← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

🍄 Chapter 189

ရှောင်ဝမ်က ရုတ်တရက် အော်ဟစ်လိုက်သည်။

“ဒါဆို ကျွန်တော့်ကို အဖေ လို့ခေါ်လိုက်၊ အဲဒါကို ကြားချင်တယ်”

ယန်ရှီရှန်းမှာ ကြောက်လန့်လွန်းသဖြင့် အသိစိတ်လွတ်မတတ် ဖြစ်သွားလေသည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ မင်းက ငါ့အဖေပါ၊ ဟုတ်ပြီလား ဘိုးအေ‌လေး”

ရှောင်ဝမ်သည် သူ၏ သွားစွယ်များဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး မေ့လန်၏ပခုံးပေါ်တွင် လက်တင်ထားကာ ရုတ်တရက် ‘ပတ်’ ဟူသော အသံ ထွက်ပေါ်လာသည်။

ယန်ရှီရှန်းသည် သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာကွယ်ကာ ကိုင်းညွတ်၍ သနားစရာကောင်းသော အော်သံတစ်ချက်ကို ထုတ်လွှင့်လိုက်သည်။

သူ၏ လှပသော ဖီဒိုရာဦးထုပ်မှာလည်း မြေပြင်ပေါ်သို့ ကျကျသွားလေသည်။

ရှောင်ဝမ်နှင့် ရှောင်လန်တို့မှာ ရယ်မောလိုက်ကြသည်။

“ဟားဟား၊ ဦးလေးကြောက်သွားပြီ”

၎င်းမှာ မီးပွားများ ထွက်လာသော ကစားစရာသေနတ်လေးတစ်လက်သာ ဖြစ်ပြီး ဈေးပေါသောမီးခြစ်ဆံတစ်ခုနှင့် တူလေသည်။

ယန်ရှီရှန်း၏ မျက်နှာမူအမူအရာမှာ တစ်ယောက်ယောက်ကို ရိုက်တော့မည့်အနေအထား ဖြစ်နေလေပြီ။

ချန်မေ့လန်သည် သူတို့ကို အချိန်အကြာကြီး စိုက်ကြည့်နေလိုက်သည်။ ရှောင်ဝမ်သည် မီးခြစ်ကို ချန်မေ့လန်ထံ ရှက်ရွံ့စွာ ကမ်းပေးရင်း ပြောလိုက်သည်။

“ဦးလေးယန်၊ သား တောင်းပန်ပါတယ်”

ယွမ်ယွမ်သည် သူမ၏ဖခင် အခြေအနေ ဆိုးရွားနေသည်ကို မြင်သောအခါ သေချာပေါက် မပျော်ရွှင်ချေ။

သူမသည် သူ့ဦးထုပ်ကို ကောက်ယူကာ ဖုန်များ သေချာစွာ ခါထုတ်လိုက်ပြီး ဖခင်၏ ခေါင်းပေါ်သို့ ပြန်ဆောင်းပေးရန် ခြေဖျားထောက်လိုက်သည်။

ထို့နောက် သူ့ဖခင်ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်၏။

ခဏတာ စဉ်းစားပြီးနောက် သူမက ဒူးထောက်ကာ ဖခင်ကို ကန်တော့လိုက်၏။

“ဖေဖေ၊ သမီး ဖေဖေ့ကို နှစ်သစ်ကူးဆုမွန်ကောင်း တောင်းပေးပါတယ်၊ ကျန်းမာရေးကောင်းပြီး သက်တမ်းရှည်ပါစေ၊ ဖေဖေ ကျန်းကျန်းမာမာ နေရမယ်နော်၊ ဟုတ်ပြီလား”

ယန်ရှီရှန်းသည် အားလပ်ရက်များတွင် ဆက်ဆံရေးများကို ထိန်းသိမ်းရန်အတွက် ငွေအမြောက်အမြား ပေးကမ်းရလေ့ရှိသည်။

