အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း (၁၄၁) စစ်ဟိုင် ကုန်သွယ်ရေးအသင်း၏ လေလံပွဲ
ချန်ကျီက သူ၏ အော်ရာ များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။ "ရပါတယ်၊ ငါလည်း မင်းတို့ စစ်ဟိုင် ကုန်သွယ်ရေးအသင်းကို ပထမဆုံးအကြိမ် လာဖူးတာဆိုတော့ စျေးနှုန်းတွေ သင့်တင့်မျှတမှု ရှိမရှိ သိချင်လို့ မေးကြည့်တာပါ၊ ငါ့ရဲ့ အဓိက ရည်ရွယ်ချက်က အခြေတည်ဝိညာဉ် အဆင့်တက် ဆေးလုံးနဲ့ မြေကြီး အဆင့် လက်နက်တွေအတွက် လာခဲ့တာ"
ဆိုင်ဝန်ထမ်းက ချက်ချင်းပင် နားလည်သဘောပေါက်သွားသည့် အမူအရာဖြင့် "စီနီယာအနေနဲ့ ဈေးနှုန်းတွေကို စုံစမ်းတာက ဖြစ်သင့်ဖြစ်ထိုက်ပါတယ်၊ ဒါပေမဲ့ ဒီအခြေတည်ဝိညာဉ် အဆင့်တက် ဆေးလုံးနဲ့ မြေကြီး အဆင့် လက်နက်တွေက သာမန် အရောင်းအဝယ်စာရင်းထဲမှာ တကယ်ပဲ မရှိလို့ပါ"
"သာမန် အရောင်းအဝယ်စာရင်းထဲမှာ မရှိဘူး ဟုတ်လား... ဘာကို ဆိုလိုတာလဲ"
ဆိုင်ဝန်ထမ်းက လျင်မြန်စွာ ပြုံး၍ ရှင်းပြလိုက်သည်။ "စီနီယာက ကျွန်တော်တို့ လုံချင်းမြို့ရဲ့ စစ်ဟိုင် ကုန်သွယ်ရေးအသင်းကို ပထမဆုံး ရောက်ဖူးတာဆိုတော့ မသိတာလည်း မဆန်းပါဘူး။ အခြေတည်ဝိညာဉ် အဆင့်တက် ဆေးလုံးနဲ့ မြေကြီး အဆင့် လက်နက်တွေက အင်မတန် ရှားပါးအဖိုးတန်တဲ့ ပစ္စည်းတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ လုံချင်းမြို့ရဲ့ စစ်ဟိုင် ကုန်သွယ်ရေးအသင်းကနေ ဒီပစ္စည်းတွေကို လေလံပွဲမှာပဲ တင်ပြီး လေလံဆွဲ ရောင်းချတာ ဖြစ်ပါတယ်"
"မင်းတို့ရဲ့ လေလံပွဲအကြောင်းတော့ ငါလည်း အနည်းငယ် ကြားမိထားတယ်၊ ဒါနဲ့ အဲဒီ လေလံပွဲက ဘယ်နေရာမှာ ကျင်းပပြီး ဘယ်အချိန်မှာ စတင်မှာလဲ"
"စီနီယာ... လေလံပွဲက ကျွန်တော်တို့ စစ်ဟိုင် ကုန်သွယ်ရေးအသင်းမှာပဲ ကျင်းပတာပါ၊ တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်ကြိမ် လေလံပွဲ ကျင်းပမယ့်ရက်က သန်ဘက်ခါ ပါ"
"လေလံပွဲ တက်ရောက်ဖို့အတွက် ဘာသတ်မှတ်ချက်တွေ လိုအပ်လဲ"
"စီနီယာ့အတွက်တော့ ဘာသတ်မှတ်ချက်မှ မလိုအပ်ပါဘူး၊ သန်ဘက်ခါ လေလံပွဲက တစ်မြို့လုံးကို ဖွင့်လှစ်ပေးထားတာမို့လို့ စီနီယာအနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ ကို ဝင်ကြေးအဖြစ် ပေးချေရုံနဲ့ ဝင်ရောက်နိုင်ပါတယ်"
