အခန်း ၁၉၀
Vol. 19 Ch. 190
🍄 Chapter 190
ယန်ရှီရှန်းသည် တစ်သက်လုံး ဖန်ရှန်၏ဖိနှိပ်မှုကို ခံခဲ့ရပြီး ခေါင်းမထောင်နိုင်ခဲ့ချေ။
မြို့တော်ပြည်သူ့လုံခြုံရေးဗျူရို၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် အခြားသူများကို ကားဖြင့် လူတိုက်သတ်ရန်အမိန့်ပေးခြင်း။
၎င်းမှာ သေဒဏ်ပေးရန် လုံလောက်သောရာဇဝတ်မှုတစ်ခု မဟုတ်လော။
‘ယန်ရှီရှန်း သိနေပြီဆိုမှတော့ သူ ဘာလို့ ရဲမတိုင်ရတာလဲ'
“ရှင် ရဲမတိုင်ဘူးလား”
“မင်းက အဲဒီလောက်လွယ်တယ်လို့ ထင်နေတာလား၊ ငါ တိုင်ရင်တောင် ယန်ကျောက်က စုံစမ်းစစ်ဆေးမယ့်သူ ဖြစ်လာမယ်လို့ အာမခံလို့မရဘူး၊
ယန်ကျောက်ရဲ့ အာဏာကို အထင်မကြီးနဲ့၊ ဖန်ကျန်းဟွာက သူ့ရဲ့အထက်လူကြီး၊ ပြီးတော့ အထက်က အဆက်အသွယ်တွေကလည်း ရှုပ်ထွေးတယ်၊
သူက ဖန်ကျန်းဟွာကို အရေးယူလိုက်ရင် ဖန်ကျန်းဟွာရဲ့ အဆက်အသွယ်တွေက ဒီအတိုင်းလက်ပိုက်ကြည့်နေမယ်လို့ မင်းထင်နေလား၊
ယန်ကျောက် သေသွားမှာကို မင်း မကြောက်ဘူးလား”
ယန်ရှီရှန်းက ဆက်ပြောလာသည်။
ဖန်ရှန်သားအဖသည် ပုံမှန်လူမိုက်ဂိုဏ်းဝင်များ ဖြစ်ကြသော်လည်း အကာအကွယ်များ ရှိလေ၏။
ဤကဲ့သို့သော လူမိုက်ဂိုဏ်းမျိုးနှင့် ပတ်သက်လျှင် သူတို့ကို အရေးယူသူမည်သူမဆို ဒုက္ခရောက်တတ်သည်။
ဤသည်မှာလည်း ယန်ရှီရှန်း အကျပ်ရိုက်ရသည့်အကြောင်းရင်း ဖြစ်သည်။
သူသည် ဟူရှောင်မေ အရှေ့တွင် ဆက်လက်ဟန်ဆောင်နေ၍ မရနိုင်တော့ချေ။
သူ ထိုကလေးကို လက်မခံနိုင်သလို ဖန်ရှန်၏ထိန်းချုပ်မှုမှ ရုန်းထွက်ရန်လည်း မ၀ံ့ရဲချေ။
သူ အမှုကိုတိုင်ကြားနိုင်ပြီး ယန်ကျောက်က လက်ခံပါက သေချာပေါက်စုံစမ်းစစ်ဆေးပေလိမ့်မည်။
ယခင်ကဆိုလျှင် ယန်ရှီရှန်းသည် အခြားမည်သည့်အရာကိုမျှ စိုးရိမ်မည်မဟုတ်ပေ။
သူသည် ယန်ကျောက် ဖြောင့်မတ်မှုနှင့် မတရားမှုအား သည်းမခံနိုင်ခြင်းကို အသုံးပြု၍ ဖန်ရှန်အား ဖြုတ်ချခဲ့မည်ဖြစ်ပြီး ၎င်းမှာ အဆုံးသတ်သွားမည်ဖြစ်သည်။
သို့သော် ယခုအခါ ယန်ကျောက်သည် လက်စားချေမှုများကို ကြုံတွေ့ရနိုင်ခြေ အလွန်များပြားပြီး အသက်ပင် ဆုံးရှုံးသွားနိုင်သည်။