သူ့အသက်ကို အသည်းအသန်လိုချင်နေသော ဖန်ရှန်ကိုပင်လျှင် သူ ပေးသင့်သောငွေများ ပေးရသေး၏။

အခြား မည်သူ့ရှေ့တွင်မဆို သူသည်သာ ဒူးထောက်ပြီး ကန်တော့ရသူ ဖြစ်သည်။

ဤကလေးမလေး တစ်ယောက်တည်းကသာ သူ့ကို ကန်တော့မည်ဖြစ်ပြီး သူမ တစ်ယောက်တည်းကသာ သူ ကျန်းကျန်းမာမာ နေထိုင်နိုင်စေရန် အမှန်တကယ်မျှော်လင့်သူ ဖြစ်၏။

သူသည် သမီးဖြစ်သူကို ကြည့်ရန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ၏ခေါင်းလေးကို ပုတ်ပေးရန် လက်လှမ်းလိုက်၏။

“သမီးလေး၊ သမီး သိတယ်မလား၊ သမီးက ဒီဘဝမှာ အဖေအချစ်ဆုံးသူ ဖြစ်သလို အဖေ အားအနာရဆုံးသူလည်းဖြစ်တယ်”

“အီကြာကွေးနဲ့ ကြော်ထားတဲ့ မုန့်တွေ များများစားနော်၊ အရက်လျှော့သောက်၊ ဖေဖေ အရမ်းပိန်နေပြီ”

ယွမ်ယွမ်သည် ထုပ်ပိုးထားသော နှစ်သစ်ကူးလက်ဆောင်များကို ယန်ရှီရှန်းအား ကမ်းပေးလိုက်ပြီးနောက် ရှောင်ဝမ်ကို လှည့်၍ မျက်စောင်းထိုးကာ တိုးတိုးလေး ပြောလိုက်သည်။

“သမီး အစ်ကိုက မဆိုးပါဘူး၊ သူက ဆော့တာပါ၊ စိတ်မဆိုးပါနဲ့နော်”

ယန်ရှီရှန်း လှည့်ထွက်သွားစဉ် သမီးဖြစ်သူကို လက်ပြနှုတ်ဆက်လိုက်ရာ သူမကလည်း ပြန်လည် လက်ပြနှုတ်ဆက်လေသည်။

“တာ့တာ၊ ဖေဖေ”

ယန်ရှီရှန်း ထွက်သွားပြီးနောက် ချန်မေ့လန်သည် ရှောင်ဝမ်နှင့် ရှောင်လန်တို့ကို ဆူပူဆုံးမလိုက်ပြီး လက်နက်ငယ်နှင့်တူသော မီးခြစ်ကိုလည်း သိမ်းဆည်းလိုက်၏။

ယန်ကျောက် ပြန်လာပြီးနောက် သူတို့ကို ဆော့ခွင့်ပြု မပြု စောင့်ကြည့်ရပေမည်။

အကယ်၍ ယန်ကျောက်က ခွင့်မပြုပါက သူမ သူတို့ကို ဆော့ခွင့်ပေး၍မရနိုင်ချေ။

‘ဒါက အရမ်းကြောက်စရာကောင်းတယ်'

ကလေးများသည် တီဗွီတွင် ပြန်လည်ထုတ်လွှင့်သော နွေဦးပွဲတော် အစီအစဉ်ကို ကြည့်ရှုရင်း ကျောက်လိရုန်၏ အိုးခွက်ပန်းကန်များ ရိုက်ခွဲသော ဟာသပြကွက်ကို အားရပါးရ ရယ်မောနေကြသည်။

ထိုစဉ် ဖုန်းမြည်လာရာ ချန်မေ့လန် ဖုန်းကိုင်လိုက်၏။

“မေ့လန်၊ ရှောင်မေက တကယ်တော့ သနားစရာလေးပါ”

ယန်ရှီရှန်း ထပ်ဖြစ်နေပြန်သည်။

‘သူ အခုလေးတင် ထွက်သွားတာကို ဘာလို့ ဖုန်းပြန်ဆက်နေရတာလဲ'