ထို့နောက်တွင် ဆိုင်ဝန်ထမ်းက ချန်ကျီအား လေလံပွဲ၏ အခြေအနေများကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
ချန်ကျီက နားထောင်ပြီးနောက် စစ်ဟိုင် ကုန်သွယ်ရေးအသင်း လေလံပွဲ၏ အခြေအနေကို အတော်အတန် နားလည်သဘောပေါက်သွားခဲ့သည်။
အမှန်တကယ်တွင် စစ်ဟိုင် ကုန်သွယ်ရေးအသင်း၏ လေလံပွဲ၌ အဆင့်မြင့်ပြီး ရှားပါးအဖိုးတန်သော ပစ္စည်းများကိုသာ လေလံတင်သည် ဖြစ်ရာ သာမန် ကျင့်ကြံသူများတွင် ဤမျှလောက်များပြားသော ဝိညာဉ်ကျောက်တုံးများ ရှိမည်မဟုတ်ပေ။
အကယ်၍သာ ဝင်ကြေး ကန့်သတ်ချက် မရှိပါက ပွဲကြည့်ပရိသတ်များဖြင့်သာ ပြည့်နှက်နေပြီး စစ်ဟိုင် ကုန်သွယ်ရေးအသင်းကြီးအတွင်း၌ ဆံ့နိုင်မည် မဟုတ်ပေ။
သို့သော်လည်း မည်သည့်ကျင့်ကြံသူမျှ ဝိညာဉ်ကျောက်တုံး ပိုလျှံနေ၍ အလကားသက်သက် ပွဲကြည့်ရန် ဝင်ကြေးပေးပြီး လာကြမည် မဟုတ်ပေ။
"သန်ဘက်ခါ လေလံပွဲကို တက်မယ့်လူတွေ အများကြီး ရှိလား"
"လောလောဆယ် ကြိုတင်လက်မှတ် ဝယ်ယူထားတဲ့သူ လေးငါးရာလောက် ရှိနေပါပြီ"
"ကြိုတင်လက်မှတ်တောင် ဝယ်ရတာလား"
"စီနီယာ... သန်ဘက်ခါကျရင် စီနီယာ ကိုယ်တိုင် မြင်တွေ့ရမှာပါ၊ ကြိုတင်မဝယ်လည်း ရပါတယ်၊ ပုံမှန်အားဖြင့် ကြိုတင်ဝယ်ထားတဲ့သူတွေက ဂိုဏ်းတွေ၊ မိသားစု ကျင့်ကြံသူတွေ ဖြစ်ကြပြီး လူဦးရေများတဲ့အတွက် သီးသန့်ခန်း တွေကို ကြိုတင်မှာယူထားကြတာပါ"
"သီးသန့်ခန်းတွေလည်း ရှိတာပေါ့"
"ဟုတ်ပါတယ် စီနီယာ၊ ဒါပေမဲ့ သီးသန့်ခန်းရဲ့ ဝင်ကြေးကတော့ ပိုပြီး စျေးကြီးပါတယ်၊ ဒါပေမဲ့ သီးသန့်အခန်းက ပိုပြီး လုံခြုံမှုရှိပါတယ်"
ချန်ကျီ သဘောပေါက်သွားခဲ့ပြီ၊ သီးသန့်ခန်းဆိုသည်မှာ သူ မည်သည့်ပစ္စည်းကို လေလံအောင်သွားသည်ကို အခြားသူများ မသိရှိစေရန်နှင့် အန္တရာယ် မကျရောက်စေရန်အတွက် ဖုံးကွယ်ထားခြင်း ဖြစ်သည်။
ချန်ကျီက ခဏမျှ တွေးလိုက်ပြီးနောက် သူ့အနေနှင့်မူ ဤမျှအထိ လုပ်ရန် မလိုအပ်ပေ၊ သူ လာရခြင်း၏ အဓိက ရည်ရွယ်ချက်က အတွေ့အကြုံ ရယူရန်နှင့် အမြင်ကျယ်ရန်သာ ဖြစ်သဖြင့် လေလံပွဲ၏ မည်သည့်နေရာတွင် ထိုင်ရသည်ဖြစ်စေ ကိစ္စမရှိပေ။
သို့သော်လည်း အကယ်၍သာ အနန္တနေရာလွတ်ထဲတွင် မရှိသေးသော ပစ္စည်းမျိုးနှင့် ကြုံကြိုက်ပြီး သူလည်း သဘောကျပါက အေးအေးဆေးဆေး လေလံဆွဲလိုက်ရုံသာ ဖြစ်သည်၊ ဘာပဲဖြစ်ဖြစ် ဤနေရာသို့ ရောက်နေသည်မှာ သူ၏ မူလခန္ဓာကိုယ် မဟုတ်ဘဲ ကိုယ်ပွားသာ ဖြစ်သဖြင့် ဘာကို ကြောက်နေရမည်နည်း။
