အခန်း ၁၈၆
Vol. 19 Ch. 186
🍄 Chapter 186
ယန်ကျောက် မတ်တတ်ရပ်ကာ တီဗွီဆီသို့ လျှောက်သွားပြီး အံ့အားသင့်နေသော မျက်နှာထားဖြင့် ကြည့်နေလေသည်။
သူ့လက်ထဲတွင် ရေများ စိုရွှဲနေသော အတွင်းခံတစ်ထည် ရှိနေပြီး သူ ညှစ်လိုက်စဉ် ဇလုံထဲသို့ ရေများ စီးကျနေလေသည်။
သူ ထိုကဲ့သို့သော အရာများကို တစ်ခါမျှ မမြင်ဖူးခြင်းမဟုတ်ပေ။
သူတို့သည် ဗီဒီယိုရုံများကို နေ့စဉ် ဝင်ရောက်စီးနင်းလေ့ရှိပြီး ညဉ့်နက်သန်းခေါင်တွင် ထိုအရာများ ပြသနေသူများအား ဖမ်းဆီးလေ့ရှိသည်။
သို့သော် မကြာသေးမီက ယန်ကျောက်နှင့် သူ့အဖွဲ့သည် ညစ်ညမ်းဗီဒီယိုခွေများ မဖမ်းဆီးရမိခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယင်းအစား သူတို့ သွားရောက်တိုင်း ဥပဒေရေးရာ ပညာပေး ဗီဒီယိုခွေ အမျိုးမျိုးကို ကြည့်ရှုနေသူများကိုသာ တွေ့မြင်ခဲ့ရသည်။
ထို့အပြင် ဗီဒီယိုရုံများတွင် များသောအားဖြင့် ဥပဒေရေးရာပညာပေးတိတ်ခွေများကိုသာ ထားရှိကြသည်။
ရဲတပ်ဖွဲ့က ဗီဒီယိုရုံပိုင်ရှင်များအား ဤလုပ်ရပ်အတွက် မကြာခဏ ချီးကျူးခဲ့ကြပြီး သူတို့သည် လူ့အဖွဲ့အစည်းကို သန့်စင်ပေးနေသည်ဟု ယုံကြည်ခဲ့ကြ၏။
ဆိုလိုသည်မှာ လူလိမ်များက အမြဲတမ်း ခြေတစ်လှမ်းစောနေခြင်းဖြစ်သည်။
သူတို့က လူများကို ဖမ်းဆီးကာ ပညာပေးရန် ကြိုးစားပမ်းစား လုပ်ဆောင်နေချိန်တွင် ဗီဒီယိုရုံများရှိ ထိုလူယုတ်မာများက ဤနည်းဖြင့် “ဥပဒေရေးရာ ပညာပေးခြင်း” ကို ကိုင်တွယ်နေကြသည်လော။
ချန်မေ့လန်မှာ ကုတင်ပေါ်တွင် ရယ်ရလွန်းသဖြင့် အသက်ရှူပင်ရပ်မတတ် ဖြစ်သွားလေသည်။ သူမ မနေနိုင်ဘဲ မေးလိုက်မိ၏။
“ဗိုလ်ကြီးယန်၊ ရှင် နေ့တိုင်း ဒီလိုအရာတွေကို ဖမ်းနေတာမဟုတ်ဘူးလား၊ အရင်က ကြည့်ဖူးလား၊ ကြည့်ပြီးတော့ ဘယ်လိုခံစားရလဲ”
ယန်ကျောက်သည် ဖန်သားပြင်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် ချန်မေ့လန်ကို မေးလိုက်သည်။
“မင်း ဒါကို အရင်က ကြည့်ဖူးတယ်မဟုတ်လား”
ဤဉာဏ်ကောင်းသော အမျိုးသားသည် ထိုကဲ့သို့သော ပြကွက်များတွင် သူမ မျက်နှာရဲသွားခြင်း သို့မဟုတ် ထိတ်လန့်သွားခြင်း မရှိသည်ကို သတိထားမိသွားခြင်းဖြစ်သည်။
ချန်မေ့လန်က “ဒါကို မကြည့်ဖူးရင် လူမဟုတ်ဘူး” ဟု ပြောမိလုနီးပါး ဖြစ်သွားသည်။
သို့သော် သူမ ဇာတ်ရုပ်ပျက်ခံ၍မဖြစ်သဖြင့် ချက်ချင်းပင် သူမ၏မျက်လုံးများကို အုပ်လိုက်သည်။
“အရမ်းကြောက်စရာကောင်းတာပဲ၊ မြန်မြန်ပိတ်လိုက်တော့”
အတွင်းခံလျှော်ဖွတ်ခြင်းကိစ္စလည်း မေ့သွားပြီး မီးများကို ပိတ်လိုက်ကြသည်။
အချိန်အတော်ကြာပြီးနောက် ယန်ကျောက်သည် သီးခြားကုတင်တစ်ခု ပြုလုပ်ကာ လှဲလျောင်းလိုက်သည်။ သူ၏ အသက်ရှူသံများ ပုံမှန်ဖြစ်သွားရန် အချိန်အတော်ကြာ ယူခဲ့ရ၏။
