← Chapters

အခန်း ၃၀

Vol. 39 Ch. 30

အခန်း ၃၀

Vol. 39 Ch. 30

အခန်း (၃၀) ဖမ်းဆီးခြင်း

မွှေးကြိုင်နေသည့် စမုန်စပါး၊ တရုတ်ပိုင်ကျူးအရက်တို့ဖြင့် ချက်ပြုတ်ထားသော သိုးဂျိုင်းသားဟင်းလျာကို စားပွဲပေါ် ချပေးလိုက်ချိန်တွင် ဖုန်းပုကြွယ်သည် ကိုယ်ကို အသာအယာကိုင်းကာ ကုလားထိုင်အောက်ရှိ စာရွက်အိတ်ကြီးကို လှမ်းယူပြီးနောက် အတော်အတန်ကြီးမားသော စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။

"ဒီစာအိတ်ကို ခင်ဗျားမှတ်မိမှာပါ မစ္စတာ လဗ်ခရက်ဖ်"

ဖုန်းပုကြွယ်က ကိုးလ်စတန်ကို ကြည့်ကာ ပြောလိုက်သည်။

ကိုးလ်စတန်သည် နှစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးနောက် ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် သူ့အမူအရာသည် ထိတ်လန့်မှုမှသည် အမျက်ဒေါသသို့ ပြောင်းလဲသွားတော့သည်။

"မင်း... မင်း သူခိုး၊ ဒါက ဗြောင်ကျကျ ခိုးတာပဲ"

သူသည် ဒေါသတကြီးဖြင့် ထရပ်ကာ ဖုန်းပုကြွယ်အား လက်ညှိုးငေါက်ငေါက်ထိုးရင်း စုံထောက် စကိုးဖီးလ်ဘက်သို့ လှည့်၍ အော်ပြောလေသည်။

"သူ့ကို ဖမ်းလိုက်ပါ၊ အရာရှိ"

"ဘာတွေ ဖြစ်ကုန်တာလဲ"

စကိုးဖီးလ်သည်လည်း စိတ်ရှုပ်ထွေးသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းပုကြွယ်၏ စာရွက်အိတ်ထဲတွင် မည်သည့်အရာများပါကြောင်းကို သူ လုံးဝမသိရှိသောကြောင့် ဖြစ်သည်။

လွန်ခဲ့သော မိနစ်လေးဆယ်ခန့်က စုံထောက်ကြီးသည် မြို့ကြီးတစ်မြို့၏ ရဲဌာနတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သော လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သေးသည်။ ထိုသူကလည်း စကိုးဖီးလ်၏ အကူအညီတောင်းမှုကို အလွယ်တကူပင် လက်ခံခဲ့သည်။ မိနစ်နှစ်ဆယ်အကြာတွင် စကိုးဖီးလ်ထံသို့ ထိုသူက ဖုန်းပြန်ဆက်လာခဲ့ပြီး ဥယျာဉ်မှူး ဘာတွန်နှင့်ပတ်သက်သည့် အချက်အလက်များကို မော်ကွန်းတိုက်မှ ရှာဖွေကာ ဖက်စ် (Fax) ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်သည် (၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် နည်းပညာများ ရင့်ကျက်လာပြီး စံနှုန်းများ သတ်မှတ်လာနိုင်သည့်အတွက် ဖက်စ်စက်များသည် အိမ်သုံးအထိပါ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာခဲ့ရာ လဗ်ခရက်ဖ်တို့လို မိသားစုမျိုးတွင် ယင်းစက် ရှိနေသည်မှာ သဘာဝကျပေသည်)။

သို့သော် စုံထောက်ကြီးအနေဖြင့် ဖက်စ်စာရွက်ကို လက်ခံရရှိပြီးချိန်မှ ထမင်းစားသောက်ခန်းတံခါးဝတွင် ဖုန်းပုကြွယ် ပေါ်မလာခင်အထိ ကြားအချိန်ပိုင်းအတွင်း ထိုကောင် ဘယ်နေရာများသို့ သွားနေခဲ့သည်ကိုမူ လုံးဝ မရိပ်မိခဲ့ပေ။

"တကယ်တော့ အရမ်းရိုးရှင်းတဲ့ ကိစ္စပါ"

ဖုန်းပုကြွယ်က ဆိုသည်။

"ကျွန်တော် မစ္စတာ လဗ်ခရက်ဖ်ရဲ့ အခန်းထဲကို ခိုးဝင်ပြီး သူ့ရဲ့ မီးခံသေတ္တာထဲက ဒီသေတမ်းစာကို ခိုးထုတ်လာခဲ့တာပါ"

"ဘာပြောတယ်"

စားပွဲဝိုင်းရှိ လူတိုင်း ဆွံ့အသွားကြသည်။

"မင်း... မင်း ဒါကတော့..."