"ငါ သန်ဘက်ခါ လေလံပွဲကို တက်မယ်၊ ဝင်ကြေးကို အခုပဲ ပေးရမလား ဒါမှမဟုတ် သန်ဘက်ခါမှ ပေးရမလား"
"အဆင်ပြေတဲ့အချိန် ပေးလို့ရပါတယ်၊ ဒါပေမဲ့ စောစော ပေးချေမယ်ဆိုရင်တော့ ထိုင်ခုံနေရာ ပိုကောင်းကောင်း ရနိုင်တာပေါ့။ ဒါပေမဲ့ စီနီယာ လာတာ နည်းနည်း နောက်ကျသွားပြီဆိုတော့ အခု ဝင်ကြေး ပေးမယ်ဆိုရင်တောင် သိပ်ပြီး ကောင်းတဲ့နေရာ ရတော့မှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လေလံပွဲက တစ်လ ကြိုတင်ပြီး စာရင်းသွင်းရတာမို့လို့ပါ"
"ရပါတယ်၊ ငါကလည်း အတွေ့အကြုံ ရဖို့ လာကြည့်တာပဲ၊ ပစ္စည်းတွေ လေလံဆွဲဖြစ်မလား မဆွဲဖြစ်ဘူးလားတောင် မသိသေးဘူး၊ နေရာကောင်း ရဖို့က ငါ့အတွက် မလိုပါဘူး"
"စီနီယာကလည်း နောက်နေပြန်ပြီ၊ ဝင်ကြေးတင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ ကုန်တာကို ဒီအတိုင်း လာကြည့်ရုံသက်သက် ဘယ်ဟုတ်ပါ့မလဲ၊ စီနီယာ သေချာပေါက် စိတ်တိုင်းကျ ပစ္စည်းတွေ ရရှိသွားမှာပါ"
"ဟားဟား... မင်းက စကားကောင်း ပြောတတ်တာပဲ " ချန်ကျီက ဟားဟားတိုက် ရယ်မောလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ထပ်မေးလိုက်သည်။ "ဒါပေမဲ့ ငါ တကယ် စပ်စုချင်တာက မင်းတို့ စစ်ဟိုင် ကုန်သွယ်ရေးအသင်းက လူအများကြီးကို ဆံ့နိုင်ပါ့မလား"
"ဟဲဟဲ... စီနီယာက ပထမဆုံးအကြိမ် လာတာဆိုတော့ ကြိုပြောပြလိုက်ရင် စိတ်ဝင်စားဖို့ ကောင်းတော့မှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား၊ သန်ဘက်ခါ စီနီယာ ရောက်လာတဲ့အခါကျရင် ကိုယ်တိုင် သိသွားပါလိမ့်မယ်"
"မင်း ဒီလိုပြောတော့ ငါ ပိုပြီး စိတ်ဝင်စားသွားပြီ"
"ဒါဆို သန်ဘက်ခါ စီနီယာ ကြွလှမ်းလာဖို့ စောင့်ဆိုင်းနေပါ့မယ်"
"ဒါနဲ့... မင်းတို့ဆီမှာ ကျင့်ကြံခြင်း ကုန်ကြမ်းပစ္စည်းတွေကိုလည်း ပြန်ဝယ်တယ် ဟုတ်တယ်မလား"
"ဟုတ်ပါတယ် စီနီယာ၊ စီနီယာက ရောင်းချမယ့် ပစ္စည်းတွေ ရှိလို့လား" ဆိုင်ဝန်ထမ်းက ချက်ချင်းပင် စိတ်ဝင်တစား တက်ကြွသွားခဲ့သည်၊ ပစ္စည်းများကို ပြန်လည် ဝယ်ယူရရှိပါကလည်း သူ ကော်မရှင်ခ ရရှိမည်ဖြစ်ရာ စောစောကတည်းက ဤအခွင့်အရေးကို လွဲချော်သွားပြီဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။
