အခန်း ၁၈၄
Vol. 19 Ch. 184
🍄 Chapter 184
ထူးဆန်းသည်မှာ သူတို့၏ဖခင်က မိခင်အပေါ် ကောင်းမွန်စွာ ဆက်ဆံနေခြင်းကြောင့် ဤကလေးနှစ်ယောက်မှာ ဒေါသထွက်ခြင်း သို့မဟုတ် အဝေးသို့ ရှောင်ဖယ်သွားခြင်းမရှိဘဲ ပူးပေါင်းကြံစည်ကာ လူကြီးနှစ်ဦးကို နောက်ပြောင်နေကြပုံရသည်။
‘အဲဒါကို ဘယ်လိုခေါ်ပါလိမ့်၊ သူတို့က ချွဲနွဲ့တဲ့ အချစ်ဇာတ်လမ်းတွေကို လှောင်ပြောင်နေကြတာပဲ'
သို့သော် တကယ်တမ်းတွင် ထိုသို့မဟုတ်ခဲ့ချေ။ ချန်မေ့လန် ယနေ့ တုန်းဖန်အုပ်စုသို့ သွားခဲ့ပြီး လျိုမင်ကလည်း ယန်ကျောက်ထံ သေချာပေါက် ဖုန်းဆက်မည် ဖြစ်သည်။
ယန်ကျောက်က သူမကို ခေါ်ခြင်းမှာ ချစ်ခင်မှုပြသရန်မဟုတ်ဘဲ သူမအား စစ်ဆေးမေးမြန်းရန်သာ ဖြစ်သည်။
‘စစ်ဆေးမေးမြန်းချင်လည်း မေးလေ၊ ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ’
ဤအချိန်တွင် ချန်မေ့လန်၏ရင်ဘတ်လေးမှာ မည်သူ့ထက်မဆို ပိုကော့နေပြီး သူမ၏ခါးမှာလည်း မည်သူ့ထက်မဆို ပို၍ မတ်မတ်ရှိနေလေသည်။
“မင်းရဲ့ အရည်အချင်း အထောက်အထားတွေအားလုံး ပြင်ဆင်ပြီးပြီလား၊ ငါ ကြည့်လို့ရမလား”
ယန်ကျောက်က တီဗွီကို ဖော့ဘူးထဲမှ ထုတ်နေရင်း မေးလိုက်သည်။
သေချာပေါက် ချန်မေ့လန်တွင် သူမ၏ အရည်အချင်း အထောက်အထားများအားလုံး ပြည့်စုံစွာ ရှိနေပြီး သူမ၏ ဆောက်လုပ်ရေးအရည်အချင်း အထောက်အထားများမှာ ရှီးဖျင်မြို့တစ်မြို့လုံးတွင် အရည်အသွေးအပြည့်မီဆုံး ဖြစ်နိုင်ပေသည်။
ယန်ကျောက်က ဝယ်လာသော တီဗွီစက်ကို အိပ်ခန်းတွင် တပ်ဆင်ထားသည်။
ဤအိပ်ခန်းထဲသို့ သူမမှလွဲ၍ ကလေးများ ဝင်ရောက်လေ့ မရှိသလောက်ပင်ဖြစ်သည်။
သူတို့၏ ဖခင် အိမ်မှာ မရှိချိန်တွင်ပင် ရှောင်လန်သည် တံခါးဝမှ လှည့်ပြန်ကာ နှုတ်ခမ်းဆူလျက် “ဖေဖေ့ရဲ့ အခန်းမည်းကြီး၊ မဝင်ဘူး” ဟု ပြောလေ့ရှိသည်။
ချန်မေ့လန်က အကြံပြုလိုက်၏။
“ဒီတီဗွီကို ယွမ်ယွမ်နဲ့ ရှောင်လန်တို့ အခန်းထဲမှာ ထားရင်ကော ဘယ်လိုလဲ၊ မိသားစုတစ်စုလုံး အတူတူကြည့်လို့ရတာပေါ့၊ ဘာလို့ ကျွန်မတို့အိပ်ခန်းထဲမှာ ထားမှာလဲ”
ယန်ကျောက်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။
“မင်း မကြည့်ချင်ဘူးလား”
ချန်မေ့လန်သည် တကယ်တမ်းတွင် တီဗွီကြည့်ရသည်ကို မနှစ်သက်ချေ။ သူမ၏ အနာဂတ်ဘဝတွင် စမတ်ဖုန်းများနှင့် ကွန်ပျူတာများကို အသုံးပြုခဲ့ပြီး လက်ရှိတီဗွီအစီအစဉ်များအား ကြည့်ရှုရသည်ကို မနှစ်သက်သဖြင့် သူမက ဖြေလိုက်သည်။
“သူတို့အခန်းထဲမှာပဲ ထားလိုက်ပါ၊ ကျွန်မက တီဗွီကြည့်ရတာ သိပ်မကြိုက်ပါဘူး”
ယန်ကျောက်က ဥပဒေရေးရာ ပညာပေးတိတ်ခွေကို စားပွဲပေါ်သို့ ပုတ်ချလိုက်ရင်း ပြောလိုက်၏။