ရှောင်မေ သနားစရာကောင်းခြင်းမှာ ချန်မေ့လန်နှင့် မည်သို့မျှ မသက်ဆိုင်ချေ။

ချန်မေ့လန် ဖုန်းချရန် ပြင်လိုက်စဉ် ယန်ရှီရှန်းက ဆက်ပြောလာသည်။

“သူ ဗိုက်အတုတပ်ပြီး အဲဒီဆေးခန်းမှာ နေနေတာ၊ အခု ကလေးမွေးတော့မယ်လို့ ငါ့ကိုပြောနေတယ်၊

ဖန်ကျန်းဟွာရဲ့ ဇနီးက ပြည်နယ်ဆေးရုံက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အာထရာဆောင်းအချက်အလက် အများကြီးကို သူ့ဆီပေါက်ကြားစေခဲ့တယ်၊

ရှောင်မေက အခု တစ်နေရာရာကနေ ငါ့အတွက် သားတစ်ယောက်ခိုးဖို့ ပြင်ဆင်နေတယ်၊ ငါ တကယ် ဆက်ပြီးဟန်မဆောင်နိုင်တော့ဘူး၊

သူ ပြစ်မှုကျူးလွန်တာကိုလည်း ငါ မလိုလားဘူး၊ အဲဒါကြောင့် သူ့ကို နှုတ်ပိတ်ဖို့ ယွမ် ၃ သောင်း ပေးပြီး ကလေး ပျက်ကျသွားတယ်လို့ ပြောပြီး အဲဒီကိစ္စကို အဆုံးသတ်လိုက်ဖို့ သူနဲ့ဆွေးနွေးမလို့ စဉ်းစားနေတာ၊ မင်း ဘယ်လိုထင်လဲ”

ယန်ရှီရှန်း၏ ငွေများအားလုံးမှာ ယွမ်ယွမ်၏ငွေစာရင်းတွင် ရှိနေသည်။

သူ ဤစကားများ ပြောနေခြင်းမှာ တကယ်တမ်းတွင် သူ့ယားငယ်အား ပေးချေရန် ယွမ်ယွမ်၏ငွေများကို အသုံးပြုရန် ရည်ရွယ်နေခြင်းပင်ဖြစ်သည်။

‘ယွမ်ယွမ်ကို ချစ်တယ်ဆိုပြီး မယားငယ်ကိုပေးဖို့ရာ ယွမ်ယွမ်ရဲ့ငွေတွေကို အသုံးပြုချင်နေတာတဲ့လား'

ထိုအချိန်က ရှယ်ယာများကို ပြန်လည်ရယူခဲ့ခြင်းမှာ လုံးဝ အမှားအယွင်းမရှိကြောင်း ချန်မေ့လန် ခံစားလိုက်ရသည်။

“ရှင် လုပ်ချင်ရာလုပ်ပါ၊ ဒါပေမယ့် တခြားအမျိုးသမီးတွေကို ပေးဖို့ ယွမ်ယွမ်ရဲ့ပိုက်ဆံ တစ်ပြားမှ ရမှာမဟုတ်ဘူး၊

ရှောင်မေကို တကယ်ဂရုစိုက်တယ်ဆိုရင် ရှင်ကိုယ်တိုင် ငွေရှာပြီး သူ့ကိုထောက်ပံ့ပါ၊ တစ်သက်လုံးထောက်ပံ့လိုက်”

ချန်မေ့လန်က ပြောပြီးနောက် ဖုန်းချသွားလေသည်။

သိပ်မကြာမီမှာပင် ယန်ရှီရှန်း ထပ်မံဖုန်းဆက်လာပြန်သည်။

သူ စကားစပြောသည်နှင့်တစ်ပြိုင်နက် မေးလိုက်၏။

“ချန်မေ့လန်၊ ကားမတော်တဆမှုမှာ လူသေရင် ယာဉ်မောင်းက လျော်ကြေး ဘယ်လောက် ပေးရလဲဆိုတာ မင်းသိလား

