အခန်း ၂၅
Vol. 39 Ch. 25
အခန်း (၂၅) မမျှော်လင့်ထားသော ရရှိမှုများ
“ဒါနဲ့ စကားမစပ်၊ ဒီအိမ်မှာ တခြားအိမ်စေတစ်ယောက် ရှိသေးတယ် မဟုတ်လား”
ဖုန်းပုကြွယ်က ဆော့စ်ပန်းကန်လုံးထဲသို့ ဆီကို အာရုံစိုက်ကာ တစ်စက်ချင်းထည့်ရင်း မေးလိုက်သည်။ သူသည် ဟင်းချက်ရာတွင် လက်လှုပ်ရှားမှုများဖြင့် အလုပ်ရှုပ်နေသော်လည်း ဦးနှောက်ကတော့ အဆက်မပြတ် အလုပ်လုပ်နေဆဲဖြစ်သည်။ တစ်ချိန်တည်းတွင် အလုပ်အများကြီး လုပ်ရခြင်းမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ တစ်မျိုးတစ်ဖုံ စိတ်လွတ်ကိုယ်လွတ် ဖြစ်စေသည့် အရာပင်…။
ဗီလာရှိ အခန်းများ၊ ကော်ရစ်ဒါများ၊ လှေကားများ စသည်ဖြင့် များပြားလှသောကြောင့် လဗ်ခရက်ဖ်မိသားစုတွင် အိုလီဗာတစ်ယောက်တည်းသာ အိမ်စေမဟုတ်ကြောင်း သူ ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်…။ သာမန်သန့်ရှင်းရေး လုပ်ရုံဖြင့်ပင် တစ်ယောက်တည်းဆိုလျှင် တစ်ဝက်စာလောက်နှင့် တစ်နေ့ကုန်သွားနိုင်ပေသည်။ ဟင်းချက်၊ အဝတ်လျှော် စသည်တို့ကို မဆိုထားနှင့် ဟန်ဒါဆန်နှင့် ဘာတွန်တို့ ကူညီပေးနိုင်သည့်တိုင် လူအင်အား လုံလောက်မှု မရှိချေ။
“ဟုတ်ပါတယ်၊ နောက်ထပ် အိမ်စေတစ်ယောက် ရှိပါသေးတယ်၊ မစ္စမာသာပါ၊ သူကတော့ ဒီနှစ် ကျေးဇူးတော်ချီးမွမ်းခြင်းနေ့အတွက် သူ့ဇာတိကို ပြန်သွားတာပါ၊ အားလပ်ရက်ပြီးမှပဲ ပြန်လာပါလိမ့်မယ်”
မစ္စအိုဒက်တ်က ပြန်လည်ဖြေကြားလိုက်သည်။
“ဒါကြောင့် ခင်ဗျားကိုယ်တိုင်လည်း မီးဖိုချောင်ထဲအထိ လာကူပေးနေရတာပေါ့”
ဖုန်းပုကြွယ် ခပ်ဖွဖွ ရယ်မောလိုက်သည်။
အိုဒက်တ်သည် သူ့စကား၏ သွယ်ဝိုက်သဘောကို သဘာဝကျကျပင် နားလည်သွားပြီး အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်လေသည်။
“စိတ်မကောင်းပါဘူး… ကျွန်မ တကယ်ပဲ… ဒီလိုအလုပ်မျိုးတွေကို သိပ်မကျွမ်းကျင်လို့ပါ”
ဖုန်းပုကြွယ်အနေဖြင့် တစ်မိနစ်ခန့် စောင့်ကြည့်ရုံဖြင့် ဤအမျိုးသမီး၏ ဟင်းချက်စွမ်းရည်မှာ ဘေးကနေ ကူညီပေးရုံသာကောင်းပြီး မီးဖိုချောင်ထဲ လာအလုပ်လုပ်လေ့ မရှိကြောင်း သိလိုက်ရသည်။