“ငါတို့ အခန်းထဲမှာပဲ အရင် တပ်ဆင်ကြတာပေါ့၊ ဒီည ငါတို့နှစ်ယောက် အတူတူကြည့်ရမယ့် ဗီဒီယိုခွေတစ်ခွေရှိတယ်”
ချန်မေ့လန်က တစ်ချက်ကြည့်လိုက်ရာ ၎င်းမှာ လိမ်လည်မှုနှင့် ပတ်သက်သော ဥပဒေရေးရာ ပညာပေးတိတ်ခွေဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူမ ချက်ချင်းပင် ရယ်မောလိုက်ပြီး ပြောလိုက်၏။
“ဗိုလ်ကြီးယန်၊ စီးပွားရေးလုပ်ချင်တဲ့သူတိုင်း ဒီလို အခွင့်အရေးမျိုး မရနိုင်ဘူးဆိုတာ ကျွန်မ လောင်းရဲပါတယ်၊ ဒါက ရာဇဝတ်ကောင်တွေအတွက် မဟုတ်ဘူးလား”
သူမ မည်သည့ ဥပဒေကိုမျှ မချိုးဖောက်ခဲ့ဘဲနှင့် သူက သူမကို ဥပဒေရေးရာ ပညာပေ ဗီဒီယိုများ ကြည့်ခိုင်းနေသည်လော။
ယန်ကျောက်က အကြောင်းပြချက်ပေးလေ၏။
“ဒီတိတ်ခွေထဲမှာ ပုံမှန် လိမ်လည်မှုအမှုအခင်းတွေ အများကြီးပါတယ်၊
မင်းက ဆောက်လုပ်ရေးအလုပ် စလုပ်ပြီဆိုတော့ ရွှေ့ပြောင်းအလုပ်သမားတွေကစလို့ ပစ္စည်းရောင်းချသူတွေ၊ ကန်ထရိုက်တာတွေအထိ အဆင့်တိုင်းမှာ လိမ်လည်မှုတွေ၊ လှည့်စားမှု နည်းစနစ်တွေ ရှိတယ်၊
အတူတူကြည့်ရင်းနဲ့ တတ်နိုင်သမျှ အလိမ်မခံရအောင် ကြိုးစားကြတာပေါ၊”
အကြောင်းပြချက်မှာ ကောင်းမွန်ပုံရသော်လည်း တကယ်တမ်းတွင်မူ သူသည် သူမက သူ့အာဏာအား ကိုယ်ကျိုးအတွက် အသုံးပြုမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
မေ့လန်သည် သိုးသားဟင်းချိုကို ပြင်ဆင်ပြီး မြို့ထဲမှ အထူးတလည် ဝယ်လာသော နန်ပေါင်မုန့်ပြားများကို စိမ်ထားလိုက်သည်။ ရနံ့မှာ မွှေးကြိုင်လှသည်။
သို့သော် ဟင်းချိုက မည်မျှပင် မွှေးကြိုင်နေစေကာမူ ရှောင်ဝမ်ကို မဆွဲဆောင်နိုင်ခဲ့ချေ။
လူကြီးများက ငွေများကို ရေလို သုံးစွဲနေချိန်တွင် သူသည် ယွမ်ယွမ်အတွက် စန္ဒရားဝယ်ရန် ငွေတစ်ပြားတစ်ချပ်မကျန် စုဆောင်းနေလေသည်။
ဖခင်ဖြစ်သူ တီဗွီကို ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူသည် သူ့အရွယ်အစားခန့်ရှိသော စက္ကူဖာကြီးအား ငွေလဲရန်အတွက် ပြန်လည်အသုံးပြုရေးစခန်းသို့ ဆွဲယူသွားနှင့်လေပြီ။
ယန်ကျောက် တီဗွီတပ်ဆင်နေစဉ် ချန်မေ့လန်၏ အရည်အချင်း အထောက်အထားများကို သူ ကြည့်ရှုလိုက်သည်။
ပထမဆုံးမှာ ကတ်ပြားငယ်လေး တစ်ခုဖြစ်ပြီး အံ့သြစရာကောင်းလောက်အောင် စက်ဖြင့် ရိုက်နှိပ်ထားကာ သူမ၏အမည် ပါရှိသည်။
ခေါင်းစဉ်တွင် ‘ရှင်းတာ ဆောက်လုပ်ရေးအဖွဲ့၏ အထွေထွေမန်နေဂျာ၊ ချန်မေ့လန်’ ဟု ရေးသားထားသည်။
‘ရှင်းတာလား၊ အဲဒါက ကြီးပွားတိုးတက်ခြင်းနဲ့ အောင်မြင်ခြင်းကို ဆိုလိုတာမဟုတ်ဘူးလား'
