အခန်း ၃၂
Vol. 39 Ch. 32
အခန်း (၃၂) အမှန်တရား
“ကျွန်တော် မှတ်မိသေးတယ်... ခင်ဗျား ကျွန်တော့်ကို စကားတစ်ခွန်း ပြောခဲ့ဖူးတယ်နော်...”
ဖုန်းပုကြွယ်သည် ဘာတွန်ကို ကြည့်ကာ စကားကို တစ်ခါပြန်ပြောလိုက်သည်။
“ခင်ဗျားက ‘ကျွန်တော် ငယ်ငယ်တုန်းကလည်း တောက်ပတဲ့ အနာဂတ်တစ်ခု ရှိခဲ့ဖူးတယ်’ လို့ ပြောခဲ့တယ်၊ ဒါပေမဲ့... ခင်ဗျား အဲ့ဒီ ‘အနာဂတ်’ ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တစ်ခွန်းမှ ထည့်မပြောခဲ့ဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ခင်ဗျား ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကိုကျတော့ တကယ့်ကို အသေးစိတ် ရှင်းပြခဲ့တာ”
သူလှည့်ထွက်ကာ ဟိုဟိုဒီဒီ ဆက်လက် လမ်းလျှောက်ပြန်သည်။
“အဲ့ဒီအချိန်တုန်းက ကျွန်တော် နည်းနည်းတော့ ဇဝေဇဝါ ဖြစ်သွားခဲ့တယ်၊ ယုတ္တိကျကျကြည့်ရင် လူတွေဆိုတာ ကိုယ့်ရဲ့ တောက်ပပြီး လှပတဲ့ အတိတ်မှတ်ဉာဏ်တွေကိုပဲ ပိုပြောပြချင်ကြတာ သဘာဝပဲလေ၊ ဒါပေမဲ့ ခင်ဗျားကတော့... အဲ့ဒီအကြောင်းအရာ ရောက်ခါနီးတိုင်း တမင်ရှောင်လွှဲသွားခဲ့တယ်”
ဖုန်းပုကြွယ်က သူ့လက်ထဲမှ ဖက်စ်စာရွက်ကို ခါယမ်းလျက် ဆက်ပြော၏။
“ဒီစာရွက်ကို လက်ခံရရှိပြီးတဲ့နောက်တော့ ကျွန်တော် အားလုံးကို နားလည်သွားခဲ့ပြီ၊ ခင်ဗျား မပြောချင်လို့ မဟုတ်ဘူး၊ ပြောပြလို့ မရခဲ့တာ”
သူ ခဏရပ်လိုက်သည်။
“ခင်ဗျား ငယ်ငယ်က ရှိခဲ့ဖူးတဲ့ တောက်ပတဲ့ အနာဂတ်ဆိုတာ ခင်ဗျားအဖေနဲ့ တိုက်ရိုက် ပတ်သက်နေလို့ပဲ”
ဖုန်းပုကြွယ်သည် လူတိုင်းဘက်သို့ မျက်နှာမူကာ လမ်းလျှောက်ရင်း ပြောဆိုပြန်သည်။
“မစ္စတာဘာတွန် အသက် ခုနစ်နှစ်အရွယ်မှာ သူ့အမေဟာ စိတ်ကျရောဂါကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့တယ်၊ ကျွန်တော်ထင်တာတော့... အဲ့ဒီ အမျိုးသမီးသာ နောက်ထပ် နှစ်အနည်းငယ်လောက်အထိ တောင့်ခံနိုင်ခဲ့မယ်ဆိုရင် သူမဟာ ဒီအိမ်တော်ရဲ့ ဒုတိယမြောက် သခင်မကြီး ဖြစ်လာနိုင်သလို၊ ဂျွန်အနေနဲ့လည်း ဖခင်ရဲ့ မျိုးရိုးအမည်ကို တရားဝင် ခံယူခွင့် ရရှိခဲ့မှာ သေချာတယ်။
နှမြောစရာကောင်းတာက ဒီလောကမှာ ‘အကယ်၍’ ဆိုတဲ့ စကားလုံး မရှိတာပဲ။
