အခန်း ၅၈၉
Vol. 59 Ch. 589
အခန်း (၅၈၉)
" လူသားဘုံကို အင်မော်တယ်ဘုံထဲ ဆွဲခေါ်ခံလိုက်ရတာနဲ့ ငါတို့ချင်နဲ့ တိုက်ရိုက်စစ်ဖြစ်လိမ့်မယ်။ ဒီကိစ္စကို သတိထားပြီး ကိုင်တွယ်ရမယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" ခမည်းတော် စိတ်ချပါ။ သားတော် အင်မော်တယ်ဘုံကို မုန်တိုင်းထန်အောင် ဖန်တီးပြီး သူတို့ကို ခက်ခဲအောင် လုပ်လိုက်ပါမယ်။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
ယခု သူက အင်မော်တယ်ဘုံတွင် ချင်အတွက် အုတ်မြစ်ချပြီး နောက်တစ်ဆင့်က မုန်တိုင်းထန်အောင် လုပ်ရန်ဖြစ်သည်။ ကျောက်ဖုန်းက အင်မော်တယ်ဘုံတစ်ခုလုံးကို ရှုပ်ထွေးအောင် လုပ်ရန် ဆုံးဖြတ်ထားသည်။ သို့မှသာ သူတို့၏ အစီအစဉ်များကို ဖျက်ဆီးနိုင်မည်ဖြစ်သည်။ ထို့အပြင် အင်မော်တယ်လူသားအဆိပ်ကလည်း ပေါက်ကွဲတော့မည်ဖြစ်သည်။
ကောင်းကင်ဘုံ၊ စီမင်ကြယ်နတ်ဘုရား၏နန်းတော်။
အရာရှိများက သေတ္တာများကိုင်ဆောင်ပြီး တစ်ယောက်ပြီးတစ်ယောက် ဝင်ထွက်သွားလာနေကြသည်။ ၎င်းတို့က အင်မော်တယ်ဘုံမှ ဝိညာဉ်အနှစ်သာရများနှင့် အသွေးအသားအနှစ်သာရများဖြစ်သည်။
" စီမင်ကြယ်နတ်ဘုရား အခု အင်မော်တယ်ဂိုဏ်းတွေက ဝိညာဉ်အနှစ်သာရ ပထမအသုတ်ကို ပေးအပ်ပြီးပါပြီ။ " အရာရှိတစ်ယောက်က လေးစားစွာ ပြောလိုက်သည်။
" ဝိညာဉ်အနှစ်သာရတွေကို ကောင်းကင်ရေကန်ထဲထည့်ပြီး အသွေးအသားအနှစ်သာရတွေကို ဆေးဖော်စပ်ခြင်းခန်းမကို ပို့လိုက်။ " စီမင်ကြယ်နတ်ဘုရားက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့။ " အရာရှိက ချက်ချင်း ပြန်ပြောလိုက်သည်။
" အား.... အား..." ထိုအချိန်တွင် ရငတ်တရက် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
" ဘာဖြစ်တာလဲ။ " စီမင်ကြယ်နတ်ဘုရားက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
" ကြယ်နတ်ဘုရား မကောင်းတော့ဘူး။ ဆေးဖော်စပ်ခြင်းခန်းမက အင်မော်တယ်အချို့ ရူးသွပ်သွားသလိုပဲ မဟုတ်ဘူး အဆိပ်သင့်သွားတာနဲ့ ပိုတူတယ်။ " အရာရှိတစ်ယောက်က ပြေးလာပြီး ပြောလိုက်သည်။
ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံတွင် အမှုထမ်းနေသော အင်မော်တယ်များက သူတို့၏ အင်မော်တယ်စွမ်းအားများ ထိန်းချုပ်မရတော့ဘဲ ပေါက်ကွဲတော့မည့်သဖွယ်ဖြစ်နေကြသည်။