နာမည်က အတော်လေး ရိုးအီနေသည်။
ချန်မေ့လန်က ပြုံးလျက် ရှင်းပြလိုက်၏။
“ဒါကို စီးပွားရေးလိပ်စာကတ်လို့ ခေါ်တယ်၊ လောလောဆယ် ကျွန်မမှာပဲ ရှိသေးတယ်၊
ဒါပေမယ့် နောက်ကျရင် ကျွန်မအစ်ကိုနဲ့ ယန်ပင်း အတွက် တစ်ယောက်ကို တစ်ခုစီ ရိုက်နှိပ်ပေးဦးမယ်၊ ပရောဂျက်တွေအတွက် အပြင်ထွက်တဲ့အခါ သုံးဖို့လေ၊
ဒီကတ်တွေကို ဝေလိုက်ရင် ဆောက်လုပ်ရေး အလုပ် လုပ်ချင်တဲ့သူတွေက ကျွန်မတို့ကို ရှာတွေ့လိမ့်မယ်”
ယန်ကျောက် ခေါင်းညိတ်ပြလိုက်သည်။ ဤသည်ကို ကျယ်ကျယ်ပြန့်ပြန့် ကွန်ရက်ဖြန့်ကျက်ခြင်းဟု ခေါ်ဆိုနိုင်သည်မဟုတ်လော။
တီဗွီ တပ်ဆင်ပြီးနောက် သူသည် အင်တာနာတပ်ဆင်ရန် အပြင်ထွက်ရဦးမည် ဖြစ်သည်။
သို့သော် ချန်မေ့လန်က နောက်ထပ်စာရွက်စာတမ်းတစ်ခုကို ထုတ်ယူကာ မေးလိုက်သဖြင့် သူ ကုတင်စွန်းတွင် ထိုင်လိုက်သည်။
“ဒါက ဘာလဲ”
ချန်မေ့လန်က ရှင်းပြလိုက်သည်။
“အဲဒါက ‘အလုပ်သမားစေလွှတ်ခြင်း အသိပေးစာ’ ပါ၊ ကျွန်မက အလုပ်သမားတွေငှားရမ်းဖို့ အရည်အချင်းပြည့်မီပြီး အလုပ်သမားဗျူရိုရဲ့ အကာအကွယ် ရရှိတယ်ဆိုတာကို သက်သေပြတာ”
ထို့နောက် သူမသည် နောက်ထပ် စာရွက်စာတမ်း တစ်ခုကို ထုတ်ယူလိုက်ပြန်သည်။
“ဒါက ယွမ် ၃၀၀,၀၀၀ မတည်ရင်းနှီးငွေနဲ့ မှတ်ပုံတင်ထားတဲ့ ‘တစ်သီးပုဂ္ဂလ စီးပွားရေးလုပ်ငန်း လိုင်စင်’ ပါ၊
ပြီးတော့ ဒီမှာက ပြီးခဲ့တဲ့ ပရောဂျက်က ဝင်ငွေအတွက် အခွန်ပေးဆောင်ထားတဲ့ လက်မှတ်၊ ဘယ်လိုလဲ ဗိုလ်ကြီးယန်၊ ကျွန်မရဲ့ အရည်အချင်း အထောက်အထားတွေ ပြည့်စုံရဲ့လား”
ယန်ကျောက်က တီဗွီကိုပုတ်ကာ ပြောလိုက်၏။
“ငါ အင်တာနာတိုင် သွားတပ်လိုက်ဦးမယ်”
အရည်အချင်း အထောက်အထားများမှာ တကယ်ပင် ပြည့်စုံလွန်းနေသဖြင့် တင်းမာသော မျက်နှာထားရှိသည့် အမျိုးသားအား စကားစမရအောင် ဖြစ်သွားစေသည်။
ယခင်ဘဝက ကျိုးရွှယ်ချင်းသည် ယန်ကျောက်အား စာနာနားလည်မှုမရှိဟု ညည်းတွားကာ ဆဲဆိုငိုကြွေးခဲ့ဖူးသည်။
ထို့ကြောင့် ချန်မေ့လန်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်၏။
သူမသည် အမြတ်အနည်းငယ်သာ ယူမည်၊ အခွန်များကို သေချာစွာ ပေးဆောင်မည်၊ အလုပ်သမားများ၏ လုပ်အားခများကို အကြွေးမထားဘဲ ဥပဒေကို မချိုးဖောက်ရုံသာ ဖြစ်သည်။
ဤမျှဆိုလျှင် လုံလောက်ပြီမဟုတ်လော။
ဆောက်လုပ်ရေးလုပ်ငန်းတွင် လူအများအပြားရှိနေပြီး နောင်တွင် အရည်အသွေးညံ့ဖျင်းသော ပရောဂျက်များမှာ သာမန်ကိစ္စတစ်ခုဖြစ်လာပေလိမ့်မည်။
လုကျင်းယွီသည် တစ်ခါက ငွေချွေတာရန်အတွက် အထပ် ၂၀ မြင့်သော အဆောက်အအုံတစ်ခုတွင် လက်မအရွယ်သာရှိသော သံမဏိချောင်းများကို အသုံးပြုခဲ့ဖူးသည်။