အလွန် ကြာမြင့်သော အချိန်တစ်ခုအပြီးတွင် သူက နောက်ဆုံး၌ အသံဩဩဖြင့် ပြောလိုက်၏။
“အနောက်တိုင်းသားတွေက သူတို့ပြောသလောက် မကြီးကြဘူးမဟုတ်လား”
‘သောက်ကျိုးနည်း၊ သူ အသုံးဝင်တာ ဘာမှမသင်ယူလိုက်ရဘူးလား'
………
လုကျင်းယွီသည် ယခုအခါတွင် ယန်ရှီရှန်းအား ကျေးဇူးကြွေးရှိခဲ့ဖူးပြီး တုန်းဖန်အုပ်စု တည်ထောင်ကတည်းက စီမံခန့်ခွဲမှုဌာနတွင် အနှစ်သုံးဆယ်တိတိ အကြီးတန်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဖန်ရှန်အား မျက်နှာလိုမျက်နှာရ လုပ်နေလေသည်။
ထို့အပြင် သူ့သားမှာ မြို့တော်ဗျူရိုတွင် အလုပ်လုပ်နေသဖြင့် ဖန်ရှန်သည် ကျင်းတုန်းခရိုင်တွင် တကယ့် ဒေသခံမြွေဟောက်ကြီးတစ်ကောင် ဖြစ်နေလေသည်။
ချန်မေ့လန်သည် ယန်ကျောက်၏ အဆက်အသွယ်များကို အသုံးပြုကာ အတွင်းရေးမှူးလျိုထံမှတစ်ဆင့် လုကျင်းယွီ၏ ပရောဂျက်ကို လုယူနိုင်ခဲ့သည်။
သူမသည် လုကျင်းယွီကို မကြောက်ရွံ့သော်ငြားလည်း ဖန်ရှန်ကိုမူ အနည်းငယ် သတိထားနေမိ၏။
အဘယ်ကြောင့်ဆိုသော် ဖန်ရှန်သည် ယခင်ဘဝကတည်းက ရှီးဖျင်မြို့ရှိ သူဌေးအသစ် အားလုံးကို ထိတ်လန့်တုန်ယင်သွားစေနိုင်သော သူတစ်ဦး ဖြစ်ခဲ့သောကြောင့်ပင်။
ယန်ရှီရှန်း၏ ဥပဒေကို မချိုးဖောက်သော်လည်း ကွေ့ကောက်၍ အသုံးပြုတတ်သော အပြုအမူများ အားလုံးမှာ ဖန်ရှန်ထံမှ သင်ယူထားခြင်းဖြစ်သည်။
ထို့ကြောင့် ပရောဂျက်ကို လုယူစဉ်က ချန်မေ့လန်သည် ၎င်းကို သေချာပေါက်ရရှိနိုင်ပြီး လုကျင်းယွီကို တုန်းဖန်အုပ်စုမှ မောင်းထုတ်နိုင်မည်ဟု ယုံကြည်ထားခဲ့၏။
သူမက အလုပ်ကို လုယူကာ အတွင်းရေးမှူးလျိုမင်နှင့် တိုက်ရိုက် ဆက်သွယ်ခြင်းဖြင့် သူမသည် ဖန်ရှန်ကို ကျော်လွန်သွားမည်ဖြစ်ပြီး သူ့အား ငွေတစ်ပြားတစ်ချပ်မျှ ပေးရတော့မည်မဟုတ်ပေ။
ဤအခြေအနေတွင် ဖန်ရှန်က သူမအား ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေလာမည်ကို သူမ စိုးရိမ်မိသည်။
ချန်မေ့လန်သည် ပရောဂျက်ကို ရရှိခဲ့ပြီဖြစ်သော်လည်း အမှန်တကယ် အကောင်အထည်ဖော်ရန်အတွက် သူမသည် အထူးသတိထားရန် လိုအပ်ပြီး အနည်းငယ်မျှသောအမှားကိုပင် အဖြစ်ခံ၍မရနိုင်ချေ။
မဟုတ်ပါက ပြင်ပလုပ်ငန်းအပ်နှံမှုများကို တာဝန်ယူရသော ညွှန်ကြားရေးမှူးတစ်ဦးအနေဖြင့် ဖန်ရှန်သည် သူမကို အချိန်မရွေး ကန်ထုတ်နိုင်လေသည်။
သို့သော် လုကျင်းယွီမှာ ပရောဂျက်ဆုံးရှုံးသွားသဖြင့် သူ၏ ဂျီကျတတ်ပြီး ဘုန်းကြီးကဲ့သို့ စကားများတတ်သော စရိုက်အရ သူမက သူ့အား လျစ်လျူရှုထားပါက သူ သေချာပေါက် ယန်ကျောက်ထံ သွားရောက် ညည်းတွားမည်ကို သူမ သိထားသည်။