စကိုဖီးလ်မှာ စကားလုံးများပင် ပျောက်ဆုံးသွားရတော့သည်။

“ဒါတင်မကသေးဘူး၊ ကျွန်တော် အဲ့ဒါကို ဖွင့်ပြီး ဖတ်လည်း ဖတ်ကြည့်ပြီးပြီ”

ဖုန်းပုကြွယ်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။

“ကြည့်စမ်း... ချိတ်ပိတ်ထားတာကို ဖြဲထားတယ်လေ”

သူသည် လူတိုင်းမြင်အောင်ပင် လှည့်ပြလိုက်သေးသည်။

“မစိုးရိမ်ပါနဲ့၊ မစ္စတာ ကိုးလ်စတန်ရဲ့ ရှေ့နေဆီမှာ ဒီလိုမိတ္တူတွေ နောက်ထပ်အပုံလိုက် ရှိနေဦးမှာပါ၊ သေတမ်းစာတွေကို များသောအားဖြင့် နှစ်စောင် ဒါမှမဟုတ် သုံးစောင်လောက်အထိ ကော်ပီလုပ်ထားတတ်ကြတာပဲမို့ ကျွန်တော် ဒါကို မီးရှို့ဖျက်ဆီးပစ်လိုက်ရင်တောင် ဘာမှ အရေးမကြီးပါဘူး”

အကယ်၍ ယခုအချိန်တွင် မစ္စတာ ကိုးလ်စတန်မှာ တောက်လောင်နေသော မီးပုံကြီးတစ်ပုံ ဖြစ်နေမည်ဆိုလျှင် ဖုန်းပုကြွယ်၏ စကားများ၊ အပြုအမူနှင့် အမူအရာများသည် ထိုမီးပုံထဲသို့ ထင်းများ၊ ဓာတ်ဆီများနှင့် ဓာတ်ငွေ့ရည် (LPG) များ လောင်းထည့်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ အကယ်၍ ထိုအဘိုးကြီးသာ အသက် ၂၀ခန့် ပိုငယ်ရွယ်ဦးမည်ဆိုပါက ယခုအချိန်တွင် စားပွဲပေါ်သို့ ခုန်တက်ကာ ဖုန်းပုကြွယ်ကို ကန်ကျောက်နေလောက်ပြီ ဖြစ်သည်။

“ကျွန်တော် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုကို မြင်လိုက်ရတယ်...”

ဖုန်းပုကြွယ်သည် သေတမ်းစာကို စားပွဲပေါ်သို့ ပေါ့ပေါ့တန်တန် ပစ်တင်လိုက်ပြီး ဓားနှင့် ခက်ရင်းကို ပြန်ကိုင်ကာ သိုးသားကို ဆက်လက် စားသောက်နေလေသည်။

“မစ္စတာဖုန်း”

စကိုးဖီးလ်သည် ရုတ်တရက် ခါးဆန့်မတ်တတ်ရပ်လိုက်ပြီး သူ့ခါးကြားမှ လက်ထိပ်ကို ဆွဲထုတ်လိုက်လေသည်။

“ခင်ဗျားရဲ့ လုပ်ရပ်က ဘာကို ဆိုလိုသလဲဆိုတာ ခင်ဗျားသိသင့်တယ်နော်...”

