← Chapters

အခန်း ၃၃

Vol. 39 Ch. 33

အခန်း ၃၃

Vol. 39 Ch. 33

အခန်း (၃၃) အမှန်တရား

“နိဂုံးချုပ်ရရင်တော့ မစ္စတာ ဘာတွန်... ဒါမှမဟုတ် ဂျွန် လဗ်ခရက်ဖ်ရဲ့ လူသတ်ရတဲ့ နောက်ကွယ်က ရည်ရွယ်ချက်ဟာ အခုဆို ကွင်းကွင်းကွက်ကွက် ပေါ်လွင်သွားပြီလေ”

ဖုန်းပုကြွယ်သည် ဂျက်ခ်နှင့် နန်စီတို့ကို လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့ အစ်ကိုကြီးရဲ့ စရိုက်၊ အရည်အချင်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေဟာ ခင်ဗျားတို့နှစ်ယောက်နဲ့ ဒန်းနစ် စုပေါင်းထားတာထက်တောင် သာလွန်ပါသေးတယ်၊ သူဟာ အသက် ၂၀ ကျော် အရွယ်ကတည်းက ကျွမ်းကျင်တဲ့ သူခိုးကြီးတစ်ယောက် ဖြစ်နေခဲ့တာ၊ ထောင်ထဲမှာ ဆယ်နှစ်ကြာ ဖြတ်သန်းပြီးတဲ့နောက်တော့ သူဟာ ပိုလို့တောင် ရက်စက်တည်ငြိမ်တဲ့သူ ဖြစ်လာခဲ့တာ သေချာပါတယ်။

အခုအချိန်မှာတော့ သူဟာ စိတ်ရှည်တယ်၊ ပြတ်သားတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း လူမသိအောင် ဖုံးကွယ်ထားနိုင်တယ်၊ ဒီလိုလူမျိုးက လူတစ်ယောက်ကိုသတ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် သူလုပ်ဆောင်ပုံက တကယ့်ကို အံ့အားသင့်စရာကောင်းလောက်အောင် သွက်လက်မြန်ဆန်နေမှာပဲ၊ သာမန်လူတွေဆိုရင် ပြင်ဆင်ဖို့နဲ့ တွေဝေတုံ့ဆိုင်းဖို့ အနည်းဆုံး ရက်အနည်းငယ်လောက် အချိန်ယူရမယ့် ကိစ္စမျိုးကို သူကတော့ ချက်ချင်းလုပ်ဆောင်နိုင်စွမ်း ရှိတယ်”

ထို့ကြောင့်ပင်... သူသည် သစ်ကိုင်းပေါ်မှ အောက်သို့ ပြန်မဆင်းခင် စတင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ သူသည် ကပ်ကြေးကို အသုံးပြု၍ သစ်ကိုင်းတွင် ချည်နှောင်ထားသော ဝါယာကြိုးတစ်ပင်ကို ချက်ချင်း ဖြတ်တောက်ခဲ့သည် (၎င်းသည် သစ်ပင်များကို အလိုရှိရာ ပုံသဏ္ဌာန်အတိုင်း ကြီးထွားလာစေရန် ပုံသွင်းရာတွင် အသုံးပြုလေ့ရှိသော သာမန်နည်းလမ်းတစ်ခု ဖြစ်သည်)။ ထိုဝါယာကြိုးသည် လူသတ်လက်နက်ဖြစ်ပြီး သူသည် ၎င်းကို အိမ်ထဲသို့ ပြန်လည် ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

သေနတ်ပစ်မှု ဖြစ်ပွားပြီးနောက် ဒန်းနစ် အခန်းထဲတွင် တစ်ဦးတည်း ရှိနေမည့် အခွင့်အရေးကို ဆုပ်ကိုင်၍ ဘာတွန်က တံခါး သွားခေါက်ခဲ့ခြင်းဖြစ်သည်။ ဒန်းနစ်သည် အစောပိုင်းက သူ ခြိမ်းခြောက်ပြောဆိုခဲ့သော စကားများကို ဘာတွန်ချောင်းနားထောင်ခဲ့သည်ကို လုံးဝမသိခဲ့သလို ဘာတွန်သည်လည်း ဘာမှမသိသေးဘဲ အမှောင်ထဲတွင် ရှိနေဆဲဟု ထင်မှတ်ထားခဲ့သည်။ ဘာတွန်မှာမူ မည်သည့်အရာမှ မသိနားမလည်သကဲ့သို့ ဟန်ဆောင်ကာ ထောင့်ရှိပန်းအိုးထဲမှ ပေါင်းပင်များကို ရှင်းလင်းရန် အသေးအဖွဲ အိမ်အလုပ်အချို့ လုပ်ဆောင်ရန် ဝင်လာခဲ့ခြင်းဖြစ်ကြောင်းသာ ပြောဆိုခဲ့သည်။

“အဲ့ဒီလိုဆိုတော့... မစ္စတာ ဘာတွန် အခန်းထဲဝင်လာတဲ့အချိန်မှာ လက်အိတ် စွပ်ထားခဲ့ရင်တောင်မှ ဒန်းနစ်အနေနဲ့ ထူးဆန်းတယ်လို့ ထင်စရာ အကြောင်းမရှိဘူးပေါ့”

စကိုးဖီးလ်က ဝင်ထောက်ပြလိုက်သည်။ ဤစုံထောက်ကြီးသည် စုံစမ်းစစ်ဆေးမှုနှင့် ကျိုးကြောင်းဆင်ခြင်မှုတစ်လျှောက် အစ်ကိုကြွယ်နှင့်အတူ လိုက်ပါလာခဲ့သူပီပီ စုံစမ်းစစ်ဆေးနိုင်စွမ်း အနည်းငယ် ကျန်ရှိနေသေးပုံရကာ မှုခင်း၏ အသေးစိတ်အချက်အလက်များကို မေ့လျော့မသွားခဲ့ပေ။