" အား...ငါပေါက်ကွဲတော့မယ်။ " အင်မော်တယ်တစ်ယောက်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ အင်မော်တယ်စွမ်းအားများက ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ခန်းမရှေ့တွင် အသွေးအသားများအဖြစ် ပေါက်ကွဲသွားသည်။
ခန်းမအတွင်း စီမင်ကြယ်နတ်ဘုရား၏ အမူအရာက ပြောင်းလဲသွားပြီး ခန်းမအပြင်ဘက်သို့ ချက်ချင်း ထွက်သွားသည်။ ခန်းမအပြင်ဘက်မှ မြင်ကွင်းက သူ၏ အမူအရာက လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
အင်မော်တယ်များက နာကျင်စွာဖြင့် မြေပြင်တွင် လူးလိမ့်နေကြပြီး အချို့က သူတို့၏ အင်မော်တယ်စွမ်းအားများကို ထိန်းချုပ်ရန် ကြိုးစားကြသော်လည်း မအောင်မြင်ကြပေ။ အချို့က သူတို့၏ အင်မော်တယ်စွမ်းအားများကို မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲသွားကြသည်။
မျက်စိတစ်မှိတ်အတွင်း အင်မော်တယ်ဆယ်ဂဏန်းက ပေါက်ကွဲသွားပြီး ထိုပေါက်ကွဲမှုက ကူးစက်သွားသကဲ့သို့ ယခင်က ဘာမှမဖြစ်သော အင်မော်တယ်များကလည်း နာကျင်သော အမူအရာများ ပေါ်လာပြီး သူတို့၏ အသက်ရှူသံများက ရှုပ်ထွေးလာသည်။
"ဘာတွေဖြစ်နေတာလဲ။ " စီမင်ကြယ်နတ်ဘုရားက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကောင်းကင်ဘုံ၏ အစစ်အမှန်နတ်ဘုရားဖြစ်သော သူက ထိခိုက်မှုမရှိပေ။ ကောင်းကင်ဘုံမှ အစစ်အမှန်နတ်ဘုရားများက နတ်ဘုရားခန့်အပ်ခြင်းတွင် မှတ်တမ်းတင်ထားသော အစစ်အမှန်ဝိညာဉ်များဖြစ်ပြီး ကောင်းကင်ဘုံမပျက်စီးသရွေ့ သူတို့က ထာဝရ မသေနိုင်ကြပေ။ ထို့ကြောင့် သူတို့က သက်တမ်းရှည်ရန် သို့မဟုတ် အဆင်မြှင့်တင်ရန် စိတ်ဝိညာဉ်အနှစ်သာရ သို့မဟုတ် အနှစ်သာရဆေးလုံးများမလိုအပ်ပေ။ သူတို့လိုအပ်သည်မှာ ပူဇော်မှုစွမ်းအားသာ ဖြစ်သည်။
" ကြယ်နတ်ဘုရား မကောင်းတော့ဘူး။ ကျွန်တော်ခန်းမက အင်မော်တယ်တွေလည်း ဒီမှာဖြစ်သလို အဆိပ်သင့်နေကြတယ်။ " အင်မော်တယ်တစ်ယောက်ကလည်း အလျင်အမြန် ရောက်လာပြီး တင်ပြလိုက်သည်။
" ကောင်းကင်ဧကရာဇ်ကို ချက်ချင်း တင်ပြရမယ်။ " စီမင်ကြယ်နတ်ဘုရားက ချက်ချင်း ပြောလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းရေကန်ဆီသို့ ချက်ချင်း ဦးတည်သွားသည်။
ကျောက်စိမ်းရေကန်အတွင်း။
