← Chapters

အခန်း ၂၉

Vol. 39 Ch. 29

အခန်း ၂၉

Vol. 39 Ch. 29

အခန်း (၂၉) ဖုန်းပုကြွယ်၏ ထွက်ဆိုချက်

"နေပါဦး..."

ဂျက်ခ်က ရုတ်တရက် ဝင်ပြောလိုက်သည်။

"ခင်ဗျားရဲ့ လေဖမ်းဒန်းစီး ကျိုးကြောင်းဆင်ခြင်မှုတွေကို ကျွန်တော် တော်တော်လေး စိတ်ပျက်နေပြီ"

သူက ဖုန်းပုကြွယ်ကို စိုက်ကြည့်ကာ ဆက်ပြောလေသည်။

"ခင်ဗျားက ဒီစားပွဲဝိုင်းမှာရှိတဲ့ လူတိုင်းကို လူသတ်သမားဆိုပြီး လျှောက်စွပ်စွဲနေတာ မဟုတ်လား"

သူ လက်ညှိုးထိုးပြလိုက်သည်။

"နောက်ထပ် အပြစ်မဲ့တဲ့သူတစ်ယောက်ကို မဟုတ်မတရား မစွပ်စွဲခင်မှာ ခင်ဗျားကိုယ်ခင်ဗျား သံသယကင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ အရင်ရှင်းပြစေချင်တယ်၊ ခင်ဗျားက... စုံထောက်ယောင်ဆောင်ပြီး ရဲတွေကို ကူညီချင်ဟန်ပြ၊ တခြားလူတစ်ယောက်ကို အမှုဆင်ဖို့ ကြံစည်နေတာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ဘယ်လိုသိနိုင်မှာလဲ"

"ဟင်း...မေးခွန်းကောင်းပဲ"

ဖုန်းပုကြွယ် ပြန်ပြောပြီးနောက် ဘာမှမဆိုဘဲ ပြုံးရုံသာ ပြုံးနေသဖြင့် ဂျက်ခ်မှာ ထိုနေရာတွင်တင် ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်ကျန်ခဲ့သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖုန်းပုကြွယ်သည် ရဲအရာရှိနှစ်ဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"စုံထောက် စကိုးဖီးလ်၊ အရာရှိ ဒန်းပ်ဆေး... ထိုင်စားကြပါဦး၊ ကြည့်စမ်း... ကျွန်တော်က ခင်ဗျားတို့အတွက်ပါ ပြင်ဆင်ပေးထားပြီးသားပါ၊ စားပွဲပေါ်မှာ အဆင်သင့်ရှိနေပြီပဲ"

"အာ... ဒါက..."

စကိုးဖီးလ်နှင့် ဒန်းပ်ဆေးတို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။

ထိုနှစ်ဦးမှာ တကယ်ပင် ဗိုက်ဆာနေကြပြီး စားပွဲရှည်ကြီးတွင်လည်း လွတ်နေသော ခုံအချို့ ရှိနေပေသည်။ စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေကြပြီးနောက်တွင်မူ အားနာမနေတော့ဘဲ ဝင်ထိုင်လိုက်ကြတော့သည်။

"ဟေး... စကားလမ်းကြောင်း မလွှဲနဲ့လေ၊ ကျွန်တော့်မေးခွန်းကို ဖြေပါဦး"

ဂျက်ခ်က ထပ်မံ ပြောဆိုပြန်သည်။

"အမှန်ပဲ..."

ကိုးလ်စတန်ကလည်း ဝင်ထောက်ခံသည်။

"ကျုပ်လည်း မေးချင်တယ်၊ ခင်ဗျားက တကယ်တော့ ဘယ်သူလဲ၊ ပြီးတော့ ခင်ဗျားကိုယ်တိုင် လူသတ်သမားမဟုတ်ကြောင်း ဘယ်လိုသက်သေပြမလဲ၊ စောစောက စာကြည့်တိုက်ထဲမှာတုန်းကတော့ ခင်ဗျားက ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ကျုပ်မေးခွန်းတွေကို ရှောင်လွှဲခဲ့ပေမဲ့... အခုတော့ လူအများရှေ့မှာ ခင်ဗျား ကောင်းကောင်းမွန်မွန် ရှင်းပြပေးလို့ ရမလား"