ယန်ရှီရှန်းသည် ယွမ်ယွမ်အပေါ် အလွန်တာဝန်မကျေခဲ့ချေ။
ကလေးငယ်က သူ့ကို ချစ်ခင်ပြီး ကာကွယ်ပေးလေလေ၊ သူ ပို၍ ရှက်ရွံ့လေလေဖြစ်သည်။
ယွမ်ယွမ်သည် သူ့ကို ချစ်ရုံသာမက ယန်ကျောက်ကိုလည်း ချစ်သည်။
ယန်ကျောက်သည် သူ၏ ငယ်သူငယ်ချင်းလည်း ဖြစ်၏။
အရာရှိများနှင့် စီးပွားရေးသမား ပူးပေါင်းကြံစည်မှုများ၊ ရာဇဝတ်မှု အင်အားစုများ သောင်းကျန်းနေသော ယနေ့ခေတ် မှောင်မိုက်သည့်လူ့အဖွဲ့အစည်းတွင် ယန်ကျောက်သည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သည်။
ယန်ကျောက်ကို မည်သည့်အရာမျှ မဖြစ်စေချင်ပေ။
ယန်ရှီရှန်း၏ ညည်းတွားသံများအားလုံးကို နားထောင်ပြီးနောက် ချန်မေ့လန်သည် အေးစက်စက် ရယ်မောလိုက်သည်။
“သူတော်စင်ကြီးလို ဟန်ဆောင်မနေနဲ့၊ ရှင် တိုင်ဖို့ရွေးချယ်ရင် ယန်ကျောက်က အမှုကို စုံစမ်းစစ်ဆေးဖို့နည်းလမ်း သေချာပေါက် ရှာတွေ့လိမ့်မယ်၊ ငွေကိစ္စကတော့ ဆက်ပြီးအိပ်မက်မက်နေလိုက်ဦး၊ ရှင်ကို တစ်ပြားမှ ပေးမှာမဟုတ်ဘူး၊
ယခင်ဘဝက ယန်ကျောက်သည် မြို့တော်တွင် ရဲမှူးကြီးအဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ သူသည် ရာဇဝတ်ဂိုဏ်း အများအပြားကို နှိမ်နင်းခဲ့သည်မဟုတ်လော။
ယန်ကျောက် သို့မဟုတ် သူ့သား လက်စားချေခံရသည်ဟု သူမ တစ်ခါမျှမကြားဖူးခဲ့ချေ။
ထို့ကြောင့် သူ၏ အလုပ်ကိုကိုင်တွယ်ဖြေရှင်းရာတွင် ကိုယ်ပိုင်ဉာဏ်ပညာက သေချာပေါက် အဆင့်တစ်ခုတွင် ရှိနေရပေမည်။
ဖန်ရှန်သည် လူများကို ကားဖြင့်တိုက်ရန် အမိန့်ပေးသည်အထိ ရဲတင်းလာကာ အသက်အန္တရာယ် ပေးလာခဲ့ပြီဖြစ်သည်။
ယန်ရှီရှန်း မပြောလျှင်ပင် ချန်မေ့လန်က ဤကိစ္စကို ယန်ကျောက်အား သေချာပေါက် ပြောပြမည်ဖြစ်သည်။
ယန်ရှီရှန်းအတွက်မူ သူ မည်မျှပင် သနားစရာကောင်းအောင် ပြောနေပါစေ ချန်မေ့လန်သည် သူ့ကိုယ်ကျိုးအတွက် ယွမ်ယွမ့်ငွေများကို တစ်ပြားတစ်ချပ်မျှ အသုံးပြုခွင့် ပေးမည်မဟုတ်ပေ။