“မှန်တာပေါ့ စုံထောက်ကြီးရယ်”

ဖုန်းပုကြွယ် ခေါင်းညိတ်ပြသည်။

“ဒါကြောင့်ပဲ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့အတိုင်း... ဒန်းနစ်က ဆိုဖာပေါ်မှာ ဆေးလိပ်သောက်နေပြီး ဘာတွန်ကတော့ ဒန်းနစ်ရဲ့ မျက်ကွယ်နေရာထဲမှာ အလုပ်ရှုပ်နေခဲ့တာပေါ့၊ ဒါပေမဲ့... နောက်မြင်ကွင်းကတော့ လူသတ်မှုတစ်ခုပဲပေါ့”

သူ ဘာတွန်ကို ကြည့်လိုက်သည်။

“စောစောက ခင်ဗျား ကျွန်တော့်ဆီကို တိတ်တဆိတ် အနားတိုးလာဖို့ ကြိုးစားသလိုမျိုးပဲ... ဖြစ်ပွားချိန်မှာ‌ ခင်ဗျားက ဒန်းနစ်ရဲ့ နောက်ကနေ တိတ်တဆိတ်နဲ့ အလျင်အမြန် ချဉ်းကပ်သွားပြီး အိတ်ထဲက လက်နက်နဲ့ လည်ပင်းညှစ် သတ်ပစ်လိုက်တာပဲ။

ခင်ဗျား အခန်းထဲက လွတ်မြောက်ဖို့ ပြင်ဆင်နေချိန်မှာ တစ်ယောက်ယောက် တံခါးလာခေါက်တဲ့အထိ အရာအားလုံးက အဆင်ပြေပြေ လည်ပတ်နေခဲ့တာ။

မစ္စအိုဒက်တ်ဟာ ခင်ပွန်းဖြစ်သူနဲ့ ဒန်းနစ်တို့ သူ့ကြောင့် ရန်ဖြစ်နေကြမှာ စိုးရိမ်စိတ်နဲ့ ဒန်းနစ်ကို စကားလာပြောခဲ့တာ ဖြစ်တယ်၊ ဒါပေမဲ့ သူမသိခဲ့တာက ဧည့်သည်ခန်းထဲမှာ လူသတ်မှုတစ်ခု လတ်လတ်ဆတ်ဆတ် ဖြစ်ပွားပြီးသွားပြီဆိုတာကိုပဲ”

“ဟမ့်...”

ဖုန်းပုကြွယ်က လှောင်ပြောင်ရယ်မောလိုက်ပြီး ဘာတွန်ကို ဆက်လက် ပြောဆိုလိုက်သည်။

“ကျွန်တော် အမြဲတမ်း အလေးပေး ပြောနေခဲ့သလိုပဲ မစ္စတာ ဘာတွန်... ခင်ဗျားက သာမန်လူ မဟုတ်ဘူး၊ ခင်ဗျားမှာ အရည်အချင်း အပြည့်ရှိတယ်၊ သာမန်လူတစ်ယောက်ဆိုရင် ဒီလိုအခြေအနေမျိုးမှာ ပျာယာခတ်သွားနိုင်ပေမဲ့ ခင်ဗျားကတော့... တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ပြီး ဇာတ်လမ်းတစ်ခုကို ချက်ချင်း ဖန်တီးနိုင်ခဲ့တယ်။

ဧည့်သည်အခန်းတံခါးက သော့ခတ်ထားတာမို့ အိုဒက်တ် ခင်ဗျားကို တွေ့သွားမှာကို စိုးရိမ်စရာ မလိုဘူး၊ ခင်ဗျားအနေနဲ့ တိတ်တဆိတ်ငြိမ်နေပြီး ပြတင်းပေါက်ကနေ အေးအေးလူလူ ထွက်ပြေးသွားရုံပဲ မဟုတ်လား၊ ဒါပေမဲ့ ခင်ဗျားအတွက်တော့ အဲ့ဒါက မလုံလောက်သေးဘူး... လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးပြီဆိုမှတော့ လူသတ်သမားတစ်ယောက် ရှိကိုရှိရမယ်၊ ပြီးတော့ မစ္စအိုဒက်တ်ဟာ အပြစ်လွှဲချဖို့ အကောင်းဆုံး ဓားစာခံတစ်ယောက် ဖြစ်နေတာကိုး။

သူ့မှာ လူသတ်ရမယ့် ရည်ရွယ်ချက်ကော သတ်နိုင်စွမ်းပါ ရှိနေသလို အရေးကြီးဆုံးအချက်က... လူသတ်မှုဖြစ်ပွားချိန်မှာ သူဟာ အခင်းဖြစ်ပွားရာ နေရာမှာ တကယ် ရှိနေခဲ့လို့ပဲ”

ဖုန်းပုကြွယ်သည် သူ့ခေါင်းကို စောင်းလျက် ပြုံးလိုက်လေသည်။

“ခင်ဗျားပြောခဲ့တဲ့ စကားတစ်လုံးချင်းစီကို ကျွန်တော် အလွတ်မှတ်မိတယ် မစ္စတာ ဘာတွန်...”