“ခိုးမှုပဲလေ”

ဖုန်းပုကြွယ် ကြားဖြတ်ပြောလိုက်သည်။

“ကျွန်တော် သိတာပေါ့... စုံထောက်ကြီး မလောပါနဲ့ဦး၊ ပစ္စည်းကို ဒီလို ထုတ်ပြလိုက်ကတည်းက အပြစ်ရှိကြောင်း ဝန်ခံလိုက်တာနဲ့ အတူတူပဲ မဟုတ်လား”

သူသည် လုံးဝ ဂရုမစိုက်ဟန်ဖြင့်ပင်။

“ကျွန်တော့်ပုံစံက ထွက်ပြေးမယ့်ပုံ ပေါက်နေလို့လား”

သူ စားရင်းသောက်ရင်း ပြောလိုက်သည်။

“ဒီလူသတ်မှုကို ကျွန်တော် ဖော်ထုတ်ပြီးသွားတဲ့အခါ ခင်ဗျားကျွန်တော့်ကို လက်ထိပ်ခတ်ပြီး ဒီညပဲ မြို့ထဲက ရဲစခန်းကို ပို့လိုက်လို့ ရပါတယ်၊ အဲ့ဒီကျမှလည်း နောက်မကျသေးပါဘူး”

“မဟုပ်ဘူး၊ သူ့ကို အခုချက်ချင်း ဖမ်းစမ်း၊ စုံထောက်၊ မင်းက ဘာဖြစ်လို့ သူခိုးတစ်ယောက်ရဲ့ စကားကို နားထောင်နေရတာလဲ”

ကိုးလ်စတန်သည် ချောင်ပိတ်မိနေသော ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး စားပွဲထိပ်မှနေ၍ သူ၏တုတ်ကောက်ကို အသုံးပြုကာ စားပွဲရှည်ကြီးကို ပတ်လျက် ဒေါသတကြီးဖြင့် လျှောက်လာတော့သည်။

“ဟဲ... ခင်ဗျားက ဘာလုပ်ချင်လို့လဲ၊ သေတမ်းစာကို ပြန်လုပြီး ကျွန်တော့်ကို တုတ်ကောက်နဲ့ ရိုက်နှက်မလို့လား၊ ဒါမှ ကျွန်တော်က အထဲက အကြောင်းအရာတွေကို ထုတ်မပြောနိုင်တော့မှာမို့လို့လား”

ဖုန်းပုကြွယ်သည် တည်ငြိမ်စွာ ထိုင်နေဆဲပင်ဖြစ်ပြီး သူ့ထံသို့ ဒေါသတကြီး ဦးတည်လာနေသော အဘိုးအိုသည် သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမှ မရှိသည့်အလား အေးအေးလူလူ ရှိနေလေသည်။

စကိုးဖီးလ်က ထိုအဘိုးအိုရှေ့တွင် ခြေလှမ်း၍ ဝင်ရောက်တားဆီးလိုက်သည်။

"ဆရာ၊ ကျေးဇူးပြုပြီး စိတ်မလောပါနဲ့၊ အကြမ်းဖက်တာကို ခွင့်မပြုနိုင်ပါဘူး..."

"ထိုင်စမ်း"

ဖုန်းပုကြွယ် ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုခဏချင်းမှာပင် သူ့လေသံနှင့် မျက်နှာအမူအရာသည် လုံးဝ ပြောင်းလဲသွားတော့သည်။

သူသည် လျှပ်စီးတမျှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် ဘေးစာရွက်အိတ်ထဲမှ ပစ္စတိုသေနတ်တစ်လက်ကို ဆွဲထုတ်ကာ မြှောက်၍ ချိန်ရွယ်လိုက်သည်။ သူ၏ လှုပ်ရှားမှုများသည် အလွန်ပင် ကျွမ်းကျင်ပြီး သွက်လက်လွန်းလှသဖြင့် ဥပဒေကို လိုက်နာသော သာမန်နိုင်ငံသားတစ်ဦး ဖြစ်သည်ဟု ယုံကြည်ရန်ပင် ခက်ခဲလှပေသည်။

သို့သော် ဖုန်းပုကြွယ်၏ သေနတ်သည် ကိုးလ်စတန်ထံသို့ ဦးတည်နေခြင်း မဟုတ်ဘဲ ဘေးဘက်မှ တိတ်တဆိတ်ထရပ်ကာ အနားသို့ ချဉ်းကပ်ရန် ကြံစည်နေသည့် အခြားတစ်ဦးထံသို့ ဦးတည်နေခြင်း ဖြစ်သည်။ ထိုသူမှာ ဘာတွန်ဖြစ်သည်။

"မင်းမှာ အတော်လေး လက်ဆရှိတယ်ဆိုတာ ငါသိပါတယ်"

ယခုအချိန်တွင် ဖုန်းပုကြွယ်၏ မျက်နှာထားသည် ပြတ်သားအေးစက်နေကာ သူ၏ ပစ်မှတ်ကို စူးစိုက်ကြည့်နေခဲ့သည်။

