အခန်း ၂၈
Vol. 39 Ch. 28
အခန်း (၂၈) နောက်ဆုံးညစာ
ဗီလာ၏ ထမင်းစားခန်းထဲတွင် ည ၈ နာရီ ရှိနေပြီ ဖြစ်သည်။
အိမ်စေမလေး အိုလီဗာမှလွဲ၍ သံသယရှိသူအားလုံးမှာ စားပွဲရှည်ကြီးတွင် နေရာယူထားကြပြီ ဖြစ်သည်။ အရာရှိ ဒန်းပ်ဆေးမှာမူ ထမင်းစားခန်းတံခါးဝတွင် ပေါ့ပေါ့ပါးပါးပုံစံဖြင့် မတ်တတ်ရပ် စောင့်ကြပ်နေသော်လည်း တကယ်တမ်းတွင် အထဲမှာရှိနေသည့် လူတိုင်းကို မျက်တောင်မခတ် စောင့်ကြည့်နေခြင်း ဖြစ်သည်။
ထမင်းစားခန်းထဲရှိ လေထုသည် အလွန်အမင်း တင်းမာနေပြီး ဘယ်သူမှ စကားသိပ်မပြောကြဘဲ ကိုယ်စီအတွေးများဖြင့် နစ်မြောနေကြသည်။ မှန်ပေသည်...ယင်းမှာသာမန်သာ ဖြစ်သည်။ ဤအမိုးအောက်တွင်ပဲ ရက်ရက်စက်စက် လူသတ်မှုကြီးတစ်ခု ဖြစ်ပွားထားသည် မဟုတ်ပါလား။ ဖုန်းပုကြွယ်လို လူထူးလူဆန်းကလွဲလို့ ဘယ်သူက ခံစားချက်ကောင်းနေနိုင်မှာလဲ။
"ဒီည လမင်းကြီးက လှနေတာပဲနော်"
ဖုန်းပုကြွယ်သည် တံခါးဝတွင် ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။ သူသည် လူသတ်သမားအစစ်ကို ရှာဖွေတွေ့ရှိသွားသည် အချက်ပြချက်တစ်ခု ပေးနေသည့်အလား တက်ကြွရွှင်လန်းနေလေသည်။
သို့သော်လည်း... သူ အရင်က လုပ်ခဲ့သော အပြုအမူများကြောင့် လဗ်ခရက်ဖ် မိသားစုဝင်များသည် ထိုစုံထောက်ကြီးအပေါ် အလွန်ပင် အထင်မြင်ကောင်း ရှိမနေကြပေ။ ထိုအကောင်၏ ကျိုးကြောင်းဆင်ခြင်ပုံများမှာ ရှင်းလင်းပြတ်သားပြီး ယုံကြည်စိတ်ချရသလိုလို၊ ကွက်ကွက်ကွင်းကွင်းဖြင့် ဟုတ်မလိုလို ရှိပုံရသော်လည်း... နောက်ဆုံးတွင် သူလျှောက်စွပ်စွဲနေသော ပေါက်ကရစကားများသည် သာမန်လူတစ်ဦးပင် တစ်ချက်ကြည့်ရုံဖြင့် ရိပ်မိနိုင်ပြီး စကားတစ်ခွန်းတည်းနှင့် ပြန်ချေပနိုင်လောက်သည့် ချို့ယွင်းချက်တွေချည်း ဖြစ်နေလို့ပင်။
"နှမြောစရာပဲ... ကျွန်တော့်မှာ ပုံစံခွက်သာရှိရင် အချိုပွဲအတွက် လမုန့်တစ်သုတ်လောက် လုပ်ကျွေးလိုက်မှာ"