“မဟုတ်တာပဲ… ခင်ဗျား ကောင်းကောင်း လုပ်နိုင်ပါတယ်၊ ကျွန်တော့်အမြင်အရတော့ အိုလီဗာကလည်း ခင်ဗျား ဘေးနားမှာရှိနေပေးလို့ အများကြီး ကျေးဇူးတင်နေမှာပါ”
ဖုန်းပုကြွယ်က ဆိုသည်။
“တကယ့်ကို ဟုတ်ပါတယ်ရှင် မစ္စတာဖုန်း၊ ဒီရက်ပိုင်းအတွင်း သခင်မလေးက ကျွန်မကို အများကြီး ကူညီပေးခဲ့တာပါ”
အိုလီဗာက ဘေးမှ ဝင်ပြောလာသည်။
“အရင်က သခင်မနှစ်ယောက်တုန်းကတော့ သူတို့ဘာသာ ရေတစ်ခွက် သောက်ဖို့တောင် ပျင်းကြတာလေ…”
“အိုလီဗာ”
အိုဒက်တ်သည် သူမစကားကို ကြားဖြတ်တားဆီးလိုက်ပြီး မျက်ရိပ်ပြကာ ခေါင်းကို အသာခါပြသည်။ ထင်ရှားသည်မှာ သူမသည် အိုလီဗာအား ဆက်မပြောစေချင်ပေ။ ဤအိမ်စေမသည် သခင်ဖြစ်သူ၏ ယခင်ဇနီးဟောင်းနှစ်ဦးအပေါ် မကျေနပ်ချက်များ ရှိနေခဲ့ဟန်တူပြီး ပြင်ပလူ မကြားသင့်သော စကားများကို မကြာခဏ ညည်းညူတတ်ပုံရသည်။
အိုလီဗာသည်လည်း ပါးနပ်သူဖြစ်သဖြင့် သခင်မလေး တားလိုက်သည်နှင့် ချက်ချင်း နှုတ်ဆိတ်သွားပြီး အလုပ်ထဲတွင်သာ အာရုံစိုက်လုပ်ကိုင်တော့သည်။
“ဟမ့်…”
ဖုန်းပုကြွယ် နှာခေါင်းရှုံ့လိုက်ပြီး သူ့ရှေ့က ပန်းကန်လုံးကိုမကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ကြည့်ပါဦး၊ ဒီလိုမျိုး ဆီကို သေသေချာချာ တစ်စက်ချင်းထည့်ရင်း လှုပ်ရှားမွှေပေးရင် ဆီနဲ့ ရေ သီးခြားမကွဲသွားအောင် ရှောင်ရှားနိုင်တယ်”
သူက ပန်းကန်လုံးကို ဘေးသို့ ချထားလိုက်သည်။
“ခဏနေရင် ကျန်တဲ့ဆော့စ်တွေကို ကမာကောင်တွေပေါ် လောင်းချလိုက်ရင် ကျွန်တော့်ရဲ့ အထူးလက်ရာဖြစ်တဲ့ ဟင်းနုနွယ်နဲ့ ဒိန်ခဲ ဖုတ်ထားတဲ့ ကမာကောင်ဟင်း ပြီးပြီပေါ့”
“ရှင်ကတော့ လူတွေကို အမြဲတမ်း အံ့အားသင့်အောင် လုပ်နိုင်တာပဲ မစ္စတာဖုန်း”
အိုဒက်တ်သည်လည်း သူ ထပ်မမေးမြန်းတော့သည့်အတွက် ကျေးဇူးတင်လျက် ချီးမွမ်းစကား ဆိုလိုက်သည်။
“စုံထောက်တစ်ယောက်မှာ ဒီလို ဟင်းချက်စွမ်းရည်မျိုး ရှိလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”
“ဟဲဟဲ… ဒီဟင်းပွဲက အလတ်တန်းစား ခက်ခဲမှုအဆင့်ပဲ ရှိပါသေးတယ်”
အစ်ကိုကြွယ်က ဘဝင်မြင့်စွာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် နောက်ထပ် ကြက်အသည်း အမြှုပ်မုန့်နှစ်ခုနဲ့ ဂျပန်စတိုင် အမဲသားပြုတ်တို့ကိုလည်း ဒီလို အဆင့်မျိုးနဲ့ပဲ လုပ်ဖို့ စီစဉ်ထားသေးတယ်”