ခဏတာ ရပ်တန့်ပြီးနောက် သူက ထပ်ပြောသည်။

“ယွမ် ၃ သောင်း၊ အဲဒီကောင်စုတ်အတွက် ငါ့အသက်က အဲဒီလောက်ပဲတန်တာလား”

မကြာသေးမီက ဖန်ရှန်နှင့် သူ့သားသည် လူတစ်ဦးကို ကိုင်တွယ်ဖြေရှင်းရန် စီစဉ်နေခဲ့ကြသည်။

ထိုသူမှာ ကြီးပွားချမ်းသာလာပြီးနောက် ဖန်ရှန်၏စကားကို နားမထောင်တော့ဘဲ ဖန်ရှန်အား ပေးရမည့်ငွေများအား ပေးရန် ငြင်းဆန်ကာ ဖန်ရှန်ကိုတိုင်ကြားရန်ပင် စီစဉ်နေသော အသေးစား သူဌေးသစ်တစ်ဦး ဖြစ်သည်။

ဖန်ရှန်သည် လူတစ်ယောက်ကို ငှားရမ်းခဲ့ပြီး ယမန်နေ့ကပင် ပစ်မှတ်ကို ကားဖြင့် တိုက်ရိုက်တိုက်သတ်ခဲ့သည်။ ထို့နောက် လျော်ကြေးပေးသည့် လုပ်ငန်းစဉ်သို့ ဝင်ရောက်ခဲ့ကြ၏။

ယာဉ်မောင်းသည် အမှားကို ဝန်ခံရာတွင် ကောင်းမွန်သောသဘောထားကို ပြသခဲ့ပြီး အရက်မူးပြီး မောင်းနှင်ခြင်း သို့မဟုတ် အန္တရာယ်ရှိစွာမောင်းနှင်ခြင်း မဟုတ်သောကြောင့် လျော်ကြေးအဖြစ် ယွမ် ၃ သောင်းသာ ပေးခဲ့ရကာ တစ်ညတာချုပ်နှောင်ခံရပြီး ယနေ့တွင် လွတ်မြောက်လာခဲ့သည်။

ထို့ကြောင့် အကယ်၍ ယန်ရှီရှန်းက စကားနားမထောင်သည်ကို ဖန်ရှန်သိရှိသွားပါက သူ့အသက်သည်လည်း ယွမ် ၃ သောင်းသာတန်ဖိုးရှိမည် ဖြစ်သည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် ဤကဲ့သို့သော နောက်ကွယ်မှ စီမံခန့်ခွဲမှုမျိုးမှာ အမှန်တကယ်ပင် ရှိနေခဲ့သည်။

“မနေ့ကဟုတ်လား၊ တုန်းဖန် အုပ်စု အနောက်ဘက်မှာ လူတစ်ယောက် ကားကြိတ်ခံရတဲ့ ကိစ္စလား”

ထိုစကားကို ကြားပြီးနောက် ချန်မေ့လန် စိတ်ဝင်စားသွားသည်။

ယန်ရှီရှန်း ခဏတာ ရပ်တန့်သွားသည်။

“မင်း အဲဒီအကြောင်းကို ဘယ်လိုလုပ်သိတာလဲ”

ယမန်နေ့က ယန်ကျောက် သွားရောက်ကိုင်တွယ်ခဲ့ရသော အမှုမှာ ဤအမှုပင်မဟုတ်လော။

ဖန်ရှန် ဟူသော ထိုဒေသခံမြွေဟောက်ကြီးကို ချန်မေ့လန် ယခင်ဘဝက မဆုံတွေ့ခဲ့ဖူးသော်လည်း သူ၏ ယုတ်မာကောက်ကျစ်မှုများကိုမူ သူမ သိရှိထားသည်။

All Chapters