"အနည်းအပါးတော့ ရှိပါတယ်၊ အများစုက ငါ လှည့်လည်သွားလာရင်းနဲ့ သတ်ခဲ့တဲ့ မိစ္ဆာသားရဲ ကုန်ကြမ်းတွေနဲ့ ဆွတ်ခူးခဲ့တဲ့ ဝိညာဉ်ဆေးပင်တွေပါ၊ ဝိညာဉ်ကျောက်တုံး သိပ်ပြီး ရလိမ့်မယ်လို့ မထင်ပေမဲ့ မင်းတို့ရဲ့ လေလံပွဲကို တက်ဖို့အတွက်တော့ ကြိုတင်ပြင်ဆင်မှု ရှိထားတာ ပိုကောင်းမယ်လို့ ထင်လို့ပါ"
"ဒါဆိုရင်တော့ စီနီယာ တစ်ယောက် စိတ်တိုင်းကျ ပစ္စည်းတွေ လေလံအောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
"ကောင်းပြီ၊ ငါ ရောင်းမယ့် ပစ္စည်းတွေအားလုံး ဒီ သိုလှောင်အိတ် နှစ်အိတ်ထဲမှာ ရှိတယ်၊ လမ်းကြုံတုန်း ဒီ သိုလှောင်အိတ် နှစ်အိတ်ရဲ့ တန်ဖိုးကိုပါ တစ်ခါတည်း တွက်ပြီး အကုန် ရောင်းချင်တယ်"
"ကောင်းပါပြီ စီနီယာ စိတ်ချပါ၊ သင့်တင့်မျှတတဲ့ စျေးနှုန်းတစ်ခု ဖြစ်စေရပါမယ်"
ချန်ကျီက သိုလှောင်အိတ် နှစ်အိတ်ကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသောအခါ ဆိုင်ဝန်ထမ်း၏ မျက်လုံးများက အရောင်တောက်လာပြီး စိတ်ထဲမှ တွက်ချက်နေမိသည်။
"ဒီစီနီယာက သိုလှောင်အိတ်တွေကိုပါ တစ်ခါတည်း ရောင်းချင်တယ်ဆိုတော့ သူက သိုလှောင်ရတနာ မရှားပါးတာ သေချာတယ်၊ ဒီ သိုလှောင်အိတ် နှစ်အိတ်ထဲမှာ ပစ္စည်းတွေ အပြည့်အသိပ် ပါနေမှာ သေချာတယ်၊ ကြည့်ရတာ ဒီတစ်ခေါက်တော့ ငါ အမြတ်လေး ရတော့မယ်"
ချန်ကျီက ဆိုင်ဝန်ထမ်း ဘာတွေ တွေးနေသည်ကို မသိသော်လည်း ထို သိုလှောင်အိတ် နှစ်အိတ်ထဲတွင် ပစ္စည်းများ အပြည့်အသိပ် ထည့်ထားသည်မှာ အမှန်ပင် ဖြစ်သည်။
ထို့ပြင် ပစ္စည်းတစ်ခုချင်းစီ၏ အရေအတွက်မှာ မများပြားဘဲ တစ်မျိုးလျှင် တစ်ခု သို့မဟုတ် နှစ်ခုခန့်သာ ပါဝင်ပြီး ဤအရာအားလုံးကို ချန်ကျီက ရှောင်ဖျင်တို့အား သေသေချာချာ ရွေးချယ်ခိုင်းထားခဲ့ခြင်း ဖြစ်သည်။
သူက ဤပစ္စည်းများကို ထုတ်ရောင်းရခြင်း၏ ရည်ရွယ်ချက်မှာ အပြင်လောက ဈေးကွက်၏ ပြန်လည် ဝယ်ယူသည့် စျေးနှုန်းမှာ မည်မျှ ရှိသည်ကို သိရှိရန်အတွက် ဖြစ်သည်။
အကယ်၍ အနန္တဆိုင်၏ ပြန်လည်ဝယ်ယူသည့် ဈေးနှုန်းထက် ပိုမိုမြင့်မားနေပါက သူသည် ဤပစ္စည်းများကို သိမ်းဆည်းထားပြီး နောင်တွင် အပြင်လောက၌သာ ရောင်းချကာ ဝိညာဉ်ကျောက်တုံးများအဖြစ် လဲလှယ်မည် ဖြစ်ပြီး ဝတ်စုံစိမ်းနှင့် အမျိုးသမီးအား အမှတ်များဖြင့် ပြန်လည်လဲလှယ်တော့မည် မဟုတ်ပေ။