သူက ကောင်တာပေါ်ရှိ အာလူးပုံကြီးကို ညွှန်ပြလိုက်သည်။
“အာလူးရင့် နည်းနည်းလောက် ရွေးထုတ်လိုက်ရင် နှစ်ခါပြန်ကြော်ပြီး ထူးခြားတဲ့ အာလူးအဖောင်းကြော် လုပ်လို့ရတယ်၊ ပြင်သစ်အစားအစာတွေက အတော်လေး ကောင်းတာ…”
“အို ကျွန်မ ပြောပါရစေဦး စုံထောက်ကြီး၊ ရှင်က ဟင်းပွဲဘယ်နှခွက်လောက် လုပ်ဖို့ စီစဉ်ထားတာလဲ၊ ပြီးတော့ ရှင်လုပ်တဲ့ ဟင်းတွေတော်တော်များများကို ကျွန်မ တစ်ခါမှတောင် မကြားဖူးဘူး”
အိုလီဗာက ဘေးမှ ဆိုသည်။
“စိတ်မပူပါနဲ့… ဒီဟင်းတွေကို ကျွန်တော့်ဘာသာ စီမံနိုင်ပါတယ်”
ဖုန်းပုကြွယ်၏ အမူအရာမှာ အမှန်တကယ်ပင် ပေါ့ပေါ့ပါးပါးနှင့် အေးအေးလူလူ ရှိနေသော်လည်း သူ့လှုပ်ရှားမှုများမှာ အလွန် လျင်မြန်၊ တိကျပြီး ပြတ်သားလှသည်။ အနည်းဆုံးတော့ တီဗီထဲရှိ ဟင်းချက်အစီအစဉ်များမှ လူများထက် နှစ်ဆခန့် ပိုမြန်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် အစ်ကိုကြွယ်၏ အတွေးများမှာ အမှန်တကယ်တော့ ရိုးရှင်းပေသည်။ သူ မီးဖိုချောင်သို့ လာရခြင်းတွင် အဓိက ရည်ရွယ်ချက်နှစ်ခုရှိသည်။ ပထမအချက်မှာ ညစာမစားမီ ဤအချိန်အတောအတွင်း နောက်ဆုံး သံသယရှိသူနှစ်ဦးကို စစ်မေးရန်ဖြစ်ပြီး ဒုတိယအချက်မှာတော့ ကောင်းကောင်းမွန်မွန် စားသောက်ချင်ရုံသက်သက်သာ ဖြစ်သည်…။
ဤဇာတ်လမ်းထဲတွင် ကစားသမားများသည် အစားအစာနှင့် ရေကို သုံးဆောင်ရန် လိုအပ်ပေသည်။ စားရမှာချင်း အတူတူတော့ ဘာလို့ အကောင်းဆုံး မစားရမှာလဲ…။
“သည်းထိတ်ရင်ဖို သုခဘုံ” ဂိမ်းသည် အစားအစာအရသာများကို အလွန်အမင်း လက်တွေ့ကျအောင် ဖန်တီးထားခြင်းဖြစ်သည်။ စတိုးဆိုင်တွင် အာလူးကြော်မှ အမဲသားကင်အထိ၊ သကြားလုံးမှ ကမာကောင်အထိ ဝယ်ယူဖူးသော ကစားသမားများအနေဖြင့် ဂိမ်းထဲက အစစ်အမှန်ဆုံး အရသာများကို အပြည့်အဝ ခံစားဖူးကြလိမ့်မည်။
အခုအချိန်တွင် သူသည် ဤဇာတ်လမ်းထဲရှိ အရင်းအမြစ်များကို သုံး၍ ပြင်ပလောကတွင် ငွေကြေးအမြောက်အမြား ပေးရမည့် အစားအစာများကို အလကား သုံးဆောင်နိုင်သည့်အပြင် သူ၏ ဟင်းချက်စကေးကိုလည်း ပြသခွင့်ရနေခြင်းဖြစ်သည်။ ဖုန်းပုကြွယ်အနေဖြင့် ဤကဲ့သို့ ကောင်းမွန်သောအပေးအယူကို သေချာပေါက် လက်လွတ်မခံချင်ပေ။