၎င်းက ကောင်းကင်ဧကရီ နေထိုင်သည့်နေရာဖြစ်သည်။ သူမက ကောင်းကင်ဧကရာဇ်၏ ဇနီးဖြစ်ပြီး ကောင်းကင်ဧကရီအဖြစ် ထိုနေရာတွင် နေထိုင်သည်။
" ဗုဒ္ဓဂိုဏ်းနဲ့ ပူးပေါင်းပြီး ဗုဒ္ဓတရားတော်တွေကို ဖြန့်ခွင့်ပေးတာက ကျားဂူထဲမှာ ကျားနဲ့ ဆွေးနွေးနေသလိုပဲ။ ဗုဒ္ဓဂိုဏ်းရဲ့ နည်းလမ်းတွေက ထူးဆန်းလွန်းတယ်။ အရှေ့တိုက်ကြီးကို ဝင်ခွင့်ပေးလိုက်တာနဲ့ ကောင်းကင်ဘုံက နတ်ဘုရားတွေရဲ့ ပူဇော်မှုစွမ်းအားတွေ လျော့နည်းသွားပြီး ကောင်းကင်ဘုံက အားနည်းသွားနိုင်တယ်။ ဒီကိစ္စကို ဘယ်လိုတွေးထားလဲ။ " ကောင်းကင်ဧကရီက လေးနက်စွာ ပြောလိုက်သည်။
" လူသားဘုံက အခွင့်အရေးကို ငါ ဘယ်လိုလုပ်လက်လွှတ်နိုင်မှာလဲ။ တထာဂတနဲ့ ပူးပေါင်းရုံကလွဲပြီး ငါ့မှာ ရွေးချယ်စရာမရှိဘူး။ အရှင်လောင်ဇီကလည်း လုံးဝမလှုပ်ရှားချင်ဘူး။ " ကောင်းကင်ဧကရာဇ်က မျက်နှာပျက်လျက် ပြောလိုက်သည်။
" ငါတို့ တကယ်ပဲ ဗုဒ္ဓဂိုဏ်းကို အရှေ့တိုက်ကြီးထဲ ဝင်ရောက်ခွင့်ပေးမှာလား။ အဲ့ဒါက ငါတို့ ကောင်းကင်ဘုံရဲ့ အခြေခံပဲ။ " ကောင်းကင်ဧကရီက မကျေနပ်သေးဘဲ ပြောလိုက်သည်။
" စိတ်ချပါ။ ငါ အဲ့ဒီကိစ္စကို အာရုံစိုက်ထားပါတယ်။ ဗုဒ္ဓဂိုဏ်းကို အရှေ့တိုက်ကြီးရဲ့ နယ်စပ်မှာပဲ ဖြန့်ခွင့်ပေးထားတာပါ။ ပိုပြီးနက်နက်ရှိုင်းရှိုင်း ဝင်ခွင့်မပေးပါဘုး။ ပြီးတော့ အရှေ့တိုက်ကြီးက တာအိုဂိုဏ်းရဲ့ အခြေခံဖြစ်လို့ အရှင်လောင်ဇီသိအောင် သူတို့ မလုပ်ရဲပါဘူး။ အရှင်လောင်ဇီက ဘာမှမလုပ်ချင်ပေမယ့် ငါသူ့ကို အဲ့လိုဖြစ်ခွင့်ပေးမှာမဟုတ်ဘူး။ အခုက သူတော်စင်တွေရဲ့ ခေတ်မဟုတ်တော့ဘူး။ " ကောင်းကင်ဧကရာဇ်က ပြတ်သားစွယ ပြောလိုက်သည်။
" ဒီလိုလုပ်တာကြောင့် အရှင်လောင်ဇီက ငါတို့ကောင်းကင်ဘုံနဲ့ ဆန့်ကျင်ဘက်မဖြစ်သွားနိုင်ဘူးလား။ သူက အတိတ်က သူတော်စင်တွေနဲ့ ပက်သက်မှုရှိခဲ့သလို ကောင်းကင်နဲ့ မြေကြီးရဲ့ လျို့ဝှက်ချက်တွေကိုလည်း အခြားသူတွေထက် ပိုသိတယ်။ " ကောင်းကင်ဧကရီက စိုးရိမ်စွာ ပြောလိုက်သည်။
" ဗုဒ္ဓ၊ တာအို ဒါက မတူညီတဲ့ လမ်းစဉ်နှစ်ခုပဲ။ နောက်ဆုံးမှာ အရှင်လောင်ဇီက သူ့ရဲ့ ရွေးချယ်မှုကို လုပ်လိမ့်မယ်။ " ကောင်းကင်ဧကရာဇ်က သာမန်အတိုင်း ပြောလိုက်သည်။
ထိုအချိန်တွင်
" ဧကရာဇ်မင်းမြတ် စီမင်ကြယ်နတ်ဘုရားက တွေ့ခွင့်တောင်းနေပါတယ်။ " ချပ်ဝတ်နှင့် တပ်မှူးတစ်ယောက်က ရောက်လာပြီး ရိုသေစွာ ပြောလိုက်သည်။