လေထုတင်းမာလာနေစဉ်မှာပင် အိုလီဗာသည် မီးဖိုချောင်မှ ပြန်ထွက်လာပြီး ယခုတစ်ကြိမ်တွင် ဟင်းချိုများကို သယ်ဆောင်လာခဲ့သည်။

ယခုလိူအရေးကြီးသည့်အချိန်တွင် ဘယ်သူမှ ထပြီး ကူမသယ်ပေးကြတော့ပေ။ စားပွဲဝိုင်းရှိ မျက်လုံးအစုံတိုင်းသည် ဖုန်းပုကြွယ်၏ တုံ့ပြန်မှုကို ကြားချင်သဖြင့် သူ့ထံသို့သာ စုပြုံရောက်ရှိနေကြသည်။

ဖုန်းပုကြွယ်သည် အိုလီဗာထံမှ ဟင်းချိုပန်းကန်ကို လှမ်းယူရင်း ပေါ့ပေါ့ပါးပါး လေသံဖြင့် ဆိုလိုက်သည်။

"ကြည့်ရတာ... ခင်ဗျားတို့က ကျွန်တော့်မေးခွန်းတွေရဲ့ ဆိုလိုရင်းကို အခုထိ နားမလည်ကြသေးဘူးပဲ၊ ကိစ္စမရှိပါဘူး... ကျွန်တော် နောက်တစ်ခါ သရုပ်ပြပေးပါ့မယ်"

ထို့နောက် သူသည် တုန်လှုပ်ဖွယ်ဇာတ်ကြောင်းတစ်ခုကို စတင်ပြောပြတော့သည်။

"ကျွန်တော် ထင်တာတော့... ဒန်းနစ် လဗ်ခရက်ဖ်ကို သတ်ခဲ့တဲ့ လူသတ်သမားက ကျွန်တော်... ဖုန်းပုကြွယ်ကိုယ်တိုင်ပဲ ဖြစ်ရမယ်"

ထိုစကားကို ပြောလိုက်သောအခါ သုံးနှုန်းခဲ့သော လေသံမှာ အခြားသူများကို လိုက်လံစွပ်စွဲစဉ်က လေသံနှင့် တစ်ထေရာတည်း တူညီနေပေသည်။

"ဟေး... ဒီလူက စိတ်ကွဲဝေဒနာ ခံစားနေရတာလား...၊ ဒါပေမဲ့ ငါ ဘာလို့ ထူးဆန်းတယ်လို့ မခံစားရပါလိမ့်..."

အရာရှိ စကိုးဖီးလ်က စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

စားပွဲရှိ အခြားသူများ၏ အတွေးမှာလည်း ထို့အတူပင် ဖြစ်သည်။ ဟင်းချိုချပေးနေသော မစ္စအိုလီဗာပင်လျှင် လုပ်လက်စအလုပ်များ ရပ်တန့်သွားပြီး ဖုန်းပုကြွယ်အား အရူးတစ်ယောက်ကို ကြည့်သည့် မျက်လုံးများဖြင့် ကြည့်နေမိသည်။

"မစ္စအိုလီဗာ... ဟင်းချိုက အေးသွားရင် အရသာမရှိဘဲ နေလိမ့်မယ်နော်"

ဖုန်းပုကြွယ် ခေါင်းလှည့်ကာ ပြောလိုက်သည်။

"ကျွန်တော် ပြောတာတွေကို ဂရုမစိုက်ပါနဲ့၊ ကျေးဇူးပြုပြီး ဟင်းတွေ ဆက်ချပေးပါ"

"အာ... ဟုတ်ကဲ့... ဟုတ်ကဲ့"

အိုလီဗာက ကြောင်တောင်တောင်ဖြင့် ပြန်ဖြေလိုက်သည်။

"သတ်ရတဲ့ အကြောင်းရင်းကတော့..."

ဖုန်းပုကြွယ်သည် ဟင်းချိုကို အသာအယာမွှေရင်း စောစောက စကားကို ဆက်ပြောလိုက်သည်။

"သူ့ကို တစ်ယောက်ယောက်က ခိုင်းခဲ့လို့လည်း ဖြစ်နိုင်တာပဲ..."