ကျွန်တော်တို့ အဲ့ဒီအချိန်တုန်းက မစ္စဘာတွန်ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကို မှန်းဆကြည့်လို့ ရပါတယ်... သူ ချစ်ရတဲ့ အမျိုးသားက သူ့ကို တရားဝင် အဆင့်အတန်းတစ်ခု ပေးမယ့်နေ့ကို တစ်နှစ်ပြီးတစ်နှစ် စောင့်ဆိုင်းနေခဲ့ရပေမဲ့ အဲ့ဒီအမျိုးသားကတော့ ဇနီးနဲ့ ကွာရှင်းဖို့ အရိပ်အယောင်တောင် မပြခဲ့တဲ့အပြင် ဇနီးဖြစ်သူနဲ့ ဒုတိယမြောက်ကလေးကိုတောင် ထပ်ယူခဲ့သေးတယ်၊ မိခင်ဖြစ်သူက သားကို ကျောင်းအပ်ဖို့ ခေါ်သွားတဲ့အခါ အဲ့ဒီကလေးက ‘မေမေ... ဘာလို့ တခြားသူငယ်ချင်းတွေကျတော့ ဖေဖေကော မေမေကော အတူတူရှိနေကြတာလဲ’ လို့ မေးခဲ့ရင် သူဘယ်လို ပြန်ဖြေရပါ့မလဲ၊ သားဖြစ်သူကို ဘာဖြစ်လို့ မိခင်ရဲ့ မျိုးရိုးအမည်ပဲ ခံယူထားရသလဲဆိုတာကိုတောင် သူရှင်းမပြနိုင်ခဲ့ရှာဘူး။
ဒါပေမဲ့ သူ့မှာ အဲ့ဒီအမျိုးသားကို စွန့်ခွာပြီး တစ်ယောက်တည်း သီးသန့်ရပ်တည်နိုင်မယ့် စွမ်းအားလည်း မရှိခဲ့ဘူး၊ သူဟာ အဆင့်နိမ့်အမြောင်မယားတစ်ယောက်သာ ဖြစ်တာမို့ လုပ်နိုင်တာဆိုလို့ ခါးခါးသီးသီး ငိုကြွေးစောင့်ဆိုင်းရင်း စိတ်ထဲက သောကတွေကို တိတ်တဆိတ် ရင်ဖွင့်နေရုံကလွဲလို့ ဘာမှမရှိခဲ့ဘူး။
ဒါကြောင့်ပဲ အဲ့ဒီဆောင်းရာသီမှာ သူဟာ ကယ်တင်ခြင်းကို ရှာဖွေဖို့နဲ့ အဲ့ဒီအမျိုးသားရဲ့ နှလုံးသားထဲမှာ ထာဝရ နေရာတစ်ခု ယူသွားနိုင်ဖို့အတွက် ကိုယ့်အသက်ကို အဆုံးစီရင်ခဲ့တာ ဖြစ်တယ်”
နံရံဘေးရှိ ကုလားထိုင်တွင် ထိုင်နေသော ကိုးလ်စတန်သည် သူ၏ မာနကြီးလှသော ဦးခေါင်းကို နက်ရှိုင်းစွာ ငုံ့လျက် လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ထားမိလေသည်။
“နောက်ပိုင်းမှာတော့ နောင်တရနေတဲ့ ဖခင်ဖြစ်သူဟာ သူ့ရဲ့ တရားမဝင်သားကြီးကို နိုင်ငံခြားက အဆောင်နေကျောင်းတစ်ခုဆီ ပို့လိုက်တယ်”
ဖုန်းပုကြွယ်က ဆက်ပြောသည်။
“သူဟာ အဲ့ဒီကလေးကို သူနဲ့ဝေးရာမှာထားပြီး သူ့အမေကို ထောက်ပံ့ခဲ့သလိုပဲ ငွေကြေး ထောက်ပံ့ပေးခဲ့တယ်။
ကလေးက အလျင်အမြန်ပဲ ကြီးပြင်းလာပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ့တယ်၊ ကဏ္ဍအသီးသီးမှာ ထူးချွန်ခဲ့ပြီး အရွယ်နှင့်မမျှအောင် ရင့်ကျက်မှုရှိခဲ့တယ်၊ ဒါပေမယ့်လည်း... သူ့စိတ်ထဲမှာတော့ နာကျည်းချက်တွေ ကိန်းအောင်းနေခဲ့တာပေါ့။
သူဟာ အဖေဖြစ်သူ ပေးသမျှအရာအားလုံးအပေါ် ဘယ်တုန်းကမှ ကျေးဇူးမတင်ခဲ့ဘူး၊ သူ့အမြင်မှာတော့ ဒါတွေအားလုံးဟာ သူ့အမေက အသက်နဲ့လဲပြီး ပေးဆပ်ခဲ့ရလို့ သူရထိုက်တဲ့ အရာတွေချည်းပဲ၊ အဆုံးသတ်မှာတော့ သူ့အဖေဟာ သံယောဇဉ်မပါဘဲ ငွေကြေးနဲ့ပဲ အပြစ်ဖြေဖို့ ကြိုးစားခဲ့တာ မဟုတ်လား။
ဒါကြောင့်ပဲ သင့်တော်တဲ့ အသက်အရွယ်ကို ရောက်တဲ့အခါ မွေးရာပါ ပုန်ကန်လိုစိတ်ရှိတဲ့ ဘာတွန်လေးဟာ...”