သူက ထပ်လောင်းပြောဆိုလိုက်သည်။

“'ကျွန်တော်က သခင်လေးဒန်းနစ်နဲ့ အသက်ချင်း သိပ်မကွာဘူး၊ တကယ်တော့ ကျွန်တော် သူ့ကို တော်တော်လေး နားလည်ပါတယ်၊ တကယ်လို့ ကျွန်တော့်မှာလည်း ချမ်းသာတဲ့ အဖေတစ်ယောက် ရှိပြီး သူက ကျွန်တော့်ထက် ငါးနှစ် ခြောက်နှစ်လောက်ပဲငယ်တဲ့ မိထွေးတစ်ယောက်ကို လက်ထပ်ချင်တယ်ဆိုရင် ကျွန်တော်လည်း ကန့်ကွက်မိမှာပဲ' လို့ ပြောခဲ့တာလေ”

သူ ထပ်မံ ပြုံးပြလိုက်သည်။

“ရှင်းရှင်းလင်းလင်း ပြောရရင် ဒါက ခင်ဗျားရင်ထဲကလာတဲ့ စကားအစစ်အမှန်တွေပဲ၊ ခင်ဗျားဟာ လွန်ခဲ့တဲ့ ရှစ်နှစ်က ဒီအိမ်ဖ ရောက်လာခဲ့ပြီး မစ္စအိုဒက်တ်ကတော့ လွန်ခဲ့တဲ့ ခုနစ်နှစ်ကမှ လဗ်ခရက်ဖ် မိသားစုထဲကို လက်ထပ် ဝင်ရောက်လာခဲ့တ၊ ကျွန်တော် မြင်ယောင်ကြည့်လို့ ရပါတယ်... အဲ့ဒီတုန်းက ခင်ဗျားရဲ့ သဘောထားဟာလည်း ဒန်းနစ်နဲ့ အတူတူပါပဲ၊ ခင်ဗျားတို့ နှစ်ယောက်စလုံးဟာ အိုဒက်တ်နဲ့ လက်ထပ်မှာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာ၊ တစ်ယောက်က အထင်အရှား ကန့်ကွက်ခဲ့ပြီး နောက်တစ်ယောက်ကတော့ တိတ်တဆိတ် ကန့်ကွက်ခဲ့တာပေါ့။

ခင်ဗျားဟာ ဒန်းနစ်ထက်တောင် ကိုးလ်စတန်ရဲ့ အမွေတွေကို ပိုလိုချင်နေခဲ့တာ မဟုတ်လား၊ ဘာလို့လဲဆိုတော့ သူက ခင်ဗျားအပေါ် အကြွေးတင်နေလို့ပဲ၊ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုက ခင်ဗျားအမေကို သေစေခဲ့သလို ခင်ဗျားအပေါ် လျစ်လျူရှုပြီး ငြင်းပယ်ခဲ့တာတွေက ခင်ဗျားကို လမ်းမှားရောက်စေခဲ့တယ်၊ နှစ်ပေါင်းများစွာ ကြာပြီးနောက် ခင်ဗျားဒီအိမ်တော်ကို ပြန်ရောက်လာတဲ့အထိ ခင်ဗျားဟာ အိမ်ရဲ့ အရှင်သခင် မဟုတ်ဘဲ ဥယျာဉ်မှူးတစ်ယောက်အဖြစ်ပဲ ရှိနေခဲ့ရတုန်းပဲ။

ဒါကြောင့်ပဲ... အနည်းဆုံးတော့ သူသေဆုံးပြီးတဲ့နောက်မှာ သူ့ရဲ့ အမွေတွေနဲ့ ခင်ဗျားအပေါ် ပြန်ပေးဆပ်ပါစေပေါ့။

အခု ဒန်းနစ် သေဆုံးသွားခဲ့ပြီ၊ တကယ်လို့ မစ္စအိုဒက်တ်သာ လူသတ်မှုနဲ့ ပြစ်ဒဏ်ချခံလိုက်ရမယ်ဆိုရင်... နောက်ထပ် နှစ်အနည်းငယ်ကြာလို့ ကိုးလ်စတန် သေဆုံးသွားပြီး သူ့ရဲ့ သေတမ်းစာကို တရားဝင် ဖွင့်ချလိုက်တဲ့အခါ... ခင်ဗျား ဂျွန်လဗ်ခရက်ဖ်ဟာ အမွေအများစုကို တရားဝင်ဆက်ခံပြီး ဒီမိသားစုရဲ့ အရှင်သခင် ဖြစ်လာတော့မှာ မဟုတ်လား။”

“တကယ့်ကို ကြောက်စရာကောင်းတဲ့ကောင်ပဲ...”