“ဒါနဲ့ စကားမစပ် မဒမ်၊ စုံထောက် မာ့ခ်က ခင်ဗျားကို မမေးခဲ့တဲ့ မေးခွန်းတစ်ခု ရှိတယ် ထင်တယ်…”
ဖုန်းပုကြွယ်က ရုတ်တရက် သတိမပေးဘဲ မေးလိုက်သည်။
“ခင်ဗျားရဲ့ အမြင်အရ… ဒီအမှုမှာ ဘယ်သူက သံသယဖြစ်ဖို့ အကောင်းဆုံးလဲ”
အိုဒက်တ်၏ လက်များမှာ အနည်းငယ် တုန်ယင်သွား၏။ သူမသည် ဝိုင်းစက်သော ဗာဒံစေ့ပုံစံ မျက်ဝန်းများဖြင့် ဖုန်းပုကြွယ်ကို စိုက်ကြည့်လိုက်ရာ သူမမျက်ဝန်းထဲတွင် ဖိနှိပ်ထားသော စိုးရိမ်ပူပန်မှုများသည် အံ့အားသင့်မှုအဖြစ် ချက်ချင်း ပေါ်လွင်သွားတော့သည်။
အိုလီဗာသည်လည်း စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် လှည့်ကြည့်လာသည်။
အကျပ်ရိုက်စရာ တိတ်ဆိတ်မှုအပြီးတွင် သခင်မလေး အိုဒက်တ်သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရပြီး သူမအမူအရာက ပြတ်သားသွားခဲ့သည်။
“ကျွန်မပဲ”
ဖုန်းပုကြွယ်သည် သူ့အလုပ်သူ ဆက်လုပ်နေရင်း တည်ငြိမ်စွာ မေးလိုက်သည်။
“အကြောင်းပြချက်က ဘာလဲ”
“ဘာလို့လဲဆိုတော့… ဒန်းနစ်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးက ဘယ်တုန်းကမှ မကောင်းခဲ့လို့ပဲ”
အိုဒက်တ် ပြောလိုက်သည့် စကားသည် ဘာတွန်က ဖုန်းပုကြွယ်အား စောစောက ပြောခဲ့သည့် စကားများနှင့် ကိုက်ညီနေလေသည်။
“လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းက ကျွန်မ လဗ်ခရက်ဖ် မိသားစုထဲကို လက်ထပ်ဝင်လာတဲ့အခါ ဒန်းနစ်က အပြင်းအထန် ကန့်ကွက်ခဲ့တယ်၊ နောက်ပိုင်း ဆက်ဆံရေးကောင်းအောင် ကျွန်မ ကြိုးစားခဲ့ပေမဲ့ သူက ကျွန်မအပေါ် အေးစက်စက်ပဲ ဆက်ဆံခဲ့တယ်၊ ဒီနေ့ ကော်ရစ်ဒါထဲမှာလည်း ရှင်မြင်ခဲ့တဲ့အတိုင်းပဲ…”
“ကျွန်တော် ကြားချင်တာက…”
ဖုန်းပုကြွယ်က ကြားဖြတ်ပြောလိုက်သည်။
“…ကျွန်တော် မမြင်ခဲ့ရတဲ့ အရာတွေကိုပါ”
အိုဒက်တ်၏ နှလုံးခုန်သံမှာ ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူမသည် တစ်ခုခုကို နားလည်သွားသည့်အလား သက်ပြင်းချလိုက်လေသည်။
“ဟူး… ရှင့်ဆီကနေ ဘာမှ ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး ထင်ပါရဲ့…”