“နောက်ဆုံးမှာ အရာအားလုံး ပေါက်ကွဲထွက်သွားတော့တယ်၊ ပညာအရည်အချင်း မြင့်မားပြီး၊ ရုပ်ရည်ချောမောပြီး အလားအလာကောင်းတဲ့ လူငယ်လေးတစ်ယောက်ဟာ သူခိုးကြီးတစ်ယောက် ဖြစ်လာခဲ့တော့တယ်”
ဖုန်းပုကြွယ်သည် သူ့လက်ဖဝါးကို လှန်၍ ဘာတွန်ဘက်သို့ ညွှန်ပြလိုက်သည်။
“ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျာ... ကျွန်တော့်ရဲ့ အသုံးအနှုန်းကို သေချာ သတိပြုပေးကြပါ၊ ‘သူခိုးကြီး’ ပါ”
သူ နှုတ်ခမ်းကို ကွေးညွတ်လိုက်သည်။
“မစ္စတာ ဘာတွန်ကိုယ်တိုင်ကတော့ ကျွန်တော့်ကို သူဟာ ‘သော့ဖွင့်ခိုးတတ်တဲ့ သူခိုးလေး’ သာ ဖြစ်ပြီး ‘အသက် ၃၀ အရွယ်တုန်းက ပန်တွန်ဗေးလ်ထောင်ထဲမှာ နှစ်နှစ် ဖြတ်သန်းခဲ့ရတယ်’ လို့ ပြောခဲ့ပေမဲ့... ကျွန်တော့်လက်ထဲက အထောက်အထားတွေအရတော့ သူဟာ ဘယ်လိုနည်းနဲ့မှ အောက်ခြေအဆင့် သာမန်သူခိုးလေး မဟုတ်ပါဘူး၊ သူဟာ အိုးရှန်းအလဲဗင်း (Ocean's Eleven - ၁၉၆၀ ပြည့်နှစ်တွင် လူးဝစ် မိုင်းလ်စတုန်းရိုက်ကူးပြီး ၂၀၀၁ ခုနှစ်တွင် စတီဗင်ဆိုဒါဘတ် ပြန်လည်ရိုက်ကူးခဲ့သည့် ရုပ်ရှင်) ဇာတ်ကားထဲကလို ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက်ပါပဲ”
“ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဘာတွန်က အေးစက်စွာ ပြန်ပြောလိုက်သည်။
“ရပါတယ်”
ဖုန်းပုကြွယ်သည် ဘာတန်ကို ကြည့်ကာ သဘာဝကျကျ ပြန်လည်တုံ့ပြန်လိုက်ပြီး စကားကို ဆက်ပြောလိုက်သည်။
“ခင်ဗျား ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေနဲ့ ပတ်သက်ရင်... အဲ့ဒါက နှစ်နှစ် မဟုတ်ဘူး၊ ဆယ်နှစ်တိတိ... ဆယ်နှစ်အပြည့်ပဲ”
သူ သက်ပြင်းတစ်ချက်ချလိုက်သည်။
“ခင်ဗျားဟာ အသက် ၂၀ ကျော် အရွယ်ကတည်းက ထောင်ထဲရောက်သွားခဲ့ပြီး လွန်ခဲ့တဲ့ ရှစ်နှစ်ကမှ ပြစ်ဒဏ်စေ့လို့ ပြန်လွတ်လာခဲ့တာ၊ ခင်ဗျားမှာ အလုပ်အကိုင်မရှိ၊ သူငယ်ချင်းမရှိ ဖြစ်နေချိန်မှာ ခင်ဗျားအဖေက ဒါကို သိသွားခဲ့တယ်၊ လောကမှာ ခင်ဗျားရဲ့ တစ်ဦးတည်းသော ဆွေမျိုးအရင်းအချာ အနေနဲ့ သူက ခင်ဗျားကို ခေါ်ယူစောင့်ရှောက်ခဲ့တာပေါ့၊ ဒါပေမဲ့ သူ့ရဲ့ တရားဝင် သားသမီးတွေအားလုံးက အသက်ပြည့်ပြီးသား လူကြီးတွေ ဖြစ်နေကြပြီ၊ သူက ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ကို အိမ်ခေါ်လာပြီး ‘ဟေး... ဒါ မင်းတို့ရဲ့ အဖေတူအမေကွဲ အစ်ကိုကြီးပဲ၊ သူ ထောင်က ထွက်လာတာ မကြာသေးဘူး’ လို့ လွယ်လွယ်နဲ့ ဘယ်လိုမိတ်ဆက်ပေးနိုင်မှာလဲ။