သူ ငါးဟင်းချိုကို တစ်ဇွန်း ခပ်မြည်းကြည့်လိုက်သည်။

"အင်း... မြေထဲပင်လယ်ရဲ့ အရသာက လျှာဖျားပေါ်မှာ ကခုန်နေသလိုပဲ... အိုး..."

သူသည် အငွေ့များကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်ပြီးနောက် ဟင်းချိုကို နောက်ထပ် အကြိမ်အနည်းငယ် ဆက်သောက်လိုက်ပြန်သည်။

"မစ္စတာ... မစ္စတာဖုန်း..."

စကိုးဖီးလ်သည် ထိုစကားများကို လျစ်လျူရှုမထားနိုင်တော့ပေ။

"ခင်ဗျား နောက်နေတာ မဟုတ်လား"

"စိတ်ဝင်စားဖို့ မကောင်းဘူးလား"

ဖုန်းပုကြွယ် ရယ်မောလိုက်သည်။

"လူတစ်ယောက်က ကိုယ့်ကိုယ်ကို အလွန်အမင်း ထိခိုက်စေမယ့် စကားလုံးမျိုးကို ပုံမှန်ထက် ထူးထူးခြားခြားတည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်ရင် ကျန်တဲ့သူတွေက ဇဝေဇဝါ ဖြစ်သွားတတ်ကြတာပဲ"

သူ ခဏရပ်လိုက်သည်။

"စုံထောက်ကြီး... ခင်ဗျားက လူသတ်သမားဘယ်သူဆိုတာ သိပြီးသား မဟုတ်လား၊ ကျွန်တော့်ရဲ့ စကားနည်းနည်းကြောင့် ခင်ဗျားရဲ့ ကောက်ချက်ကို သံသယမဝင်စမ်းပါနဲ့"

"အာ... ဟုတ်ကဲ့"

စကိုးဖီးလ်က လက်သုတ်ပဝါဖြင့် ချွေးများကို သုတ်ရင်း ပြန်ဖြေလိုက်သည်။ ထို့နောက် စိတ်ထဲမှ တွေးတောနေမိသည်။ဟုတ်သားပဲ... မစ္စတာဖုန်းက ပေါက်ကရတွေ လျှောက်ပြောနေရင်တောင် အမြဲတမ်း အေးအေးဆေးဆေးပဲ။ သူ့မျက်နှာအမူအရာနှင့် လေသံကိုကြည့်ပြီး သူပြောတာ အမှန်လား အမှားလားဆိုတာ မခန့်မှန်းနိုင်ဘူး။ ကျွမ်းကျင်တဲ့စုံထောက်ဆိုတာ တကယ်ကို အံ့ဩစရာပဲ။ လှည့်စားခြင်းအတတ်မှာ ကျွမ်းကျင်နက်ရှိုင်းတဲ့ ပုဂ္ဂိုလ်ကြီးပဲ...။

"ငါ ဘယ်နားရောက်သွားပါလိမ့်... အိုး ဟုတ်သား၊ သတ်ရတဲ့ အကြောင်းရင်း"

ဖုန်းပုကြွယ် ဆက်ပြော၏။

"ငြင်းလို့မရတဲ့ အချက်တစ်ချက် ရှိတယ်၊ အဲ့ဒါကတော့ ဒီနေ့မတိုင်ခင်အထိ ကျွန်တော့်ဘဝနဲ့ ဒန်းနစ်ရဲ့ဘဝက ဘယ်လိုမှ ပတ်သက်မှု မရှိခဲ့ဘူးဆိုတာပဲ၊ ဘယ်လောက်ပဲ ထပ်ခါတလဲလဲ စုံစမ်းစစ်ဆေးပါစေ ဒီအချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူး။

ဒါကြောင့်... ကျွန်တော့်ဘက်က သတ်ရမယ့် ခိုင်လုံတဲ့ အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်လိမ့်မယ်၊ ပထမတစ်ချက်ကတော့ ကျွန်တော်ဟာ ဒန်းနစ်နဲ့ တွေ့တွေ့ချင်း ရန်သူဖြစ်သွားပြီး သူ့ကို အကြောင်းပြချက်မရှိ မုန်းတီးသွားတာပဲ၊ သူက စေတနာနဲ့ ကားကြုံတင်ပေးခဲ့ပေမဲ့ ကျွန်တော်ကတော့ စိတ်ထဲမှာ လူသတ်ချင်စိတ်တွေ ကိန်းအောင်းနေပြီး သူ့ကို အမြန်ဆုံး သတ်ပစ်ချင်နေခဲ့တာပေါ့"