အကယ်၍ သူသာ ဟူရှောင်မေကို တကယ်ချစ်မြတ်နိုးပါက သူမအတွက် ငွေရရန် သူကိုယ်တိုင် နည်းလမ်းရှာသင့်သည်။
ဖုန်းချပြီး မကြာမီမှာပင် ဆရာဟွမ် ခြံဝင်းအတွင်းသို့ ဝင်လာသည်။
“မေ့လန်၊ ငါ အကူအညီလိုနေလို့၊ ငါ့ဇနီးက ဒီနေ့ ဗိုက်ခဏခဏ တင်းလာတယ်လို့ ပြောတယ်၊
သူ ကလေးမွေးတော့မလား မသိဘူး၊ ဆေးရုံကို မြန်မြန်သွားမှ ဖြစ်မယ်၊ ငါတို့အတွက် လူနာတင်ယာဉ် တစ်စီးလောက် ဖုန်းဆက်ခေါ်ပေးလို့ရမလား”
နှစ်သစ်ကူး ကာလအတွင်း ကားငှားရန် မဖြစ်နိုင်သလို၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် မော်တာတပ် သုံးဘီးဆိုင်ကယ်များ စီး၍မရနိုင်သလို၊ ဘတ်စ်ကားများမှာလည်း ငါးသေတ္တာဘူးများကဲ့သို့ ကြပ်ညပ်နေလေသည်။
တတိယယောင်းမမှာလည်း အသက်ကြီးမှ ကိုယ်ဝန်ဆောင်သူဖြစ်ပြီး မွေးဖွားတော့မည်ဖြစ်သည်။ လူနာတင်ယာဉ် ခေါ်ကာ ဆေးရုံသို့ သွားခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုပင်ဖြစ်၏။
“ပြန်သွားပြီး ဆေးအိတ်ကို မြန်မြန် ပြင်ဆင်ထားလိုက်ပါ၊ ကျွန်မ အခုပဲ ဖုန်းဆက်လိုက်မယ်”
ချန်မေ့လန်က ပြောလိုက်သည်။
“ကောင်းပြီ”
ဆရာဟွမ်က လှည့်ထွက်ရန် ပြင်လိုက်ရင်း ပြောလိုက်၏။
ထို့နောက် သူသည် အိတ်ကပ်ထဲမှ တစ်ယွမ်တန် သုံးရွက်ကို ထုတ်ယူကာ ရှောင်လန်၊ ရှောင်ဝမ်နှင့် အခြားသူများအရှေ့တွင် ချထားလိုက်သည်။
“ရော့၊ နှစ်သစ်ကူးမုန့်ဖိုးလေး”
“နှစ်သစ်မှာ ဆရာဟွမ်ကျန်းမာ ဘေးကင်းပါစေ၊ ဆရာ့ဇနီးလည်း ချစ်စရာကောင်းတဲ့ ဝဝကစ်ကစ် မိန်းကလေးတစ်ယောက် မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ရှောင်ဝမ်က ချက်ချင်းပင် ငွေများကိုယူရင်း ဆုတောင်းပေးလိုက်၏။
ဆရာဟွမ်မှာ သဘောကျသွားပြီး သူ့ကို လက်မထောင်ပြလိုက်သည်။
“ယန်ရှောင်ဝမ်၊ မင်းပြောတဲ့ စကားတိုင်းက ကွက်တိဖြစ်မှာပါ”
“အားလုံး တကယ်ဖြစ်လာမှာပါ၊ သား အာမခံတယ်”
ရှောင်ဝမ်က လက်မြှောက်ကာ ပြောလိုက်သည်။
ယွမ်ယွမ်နှင့် ရှောင်လန်တို့သည် ယဉ်ကျေးစွာငြင်းပယ်ရန် ပြင်နေသော်လည်း ယခုမူ ငွေများကိုယူကာ ဆုမွန်ကောင်းတောင်းရာတွင် ပူးပေါင်းရတော့သည်။