သူသည် ယန်ကျောက်နှင့် အကျိုးအကြောင်း ဆွေးနွေးကာ သူမအား ပရောဂျက်မှနုတ်ထွက်စေရန် ဖျောင်းဖျပြီး ယန်ကျောက်မှတစ်ဆင့် သူမ နောက်ဆုတ်သွားစေရန် ဖိအားပေးမည်မှာ သေချာသည်။
နှစ်သစ်ကူး နီးကပ်လာသည်နှင့်အမျှ ဤသည်မှာ ချန်မေ့လန်အတွက် စိုးရိမ်စရာအချက်တစ်ခု ဖြစ်လာသည်။
ကလေးများကို ပြုစုပျိုးထောင်ရန် လက်ရှိရန်ပုံငွေများမှာ လုံးဝ မလုံလောက်သဖြင့် သူမ ငွေရှာရန် လိုအပ်သော်လည်း ပွဲတော်ကာလအတွင်း ယန်ကျောက်နှင့် မငြင်းခုန်လိုချေ။
နံနက်စောစောတွင် ဖုန်း ထပ်မံမြည်လာသည်။
ချန်မေ့လန်သည် လုကျင်းယွီ ဖြစ်မည်ဟု ထင်ကာ သူ့ကို ဆူပူရန် ပြင်ဆင်ထားသော်လည်း ဖုန်းကိုင်လိုက်သောအခါ လုကျင်းယွီက သက်ပြင်းရှည်ကြီးချကာ ပြောလိုက်၏။
“မေ့လန်၊ နင့်ကို ငါ တစ်ခုခုပြောပြဖို့ လိုတယ်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ လုံးဝ မပြောပြရဘူးနော်”
…
“ကျိုးရွှယ်ချင်းက ကျောက်မီးသွေးရောင်းဖို့ တောင်ပိုင်းကို သွားတယ်၊ ဒါပေမယ့် ကျန်းစုကို ရောက်တာနဲ့ ကျောက်မီးသွေးတွေက အလိုလို မီးလောင်သွားတယ်”
လုကျင်းယွီက အားနည်းစွာ ပြောလိုက်ပြီး သက်ပြင်းရှည်ကြီးချကာ ဆက်ပြောလာသည်။
“သူက စိတ်ဓာတ်ခိုင်မာတဲ့ မိန်းမဆိုတော့ ဒီကိစ္စကို တခြားသူတွေ သိတာကိုမလိုလားဘူး၊ နင် ဘယ်သူ့ကိုမှမပြောဘဲ နေပေးလို့ရမလား”
ချန်မေ့လန်၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲဖြစ်သွားလေသည်။ အစပိုင်းတွင် သူမ အံ့အားသင့်သွားသော်လည်း လုံးဝကြီး အံ့အားသင့်သွားခြင်းတော့မဟုတ်ပေ။
ဆေးကြောသည့် လုပ်ငန်းစဉ်ကို မဖြတ်သန်းရသေးသော ကျောက်မီးသွေးများ၏ မျက်နှာပြင်ပေါ်တွင် အညစ်အကြေးများနှင့် ဖုန်မှုန့်များ အများအပြား ပါရှိနေသည်
ခရီးဝေး သယ်ယူပို့ဆောင်ရေးအတွင်း ၎င်းတို့ကို ကျောက်မီးသွေးတင်သည့် ကားများတွင် ပိတ်လှောင်ထားလေ့ရှိသည်။
မြောက်ပိုင်း ဆောင်းရာသီတွင် အဆင်ပြေသော်လည်း တောင်ပိုင်းမှာမူ မိုးရာသီ ရောက်ရှိနေပြီဖြစ်၏။
ကျောက်မီးသွေးမှ အပူများ မထွက်နိုင်ဘဲ အချိန်အကြာကြီး ပိတ်လှောင်ထားရသဖြင့် အလိုအလျောက် မီးလောင်ကျွမ်းရန် လွယ်ကူလေသည်။
ဤသည်မှာ ဆေးကြောသည့်လုပ်ငန်းစဉ်ကို သေချာလုပ်ဆောင်ရန် ယန်ရှီရှန်းအား သူမ အတင်းအကျပ် ဖိအားပေးနေခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်သည်။
သူမ၏ ယခင်ဘဝက ရှီးဖျင်မြို့ရှိ ကျောက်မီးသွေးသူဌေး အများအပြားမှာ တောင်ပိုင်းသို့ သယ်ယူပို့ဆောင်စဉ် ကျောက်မီးသွေးများ အလိုအလျောက် မီးလောင်ကျွမ်းသွားသဖြင့် ဆင်းရဲမွဲတေသည့်ဘဝသို့ ရောက်ရှိသွားခဲ့ကြဖူးသည်။