" သုံးလကြာသွားပြီ။ အင်မော်တယ်ဘုံက ရတဲ့ ဝိညာဉ်အနှစ်သာရတွေ ကိစ္စဖြစ်လိမ့်မယ်။ အဲ့ဒီဝိညာဉ်အနှစ်သာရတွေနဲ့ ဆုံးရှုံးသွားတဲ့ ကောင်းကင်စစ်သည်တွေကို အစားထိုးနိုင်ပြီ။ " ကောင်းကင်ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။ " ဝင်ခဲ့။ "
ချက်ချင်းပင် စီမင်ကြယ်နတ်ဘုရားက အထဲသို့ အလျင်အမြန် ဝင်ရောက်လာသည်။
" ကျွန်တော်မျိုး ဧကရာဇ်မင်းမြတ်နဲ့ ဧကရီကို ဂါရဝပြုပါတယ်။ " စီမင်ကြယ်နတ်ဘုရားက ဦးညွှတ်လိုက်သည်။
" ဝိညာည်အနှစ်သာရတွေ အကုန်ရောက်ပြီလား။ " ကောင်းကင်ဧကရာဇ်က မေးလိုက်သည်။
" ဧကရာဇ်မင်းမြတ် အင်မော်တယ်ဂိုဏ်းတွေက ပထမအသုတ် ဝိညာဉ်အနှစ်သာရတွေ ရောက်လာပေမယ့် တစ်ခုခုဖြစ်နေပါတယ်။ " စီမင်ကြယ်နတ်ဘုရားက ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြလိုက်သည်။
၎င်းကို ကြားသောအခါ ကောင်းကင်ဧကရာဇ်၏ မျက်နှာက မဲမှောင်သွားသည်။ " အကြောင်းရင်းသိရပြီလား။ "
" ကျွန်တော်မျိုးအထင် ဝိညာဉ်အနှစ်သာရတွေမှာ ပြဿနာရှိနေပုံပဲ။ မြေကြီးအင်မော်တယ်ဘုံက ဝိညာဉ်အနှစ်သာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ သူတို့က ရူးသွပ်ကုန်တာပါ။ " စီမင်ကြယ်နတ်ဘုရားက ပြောလိုက်သည်။
" ဝိညာဉ်အနှစ်သာရတွေမှာ ပြဿနာရှိတာလား။ ဝိညာဉ်အနှစ်သာရတွေမှာ ဘာပြဿနာရှိနိုင်မှာလဲ။ " ကောင်းကင်ဧကရာဇ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
ဝိညာဉ်အနှစ်သာရများက သက်ရှိများထံမှ ရသော အသန့်စင်ဆုံး စွမ်းအားများဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအားထက်ပင် ပိုသန့်စင်သေးသည်။
" ကျွန်တော်မျိုး စစ်ဆေးချက်အရ ဝိညာဉ်အနှစ်သာရတွေက ကောင်းကင်ဘုံကို ရောက်လာပြီးတဲ့နောက်မှာ ညစ်ညမ်းသွားပုံရပါတယ်။ " စီမင်ကြယ်နတ်ဘုရားက လေးနက်စွာ ပြောလိုက်သည်။
" အဲ့ဒီဝိညာဉ်အနှစ်သာရအသုတ်ကို ချက်ချင်း ပြန်သိမ်းပြီး ကံကြမ္မာနန်းတော်ထဲမှာ ချိပ်ပိတ်ထားလိုက်။ ပြီးတော့ အသွေးအသားအနှစ်သာရတွေကိုလည်း ချိပ်ပိတ်ထားလိုက်။ သူတို့ကို သိုရွှိုက်နန်းတော်ကို ပို့ပြီး အရှင်လောင်ဇီကို စစ်ဆေးခိုင်းလိုက်။ " ကောင်းကင်ဧကရာဇ်က ခဏစဉ်းစားပြီး အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " စီမင်ကြယ်နတ်ဘုရားက ဦးညွှတ်ပြီး ပြောလိုက်သည်။
ထိုအချိန်တွင်...