ဒါကြောင့်ပဲ... ခင်ဗျားရဲ့ အဆင့်အတန်းဟာ ဒီအိမ်က ဥယျာဉ်မှူး ဖြစ်လာခဲ့ရတာပေါ့”
ဖုန်းပုကြွယ်သည် ထိုသို့ပြောပြီးနောက် ပြတင်းပေါက်နားသို့ လျှောက်သွားကာ ခဏရပ်တန့်၍ တိတ်ဆိတ်သွားလေသည်။ ကြည့်ရသည်မှာ သူ့နောက်မှ လူများကို တွေးတောဆင်ခြင်ရန် အချိန်ပေးနေသည့်အလား ဖြစ်သည်။
“ဒီည လမင်းကြီးကတော့ တကယ်လှနေတာပဲနော်”
ခဏအကြာတွင် ဖုန်းပုကြွယ်သည် ပြတင်းပေါက်အပြင်ဘက်ရှိ ညကောင်းကင်ယံကို ငေးမောရင်း သက်ပြင်းချကာ ထပ်မံ ပြောဆိုပြန်သည်။
ထမင်းစားခန်းထဲရှိ အခြားလူများမှာမူ ထိုလမင်းအလှကို ခံစားနိုင်မည့် စိတ်အနေအထားတွင် လုံးဝ ရှိမနေကြပေ။ သူတို့ရင်ထဲတွင် ရောပြွန်းနေသော ခံစားချက်မျိုးစုံတို့ဖြင့် ပြည့်နှက်နေပြီး ယခုကဲ့သို့ ရုတ်တရက် ပေါ်ပေါက်လာသည့် အပြောင်းအလဲကြီးကို မည်သို့ရင်ဆိုင်ရမှန်း မသိအောင် ဖြစ်နေကြလေသည်။
“ကောင်းပြီ... သေတမ်းစာအကြောင်း ဆက်ပြောကြရအောင်”
ဖုန်းပုကြွယ်က လှည့်လာလေသည်။
“ကျွန်တော် ပြောခဲ့သလိုပဲ... ကျွန်တော် အဲ့ဒီသေတမ်းစာကို ဖတ်ပြီးသွားကတည်းက အခြေခံအားဖြင့် သေချာသွားတာတစ်ခုက... ဒန်းနစ်ဟာ ကိုးလ်စတန်ရဲ့ သားအရင်း မဟုတ်ဘူးဆိုတာပဲ”
“ဒန်းနစ်ရဲ့ နာမည်က အဲ့ဒီသေတမ်းစာထဲမှာ မပါဘူးလား”
စကိုးဖီးလ်က ဖုန်းပုကြွယ်၏ အတွေးနောက်သို့ လိုက်ပါရင်း မေးမြန်းလိုက်သည်။
“မပါတာ သေချာတာပေါ့”
ဖုန်းပုကြွယ်သည် နံရံဘေးရှိ ကိုးလ်စတန်၏ ပုံတူပန်းချီကားကို ညွှန်ပြလိုက်သည်။
“မစ္စတာ လဗ်ခရက်ဖ်ဟာ သူ့ရဲ့ မိသားစုဝင်တွေအပေါ် အမြဲတမ်း အတော်လေး ကောင်းမွန်ခဲ့တယ်၊ ဥပမာအားဖြင့် သခင်လေး ဂျက်ခ်နဲ့ မစ္စနန်စီတို့ကို ကြည့်ပါဦ၊ သူတို့ ဘဝမှာ ဘယ်လိုလမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် မစ္စတာကိုးလ်စတန်ဟာ ငွေကြေးကော စိတ်ရှည်သည်းခံမှုပါ မနှမြောဘဲ တတ်နိုင်သမျှ ပံ့ပိုးပေးခဲ့တာချည်းပဲ”
သူက ခေါင်းကို စောင်းရင်း “တကယ်လို့ ဂျက်ခ်သာ ကျွန်တော့်သားဆိုရင်တော့ သူ့ ‘အိပ်မက်တွေနောက် လိုက်လံအကောင်အထည်ဖော်တဲ့’ ပထမဆုံးနှစ်မှာတင် ငတ်သေသွားလောက်ပြီ”
“ဟေး”
ဂျက်ခ်က မပျော်မရွှင်ဖြင့် ညည်းတွားလိုက်သည်။
“ဟဲဟဲ...”
