အခန်း ၁၈၂
Vol. 19 Ch. 182
🍄 Chapter 182
ပါတီအတွင်းရေးမှူးတွင် ကိုယ်ရေးအရာရှိတစ်ဦး ရှိသဖြင့် သူ့ကို တိုက်ရိုက်တွေ့ဆုံရန် မဖြစ်နိုင်ပေ။
သို့သော် ချန်မေ့လန်က “ကျွန်မ ယန်ကျောက်ရဲ့ ဇနီးပါ” ဟု ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လက်ထောက်ဖြစ်သူမှာ အတွင်းရေးမှူးအား အသိပေးရန် အလျင်အမြန်ထွက်သွားလေသည်။
သိပ်မကြာမီမှာပင် အတွင်းရေးမှူးလျိုမင်ကိုယ်တိုင် ချန်မေ့လန်ကို ကြိုဆိုရန် ထွက်လာခဲ့သည်။
“ခင်ဗျားက ဗိုလ်ကြီးယန်ရဲ့ ဇနီးလား၊ ကျွန်တော်ကိုယ်တိုင် ခင်ဗျားဆီ လာလည်သင့်တာ၊ ဒါပေမယ့် ဗိုလ်ကြီးယန်က ကျွန်တော့်ကို အသိအမှတ် မပြုဘူးလေ၊
တောင်းပန်ပါတယ်ဗျာ၊ ဒီနေ့ ဘာကိစ္စများ ရှိလို့ပါလဲ”
အတွင်းရေးမှူးလျိုသည် ချန်မေ့လန်အား အလွန် ရိုသေလေးစားစွာဖြင့် လက်ခံတွေ့ဆုံခဲ့သည်။
ချန်မေ့လန်သည် သင့်လျော်စွာ နှိမ့်ချမှုပြသခဲ့သော်လည်း သူမ၏အောင်မြင်မှုများကို ထုတ်ဖော်ပြောဆိုရန် မမေ့လျော့ခဲ့ချေ။
“ကျွန်မကို ရှင် သိတယ်လို့ ထင်နေတာ၊ ကျွန်မက ရှင့်အုပ်စုအတွက် ကန်တင်းကို ကန်ထရိုက်ယူပြီး ဆောက်ပေးခဲ့တဲ့သူလေ”
အတွင်းရေးမှူးလျိုနှင့် ယန်ကျောက်တို့ကြားတွင် အဆက်အသွယ်ရှိနေရသည့် အကြောင်းရင်းမှာ ထိုသို့ရှိလေ၏။
သူတို့၏ အုပ်စုသည် အီလက်ထရောနစ် ပစ္စည်းအချို့ကို တောင်ပိုင်းသို့တင်ပို့ခဲ့ရာ လမ်းတစ်ဝက်တွင် ရထားတွဲဖောက်ထွင်းခံခဲ့ရ၏။
ကွမ်တုံမှ ရဲများက သေချာစုံစမ်းစစ်ဆေးရန် တွန့်ဆုတ်နေခဲ့ကြပြီး တန်ဖိုးကြီးမားသော ပေဂျာအစိတ်အပိုင်း အများအပြားဆုံးရှုံးခဲ့ရ၏။ အဆိုပါအမှုမှာ ယွမ် ၁၀၀,၀၀၀ ကျော် တန်ဖိုးရှိလေသည်။
ယန်ကျောက်သည် ထိုသတင်းကို ကြားသိရသောအခါ တက်ကြွစွာ ကူညီပေးရန် ဆုံးဖြတ်ခဲ့သည်။
သူသည် ကွမ်တုံ ပြည်သူ့လုံခြုံရေးစနစ်ရှိ ရဲဘော်ဟောင်းတစ်ဦးထံသို့ ဖုန်းဆက်ခဲ့လေ၏။
ထိုအခါမှသာ ကွမ်တုံရဲတပ်ဖွဲ့က အင်အားသုံးကာ အမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က အတွင်းရေးမှူးလျိုသည် ယန်ကျောက်အား ကျေးဇူးတင်လိုခဲ့သော်လည်း ယန်ကျောက်က သူ့ဖုန်းများကို လက်မခံခဲ့ချေ။
လျိုမင်မှာ နားမလည်နိုင်ဖြစ်ကာ ယန်ကျောက် ဒေါသထွက်နေသလား၊ နောင်တွင် သူ့ထံမှ အကူအညီတောင်းခံရန် ခက်ခဲမည်လားဟု တွေးတောပူပန်နေခဲ့သည်။
ယခုအခါ ယန်ကျောက်၏ဇနီးဖြစ်သူက သူ့ထံသို့ လာရောက်လည်ပတ်နေပြီ ဖြစ်သည်။
သူမသည် ယန်ကျောက်၏ဇနီးဖြစ်ပြီး ယန်ကျောက်နှင့် အလုပ်အချို့လုပ်လိုသဖြင့် ဤမျှကြီးမားသော အုပ်စုကြီးတွင် ပရောဂျက်ငယ်လေးတစ်ခု သူမကို ပေးအပ်ရခြင်းမှာ ပြဿနာမဟုတ်ချေ။
“တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်တို့အုပ်စုက အများပြည်သူသုံးအိမ်သာတစ်ခု ဆောက်ဖို့စီစဉ်နေတာ...”