"ဒါပေမဲ့ ငါ့ရဲ့ သေနတ်စကေးကလည်း သိပ်မဆိုးဘူးနော်"

ဘာတွန်၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပျက်ယွင်းသွားတော့သည်။ သူရဲဘောကြောင်၊ ကြင်နာတတ်ပြီး ထိတ်လန့်လွယ်သော ဥယျာဉ်မှူးလေး၏ ပုံစံသည် စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာတွင် အစားထိုးဝင်ရောက်လာသည်မှာ အေးစက်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိကာ အကဲခတ်ရခက်သော လူတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် ဤစံအိမ်ကြီး၏ အရှင်သခင်ဖြစ်သော... ကိုးလ်စတန်၏ အရိပ်အခြေများကိုပင် မြင်တွေ့နိုင်ပေသည်။

“အရာရှိ... ခင်ဗျားမှာ သေနတ်ပါလား”

ဖုန်းပုကြွယ်သည် သူ့အကြည့်များကို ဘာတွန်ထံမှ မခွာဘဲ မေးလိုက်သည်။

“မစ္စတာဖုန်း... အခြေအနေတွေ အထိန်းအကွပ်မမဲ့ခင်မှာ ကျုပ်အကြံပြုချင်တာက...”

စကိုးဖီးလ်သည် သူ့စကားကို ဆုံးအောင် မပြောနိုင်ခဲ့ပေ။

ဖုန်းပုကြွယ်က ကြားဖြတ်ပြောလိုက်သည်။

“တကယ်လို့ ခင်ဗျားဆီမှာ မပါရင် ကျွန်တော့်သေနတ်ကို သုံး”

ထိုအခါမှသာ စကိုးဖီးလ်သည် အစောပိုင်းထိတ်လန့်နေရာမှ ရုန်းထွက်နိုင်ခဲ့ပြီး အခြေအနေကို သဘောပေါက်သွားတော့သည်။ သူသည် စိတ်ကို အမြန်တည်ငြိမ်အောင်လုပ်ကာ ရှေ့သို့ ချက်ချင်း တက်လှမ်း၍ ဖုန်းပုကြွယ်ထံမှ သေနတ်ကို လှမ်းယူလိုက်သည်။ ထို့နောက် သေနတ်ကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ ဘာတွန်ထံသို့ ချိန်ရွယ်လျက် ကျယ်လောင်စွာ အမိန့်ပေးလိုက်တော့သည်။

“ဒန်းပ်ဆေး... မစ္စတာ ဘာတွန်ကို လက်ထိပ်ခတ်လိုက်စမ်း”

“ဟုတ်... ဟုတ်ကဲ့”

ဒန်းပ်ဆေးသည် ခဏမျှ တွေဝေသွားသော်လည်း အမိန့်ကို နာခံခဲ့သည်။ သူသည် အခြေအနေကို အပြည့်အဝ နားမလည်သေးသော်လည်း အထက်လူကြီး၏ အမိန့်ကို နာခံခြင်းကသာ အမှန်ကန်ဆုံးအလုပ် ဖြစ်သည် မဟုတ်ပါလား။

ဘာတွန်လက်ထိပ်ခတ်ခံလိုက်ရသည့်အချိန်တွင်မူ ကိုးလ်စတန်သည် စိတ်ဓာတ်များ အကုန်ပြိုလဲသွားတော့သည်။ သူသည် ကြမ်းပြင်ပေါ်သို့ ခွေလဲကျသွားပြီး တစ်ခဏချင်းမှာပင် အသက် ဆယ်နှစ်ခန့် ပိုမိုအိုမင်းသွားသည့် ပုံစံမျိုး ဖြစ်သွားရသည်။ သူ၏ စိတ်ပျက်အားငယ်နေသော မျက်ဝန်းများကြောင့် မိသားစုဝင်များပင် ထိတ်လန့်ကုန်ကြသည်။

အိုဒက်တ်၊ ဂျက်ခ်နှင့် နန်စီတို့သည် ဖခင်ဖြစ်သူထံသို့ အပြေးအလွှား ရောက်ရှိလာကြပြီး ဝိုင်းဝန်းထူမရန် ကြိုးစားလိုက်ကြသည်။