ဖုန်းပုကြွယ် ခပ်ဖွဖွ ရယ်မောလိုက်သည်။
“ဒါပေမဲ့... ဒီလူအိုကြီးက တခြားသူတွေကိုကျတော့ ဘယ်လို ဆက်ဆံခဲ့သလဲ”
ထို့နောက် သူ ဟန်ဒါဆန်ဘက်သို့ လှည့်လိုက်ပြန်သည်။
“ကိုယ့်မိန်းမနဲ့ ဖောက်ပြန်ခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ အသက် ၇၀နီးပါး ရှိနေသည့်တိုင်အောင် အခုထိ သူ့အိမ်မှာ အစေခံအဖြစ် တာဝန်ထမ်းဆောင်နေရပြီး ပင်ပင်ပန်းပန်းအလုပ်တွေကိုပါ လုပ်ကိုင်နေရတုန်းပဲ၊ ဒါက တိုက်ဆိုင်မှုသက်သက်ပဲလား၊ ဒန်းနစ်ရဲ့ နာမည်က သေတမ်းစာထဲမှာ မပါဘူး၊ သူရေးဖို့ မေ့သွားခဲ့တာလား”
“ဖေဖေ... ဖေဖေ သိနေခဲ့တာလား...”
နန်စီသည် ချက်ချင်းသဘောပေါက်သွားပြီး ဖခင်ဖြစ်သူအား အံ့သြတကြီးကြည့်ကာ မေးမြန်းလိုက်သည်။
“ဟုတ်တယ်... ငါအမြဲတမ်း သိနေခဲ့တာပါ”
ကိုးလ်စတန်က ကြမ်းရှရှလေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဒန်းနစ် မွေးဖွားပြီး သိပ်မကြာခင်ကတည်းက ငါသိခဲ့တာ၊ ဒါပေမဲ့ ငါဒါကို သူ့အမေကိုကော ဟန်ဒါဆန်ကိုကော ဘယ်တုန်းကမှ ထုတ်မပြောခဲ့ဘူး...”
“ဟန်ဒါဆန်ကတော့ နက်နက်ရှိုင်းရှိုင်းနောင်တတွေနဲ့အတူ သူ့ရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံးမှာ အပြစ်ဖြေဖို့ ကြိုးစားခဲ့တာပေါ့၊ သူ့ရဲ့ ခန္ဓာကိုယ်က အိမ်စေတစ်ယောက်ရဲ့ အလုပ်တွေကို မလုပ်နိုင်တော့တဲ့အထိ အနားယူဖို့ ငြင်းဆန်ခဲ့တယ်၊ သူဟာ ဒီအိမ်ကြီးမှာပဲ... သခင်မကြီးနဲ့ သူ့သားဖြစ်သူ နေထိုင်ခဲ့တဲ့ နေရာမှာပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး မောပန်းနွမ်းနယ်ပြီး သေဆုံးသွားမယ့် နေ့အထိပဲ အလုပ်လုပ်ချင်ခဲ့တာ”
ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။
“ကိုးလ်စတန်ရဲ့ ဂုဏ်သိက္ခာဟာ နင်းချေခံခဲ့ရတာဖြစ်ပြီး သူကိုယ်တိုင်လည်း ဒါကို ခွင့်မလွှတ်နိုင်ခဲ့တာကြောင့် ဟန်ဒါဆန်ကို တားဆီးဖို့ မကြိုးစားခဲ့တာ ဖြစ်တယ်”
“ဟူး...”