ဖုန်းပုကြွယ်သည် ချိုင်းကြားထဲတွင် ပစ္စည်းများ စုပြုံထည့်ထားပုံရသည့် စာရွက်အိတ်ကြီးတစ်အိတ်ကို ညှပ်ပြီး စားပွဲဆီ လျှောက်လာရင်း ပြောလိုက်သည်။
အိုလီဗာမှာမူ ဟင်းပွဲများ အပြည့်တင်ထားသော သုံးထပ်တွန်းလှည်းလေးကို တွန်း၍ ထမင်းစားခန်းထဲသို့ ဖုန်းပုကြွယ်နောက်မှ လိုက်ဝင်လာခဲ့သည်။
"ခင်ဗျားရဲ့ မီးဖိုချောင်က တကယ်အထင်ကြီးစရာပဲ မစ္စတာ လဗ်ခရက်ဖ်"
ဖုန်းပုကြွယ်သည် အိမ်ရှင်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး စာရွက်အိတ်ကို သူ့ကုလားထိုင်အောက်၌ အသာ ချထားလိုက်သည်။
"ကျွန်တော် တချို့ နာမည်ကြီး 'ဇိမ်ခံစားသောက်ဆိုင်' ဆိုတာတွေကို ရောက်ဖူးတယ်၊ အပြင်ပန်းအပြင်အဆင်၊ ထမင်းစားခန်း၊ ပန်းကန်ခွက်ယောက်နဲ့ ဈေးနှုန်းတွေသာ ဇိမ်ကျပြီး တကယ်တမ်းကျ ဘာမှမဟုတ်ကြဘူး၊ မီးဖိုချောင်တွေကျတော့ ရှုပ်ပွနေပြီး... တဝီဝီမြည်နေတဲ့ သတ္တဝါကောင်တွေ ပြည့်နေတာပဲ၊ စားဖိုမှူးတွေကလည်း အဲ့ဒီတိရစ္ဆာန်တွေက လူ့လောကထဲကို လွှတ်ထားတဲ့ သူလျှိုတွေလားထင်ရတယ်၊ ဘာလို့လဲဆိုတော့ သူတို့မှာရှိတဲ့ တစ်ခုတည်းသော အရည်အချင်းက ရွံစရာကောင်းတဲ့ အမှောင်ဟင်းလျာတွေကို လက်နဲ့ လုပ်တတ်တာပဲ ရှိလို့လေ"
"ခင်ဗျားက မြှောက်ပင့်ပြီး စကားစချင်တာဆိုရင်လည်း..."
ကိုးလ်စတန်က ဖုန်းပုကြွယ်ကို အေးစက်စက် ကြည့်ပြီး ပြန်ပြောလိုက်သည်။
"ပထမတစ်ခွန်းတည်းနဲ့တင် ပြီးပြီလေ၊ ဒီအခွင့်အရေးကိုသုံးပြီး ခင်ဗျားရဲ့ စက်ဆုပ်စရာ အတိတ်အတွေ့အကြုံတွေကို ကျုပ်တို့ဆီ လာမျှဝေနေဖို့ မလိုဘူး"
သူတို့ စကားပြောနေတုန်းမှာပင် အိုလီဗာသည် တွန်းလှည်းကို စားပွဲနားသို့ တွန်းလာခဲ့ပြီ ဖြစ်သည်။ ပန်းကန်ခွက်ယောက်များမှာ အဆင်သင့် ခင်းကျင်းထားပြီးသားမို့ သူမသည် ဟင်းပွဲများကို ချက်ချင်း စတင်ချပေးတော့သည်။
ယင်းကိုမြင်သောအခါ ဟန်ဒါဆန်က ကုလားထိုင်မှ ထရပ်၍ တွန်းလှည်းဆီသို့ လျှောက်သွားလိုက်သည်။