သူသည် ဟင်းချိုကို နောက်ထပ် အနည်းငယ် ခပ်သောက်လိုက်ပြီးနောက် ဆက်လက်ပြောဆိုပြန်သည်။

"ဒုတိယတစ်ချက်ကတော့ ကျွန်တော်ကိုယ်တိုင်က ကွင်းဆက်လူသတ်သမားတစ်ယောက် ဖြစ်နေတာပဲ၊ ကျွန်တော်က အကြောင်းပြချက်မရှိဘဲ ကိုယ့်ဝါသနာနဲ့ စိတ်ဆန္ဒအရ သတ်တာ၊ ဒါမှမဟုတ်လည်း လူသတ်တာကို..."

"ထမင်းစားပြီးနောက် လုပ်စရာ အပန်းဖြေလုပ်ငန်းတစ်ခုခုအဖြစ် သတ်မှတ်ထားတာမျိုးပေါ့"

သူသည် လူတိုင်း၏ မျက်နှာထားများကို အကဲခတ်လိုက်ပြီးနောက် ကျေနပ်သွားပုံရသည်။

"ပထမအချက် နှစ်ခုကတော့ သိပ်ယုံကြည်စရာမကောင်းပေမဲ့ တတိယအချက်ကတော့ ပိုပြီး ဖြစ်နိုင်ခြေရှိပုံရတယ်"

ဖုန်းပုကြွယ်သည် ကုလားထိုင်နောက်မှီပေါ်သို့ မှီချလိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

"ဒါမှမဟုတ်... ကျွန်တော်က ကြေးစားလူသတ်သမားတစ်ယောက်များ ဖြစ်နေမလား"

သူက ဇွန်းဖြင့် စားပွဲပေါ်ရှိ ဟင်းပွဲများကို ညွှန်ပြလိုက်သည်။

"ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ၊ ကျွန်တော့်မှာ လုပ်နိုင်စွမ်းတွေ အများကြီး ရှိတယ်၊ စားဖိုမှူးအလုပ်နဲ့ နှိုင်းယှဉ်ရင်... ကြေးစားလူသတ်သမားနဲ့ စုံထောက်ကြားက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဆက်နွှယ်မှုက... ပိုပြီးတော့ ခိုင်မာတယ်မလား"

သူ ပြုံးလိုက်သည်။

"ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ ကြည့်မယ်ဆိုရင် ထူးချွန်တဲ့စုံထောက်တစ်ယောက်ဟာ ထူးချွန်တဲ့ ရာဇဝတ်ကောင်တစ်ယောက်လည်း ဖြစ်သွားနိုင်တာပဲ၊ ကျွန်တော်ကိုယ်တိုင်ကတော့ ရာဇဝတ်မှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ်လို ရာထူးမျိုးကို ပိုသဘောကျပေမဲ့... ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်နေတာကလည်း... ဘာလို့ မရရမှာလဲ"

"အင်း... အဲ့ဒါက တော်တော်လေး လန်းတာပဲ"

မစ္စနန်စီက ရုတ်တရက် ဝင်ပြောလိုက်သည်။ သူမသည် ဖုန်းပုကြွယ် ဘာလုပ်နေသည်ကို ကောင်းကောင်းရိပ်မိပုံရသဖြင့်... ဒါဆိုလည်း အတူတူ လျှောက်ပြောကြတာပေါ့ ဟူသော သဘောပင် ဖြစ်သည်။

"ဟဲ..."