ဖုန်းပုကြွယ် သက်ပြင်းချလိုက်သည်။
“သေတမ်းစာကို ဖတ်ပြီးတဲ့နောက်တော့ ဟန်ဒါဆန် ဘာဖြစ်လို့ အလောင်းကို မြင်မြင်ချင်း မေ့လဲသွားခဲ့ရသလဲဆိုတာ ကျွန်တော် နောက်ဆုံးတော့ နားလည်သွားခဲ့တယ်၊ ဘာလို့လဲဆိုတော့... သေဆုံးသွားတဲ့သူက သူ့ရဲ့ သားအရင်း ဖြစ်နေလို့ပဲ”
“ကျွန်တော် တောင်းပန်ပါတယ် ဟန်ဒါဆန်”
ဘာတွန်က ဟန်ဒါဆန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ကျွန်တော့်မှာ ခင်ဗျားအပေါ် ဘာရန်ငြိုးမှ မရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော် ဒါကို လုပ်ကို လုပ်ရမယ်”
ဟန်ဒါဆန်သည် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ စားပွဲတွင် ငြိမ်သက်စွာ ထိုင်နေဆဲဖြစ်ပြီး သူ့မျက်နှာမှာ စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေဆဲပင် ဖြစ်သည်။
“ဟုတ်တယ်၊ ခင်ဗျား ဒါကို လုပ်ကို လုပ်ရမှာပဲ”
ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ဒီနေ့နေခင်းပိုင်းမှာ ခင်ဗျားဟာ ကိုးလ်စတန်နဲ့ ဒန်းနစ်တို့ ဒုတိယထပ်အခန်းထဲမှာ စကားပြောနေကြတာကို မတော်တဆ ကြားခဲ့လို့ပဲ”
သူသည် စားပွဲဆီသို့ ပြန်သွားလိုက်ပြီး ပစ္စည်းအားလုံးကို စာရွက်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
“ခင်ဗျားဟာ ကော်ရစ်ဒါထဲမှာ တံခါးကို နားကပ်ပြီး ချောင်းနားထောင်မယ့်သူမျိုး မဟုတ်တာ သေချာတယ်၊ အဲ့ဒါက လူမိဖို့ အရမ်းလွယ်လွန်းလို့လေ၊ ဒါကြောင့် ခင်ဗျားဟာ သိုလှောင်ရုံကိုသွားပြီး ကပ်ကြေးတစ်လက်နဲ့ လှေကားတစ်ခုကို ယူပြီး အပြင်ထွက်ခဲ့တယ်၊ ပြီးတော့ အဲ့ဒီအခန်းနဲ့ အနီးဆုံး သစ်ပင်ပေါ်ကိုတက်ပြီး ချောင်းနားထောင်ခဲ့တာပေါ့၊ ဒီလိုနည်းနဲ့ဆိုရင် တစ်ယောက်ယောက်က ခင်ဗျားကို မြင်သွားရင်တောင်မှ ခင်ဗျားက သစ်ကိုင်းတွေ ဖြတ်တောက် ရှင်းလင်းနေတာပါဆိုပြီး ချက်ချင်းဟန်ဆောင်လို့ ရတာကိုး”
ဖုန်းပုကြွယ်သည် စားပွဲပေါ်ရှိ နောက်ဆုံးလက်ကျန် ဝိုင်နီအနည်းငယ်ကို လှမ်းယူကာ ဝိုင်ခွက်ထဲသို့ အကုန်ငှဲ့ထည့်လိုက်သည်။
“ဒါပေမဲ့ လှေကားတစ်ခု ရောက်နိုင်တဲ့အမြင့် ဒါမှမဟုတ် သာမန်လူတစ်ယောက် တက်နိုင်တဲ့ နေရာဆိုတာ ဒုတိယထပ် ပြတင်းပေါက်နဲ့ အတော်လေး ဝေးပါသေးတယ်၊ တစ်နည်းအားဖြင့်... သာမန်လူတစ်ယောက် သစ်ပင်ပေါ်တက်ရုံနဲ့တော့ အဲ့ဒီအခန်းထဲက စကားပြောသံတွေကို ကြားနိုင်မှာ မဟုတ်ဘူး...”