"ကျွန်တော် ကူပါရစေ၊ အိုလီဗာ"
"မဟုတ်တာ၊ ထိုင်နေပါ ဟန်ဒါဆန်"
ဂျက်ခ်သည် ချက်ချင်းထရပ်ကာ လျှောက်သွားလိုက်ပြီး ထိုအိမ်တော်ထိန်းအဘိုးအိုကြီးကို ကုလားထိုင်ပေါ်သို့ ပြန်ဖိချလိုက်သည်။
"ကျွန်တော်ပဲ လုပ်လိုက်မယ်"
ထိုဒုတိယသခင်လေးသည် အိမ်ရှိအစေခံများအပေါ် အတော်လေး ကြင်နာတတ်သူဖြစ်ပြီး နေ့ခင်းကမှ တစ်ကြိမ်မေ့လဲထားသည့် အဘိုးအိုကို ဟင်းပွဲများ သယ်ခိုင်းရန် အားနာနေမိခြင်း ဖြစ်သည်။
မကြာခင်မှာပင် လူတိုင်းရှေ့၌ အမြည်းပွဲတစ်ပွဲစီ ရောက်ရှိသွား၏။
ဖုန်းပုကြွယ်သည် ထိုမိသားစုအပေါ် အားနာ၊ ယဉ်ကျေးစွာပြုမူရန် စိတ်ကူးမရှိကြောင်း သိသာထင်ရှားနေလေသည်။သူသည် ထကူရန် နေနေသာသာ စားပွဲအလယ်ရှိ သောက်လက်စ ဝိုင်နီပုလင်းကို လှမ်းယူကာ သူ့ဖန်ခွက်ထဲသို့ ငှဲ့ထည့်လိုက်သေးသည်။
"ဟင်... Domarevallon, 1985...ပါလား"
ဖုန်းပုကြွယ်သည် တစ်ငုံမြည်းကြည့်ပြီးမှ တံဆိပ်ကြည့်ရန် ပုလင်းကို မလိုက်သည်။
"ဟဲ... ဘဝက တကယ့်ကို အံ့သြစရာတွေ ပြည့်နေတာပဲ"
သူသည် အမှန်တကယ်ပင် ဂျက်ပေါ့တိုးသွားခြင်း ဖြစ်သည်။ အပြင်လောကတွင်ဆိုပါက ထိုဝိုင်နီတစ်ပုလင်း၏ တန်ဖိုးမှာ သူ့အတွက် ဂိမ်းသေတ္တာ တစ်လုံးစာခန့် ပေးရနိုင်သောကြောင့် ဖြစ်သည်။
"ဘာလဲ... ရှင်လည်း အဲ့ဒီဝိုင်ချက်စက်ရုံကို သိတာပဲလား"
မစ္စအိုဒက်တ်က မေးသည်။
"သခင်ကြီးက အဲ့ဒါကို အရမ်းကြိုက်တာ၊ ကျွန်မတို့က အဲ့ဒီကနေ နှစ်တိုင်း အများအပြား မှာယူကြတယ်လေ"
"အာ... ကျွန်တော် သိပါတယ်"
ဖုန်းပုကြွယ် ပခုံးတွန့်ပြလိုက်သည်။
"ဒါပေမဲ့... ကျွန်တော့်ရဲ့ ငွေရေးကြေးရေးအခြေအနေက ပြင်သစ်အရှေ့တောင်ပိုင်းက နာမည်ကြီး ဝိုင်ချက်စက်ရုံတွေကနေ နှစ်တိုင်း အများကြီး ဝယ်နိုင်တဲ့အဆင့် မရှိဘူးလေ... ကျွန်တော် စုဆောင်းနိုင်တာဆိုလို့ အိမ်သာသုံးစက္ကူနဲ့ အချိုရည်ပုလင်းတွေပဲ ရှိတာ"
"အိုလီဗာ..."