အမျိုးသမီး တစ်ဦးဖြစ်ရာ သူမတွင် ကြီးမားသောရည်မှန်းချက်များ ရှိမည်မဟုတ်ဟု သူ ယူဆခဲ့သည်။
အများပြည်သူသုံးအိမ်သာတစ်ခု - သူမကို သူမစိတ်ကြိုက် ဈေးနှုန်းသတ်မှတ်ခိုင်းပြီး အမြတ်အနည်းငယ်ရပါစေဟုသာ သူ တွေးလိုက်သည်။
ချန်မေ့လန် ထိုင်ချလိုက်ပြီး သူမ အထူးတလည်ဝယ်ယူထားသော သားရေလက်ဆွဲအိတ်ကို သူမပေါင်ပေါ်တွင် တင်လိုက်သည်။
သူမသည် ၎င်းကို ဖြည်းညင်းစွာ ဖွင့်ပြီးနောက် မော့ကြည့်ကာ စကားလုံးတိုင်းကို ပီသပြတ်သားစွာ ပြောဆိုလိုက်၏။
“ကျွန်မ လက်ရှိ ချင်ချွမ်းအုပ်စုရဲ့ ရုံးခန်းအဆောက်အအုံကို ဆောက်နေတာပါ”
ထိုအချိန်အထိ ပေါ့ပေါ့ပါးပါးပြုံးနေခဲ့သော လျိုမင်သည် တဖြည်းဖြည်း အပြုံးများ ရပ်တန့်သွားကာ မတ်မတ်ထိုင်လိုက်လေသည်။
ချန်မေ့လန်အနေဖြင့် ချင်ချွမ်းအုပ်စုပရောဂျက်အား မည်သို့ရရှိခဲ့ကြောင်း သူ မသိသော်လည်း ထိုရုံးခန်းအဆောက်အအုံအတွက် ချင်ချွမ်းအုပ်စု၏ ခေါင်းဆောင်ပိုင်းအတွင်း ပြင်းထန်သောအားပြိုင်မှုများ ရှိခဲ့ကြောင်းကိုမူ သူ သိရှိထားသည်။
နောက်ဆုံးတွင် ပရောဂျက်ကို ရရှိသွားသူမှာ အရည်အချင်းအပေါ် အခြေခံ၍ ရရှိသွားခြင်းဖြစ်သည်။
ယန်ကျောက်၏ ကျောထောက်နောက်ခံနှင့် သူမ၏ သက်သေပြပြီးသော အရည်အချင်းများကြောင့် အတွင်းရေးမှူးလျိုသည် ချန်မေ့လန်အား အလေးအနက် မထားဘဲ မနေနိုင်တော့ချေ။
…
“ခင်ဗျားရဲ့ အရည်အချင်းနဲ့ အထောက်အထားတွေက တကယ်ကို အထင်ကြီးစရာပါပဲ၊
ကျွန်တော်တို့ အခု ဆောက်လုပ်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးနေပါတယ်၊ ဒီလိုလုပ်ရင်ကော၊ ကျွန်တော် ညွှန်ကြားရေးမှူးဖန်ကို ဖုန်းဆက်လိုက်မယ်၊
ခင်ဗျား သူ့ဆီ သွားတွေ့လိုက်ပါ၊ သူ ခင်ဗျားကို ပုံစံကြမ်းတွေပေးလိမ့်မယ်၊ ပြီးရင် ခင်ဗျား တရားဝင်ဘတ်ဂျက် အဆိုပြုလွှာတစ်ခု ပြင်ဆင်လိုက်ပါ”
ချန်မေ့လန်၏ စာရွက်စာတမ်းများကို ပြန်လည်သုံးသပ်ပြီးနောက် လျိုမင်က ဆုံးဖြတ်ချက် ချလိုက်သည်။
ညွှန်ကြားရေးမှူးဖန်ဆိုသည်မှာ အုပ်စု၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၊ တင်ဒါခေါ်ယူမှုများနှင့် အခြားဆက်စပ်ကိစ္စရပ်များကို တာဝန်ယူရသော ဖန်ရှန်ပင်ဖြစ်သည်။
လျိုမင်၏ ဖုန်းခေါ်ဆိုမှုမှာ ရွှေရောင်လက်မှတ်တစ်စောင်ကဲ့သို့ ဖြစ်၏။
ဖန်ရှန်ထံမှ ပုံစံကြမ်းများရရှိခြင်းမှာ ချန်မေ့လန်သည် မတိုက်ခိုက်ရဘဲ အနိုင်ရရှိသွားကြောင်း ဆိုလိုခြင်းဖြစ်ပြီး အနည်းဆုံးတော့ သူမသည် လုကျင်းယွီကို အနိုင်ယူနိုင်ခဲ့ပြီဖြစ်သည်။