" ဧကရာဇ်မင်းမြတ် ကောင်းကင်ဆရာကျန်းက တွေ့ခွင့်တောင်းနေပါတယ်။ " တပ်မှူးကျွမ်းလျန်က အစီရင်ခံလိုက်သည်။
" ကောင်းကင်ဆရာကျန်းလား။ သူက ဝိညာဉ်အနှစ်သာရနဲ့ အသွေးအသားအနှစ်သာရတွေ သိမ်းယူတာကို အမြဲတမ်းဆန့်ကျင်နေတာမဟုတ်လား။ သူက ဘာလို့ဒီနေ့မှ ရောက်လာတာလဲ။ " ကောင်းကင်ဧကရာဇ်က အံ့ဩသွားမိသည်။
ကောင်းကင်ဆရာကျန်း၊ ကျန်းတောက်လင်။ သူက ကောင်းကင်ဘုံ၏ ကောင်းကင်ဆရာလေးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး အင်အားကြီးသူတစ်ယောက်ဖြစ်သည်။ ထို့အပြင် သူက ရုပ်ခန္ဓနှင့် အင်မော်တယ်အဆင့်သို့ တက်လှမ်းခဲ့သူဖြစ်ပြီး နတ်ဘုရားခန့်အပ်ခြင်းနှင့် ပက်သက်မှုမရှိပေ။
အင်မော်တယ်ဘုံတွင် အင်မော်တယ်များနှင့် နတ်ဘုရားများက လူသားများကို မွေးမြူပြီး ဝိညာဉ်အနှစ်သာရများကို ထုတ်ယူနေကြသော်လည်း ကောင်းကင်ဘုံအတွင်း ဆန့်ကျင်သူများလည်း ရှိသည်။ ကျန်းတောက်လင်က သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
" ဝင်ခဲ့ပါ။ " ကောင်းကင်ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။
တာအိုဝတ်ရုံကို ဝတ်ဆင်ပြီး ဆံပင်ဖြူများနှင့် အဘိုးအိုတစ်ယောက်က အထဲသို့ လျှောက်ဝင်လာသည်။
" ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ " ကျန်းတောက်လင်က ဦးညွှတ်လိုက်သည်။
" ကောင်းကင်ဆရာကျန်းက ကောင်းကင်ဘုံကို ရှားရှားပါးပါး ရောက်လာတာပဲ။ ပုံမှန်ဆို မြေကြီးအင်မော်တယ်ဘုံမှာပဲ ကျင့်ကြံနေပြီး ဒီနေ့မှ ဘာလို့ကောင်းကင်ဘုံကို ရောက်လာတာလဲ။ " ကောင်းကင်ဧကရာဇ်က တည်ငြိမ်စွာ မေးလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့