“ကဲ... အခြေအနေတွေက ဒီအဆင့်အထိ ရောက်လာပြီဆိုတော့ ခင်ဗျားကို ဂျွန် ဘာတွန်လို့ ခေါ်ရမလား...”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါမှမဟုတ်... ဂျွန် လဗ်ခရက်ဖ်လို့ ခေါ်ရမလား”

ထိုစကားကြောင့် တွန်းလှည်းကို တွန်းဝင်လာခါစဖြစ်သော အိုလီဗာအပါအဝင် အခန်းထဲရှိ လူတိုင်းသည် ဘာတန်ထံသို့ စုပြုံကြည့်လိုက်ကြတော့သည်။ လူတိုင်း ဆွံ့အမှင်တက်ကုန်ကြခြင်းဖြစ်သည်...။

ဤမိနစ်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော အပြောင်းအလဲများနှင့် ဖုန်းပုကြွယ်၏ ယခုစကားများသည် လျှို့ဝှက်ချက်အားလုံးကို ဖွင့်ချလိုက်သကဲ့သို့ ရှိနေလေသည်။

“မင်း ငါ့ကို ဘယ်အချိန်ကတည်းက စပြီး သံသယဝင်နေခဲ့တာလဲ”

ဘာတွန်က လေးနက်သောလေသံဖြင့် မေးလိုက်သည်။

“ဘယ်အချိန်ကလဲ ဟုတ်လား...”

အခြေအနေများကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မြင်ရသောအခါ ဖုန်းပုကြွယ်သည် ဓားနှင့် ခက်ရင်းကို ပြန်ကိုင်၍ စားသောက်ရင်း ဆက်ပြောလေသည်။

“ဗီလာအပြင်ဘက်က မြက်ခင်းပြင်ပေါ်မှာ စုံထောက်ကြီးနဲ့အတူ လိုက်လံစစ်ဆေးနေကတည်းကပေါ့”

“ငါက ဒန်းနစ်ရဲ့ ဧည့်သည်အခန်း ပြတင်းပေါက်အပြင်ဘက်မှာ ခြေရာလက်ရာတစ်ခုခု ချန်ထားခဲ့မိလို့လား”

ဘာတွန်က မေးလိုက်သည်။

“ဟင့်အင်း... အဲ့ဒါနဲ့ ဘာမှမဆိုင်ဘူး”

ဖုန်းပုကြွယ်က ဆိုသည်။

“ကျွန်တော် ခင်ဗျားကို လူသတ်သမားဆိုပြီး အခြေခံအားဖြင့် သေချာသွားတာက မစ္စတာ ကိုးလ်စတန်ရဲ့ အိမ်အပြင်ဘက်က သစ်ပင်ကို မြင်လိုက်ရပြီးတဲ့နောက်မှာပဲ”

“မင်း...”

ဘာတွန် ဆွံ့အသွားရသည်။

“ဟဲ... ဟီးဟီးဟီး... ဟားဟားဟားဟား...”

သူ ရယ်မောလိုက်ပြီးနောက် ဆက်ပြောတော့သည်။

“ငါမင်းကို အထင်သေးမိသွားတာပဲ၊ မင်းက ဒီလို အသေးစိတ်အချက်အလက်လေးကိုတောင် သတိထားမိလိမ့်မယ်လို့ မထင်မိဘူး...”

“အာ... သေချာတာပေါ့”

ဖုန်းပုကြွယ်က အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ပြီးတော့ ကျွန်တော် ခင်ဗျားကို အဓိကသံသယရှိသူအဖြစ် သတ်မှတ်လိုက်ပြီးနောက်မှာ ခင်ဗျား စောစောက ကျွန်တော့်ရှေ့မှာ လုပ်ပြခဲ့တဲ့ မပြောင်မြောက်တဲ့ သရုပ်ဆောင်ကွက်တွေရဲ့ ချို့ယွင်းချက်တွေနဲ့ အားနည်းချက်တွေဟာ တစ်ခုပြီးတစ်ခု ပေါ်လွင်လာခဲ့တာပဲ”

သူ ခေါင်းကို ခါယမ်းလိုက်သည်။

“မြွေကို ခြေထောက်တပ်မိတာ၊ ကိုယ့်ကျင်းကိုယ် တူးမိတာဆိုတဲ့ စကားပုံတွေက ဒီအမှုမှာ ခင်ဗျားလုပ်ရပ်တွေနဲ့ ကွက်တိပဲ ဆရာရေ”

All Chapters