စကိုးဖီးလ်သည် ခပ်တိုးတိုးရေရွတ်ရင်း ဘာတွန်၏ မျက်နှာကို လှည့်ကြည့်လိုက်မိသည်။

ဖုန်းပုကြွယ်သည် လူအုပ်ကြီးဘက်သို့ လှည့်ကာ ဆက်လက် ပြောဆိုပြန်သည်။

“ဒါကြောင့်ပဲ... မစ္စတာ ဘာတွန်ဟာ ပြတင်းပေါက်ကနေ အလွယ်တကူ ထွက်ပြေးဖို့ မရည်ရွယ်ခဲ့တာ ဖြစ်တယ်၊ ဒါက တံခါးအပြင်ဘက်မှာ လူတစ်ယောက် ရှိနေခဲ့လို့ ချက်ချင်း ဆုံးဖြတ်လိုက်တဲ့ ယာယီအစီအစဉ်တစ်ခုပဲ၊ သူက ပြတင်းပေါက်ကို ဝါယာကြိုးနဲ့ သော့ခတ်ထားတဲ့ အခန်းအဖြစ် ဖန်တီးကာ သူ့ကိုယ်သူ လွတ်မြောက်နိုင်မယ့်လမ်းကြောင်းတစ်ခု ချန်ထားခဲ့တာပေါ့၊ သူ သိထားတာက ဒီလိုအမှုမျိုးဟာ မြို့ငယ်လေးက ရဲတပ်ဖွဲ့အင်အားနဲ့ဆိုရင် အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာပဲ၊ ဒီလို ရှုပ်ထွေးအောင် ယာယီလုပ်ထားနိုင်သရွေ့ နောက်ပိုင်းမှာ တစ်ခြားသူကို အပြစ်ပုံချဖို့ အခွင့်အရေးတွေ အများကြီး ရှိနေဦးမှာပဲလေ၊ ဥပမာအားဖြင့် သော့မိတ္တူတစ်ခုလုပ်ပြီး မစ္စအိုဒက်တ်ရဲ့ အခန်းထောင့်တစ်နေရာရာမှာ သွားထားလိုက်တာမျိုးပေါ့... သူ့အတွက်တော့ ဒါက လက်ဖျောက်တစ်ချက်တီးရုံလောက် လွယ်ကူတဲ့ ကိစ္စပဲကိုး”

ဖုန်းပုကြွယ်က ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။

“လူသတ်ပြီးတဲ့နောက် ဘာတွန်ဟာ လူသတ်လက်နက်ကို ဖျောက်ဖျက်ပစ်လိုက်ပြီး ဗီလာကို ချက်ချင်း ပြန်လာခဲ့တယ်၊ တခြားသာမန်လူဆိုရင်တော့ ကိုယ့်အခန်းကိုယ်ပြန်ပြီး အလောင်းကို တစ်ယောက်ယောက် တွေ့သွားမယ့်အချိန်ကို ရင်တမမနဲ့ စောင့်နေကြမှာပဲ၊ ဒါပေမဲ့ သူကတော့...”

“သူဟာ ကျွန်တော့်အခန်းကို အမြန်ဆုံး ရောက်လာခဲ့ပြီး ကျွန်တော့်ရှေ့မှာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ပြဇာတ်တစ်ခုကို ပါးပါးနပ်နပ် ကပြခဲ့တာပဲ။

သူ့စကားတွေက အမှန်တစ်ဝက်၊ အမှားတစ်ဝက်နဲ့ တကယ့်ကို လှည့်စားနိုင်စွမ်း ရှိခဲ့တယ်၊ အဲ့ဒီအချိန်တုန်းက ကျွန်တော် နားမလည်ခဲ့တဲ့ တစ်ခုတည်းသောအရာက... သူက ဘာဖြစ်လို့ ကျွန်တော့်ကို ဒီအကြောင်းတွေ လာပြောပြနေရတာလဲ ဆိုတာပဲ၊ သူက အပြင်လူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို သုံးပြီး ဒီမိသားစုဝင်တွေကို မိုက်မဲတဲ့အလုပ်တွေ မလုပ်မိအောင် တကယ်ကြီး ဖျောင်းဖျခိုင်းချင်လို့လား။

ဒါပေမဲ့ အခင်းဖြစ်ပြီး မကြာခင်မှာပဲ သူ့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ကျွန်တော် ရိပ်မိသွားခဲ့တယ်... ဘာတွန်ဟာ ကျွန်တော့်စိတ်ထဲကို ‘တကယ်လို့ ဒန်းနစ်ကို သတ်မယ့်သူရှိရင် အဲ့ဒါ မစ္စအိုဒက်တ်ပဲ ဖြစ်ရမယ်’ ဆိုတဲ့ အတွေးကို သိမ်သိမ်မွေ့မွေ့ သွတ်သွင်းနေခဲ့တာ၊ သူက တကယ့်ကို ပါးနပ်လှပါတယ်၊ ဘာလို့လဲဆိုတော့ သူ ကိုးလ်စတန်နဲ့ ဒန်းနစ်တို့ရဲ့ စကားပြောခန်းကို လုပ်ကြံဖန်တီးပြီး ပြောပြခဲ့တုန်းက ဒန်းနစ်က အိုဒက်တ်ကို သတ်တော့မယ့်ပုံစံမျိုး ဖြစ်အောင် ပြောခဲ့တာကိုး၊ တကယ့် အခြေအနေက ဆန့်ကျင်ဘက် ဖြစ်နေပေမဲ့ ကျိုးကြောင်းဆင်ခြင်ကြည့်ရင်တော့ ယုတ္တိရှိနေသလို ဖြစ်နေတာပဲလေ”

“ဟဲ...”

ဖုန်းပုကြွယ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဘာတွန်ထံသို့ မျက်လုံးဝှေ့ကြည့်လိုက်သည်။

“ဘာလို့လဲဆိုတော့ ကျွန်တော်က ကော်ရစ်ဒါထဲမှာ ‘ကျွန်တော်က ဘာပဲပြောပြော စုံထောက်တစ်ယောက်ပဲလေ’ လို့ ပြောခဲ့လို့ပဲ၊ ခင်ဗျားက ပြစ်မှုကျူးလွန်ပြီးနောက်မှာ ဒီလှည့်ကွက်ကို တမင်သုံးခဲ့တာ၊ ခင်ဗျားအတွေးကတော့... ခင်ဗျားရဲ့ ရှင်းပြချက်က ကျွန်တော့်ကို လမ်းမလွဲစေနိုင်ခဲ့ရင်တောင်မှ သိပ်အရေးမကြီးဘူးပေါ့၊ ဘာပဲဖြစ်ဖြစ် အလောင်းကို တွေ့ရှိချိန်မှာ ခင်ဗျားက စုံထောက်ဖြစ်တဲ့ ကျွန်တော်နဲ့အတူ ရှိနေခဲ့တာပဲလေ၊ စိတ်ပညာအရ ဆိုရင်တော့ ကျွန်တော်က ခင်ဗျားကို သံသယရှိသူစာရင်းကနေ ချက်ချင်း ပယ်ဖျက်ပေးလိုက်ဖို့ ရာခိုင်နှုန်း တအားများတာကိုး”

“ဟူး...”