စားပွဲ၏ တစ်ဖက်ခြမ်းတွင် ထိုင်နေသော မစ္စနန်စီက ရုတ်တရက် လှမ်းမေးလိုက်သည်။
"ဒီဟင်းပွဲကို ရှင်လုပ်ထားတာလား"
သူမသည် သူမရှေ့ရှိ ဟင်းပွဲကို သံသယဖြင့် ကြည့်နေလေသည်။
"မဟုတ်ပါဘူး၊ ဒီနေ့ ဟင်းပွဲအားလုံးကို မစ္စတာဖုန်း ချက်တာပါ"
အိုလီဗာက ပြန်ဖြေလိုက်ပြီး ဟင်းချိုသွားယူရန် တွန်းလှည်းကို မီးဖိုချောင်ဘက်သို့ ပြန်တွန်းသွား၏။ ပုံမှန်အားဖြင့် သူမ၊ ဘာတွန်နှင့် ဟန်ဒါဆန်တို့သည် သခင်ကြီးတို့ဇနီးမောင်နှံနှင့် သီးသန့်ခွဲစားကြခြင်း ဖြစ်သည်။ ဒေါက်တာ ပါဝဲလ်၏ အိမ်မှာမူ မြို့ထဲတွင်ရှိပြီး သူသည် ညမမှောင်ခင် ပြန်လေ့ရှိသည်။ ထို့ကြောင့် ဤနေ့ကဲ့သို့ လူဆယ်ယောက်ကျော် စားပွဲတစ်ခုတည်းတွင် စုံစုံလင်လင် ထမင်းစားကြသည်မှာ တကယ့်ကို ရှားပါးလှသော မြင်ကွင်း ဖြစ်သည်။
"အိုး..."
နန်စီက ဖုန်းပုကြွယ်ဘက်လှည့်ကာ ပြောလိုက်သည်။
"ကျွန်မ တကယ်မသိခဲ့ဘူး... ရှင့်မှာ ဒီလိုလက်ရာမျိုး ရှိလိမ့်မယ်လို့၊ ဒီဆယ်လ်မွန်ငါးဥနဲ့ ကညွတ်ကင်က ပရော်ဖက်ရှင်နယ်အဆင့်ပဲ မဟုတ်လား၊ ကျွန်မထင်တာတော့ ရှင်က စုံထောက်လုပ်တာထက် စားဖိုမှူးလုပ်တာက ပိုသင့်တော်လိမ့်မယ်"
သူမ စကားပြောနေစဉ်အတွင်း ဖုန်းပုကြွယ်သည် ဝိုင်နီကို ဖန်ခွက်ထဲသို့ ထပ်ဖြည့်နေလေသည်။ သူသည် ပုလင်းထဲမှ ဝိုင်ကုန်မှ သူတစ်ပါးကို ပြန်ပေးမည့်ပုံစံမျိုး ဖြစ်သည်။
"ကျွန်တော် လုပ်နိုင်တဲ့ အလုပ်တွေ အများကြီးရှိပါတယ်၊ ဒါက စာမဖွဲ့လောက်ပါဘူး"
"ဟွန်း... ချက်ပြုတ်တာလည်း တော်တယ်၊ တောင်းရမ်းရတာလည်း ဝါသနာပါတယ်ပေါ့"
ဂျက်ခ်သည် ကညွတ်တစ်ဖတ်ကို ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ သူ့သဘောထားကို ကြည့်ရုံနှင့် ပြဿနာရှာချင်နေမှန်း သိသာလှသည်။
"ခင်ဗျားပန်းကန်ထဲမှာ ကျွန်တော့်နှပ်ချေးဖတ် ပါတယ်နော်"
ဖုန်းပုကြွယ်သည် တစ်စက္ကန့်အတွင်း ထိခိုက်မှု ပြင်းလှသော စကားတစ်ခွန်းကို တည်တည်ငြိမ်ငြိမ်ပင် ပစ်လွှတ်လိုက်လေသည်။
ဂျက်ခ်မှာ အကြီးအကျယ် မျက်နှာပျက်သွားပြီး သီးမိသွားသဖြင့် သေလုမျောပါး ဖြစ်သွားရသည်။
"ဟဲဟဲ... နောက်တာပါ"
