစာထဲ အဆိပ်မခတ်နိုင်အောင် တားဆီးဖို့ပေါ့”
ဖုန်းပုကြွယ် ပြန်ဖြေလိုက်သည်။
အိုဒက်တ်နှင့် အိုလီဗာတို့နှစ်ဦးလုံး အလုပ်ရပ်သွားကြပြီး အံ့အားသင့်၊ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဖုန်းပုကြွယ်ကို စိုက်ကြည့်လိုက်ကြသည်။
“ဟားဟားဟား… စတာပါ အမျိုးသမီးတို့”
ဖုန်းပုကြွယ် ရယ်မောလိုက်သည်။
“ဧည့်သည်တစ်ယောက်အနေနဲ့ မီးဖိုချောင်မှာ ကူညီပေးတာက သဘာဝကျပါတယ်ဗျ”
“အိုး… လူကြီးမင်း၊ ရှင့်ပြက်လုံးက နည်းနည်းလေးမှ မရယ်ရဘူးနော်”
အိုလီဗာသည် သံသယဖြစ်ဖွယ်မရှိ ပွင့်လင်းသူဖြစ်ရာ ကောင်တာပေါ်ရှိ သူမအလုပ်များကို ချက်ချင်းပြန်စရင်း ပြောလိုက်သည်။
“ကျွန်မတို့မှာ လုပ်စရာတွေ များလွန်းလို့ ဗျာများနေရတဲ့ကြားထဲ ရှင်က ကြောက်စရာတွေ လာပြောနေတယ်ပေါ့”
အိုဒက်တ်က ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
“မစ္စတာဖုန်း၊ ရှင်တကယ် ကူညီနိုင်လို့လား၊ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မလုပ်ပါနဲ့နော်…”
[ငါ ရှုပ်အောင်လုပ်မှာ စိုးရိမ်နေတာပေါ့… ဟင်း…ဟမ့်]
ဖုန်းပုကြွယ်၏ မျက်လုံးများကို သူ့ဆံပင်များက ဖုံးကွယ်ထားသော်လည်း စူးရှသော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“နုနယ်လွန်းတယ်… နုနယ်လွန်းသေးတယ်… ငါ့ရဲ့ အံ့မခန်း လက်ရာတွေကို ပြသလိုက်မှပဲ မင်းတို့ သဘောပေါက်လိမ့်မယ်…”
သူသည် ဤကဲ့သို့ ပြဇာတ်ဆန်ဆန် စကားလုံးများကို ပြောဆိုပြီးနောက် ခဏရပ်လိုက်သည်။
“နေပါဦး… ဒီစကားလုံးက ‘ကျင်းဖူကွေ့’ နဲ့ ပိုလိုက်ဖက်သလိုပဲ… ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ်…”
သူသည် သားလှီးဓားမကြီးတစ်ချောင်းကို ဆွဲယူကာ နီရဲနေသော အသားတစ်တုံးကို အလွန်လျင်မြန်သောနှုန်းဖြင့် စတင်လှီးဖြတ်တော့သည်။ သူ့လက်များသည် မြန်ဆန်လွန်းလှသဖြင့် ဓားရိပ်များ ထပ်နေကာ စဉ်းတီတုံးပေါ်တွင်လည်း ကီးဘုတ်ရိုက်သည့်အသံကဲ့သို့ တဒေါက်ဒေါက် အသံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
“ဟိုဟိုဟိုဟားဟားဟား… ဒီခမ်းနားလှတဲ့ သတ်ဖြတ်ခြင်းလက်ရာကို မြည်းကြည့်ကြစမ်း”
မီးဖိုချောင်ထဲက အမျိုးသမီးနှစ်ဦးမှာ ဤကဲ့သို့ မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး ဖုန်းပုကြွယ်၏ သရုပ်ဆောင်မှုကို မယုံကြည်နိုင်စရာ မျက်လုံးများဖြင့် ငေးကြည့်နေမိကြတော့သည်။
ဆန်းကြယ်လှသော ဖုန်းပုကြွယ်၏ နောက်ထပ်ထူးခြားချက်တစ်ခုမှာ… သူ ဟင်းချက်သည့်အခါ အလွန်အမင်း ဆယ်ကျော်သက်စိတ်ကူးယဉ်ရောဂါသည်ပုံစံ ပေါက်သွားတတ်ခြင်း ဖြစ်သည်။ အကယ်၍ သူ၏ ပုံမှန်ဆယ်ကျော်သက်စိတ်ကူးယဉ်ရောဂါနှုန်းက ၂၅၀ ဆိုလျှင် ဟင်းချက်ချိန်တွင်မူ ၉၅၂၇ နှင့် ၁၀၀၈၆ (ဘာကိုဆိုလိုလဲ ငါ့ကိုမမေးပါနဲ့ ငါလဲမသိပါဘူး) ကြားအထိ ပေါက်ကွဲထွက်သွားတတ်သည်။