ဘာတွန် သက်ပြင်းကို ခပ်ပြင်းပြင်းချလိုက်သည်။

“အခု ပြန်တွေးကြည့်ရင်တော့... မင်းဆီကို လာခဲ့မိတာဟာ တကယ့်ကို ကြီးမားတဲ့အမှားတစ်ခုပဲ”

သူ ခါးသီးစွာ ပြုံးလိုက်သည်။

“ငါ မင်းကို လျှော့တွက်မိသွားခဲ့တယ်...”

“ခင်ဗျားရဲ့ ဘဝဖြတ်သန်းမှုတွေအရ ခင်ဗျားကိုယ်ခင်ဗျား အထင်ကြီးနေတာ သဘာဝကျပါတယ်၊ သာမန်စုံထောက်တစ်ယောက်ဆိုရင် ခင်ဗျားက ခြိမ်းခြောက်မှုတစ်ခုအဖြစ် လုံးဝ ထည့်တွက်မှာ မဟုတ်ဘူးလေ”

ဖုန်းပုကြွယ်က ပြုံးစစဖြင့် ဆိုသည်။

“ဒီလို နာမည်ခံ စုံထောက်တစ်ယောက်ကိုသုံးပြီး ကိုယ့်ရဲ့ ရည်မှန်းချက် အောင်မြင်အောင်လုပ်ဖို့ ကြိုးစားတာက... တကယ့်ကို ရယ်စရာကောင်းပြီး စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ တကယ်လို့ ကျွန်တော်သာဆိုရင်လည်း စမ်းကြည့်မိမှာပဲ”

အစ်ကိုကြွယ် မတ်တတ်ရပ်ကာ ကိုယ်လက်အညောင်းဆန့်ထုတ်လိုက်ပြီးမှ ဆက်ပြော၏။

“တကယ်တော့ ခင်ဗျားသာ ရက်စွဲကို ပြောင်းလိုက်မယ်၊ နည်းလမ်းပြောင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး ဒါမှမဟုတ် မတော်တဆမှုမျိုး ဖြစ်အောင် လုပ်ခဲ့ရင် အောင်မြင်ကောင်း အောင်မြင်နိုင်ပါရဲ့”

သူ သမ်းဝေလိုက်သည်။

“ကျွန်တော် တကယ်ပဲ ‘နောက်တစ်ကြိမ် ပြန်ကြိုးစားကြည့်ဦးပေါ့’ လို့ ပြောချင်ပေမဲ့ ဒါက ပထမအဆင့် လူသတ်မှု ဖြစ်နေတာပဲ၊ ပြီးတော့ ခင်ဗျားက ပြစ်မှုဟောင်းမှတ်တမ်းရှိတဲ့သူလည်း ဖြစ်နေသေးတယ်၊ သေဒဏ်မကျရင်တောင်မှ ထောင်ကနေ ဘယ်တော့မှ ပြန်လွတ်လာမှာ မဟုတ်တော့ဘူး... ကျွန်တော်ပေးနိုင်တဲ့ အစစ်မှန်ဆုံး တောင်းဆုကတော့ ခင်ဗျား တစ်နေ့နေ့မှာ ထောင်ဖောက်ပြီး အောင်မြင်စွာ လွတ်မြောက်နိုင်ပါစေဆိုတာပါပဲ”

“အာ... မစ္စတာဖုန်း၊ ဒီမှာ ရဲတွေ ရှိနေတယ်နော်၊ အဲ့ဒီလို ‘အောင်မြင်စွာ လွတ်မြောက်ပါစေ’ ဆိုတာမျိုးကို ဗြောင်ကြီးတော့ ထုတ်မပြောပါနဲ့ဦး...”

စကိုဖီးလ်မှာ နဖူးကချွေးများကို သုတ်ရင်း ပြောလိုက်ရသည်။

“ခင်ဗျားက ‘လွတ်မြောက်တာ’ ဆိုတဲ့ စကားကို ကြားတာနဲ့ ချက်ချင်း တုံ့ပြန်တာပဲနော်...”

ဖုန်းပုကြွယ်က ဆိုသည်။

“ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားနာမည် (စကိုးဖီးလ် - Schofield - Prison Break ကားထဲက မိုက်ကယ် စကိုဖီးလ်ကို ရည်ရွယ်သည်) အတိုင်း လှောင်ပြောင်စရာဖြစ်အောင် တမင် လုပ်နေတာလား...”