ယန်ပင်းသည် ချန်မေ့လန်က တုန်းဖန်အုပ်စု၏ ပရောဂျက်အား တင်ဒါဝင်ဆွဲရန် ယန်ကျောက်ကို တကယ်ဖျောင်းဖျနိုင်ခဲ့ကြောင်း ယခုလေးတင် ကြားသိခဲ့ရသည်။
သူသည် အောက်ထပ်တွင် သူမကို စောင့်နေပြီး သူမ ဆင်းလာသောအခါ သူမ၏အိတ်ကို လက်လွဲယူလိုက်သည်။
“နင် တကယ်ပဲ အလုပ်ရသွားတာလား”
ချန်မေ့လန်က ပြောလိုက်၏။
“ဖန်ရှန်ဆီသွားပြီး ဘတ်ဂျက်ပြင်ဆင်ဖို့ ပုံစံကြမ်းတွေ သွားတောင်းလိုက်ပါ”
ယန်ပင်းမှာ အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“လုကျင်းယွီက အခုတလော ဖန်ရှန်ရုံးခန်းနားမှာ နေ့တိုင်း ဝဲလည်နေတာ၊ စောစောကတောင် အဲဒီမှာရှိနေသေးတယ်၊ ဒီသတင်းကို သူကြားရင် ရင်ကွဲနာကျသွားမှာ မဟုတ်ဘူးလား”
လုကျင်းယွီကို ငိုစေချင်သည်မှာ ချန်မေ့လန် လိုချင်သောအရာပင်ဖြစ်သည်။
သူနှင့် ကျိုးရွှယ်ချင်းတို့သည် ငွေရှာရန် ကမ္ဘာတစ်ပတ်သွားချင်သွားနိုင်ပြီး တရုတ်နိုင်ငံမှ စည်းစိမ်ဥစ္စာအားလုံးကို စုပ်ယူချင်လည်း ယူနိုင်သည်၊
သူမ ဂရုမစိုက်ချေ။ ချန်မေ့လန်သည် ထိုအရာများကို စိတ်မဝင်စားပေ။
သို့သော် သူမသည် သူ့ကို တုန်းဖန်အုပ်စ ပရောဂျက် မရစေချင်ရုံသက်သက်ဖြစ်သည်။ လုတာ့ပေါင် တုန်းဖန်ကျောင်းသို့ လာတက်မည်ကို သူမ မလိုလားချေ။
ကမ္ဘာကြီးက ကျယ်ပြန့်လှရာ သူမ၏မျက်စိအောက်တွင် မဟုတ်သရွေ့ သူတို့ ကြိုက်သည့်နေရာတွင် ဇိမ်ကျကျနေထိုင်နိုင်ကြသည်။
ယန်ကျောက်သည် လုကျင်းယွီကို ယန်ကွမ်ရွာမှမောင်းထုတ်ခဲ့ပြီး ယခုအခါ ချန်မေ့လန်က သူ့အား ကျင်းတုန်းခရိုင်တစ်ခုလုံးမှ အပြီးအပိုင် မောင်းထုတ်လိုနေခြင်းဖြစ်သည်။
ယန်ကျောက်၏အခြေအနေနှင့် ပတ်သက်၍မူ…..
တရုတ်နှစ်သစ်ကူး ကာလသည် ပြည်သူ့လုံခြုံရေးစနစ်အတွက် အမြဲတမ်း အလုပ်အများဆုံး အချိန်ဖြစ်ပြီး ၂၄ နာရီနီးပါး အလှည့်ကျ တာဝန်ထမ်းဆောင်ရလေ့ရှိသည်။
သူတို့သည် လူပိုတင်သော ဘတ်စ်ကားများကို စစ်ဆေးရသည်၊ ရန်ပွဲများနှင့် အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုများကို ကိုင်တွယ်ရသည်၊ မီးရှူးမီးပန်းများနှင့် ပတ်သက်သော မတော်တဆမှု အမျိုးမျိုးကိုလည်း ဖြေရှင်းရသည်။
နှစ်သစ်ကူး နီးကပ်လာသည်နှင့်အမျှ အိမ်တွင်းအကြမ်းဖက်မှုများ၊ ပဋိပက္ခများနှင့် အကြမ်းဖက်ရာဇဝတ်မှုများမှာ မြင့်တက်လာလေ့ရှိသည်။