ယွမ်ယွမ်သည် သူမ၏ အစ်ကိုအား မျက်မှောင်ကြုတ်ကာ မနေနိုင်ဘဲ ပြောလိုက်၏။
“အစ်ကိုကြီး၊ အစ်ကိုက သမီးတွေ့ဖူးသမျှထဲမှာ ပိုက်ဆံအမက်ဆုံးလူပဲ”
“မဟုတ်ပါဘူး၊ နင် အချစ်ဆုံးလူဖြစ်တဲ့ နင့်အဖေအရင်းကမှ အဲဒီလိုလူ”
ရှောင်ဝမ်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် နောင်ကျရင် ငါက နင့်အဖေထက် သေချာပေါက် ပိုချမ်းသာမှာမလို့ သူ့ကိုမချစ်နဲ့၊ သူက လူယုတ်မာတစ်ယောက်ပဲ”
ယွမ်ယွမ်သည် သူမ၏ အစ်ကိုအား နှုတ်ခမ်းဆူပြကာ သူမ၏တစ်ယွမ်ကိုလည်း သူ့ကို ပေးလိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။
“အဲဒါ လွဲနေတယ်၊ သမီး အချစ်ဆုံးလူက မေမေပါ”
ရှောင်လန်ကလည်း သူ့ငွေကို ရှောင်ဝမ်အား ပေးလိုက်၏။
“အစ်ကိုကြီး၊ သား အစ်ကိုကြီးကို အချစ်ဆုံးပဲ”
ရှောင်ဝမ်သည် ချက်ချင်းပင် ရှောင်လန်ကို အသံမြည်အောင် နမ်းလိုက်လေသည်။
ချန်မေ့လန် ဖုန်းချလိုက်ပြီးနောရ် အစ်ကိုနှင့် အစ်မဖြစ်သူတို့၏ အနမ်းများကြောင့် ပါးပြင်များ တွန့်လိမ်နေသောရှောင်လန်ကို ကြည့်လိုက်သည်။
ရုတ်တရက် သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
နှစ်သစ်ကူး ကာလအတွင်း ဆေးရုံများတွင် ဆရာဝန်များနှင့် သူနာပြုများ နည်းပါးချိန်၌ လူအချို့သည် အားလပ်ရက်ကိုအခွင့်ကောင်းယူကာ ဆေးရုံများထဲသို့ တိတ်တဆိတ် ဝင်ရောက်ပြီး ကလေးများအား ခိုးယူတတ်ကြကြောင်း တစ်ခါက ကြားဖူးခဲ့သည်။
လာမည့် ရက်အနည်းငယ်အတွင်း ဟူရှောင်မေ အသည်းအသန်ဖြစ်ကာ ဆေးရုံမှကလေးတစ်ယောက်ကို ခိုးယူရန် မကြိုးစားပါစေနှင့်ဟုသာ သူမ မျှော်လင့်မိ၏။
ဖန်ရှန်သည် တမင်သက်သက် လူသတ်ရန်ကြိုးစားသည်အထိ ရဲတင်းလာခဲ့ပြီဖြစ်သည်။
ယန်ကျောက် သေချာပေါက် သူ့ကို ကိုင်တွယ်ဖြေရှင်းပေလိမ့်မည်။
ဟူရှောင်မေမှာ နယ်ရုပ်ကလေးတစ်ရုပ်မျှသာ ဖြစ်ပြီး ယုတ်မာသော်လည်း သနားစရာကောင်းလေသည်။
သူမ ချောက်ကမ်းပါးစွန်းမှ နောက်ဆုတ်နိုင်ပြီး မိုက်မဲသောအလုပ်များကို မလုပ်မိစေရန်သာ မျှော်လင့်ရတော့သည်။