ဖုန်းပုကြွယ် သူ့ဘာသာ တွေးတောလိုက်သည်။
‘ငါက လှည့်စားပြီး မေးကြည့်ရုံတင်ပါ… မင်းမှာ တကယ်ကြီး ဖုံးကွယ်ထားတာတွေ ရှိနေတာကိုး’
အိုဒက်တ်က ဆက်ပြောသည်။
“ကောင်းပါပြီ… ကျွန်မ… အလောင်းကို မတွေ့ခင်တုန်းက ဒန်းနစ်ဆီ သွားတွေ့ခဲ့သေးတယ်”
အခြားလူက ပြန်မဖြေမီ သူမက ချက်ချင်းပင် ဖြည့်စွက်ပြောကြးလိုက်သည်။
“ဒါပေမဲ့ ကျွန်မ ကျိန်ရဲပါတယ်၊ ဒန်းနစ်ကို ကျွန်မ မသတ်ခဲ့ဘူး၊ အဲဒီအခန်းထဲကိုတောင် ကျွန်မ မဝင်ခဲ့ဘူး”
“အင်း၊ ခင်ဗျားကို ကျွန်တော် ယုံပါတယ်”
ဖုန်းပုကြွယ်သည် ဆေးကြောထားသော ဟင်းသီးဟင်းရွက် အစည်းကြီးကိုယူကာ သူ့ရှေ့တွင် ဖြန့်ခင်း၍ အလွန်လျင်မြန်သောနှုန်းဖြင့် စတင်စဉ်းလှီးရင်း ပြောဆိုလေသည်။
“ကျွန်တော် မြင်တာကတော့… ဒီလို ဖြစ်ပျက်ခဲ့တာပဲ…
ဒီနေ့ မွန်းလွဲပိုင်းမှာ ခင်ဗျားယောကျ်ားနဲ့ ဒန်းနစ်တို့ဟာ အကြောင်းတစ်ခုခုကြောင့် အပြင်းအထန် ရန်ဖြစ်ခဲ့ကြပြီး သေနတ်တောင် ပစ်ခဲ့ကြတယ်၊ ဒီအိမ်ရဲ့ သခင်မလေးတစ်ယောက်အနေနဲ့ ခင်ဗျားက ဒါကို စိုးရိမ်မိတာက သဘာဝကျပါတယ်။
အဲဒီအချိန်တုန်းက ခင်ဗျားဟာ သူတို့နှစ်ယောက် ရန်ဖြစ်ရတဲ့ အကြောင်းရင်းက ခင်ဗျားကြောင့် ဖြစ်လိမ့်မယ်လို့ တွေးနေခဲ့ပုံရတယ်၊ ဒါကြောင့်… ခဏအကြာမှာ ခင်ဗျားဟာ ဒန်းနစ်ရဲ့ ဧည့်ခန်းဆီ သွားပြီး သူနဲ့ စကားပြောချင်ခဲ့တာပေါ့”
သူ့စကားလုံးများက စဉ်းတီတုံးပေါ် ဓားလှီးသံနှင့်အတူ စည်းချက်ညီညီ ထွက်ပေါ်နေပြီး စကားပြောနှုန်းမှာလည်း အလွန်ပင် မြန်ဆန်လှသည်။
“ရလဒ်ကတော့ ခင်ဗျားက တံခါးကို အကြာကြီး ခေါက်ခဲ့ပေမဲ့ ဘယ်သူမှ မထူးတာကြောင့် ပြန်လှည့်လာခဲ့ရတယ်၊ မမျှော်လင့်ဘဲ… မကြာခင်မှာပဲ ဒန်းနစ်ကို အခန်းထဲမှာ သေဆုံးလျက်သား တွေ့လိုက်ရတာပဲ။
ဒန်းနစ်က ခင်ဗျားနဲ့ အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်နေခဲ့တာကြောင့်ရယ်၊ ခင်ဗျားကိုယ်တိုင်ကလည်း အခင်းဖြစ်ပွားချိန်ဝန်းကျင်မှာ အဲဒီအခန်းဆီ ရောက်သွားခဲ့တာကြောင့်ရယ်၊ ခင်ဗျားဟာ သံသယဖြစ်စရာအကောင်းဆုံး လူတစ်ယောက် ဖြစ်လာခဲ့တယ်၊ ဒီကိစ္စထဲမှာ ပါဝင်ပတ်သက်မိမှာ စိုးရိမ်တာကြောင့်ပဲ ခင်ဗျားဟာ ဒီအကြောင်းကို လောလောဆယ် လျှို့ဝှက်ထားခဲ့တာပေါ့”