ထိုသို့ ပေါ့ပေါ့ပါးပါး ပြောဆိုပြီးနောက် ဖုန်းပုကြွယ်သည် မမျှော်လင့်ဘဲ ဘာတွန်နားသို့ လျှောက်သွားကာ သူ့နားနားကပ်၍ စကားအချို့ကို တိုးတိုးလေး ပြောလိုက်လေသည်။

ဘာတွန်မှလွဲ၍ အစ်ကိုကြွယ် ဘာပြောလိုက်သည်ကို ဘယ်သူမှ မကြားလိုက်ရပေ။ ထိုသို့ ပြောပြီးနောက် ဖုန်းပုကြွယ်သည် လှည့်ထွက်ကာ တံခါးဝဆီသို့ လျှောက်သွားရင်း လှောင်ပြောင် သရော်သည့် အသံဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်... တကယ့်ကို ဆိုးယုတ်သည့် ရယ်မောသံမျိုးပင်...။

“ခင်ဗျား ဘယ်သွားမလို့လဲ”

ဂျက်ခ်က လှမ်းမေးလိုက်သည်။

“ငါ သန့်စင်ခန်း သွားမလို့လေ၊ အဲ့ဒါကော မရဘူးလား”

ဖုန်းပုကြွယ်က ကိုယ်ကိုတစ်ဖက်စောင်း၍ ရိုင်းရိုင်းစိုင်းစိုင်းပင် ပြန်လည်တုံ့ပြန်လိုက်သည်။

“ငါ ပြန်လာတဲ့အခါကျ တစ်ယောက်ယောက်က ငါ့ကို ခိုးမှုနဲ့ ဖမ်းချင်တယ်ဆိုရင်လည်း အဲ့ဒီကျမှပဲ လက်ထိပ် ထပ်ခတ်လိုက်ကြပေါ့”

မှန်ပေသည် အစ်ကိုကြွယ်သည် သန့်စင်ခန်းသို့ အမှန်တကယ် သွားနေခြင်း မဟုတ်ပေ။ သူသည် စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသဖြင့် လူသူဝေးရာ နေရာတစ်ခုသို့သွားကာ တယ်လီပို့လုပ်ပြီး ဇာတ်လမ်းထဲမှ ထွက်ခွာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

...

နောက်ထပ် ဆောင်းဦးနှောင်းပိုင်း ကာလတစ်ခု ဖြစ်သည်။ မြေရိုင်းဆန်ဆန် မီးခိုးရောင်လွင်ပြင်ကျယ်ကြီးသည် မည်သည့် စိမ်းစိမ်းစိုစို သစ်ပင်ပန်းမန်မျှ မရှိဘဲ ကောင်းကင်ယံအောက်တွင် ကွက်လပ်ကြီးအတိုင်း ဖြစ်နေလေသည်။

သစ်တောတောင်ကြားများနှင့် ကြမ်းတမ်းလှသော တောင်ကုန်းများ ရောယှက်နေသည့် ဤနေရာတွင် အဝေးပြေးလမ်းမကြီးနှင့် ဖုန်းတိုင်များသည် ပတ်ဝန်းကျင်နှင့် လုံးဝမအပ်စပ်သလို ရှိနေပေသည်။

ကျုပ်နာမည်က စကိုးဖီးလ်၊ ဂရက်ခ် စကိုးဖီးလ်ပါ။ ဝေးလံခေါင်သီတဲ့ မြို့ငယ်လေးတစ်မြို့က ရဲအရာရှိတစ်ဦးပေါ့။

တောက်ပတဲ့လရောင်ဟာ မြေပြင်ပေါ်ကို ညင်ညင်သာသာ ဖြန်းပက်နေပြီး ကျုပ်သွားရာလမ်းကို အလင်းပေးနေပါတယ်။ ဒီလိုလှပတဲ့ မြင်ကွင်းမျိုးကို ဖြတ်ပြီး ကားမောင်းရတဲ့အခါ အတိတ်က မှတ်ဉာဏ်တွေကို အမြဲတမ်း ပြန်လည်တမ်းတမိစေတော့တာပါပဲ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီလိုအချိန်မျိုးမှာပဲ ကျုပ်ဟာ ဒီတောင်တန်းတွေကြားထဲက လဗ်ခရက်ဖ်အိမ်တော်ဆီကို လူသတ်မှုတစ်ခု ကိုင်တွယ်ဖြေရှင်းဖို့ သွားခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းက စုံထောက်တစ်ယောက်ဟာ နေ့တစ်ဝက်အတွင်းမှာတင် အမှုရဲ့ နက်နဲတဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး တရားခံအစစ်ကို ရှာဖွေပေးခဲ့ပါတယ်။

ထူးဆန်းတာက ကျုပ်ဟာ အဲ့ဒီအချိန်တုန်းက သူ့ကို တခြား နာမည်ကြီး စုံထောက်တစ်ယောက်နဲ့ မှားထင်ခဲ့မိတာပဲ၊ ဒါပေမဲ့ နောက်ပိုင်းမှာ သတင်းစာထဲက နာမည်ကြီးစုံထောက်ရဲ့ ဓာတ်ပုံကို မြင်လိုက်ရတဲ့အခါမှ သူတို့နှစ်ယောက်ဟာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို ကျုပ်သဘောပေါက်သွားခဲ့ရတယ်။

နောက်ပိုင်းမှာတော့ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဓိကသတင်းမီဒီယာတွေမှာမှ ဖော်ပြတာမျိုး မရှိခဲ့ပါဘူး။ ဒန်းနစ် လဗ်ခရက်ဖ်ရဲ့ နာရေးသတင်းကိုတောင် သတင်းစာတွေထဲမှာ ဖော်ပြခဲ့တာမျိုး မရှိခဲ့ဘူးလေ။ ကြည့်ရတာတော့... ဩဇာအာဏာရှိတဲ့ လူအချို့က ကြားကနေ ဝင်ရောက်စွက်ဖက်ပြီး ဒီကိစ္စကို တိတ်တဆိတ် ဖုံးဖိလိုက်ပုံရပါတယ်။