“ထူးခြားတဲ့ စွမ်းရည်ရှိတဲ့သူ ဖြစ်နေတာက လွဲရင်ပေါ့”
စကိုးဖီးလ်က ဝင်ထောက်ပြသည်။ သူသည်လည်း ဘာတွန်၏ ဖိုင်ကို ဖတ်ဖူးထားသဖြင့် ထိုလူ၏ စွမ်းရည်အချို့ကို ရိပ်မိထားခြင်း ဖြစ်သည်။
“ခင်ဗျားက ကြောင်တွေပဲ တက်နိုင်မယ့် သစ်ကိုင်းအမြင့်ကြီးအထိ တက်သွားခဲ့ပြီး ခင်ဗျားရဲ့ ထူးကဲလှတဲ့ အကြားအာရုံကိုသုံးပြီး အထဲက စကားပြောသံတွေကို အောင်မြင်စွာ ချောင်းနားထောင်နိုင်ခဲ့တာပဲ”
ဖုန်းပုကြွယ်က ဆိုသည်။
“ရှင်းရှင်းပြောရရင် ဒန်းနစ်နဲ့ ကိုးလ်စတန်တို့ အငြင်းပွားခဲ့ရတဲ့ အကြောင်းရင်းက ဒန်းနစ်က ကိုးလ်စတန်ကို မစ္စအိုဒက်တ်ရဲ့ နာမည်ကို သေတမ်းစာထဲကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုနေလို့ မဟုတ်ဘူး...”
သူက ဝိုင်ကို တစ်ငုံသောက်လိုက်သည်။
“သူက ကိုးလ်စတန်ကို သေတမ်းစာထဲက လူအားလုံးရဲ့ နာမည်တွေကို ပယ်ဖျက်ခိုင်းပြီး ‘ဒန်းနစ် လဗ်ခရက်ဖ်’ ဆိုတဲ့ နာမည်တစ်ခုတည်းကိုပဲ ထည့်ခိုင်းနေတာ ဖြစ်တယ်”
တရားဝင် အမွေဆက်ခံသူသုံးဦးဖြစ်ကြသော ဂျက်ခ်၊ နန်စီနှင့် အိုဒက်တ်တို့သည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာများ ချက်ချင်း ဖြူဖျော့ကုန်ကြတော့သည်။
“ကျွန်တော် ထင်တာတော့ ဒန်းနစ်ဟာ ကိုးလ်စတန်ရဲ့ ရှေ့နေကို လာဘ်ထိုးတာမျိုး စတဲ့ နည်းလမ်းတစ်ခုခုနဲ့ သေတမ်းစာရဲ့ အကြောင်းအရာတွေကို ကြိုသိသွားခဲ့တာ ဖြစ်မယ်...”
ဖုန်းပုကြွယ်က ဆက်ပြောသည်။
“ပြီးတော့ သူက ပုဂ္ဂလိက စုံထောက်တချို့ကို ငှားရမ်းပြီး ခြေရာခံလိုက်ခိုင်းရုံနဲ့တင် ဘာတွန်ရဲ့ အမှန်တရားကို အလွယ်တကူ ဖော်ထုတ်နိုင်ခဲ့တာပဲ”
သူသည် ဖန်ခွက်ထဲမှ ဝိုင်ကို တစ်ကျိုက်တည်းနှင့် အကုန်အစင် မော့သောက်ပစ်လိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် သတ်သေမှု၊ ထောင်ကျဖူးတဲ့ တရားမဝင်သားကြီး၊ အိမ်ထောင် ခဏခဏကျဖူးတဲ့ သူဌေးကြီး... ဒီဇာတ်လမ်းကိုသာ လူပြိန်းကြိုက် သတင်းစာတိုက်တစ်ခုဆီ ပေးလိုက်ရင် ခြောက်လတိတိ ဆက်တိုက်ဖော်ပြလို့ ရတဲ့အထိပဲ၊ ဒန်းနစ်က ဒီအချက်တွေကိုသုံးပြီး မစ္စတာ ကိုးလ်စတန်ကို ခြိမ်းခြောက်ပြီး သူ့အလိုကျဖြစ်အောင် ဖိအားပေးခဲ့တာ သေချာတယ်”
“မဟုတ်ဘူး၊ ရှင်ပေါက်ကရတွေ လျှောက်ပြောနေတာပဲ၊ ကျွန်မရဲ့ ဒန်းနစ်က အဲ့ဒီလို မလုပ်လောက်ပါဘူး၊ သူက ဘာဖြစ်လို့ ကျွန်မအဖေကို ဒီအဆင့်အထိ ဖိအားပေးရမှာလဲ၊ အမွေက ဘာအရေးကြီးလို့လဲ၊ သူက ကျွန်မနဲ့ လက်ထပ်ထားပြီးသားပဲ၊ ကျွန်မတို့ မိသားစုက...”