ဆိုင်ဝန်ထမ်းက ချန်ကျီ၏ လက်ထဲမှ သိုလှောင်အိတ်များကို လှမ်းယူရန် ပြင်လိုက်သော်လည်း ချန်ကျီက လက်လွှတ်မပေးသေးပေ။
ဆိုင်ဝန်ထမ်းက သံသယဖြင့် လက်ကို ပြန်ရုပ်လိုက်ပြီး "စီနီယာ... ဒါက"
ချန်ကျီက ပြုံး၍ ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ပစ္စည်းတွေကို မင်းတို့ဆီပဲ အကုန် ရောင်းမှာပါ၊ ဒါပေမဲ့ ငါက မင်းတို့ရဲ့ ပစ္စည်း ပြန်လည်ဝယ်ယူတဲ့ စျေးနှုန်းစာရင်း တစ်စောင်ကို လိုချင်လို့ပါ၊ ဒါက မင်းတို့အတွက် သိပ်ပြီး မခက်ခဲဘူးမလား"
"မခက်ခဲပါဘူး၊ မခက်ခဲပါဘူး စီနီယာ၊ ကျွန်တော်ကိုယ်တိုင်လည်း စာရင်းသွင်းဖို့ လိုအပ်နေတာဆိုတော့ စက္ကူတစ်ရွက်ပေါ်မှာ စုတ်တံ နဲ့ ကူးရေးပေးရုံလေးတင်ပါ"
"ကောင်းပြီ၊ ဒါဆိုရင် အလုပ်ရှုပ်စေမိ ပြီ" ချန်ကျီက ပြောပြီးနောက် သိုလှောင်အိတ် နှစ်အိတ်ကို ဆိုင်ဝန်ထမ်းထံသို့ ကမ်းပေးလိုက်သည်။
ဆိုင်ဝန်ထမ်းက လှမ်းယူလိုက်ရာ ထိုသိုလှောင်အိတ် နှစ်အိတ်စလုံးတွင် ဝိညာဉ်အာရုံ တားမြစ်ချက်များ မရှိတော့သဖြင့် စီနီယာက ကြိုတင်ပြီး ဖျက်ဆီးပေးထားခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
ဆိုင်ဝန်ထမ်းက သိုလှောင်အိတ် နှစ်အိတ်အတွင်းရှိ ပစ္စည်းများကို အနည်းငယ် အကဲခတ်ကြည့်လိုက်ရုံမျှဖြင့် ခေါင်းမော့ကာ ချန်ကျီကို အံ့သြတကြီး ကြည့်လိုက်ပြီး မယုံကြည်နိုင်ဟန်ဖြင့် သိုလှောင်အိတ်အတွင်းပိုင်းသို့ ထပ်မံ ကြည့်လိုက်ပြန်သည်။
"စီနီယာ... ဒီ သိုလှောင်အိတ် နှစ်အိတ်က တစ်ခုခု မှားနေလို့လား"
"မမှားပါဘူး၊ ဒါတွေပဲ၊ မင်း သေသေချာချာ စာရင်းတွက်ပြီး ငါ့ကို ဈေးနှုန်းတွက်ပေးပါ"
ဆိုင်ဝန်ထမ်းက ရင်ထဲ၌ ပိုမို တုန်လှုပ်သွားခဲ့သည်၊ သူက ဤမျှလောက် ကြီးမားသော အရောင်းအဝယ်မျိုးကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်း ဖြစ်သည်။
ထို သိုလှောင်အိတ် နှစ်အိတ်ထဲတွင် သူက အဆင့်သုံး မိစ္ဆာသားရဲ အူတိုင် များနှင့် နှစ် ၁၀၀ သက်တမ်းရှိ ဝိညာဉ်ဆေးပင်များကို မြင်တွေ့လိုက်ရသည်။
အများစုမှာ အဆင့်မြင့် ပစ္စည်းများ ဖြစ်ကြသော်လည်း လွန်လွန်ကဲကဲ ရှားပါးလွန်းလှသည်တော့ မဟုတ်ပေ၊ လေလံပွဲသို့ တင်ပို့ရန်အတွက် အနည်းငယ်မျှ လိုအပ်နေသော ပစ္စည်းများသာ ဖြစ်ကြသည်။
အရေးကြီးဆုံးမှာ ဤပစ္စည်းများ၏ အရေအတွက်မှာ မများပြားသော်လည်း အမျိုးအစား အရေအတွက်ကမူ အင်မတန် များပြားလှပေသည်။