နောက်နှစ် ဧပြီလမှာတော့ အရင်က ဂျွန်ဘာတွန်လို့ လူသိများခဲ့သည့် ဂျွန်လဗ်ခရက်ဖ်ဟာ တရားလွှတ်တော်ကနေ သေဒဏ်ချမှတ် ခံခဲ့ရပါတယ်၊ သူ့ဖခင်ဖြစ်သူ မစ္စတာ ကိုးလ်စတန်ကတော့ သေဒဏ်မပေးမီ နှစ်ပတ်အလိုမှာပဲ ဟိုတယ်အခန်းတစ်ခုထဲမှာ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။

သူသေဆုံးရတဲ့ အကြောင်းရင်းကတော့ ယနေ့တိုင်အောင် လျှို့ဝှက်ချက်တစ်ခုအဖြစ် ကျန်ရှိနေဆဲပါပဲ...။

အဆုံးသတ်မှာတော့ လဗ်ခရက်ဖ်မိသားစုရဲ့ အမွေအနှစ် ၈၀ ရာခိုင်နှုန်းကို သူ့ရဲ့ ဒုတိယသား ဂျက်ခ်နဲ့ တတိယသမီး နန်စီတို့က အညီအမျှ ခွဲဝေရရှိခဲ့ကြပါတယ်၊ ကြားရသလောက်တော့ ဂျက်ခ်ဟာ အဲ့ဒီငွေတွေကိုသုံးပြီး အမေရိကန်မှာ အတော်အတန်ကြီးတဲ့ တေးသံသွင်းကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး သူတို့ရဲ့ ကြော်ငြာဆောင်ပုဒ်ကလည်း တကယ့်ကို စိတ်ဝင်စားစရာပါပဲ “ရည်မှန်းချက်ကြီးပြီး အလားအလာရှိတဲ့ လူငယ်ဂီတပညာရှင်တွေကို ပံ့ပိုးကူညီပေးရန်” တဲ့လေ။

ကျန်တဲ့ အမွေ ၂၀ ရာခိုင်နှုန်းနဲ့ အိမ်ခြံမြေတွေကိုတော့ ကိုးလ်စတန်ရဲ့ တတိယမြောက်ဇနီး မစ္စအိုဒက်တ် က ဆက်ခံခဲ့ပါတယ်၊ သူ့ယောကျ်ား သေဆုံးပြီးနောက်မှာတော့ အဲ့ဒီအမျိုးသမီးဟာ တောင်ပေါ်က သူမရဲ့ ပိုင်ဆိုင်မှုတွေကို အစိုးရဆီ လှူဒါန်းခဲ့ပြီး အခုဆို ပြင်သစ်အရှေ့တောင်ပိုင်းက ဝိုင်ချက်စက်ရုံတစ်ခုနားမှာ အခြေချနေထိုင်နေပြီလို့ ကြားရပါတယ်။

တစ်ချိန်တည်းမှာပဲ လဗ်ခရက်ဖ် မိသားစုကို နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တဲ့ အိမ်တော်ထိန်း ဟန်ဒါဆန်၊ မိသားစုဆရာဝန် ပါဝဲလ်၊ အိမ်စေမ အိုလီဗာ၊ မာသာ နဲ့ သေတမ်းစာကို ကိုင်တွယ်ခဲ့တဲ့ ရှေ့နေတို့အပါအဝင် ဘယ်သူမှ တစ်ပြားတစ်ချပ်မှ အမွေမရခဲ့ကြပါဘူး၊ ရှင်းရှင်းလင်းလင်း ပြောရရင် ကိုးလ်စတန်ဟာ “လူသားဆန်သူ” ဖြစ်တယ်ဆိုတဲ့ ကျုပ်ရဲ့ သုံးသပ်ချက်က လုံးဝမှားယွင်းနေခဲ့တာပေါ့၊ သူဟာ အတ္တကြီးပြီး ဟန်ဆောင်ကောင်းတဲ့ လူယုတ်မာတစ်ယောက်ပါပဲ၊ ကံကောင်းတာက သူ့ရဲ့ သမီးဖြစ်သူဟာ အဖေဖြစ်သူရဲ့ အဲ့ဒီလို ယုတ်ညံ့တဲ့စရိုက်တွေကို မဆက်ခံခဲ့တာပါပဲ။ ဖခင်သေဆုံးပြီး တစ်လအကြာမှာတော့ မစ္စနန်စီဟာ သူတို့ ရထိုက်တဲ့ နစ်နာကြေးတွေကို သူမဆန္ဒအလျောက် ပေးအပ်ခဲ့ပါတယ်။

အဲ့ဒီထူးဆန်းတဲ့ စုံထောက်နဲ့ ပတ်သက်ရင်တော့... ကျုပ် သူ့ကို နောက်တစ်ကြိမ် ထပ်မတွေ့ရတော့ပါဘူး၊ အဲ့ဒီနေ့က ထမင်းစားခန်းထဲကနေ သူလမ်းလျှောက် ထွက်သွားခဲ့တဲ့ သူ့ရဲ့ နောက်ကျောပုံရိပ်ဟာ ကျုပ်မျက်စိထဲမှာ အခုထိ ထင်ထင်ရှားရှား ရှိနေဆဲ ဖြစ်ပေမဲ့ သူဟာ အပြင်ဘက်က လမ်းကွေ့တစ်ခုမှာတင် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီး ဘယ်တော့မှ ပြန်မလာတော့ပါဘူး။

နောက်ပိုင်းမှာ ကျုပ် သူ့အကြောင်းကို စုံစမ်းဖို့ ကြိုးစားခဲ့သေးပေမဲ့ ဘာမှ မသိခဲ့ရပါဘူး၊ သူဟာ လောကမှာ တကယ်မရှိတဲ့ တစ္ဆေသရဲတစ်ကောင်လိုပဲ...။

ကျုပ်ရှေ့က ဒီမြေပြင်ကျယ်ကြီးဟာ ထူးခြားဆန်းပြားတဲ့ ဒဏ္ဍာရီတွေ အများကြီး ပေါ်ထွန်းခဲ့တဲ့ နေရာတစ်ခု ဖြစ်ပါတယ်၊ ဖြစ်နိုင်တာကတော့... သူဟာလည်း အဲ့ဒီဒဏ္ဍာရီတွေထဲက တစ်ခု ဖြစ်နေမလားဆိုတာပါပဲ။

...