ကာရိုးလ်က စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလာလေသည်။
ဖုန်းပုကြွယ်က သူမစကားကို ဖြတ်ပြောလိုက်သည်။
“ခင်ဗျားက တကယ့်ကို သနားစရာကောင်းတဲ့ မိန်းမပဲ”
ကာရိုးလ်သည် မျက်လုံးများ ပြူးကျယ်သွားပြီး မျက်ရည်များ ဝဲတက်လာတော့သည်။ သူမသည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသော်လည်း အခုချိန်ထိ လက်မခံနိုင်သေးသည့်အလား ဖြစ်နေပေသည်။
“ဒန်းနစ်ဟာ သူကိုယ်တိုင် မစ္စတာ လဗ်ခရက်ဖ်ရဲ့ သားအရင်း မဟုတ်ဘူးဆိုတာကို အချိန်အတော်ကြားကတည်းက သိနေခဲ့တာ ဖြစ်ရမယ်”
ဖုန်းပုကြွယ်က ဆိုသည်။
“သူ့အမေက သူမကွယ်လွန်ခင်မှာ ဒါကို ပြောပြခဲ့တာ သေချာတယ်၊ ဆိုလိုတာက... သူ ကလေးဘဝကတည်းက သိနေခဲ့တာပေါ့၊ သူဟာ သူ့ရဲ့ မွေးဖခင်အရင်းအပေါ်ကော သူ့ရဲ့ မွေးဖွားခြင်းအပေါ်မှာပါ နက်ရှိုင်းတဲ့ နာကျည်းချက်တွေ ရှိနေခဲ့တာကြောင့်ပဲ ဟန်ဒါဆန်အပေါ် ဒီလောက်အထိ အေးစက်ခဲ့တာ ဖြစ်သလို၊ သူ့ရဲ့ မွေးချင်းမောင်နှမတွေအပေါ်မှာလည်း အင်မတန် လျစ်လျူရှုထားခဲ့တာ။
သူဟာ သူ့ရဲ့ အနာဂတ်ရပ်တည်ချက် သေချာစေဖို့အတွက် လဗ်ခရက်ဖ်ထက် လူမှုအဆင့်အတန်း ပိုမြင့်တဲ့မိသားစုတစ်စုက အမျိုးသမီးတစ်ယောက်ကို လက်ထပ်ခဲ့တာ ဖြစ်တယ်၊ သူ ကိုးလ်စတန်ရဲ့ သေတမ်းစာကို စုံစမ်းစစ်ဆေးခဲ့တာကလည်း သူ့ရဲ့ ကိုယ်ပိုင်အဆင့်အတန်းကို ကောင်းကောင်း နားလည်ထားလို့ ဖြစ်သလို အဲ့ဒီအဘိုးကြီးရဲ့ စရိုက်ကိုလည်း သူသိထားလို့ပဲ။
ဒန်းနစ်မှာ သူ့ရဲ့ နာမည်ခံဖခင်ဖြစ်သူ ကိုးလ်စတန်အပေါ် ဘာသံယောဇဉ်မှ မရှိခဲ့ဘူး၊ သူ့စိတ်ထဲမှာ ရှိနေတဲ့ သိမ်ငယ်စိတ်ဟာ ဒီအိမ်ထဲက ဘယ်သူ့ထက်မဆို ပိုပြီးတော့ ကြီးမားနေခဲ့တာလေ၊ သေတမ်းစာထဲမှာ ‘ဘာတွန်’ ဆိုတဲ့ နာမည်…ကျွန်တော့်ရဲ့ စကားလုံး ရွေးချယ်မှုကို ခွင့်လွှတ်ပေးပါ... ဒီလူညစ်ပတ်ကောင်ရဲ့ နာမည် ပါဝင်နေပြီး ဆယ်စုနှစ်ပေါင်းများစွာ သူတစ်ပါးရဲ့ သားအဖြစ် နေထိုင်ခဲ့ရတဲ့ သူကိုယ်တိုင်ကျတော့ တစ်ပြားမှ မရဘူးဆိုတာကို သိသွားတဲ့အခါမှာ… သူအခုလို လုပ်ရပ်တွေ လုပ်ခဲ့တာက လုံးဝ သဘာဝကျပါတယ်”