အကျင့်ဆိုသည်မှာ… အမှန်တကယ် ကြောက်စရာကောင်းသော အရာပင် ဖြစ်သည်…။
သူ့မိဘများ ကွယ်လွန်ပြီးနောက် တစ်ကိုယ်တည်း နေထိုင်ခဲ့ရသော ဖုန်းပုကြွယ်သည် ဟင်းချက်ခြင်းကို မကြာခဏ ပြုလုပ်ခဲ့ရသည်။ သူသည် ဇိမ်ခံပစ္စည်းများကို လိုက်စားသူ သို့မဟုတ် ဂုဏ်ပကာသန မက်မောသူ မဟုတ်သော်လည်း အခြေအနေ ပေးပါက (သူ့တွင် ရှိသော ငွေပမာဏပေါ် မူတည်၍) သူ့ဘဝအရည်အသွေးကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားတတ်သည်။ ထို့ကြောင့် ထိုလူ၏ ဟင်းချက်ကျွမ်းကျင်မှုသည် သူ့ကိုယ်သူပင် မသိလိုက်ဘဲ တိုးတက်လာခဲ့ပြီး… ချက်ပြုတ်နေစဉ်အတွင်း တစ်ကိုယ်တည်း စကားပြောခြင်းနှင့် ချဲ့ကားထားသော အမူအရာများ ပြုလုပ်တတ်သည့် အကျင့်ဆိုးကြီး ပါလာခဲ့ခြင်း ဖြစ်သည်။
“ပထမဆုံး ဒယ်အိုးထဲကို ဆီတစ်လွှာထည့်ပြီး အပူပေးလိုက်မယ်”
ဖုန်းပုကြွယ်က ချက်ပြုတ်ရင်း ပြောပြသည်။
“အမဲသားကို အလွှာပါးပါးလေးတွေလှီးပြီး ပန်းကန်လုံးထဲ ထည့်၊ ဆား၊ ငရုတ်ကောင်း၊ ပဲငံပြာရည်နဲ့ မုန်ညင်းစေ့တွေထည့်၊ သမအောင်နယ်ပြီး နှပ်ထားရမယ်…”
သူသည် ပြောရင်းဆိုရင်းနှင့်ပင် တရုတ်နံနံအညှာကို လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှီးဖြတ်လိုက်သည်။
“အမဲသား၊ အမဲအသည်းနဲ့ တရုတ်နံနံအညှာကို အပူပေးထားတဲ့ဒယ်အိုးထဲ ထည့်ပြီး မီးပြင်းပြင်းနဲ့ အမြန်လှော်ရမယ်…”
မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် အရသာရှိပြီး အမြင်လှပသော ဟင်းတစ်ခွက်ကို ချက်ပြုတ်ပြီးစီးသွားခဲ့သည်။
“ဟမ့်… မုန်ညင်းစေ့နဲ့ အမဲအသည်း၊ တရုတ်နံနံအညှာ လှော်ထားတဲ့ ဒီလက်ရာက ခင်ဗျားတို့ကို ဆွဲဆောင်ဖို့ လုံလောက်ပါတယ်နော်…”
ဖုန်းပုကြွယ်သည် သူ့လက်ကို လက်နှီးဖြင့်သုတ်ရင်း ဘဝင်မြင့်စွာ ပြောလိုက်သည်။
မစ္စအိုဒက်တ်နှင့် အိုလီဗာတို့သည် သံသယစိတ်ဖြင့် အမဲအသည်းတစ်ဖတ်စီကို လက်ဖြင့်ကောက်ယူကာ မြည်းစမ်းကြည့်လိုက်ကြသည်။ အရသာမှာ မယုံနိုင်စရာကောင်းလောက်အောင် ထူးကဲလှသဖြင့်…
“မစ္စတာဖုန်း… ရှင်စုံထောက်မဖြစ်ခင်က စားဖိုမှူး လုပ်ခဲ့တာလားဟင်”
အိုဒက်တ်က အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
ဖုန်းပုကြွယ်က ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး နံရံတွင် ချိတ်ထားသော အေပရွန်ကို ဖြုတ်ယူ၍ ခါးတွင်ချည်နှောင်ရင်း ပြုံးဖြဲဖြဲ အမူအရာဖြင့် ဆက်ပြောလိုက်သည်။
“ဒါကြောင့်… ညစာပြင်ဆင်တာကို ကျွန်တော့်လက်ထဲပဲ အပ်ထားလိုက်ပါ၊ ခင်ဗျားတို့ နှစ်ယောက်က ဘေးကနေ ကူညီပေးရုံနဲ့ ရပါပြီ”
သူ ခဏရပ်လိုက်သည်။
“ပြီးတော့… ဒီအချိန်အတွင်းမှာ ကျွန်တော့်မေးခွန်းတချို့ကိုလည်း ဖြေပေးကြဖို့ မျှော်လင့်ပါတယ်”