ဖုန်းပုကြွယ်က သူမကို ပြုံးပြလိုက်ပြီးနောက် ဆက်ပြောလေသည်။

"ဒါကြောင့် ဒီကြေးစားလူသတ်သမားက စလှုပ်ရှားတော့တာပဲ၊ ကျွန်တော်က ဒန်းနစ် သွားမယ့်လမ်းကြောင်းကို ကြိုသိထားပြီး တောင်ပေါ်လမ်းက သူ အမြဲဖြတ်သွားနေကျ နေရာမှာ ချုံခိုစောင့်ဆိုင်းနေခဲ့တယ်။

‘လမ်းလယ်ခေါင်မှာ အတားအဆီးတချို့ ချထားပြီး သူ ကားရပ်လိုက်တဲ့အချိန်ကျရင် မျက်နှာဖုံးစွပ်နဲ့ ပြေးထွက်လာပြီး သူ့ကို သေနတ်နဲ့ ပစ်သတ်လိုက်မယ်' ဆိုတဲ့ အစီအစဉ်ကို ခင်ဗျားတို့ ဘယ်လိုထင်လဲ၊ မဖြစ်နိုင်တာ၊ ကျွန်တော်က အဲ့လို မလုပ်ပါဘူး၊ ကျွန်တော်က ကားအက်စီးဒင့်ဖြစ်ထားတဲ့ လူနာတစ်ယောက်လို အသွင်ယူပြီး သူ့အနားကို ချဉ်းကပ်ပြီးကာမှ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာ။

ပြီးတော့ ခင်ဗျားတို့က ကျွန်တော့်ကို ဘာလုပ်စေချင်လဲ။ မုတ်ဆိတ်အတုတွေ ဘာတွေ တပ်ပြီး ရုပ်ဖျက်ထားမယ်၊ အိတ်ကပ်ထဲမှာ သေနတ်တစ်လက် ဝှက်ထားပြီး သူ ကျွန်တော်နဲ့ စကားပြောဖို့ ကားပေါ်က ဆင်းလာတဲ့အချိန်ကျမှ လမ်းမပေါ်တင် ပစ်သတ်လိုက်မယ်ပေါ့။ အဲ့ဒါက တကယ့်ကို အဆင့်အတန်းမရှိလွန်းရာကျတယ်၊ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းပညာကို စော်ကားရာလည်း ရောက်တယ်။

ကျွန်တော်က သူ့နောက်ကို ဒီဗီလာအထိ လိုက်လာရမယ်... လူတွေအများကြီးရှိတဲ့ နေရာမှာ လူအများစုက ကျွန်တော့်မျက်နှာကိုမြင်ပြီး ကျွန်တော့်နာမည်ကို မှတ်မိနေစေရမယ်၊ ပြီးမှ အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့ အခွင့်အရေးကို စောင့်ပြီးတော့..."

"တော်လောက်ပြီ"

ကိုးလ်စတန်က ကြားဖြတ်ဟန့်တားလိုက်သည်။

"ခင်ဗျား ပြောချင်တဲ့အချက်က လုံလောက်အောင် ရှင်းလင်းသွားပြီမို့ ဆက်ပြောနေဖို့ မလိုတော့ဘူး"

"ခင်ဗျားတို့ကပဲ စကားဖြတ်မေးပြီး အခုကျတော့လည်း မခံနိုင်ဘူး ဖြစ်နေပြန်ပြီ"

ဖုန်းပုကြွယ်က ဂျက်ခ်အား နောက်တစ်ကြိမ် ဆိုးယုတ်စွာ ကြည့်လိုက်ပြန်သည်။

"ဆလတ်ရွက် အချဉ်ရည်သုပ်နဲ့ သင်္ဘောသဖန်းသီးအနှစ် ဆမ်းထားတဲ့ ဝက်ပေါင်ခြောက် ကြက်သားလိပ်တွေ ချလာတဲ့အချိန်မှာ ကျွန်တော် စကားပြောလို့ ပြီးသွားလောက်ပြီ၊ ဒါပေမဲ့ အခုတော့... ဟား... အချိုပွဲ ရောက်လာတဲ့အထိတောင် ပြီးနိုင်ဦးမယ် မထင်ဘူး"

အပြင်ပန်းတွင်မူ ဖုန်းပုကြွယ်သည် ထိုသားအဖနှစ်ဦးကို ရဲရဲတင်းတင်း တုံ့ပြန်နေခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင်မူ စိတ်ထဲ၌ သူတို့ကို အလွန်ကျေးဇူးတင်နေမိသည်။

'တကယ်ပါပဲ... ရန်သူနည်းနည်းလောက် ရှိမနေရင်ကို မဖြစ်ဘူး... နောက်ထပ် အခန်းတစ်ခန်းစာ ပြည့်အောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်'

သူသည် စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်လေတော့သည်။

All Chapters