ဖုန်းပုကြွယ်က နှစ်စက္ကန့်ခန့်ကြာမှ ပြောလိုက်သည်။
"ပန်းကန်တွေကို တွန်းလှည်းပေါ်မှာ ကျပန်းတင်လာတာလေ၊ ပြီးတော့ ခင်ဗျားတို့ဘာသာ ခွဲယူကြတာပဲ၊ ဘယ်လိုလုပ် အဲ့ဒါက ဖြစ်နိုင်မှာလဲ"
"မင်း”
ဂျက်ခ်သည် ထဆဲချင်သွားသော်လည်း စားပွဲတွင် လူကြီးမိဘများနှင့် အမျိုးသမီးများ ရှိနေသောကြောင့် ဒေါသကို မဖောက်ခွဲနိုင်ဘဲ လက်သုတ်ပဝါဖြင့် ပါးစပ်ကို သုတ်ရင်း ဒေါသကို မြိုသိပ်လိုက်ရသည်။
"တွေ့လား... ကျွန်တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်က တော်တော်လေး ယုံကြည်ဖို့ကောင်းတယ် မဟုတ်လား"
ဖုန်းပုကြွယ် ရယ်မောလိုက်သည်။
"ကောင်းပြီ မစ္စတာဖုန်း"
ကိုးလ်စတန်က ဆိုသည်။
“စနောက်တာတွေ တော်လိုက်ကြစို့”
သူက ဖုန်းပုကြွယ်အား အေးစက်စက် စိုက်ကြည့်လိုက်သည်။
"ခင်ဗျားက ရဲတွေကိုသုံးပြီး ကျုပ်တို့ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတယ်၊ ပြီးတော့ လူသတ်သမားက ဘယ်သူလဲဆိုတာ သိတယ်လို့လည်း ပြောထားပြီးပြီ၊ ဒါပေမဲ့ အခုထိ ဘာမှ ထုတ်မပြောသေးဘူး"
သူ သက်ပြင်းတစ်ချက်ချလိုက်သည်။
"အိုဒက်တ် ပြောတာတော့ လွန်ခဲ့တဲ့ တစ်နာရီကျော်ကတည်းက ခင်ဗျားက မီးဖိုချောင်ထဲ ဝင်သွားတယ်ဆိုပဲ၊ အစကတော့ အိုဒက်တ်နဲ့ အိုလီဗာကို စစ်ဆေးမေးမြန်းဖို့ အကြောင်းပြချက်နဲ့ ဝင်သွားတယ် ထင်တာ... တကယ်တမ်းကျတော့ ဟင်းတွေ ချက်နေလိမ့်မယ်လို့ မထင်ထားမိဘူး... ခင်ဗျား ဘာလုပ်ချင်နေတာလဲ"
"ဟဲ... ကျွန်တော် ဘာလုပ်ချင်နေတာလဲ ဟုတ်လား"
ဖုန်းပုကြွယ်သည် ဓားနှင့် ခက်ရင်းကို ကိုင်ကာ သူ့ရှေ့ရှိ အမြည်းပွဲကို အားပါးတရ စတင် စားသောက်တော့သည်။
"ခင်ဗျား ကောင်းကောင်းသိပါတယ် မစ္စတာ လဗ်ခရက်ဖ်"
သူက ဝါးနေသော ကညွတ်များကို ပါးစပ်ထဲ၌ ပြရင်း ပြောလိုက်သည်။
"ဒီစားပွဲဝိုင်းက လူတိုင်း... စုံထောက်ပြပွဲကြီးကို စောင့်မျှော်နေကြတာ မဟုတ်လား၊ ဟား... စိတ်မပူပါနဲ့၊ နာမည်ကြီးစုံထောက် ဖုန်းပုကြွယ်က ခင်ဗျားတို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး၊ အခုပဲ ပြပွဲကြီးကို တင်ဆက်ပေးတော့မှာမို့လို့ပဲ..."