၁၉၈၆ ခုနှစ် မတ်လ၊ ယာဆာလီမြို့တော်၊ လိန်းစီးတီး အကျဉ်းထောင် အမှတ် (၁)။

အုံ့အုံမှိုင်းမှိုင်း ရှိလှသော ညနေခင်းတစ်ခုတွင် ထောင်သားဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထိပ်နှင့် ခြေချင်းများ ခတ်ခံထားရသော ဘာတွန်အား ထောင်အစောင့်တစ်ဦးက ထောင်ဝင်စာတွေ့ခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။ သူ၏ အခြားတစ်ဖက် ဖန်သားပြင်ရဲ့ ဟိုဘက်တွင်တော့ အဆင့်အတန်းရှိရှိ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထိုင်နေခဲ့သည်။

သူတို့နှစ်ဦးလုံး ဖုန်းကိုယ်စီကို ကိုင်မြှောက်လိုက်ကြပြီး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ဘာတွန်က အရင် စကားစလိုက်သည်။

“မတွေ့ရတာ ကြာပြီနော် ကာရိုးလ်”

ကာရိုးလ်က မတုန့်ပြန်ပေ။ သူမသည် ဦးထုပ်အဝိုင်းကြီးကို ဆောင်းထားပြီး မျက်နှာရှေ့တွင် ဇာပဝါဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သည်။

“ကြည့်ရတာ မင်းအားလုံးကို နားလည်သွားပုံပဲ... ဟမ့်... အခုဆို ‘မင်း ငါ့ကို ကျေးဇူးတင်ရလိမ့်မယ်’ လို့ ငါဘာလို့ ပြောခဲ့တာလဲဆိုတာ မင်းသိလောက်ပါပြီ”

ဘာတွန်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။

“တစ်နည်းအားဖြင့် ပြောရရင် သူလည်း ကိုးလ်စတန်နဲ့ တော်တော်လေး တူတာပဲ၊ ငါ လွန်ခဲ့တဲ့ နှစ်တွေကတည်းက သူ့ကို စုံစမ်းခဲ့တာမို့ သူဟာ တစ်နေ့နေ့ကျရင် သနားစရာကောင်းတဲ့ မင်းကို သတ်ပြီး မင်းဆီကရမယ့် အမွေတွေကိုသုံးပြီး သူ့ချစ်သူနဲ့အတူတူ ထွက်ပြေးဖို့ ကြံစည်နေတယ်ဆိုတာ ငါ အစကတည်းက သိထားခဲ့တာ”

ဘာတွန်က လေးနက်သောအသံဖြင့် ဆိုသည်။

“ငါ့ကိုယ်ပိုင်အတွက် မဟုတ်ခဲ့ရင်တောင်မှ... ဒီလိုလူမျိုးကို သတ်ခဲ့ရတဲ့အတွက် ငါ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး”

“ရှင် ကျွန်မကို အပ်ခဲ့တဲ့ ကိစ္စက...”

ကာရိုးလ်၏ အသံသည်လည်း အေးစက်နေပြီး လမ်းလျှောက်နေသော လူသေကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။

“တစ်ယောက်ယောက်က အဲ့ဒါကို လုပ်ပြီးသွားပြီ၊ မကြာခင် ရလဒ် ထွက်လာတော့မှာပါ”

“ဟဲ... ကျေးဇူးတင်ပါတယ်”

ဘာတွန် ရယ်မောလိုက်သည်။

“တကယ်ပဲ ဒီအဆင့်အထိ လုပ်ဖို့ လိုအပ်လို့လား”

ကာရိုးလ်က မေးမြန်းလိုက်သည်။

“သူက ရှင့်အဖေအရင်း ဖြစ်နေတုန်းပဲလေ၊ ပြီးတော့ သူ့ကျန်းမာရေး အခြေအနေအရဆိုရင်လည်း သူ ရှင်သန်ဖို့ နှစ်အများကြီး မကျန်တော့တာ မဟုတ်ဘူးလား”

“ဒါက မင်းနဲ့ မဆိုင်ပါဘူး”

ဘာတွန် ပြောဆိုပြီးနောက် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။

“မင်းက တကယ့်ကို လူကောင်းတစ်ယောက်ပဲ ကာရိုးလ်၊ မင်းတို့လိုလူမျိုးတွေ ဘယ်တော့မှ နားမလည်နိုင်မယ့် အရာအချို့ ရှိနေသေးတယ်...”

သူ ခဏရပ်လိုက်သည်။

“ဒါပေမဲ့ သိပ်ပြီး စိတ်သဘောမကောင်းတဲ့ လူတချို့ကတော့ ပြောကြလိမ့်ပါမယ်... ‘မင်း သူ့စည်းစိမ်တွေကို မခံစားနိုင်တော့တဲ့အတူတူ... သူ့ကို တခြားနည်းလမ်းတစ်ခုခုနဲ့ ပြန်ပေးဆပ်ခိုင်းတာက ပိုကောင်းတာပေါ့’ လို့လေ”

ဘာတွန်သည် စကားပြောပြီးနောက် ဖုန်းချလိုက်ပြီး ရူးသွပ်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

All Chapters