← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း (၁၄၃) ချန်ကျီ၏ သံသယ

​ချန်ကျီက သူ စကားမှားသွားသည်ဟု ခံစားလိုက်ရသဖြင့် ပြုံး၍ ပြောလိုက်သည်။ "ငါက အဲဒီလို ရည်ရွယ်တာ မဟုတ်ပါဘူး၊ ငါဆိုလိုတာက မြို့သခင် က ဒီလောက် မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့် ရှိတာကို ဒီလို နေရာ တစ်ခုတည်းမှာပဲ ဘာလို့ အပိတ်လှောင်ခံထားရတာလဲ ဆိုတာပါ၊ မြို့သခင် က ဘယ်လိုလူမျိုးလဲ"

​မြို့သခင်အကြောင်း ပြောလိုက်သည်နှင့် ဆိုင်ဝန်ထမ်းက စကားဖောင်ဖွဲ့ပြီး ပြော၍မပြီးနိုင် ဖြစ်သွားကာ စောစောက ချန်ကျီအပေါ် မကျေမနပ် ဖြစ်သွားသည်များလည်း ချက်ချင်းပင် လွင့်ပျယ်သွားခဲ့သည်။

​ချန်ကျီလည်း နားထောင်ရင်း သဘောပေါက်သွားခဲ့သည်၊ ဆိုင်ဝန်ထမ်းက မြို့သခင်ကို မည်မျှအထိ လေးစားနေသည်ထက် ဤမြို့သခင် ၏ သမိုင်းကြောင်းက တကယ့်ကို ဒဏ္ဍာရီဆန်လွန်းလှသဖြင့် သူကိုယ်တိုင် နားထောင်ပြီးနောက်တွင်ပင် ဤမြို့သခင်အပေါ် အမြင်တစ်မျိုး ပြောင်းလဲသွားခဲ့သည်။

​မူလက လုံချင်းမြို့၏ မြို့သခင်သည် ယခင်က တာ့ချန်မင်းဆက်၏ နယ်စပ်ဒေသတွင် အမြဲတမ်း စစ်တိုက်ခဲ့ပြီး စစ်သည်ရဲမက်များကို ဦးဆောင်ကာ စစ်မြေပြင်မှ အကြိမ်ကြိမ် ဖောက်ထွက်ပြီး ကြီးမားသော စစ်မှုထမ်းကောင်းများကို မွေးထုတ်ပေး ခဲ့ခြင်း ဖြစ်သည်။

​ထို့ပြင် သူ၏ ကျင့်ကြံခြင်းလမ်းစဉ် တစ်လျှောက်တွင်လည်း အခွင့်အလမ်းကောင်းများ အဆက်မပြတ် ရရှိခဲ့ပြီး ရွှေအူတိုင်အဆင့်မှ နတ်အသွင်ပြောင်းခြင်းအဆင့်သို့ တက်လှမ်းရန် နှစ်ပေါင်း နှစ်ရာခန့်သာ အချိန်ယူခဲ့ရသည်။

​နောက်ဆုံးတွင် စစ်ပွဲကြီး ပြီးဆုံးသွားပြီး နယ်စပ်ဒေသ အေးချမ်းသွားချိန် ဆုလာဘ်များ ချီးမြှင့်သောအခါ မြို့သခင် ကိုယ်တိုင် တောင်းဆိုချက်အရ သူက လုံချင်းမြို့သို့ စေလွှတ်ခြင်းခံရပြီး မြို့သခင်တစ်ဦး ဖြစ်လာခဲ့သည်။

​ဤမြို့သခင်က မူလကလည်း လုံချင်းမြို့မှ ထွက်ခွာသွားခဲ့သော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ လုံချင်းမြို့သို့ ပြန်လည်ရောက်ရှိလာသည်မှာ တစ်နှစ်ခန့်သာ ရှိသေးသော်လည်း လုံချင်းမြို့ကို စနစ်တကျ စည်းကမ်းတကျရှိအောင် အုပ်ချုပ်နိုင်ခဲ့သည်။

​လုံချင်းမြို့သည် ယခင်က ယခုကဲ့သို့ စည်ကားသော အခြေအနေမျိုး မဟုတ်ပေ၊ ဤတစ်နှစ်အတွင်းမှာပင် ကမ္ဘာ တစ်ခွင် မှောက်ခုံ ဖြစ်သွားသည့်အလား ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

​ထို့နောက်မှသာ စစ်ဟိုင် ကုန်သွယ်ရေးအသင်းကဲ့သို့သော ကုန်သွယ်ရေးအသင်းကြီးများ ဝင်ရောက် အခြေစိုက်လာကြပြီး ကျင့်ကြံသူ အမြောက်အမြားကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။

​နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူကြီးတစ်ဦး စောင့်ရှောက်ထားသော မြို့ဖြစ်သည့်အပြင် ကျင့်ကြံရန်အတွက်လည်း သိပ်သည်းဆ များပြားသော ဝိညာဉ်စွမ်းအားများ ရှိနေသဖြင့် လုံချင်းမြို့က တဖြည်းဖြည်း ပိုမိုစည်ကား စည်ပင်လာခဲ့သည်။

​ဆိုင်ဝန်ထမ်း ပြောပြချက်အရ ဤအရာက စတင်ခြင်းမျှသာ ရှိသေးပြီး မြို့သခင်၏ တည်ဆောက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး များမှာ အမြဲတမ်း ပိုမိုအားကောင်းလာနေဆဲ ဖြစ်သည်။

​"ဒီမြို့သခင်က သန်မာရုံတင်မကဘဲ မြို့ကို အုပ်ချုပ်တဲ့နေရာမှာလည်း တကယ့်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တာပဲ၊ ဒီလိုလူမျိုးက တကယ့်ကို လေးစားဖို့ ထိုက်တန်ပါတယ်" ချန်ကျီက ရင်ထဲမှ မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

​ချန်ကျီသည် ဆိုင်ဝန်ထမ်းက မြို့သခင်၏ ဒဏ္ဍာရီဆန်သော ဇာတ်လမ်းများကို ဆက်လက် ပြောပြချင်နေသည်ကို မြင်သဖြင့် အချိန်ကိုက်ပင် စကားဖြတ်လိုက်သည်။ "မြို့သခင် က ဒီလောက် ခွန်အားရှိတာဆိုတော့ သေချာပေါက် မိသားစုကြီးတစ်ခုခုက ထွက်လာတဲ့ ပါရမီရှင် ဖြစ်ရမယ်"

​သို့သော်လည်း ဆိုင်ဝန်ထမ်းက ခေါင်းခါပြလိုက်သည်။ "မြို့သခင် က လုံချင်းမြို့က ဘယ်မိသားစုနဲ့မှ မသက်ဆိုင်ပါဘူး၊ သူရဲကောင်းကြီးက သူပိုင်ဆိုင်တဲ့ အရာအားလုံးကို ခြေလှမ်းတစ်လှမ်းချင်းစီ ကိုယ်တိုင် လျှောက်လှမ်းပြီး ရယူခဲ့တာပါ၊ သူ အခုလို အောင်မြင်မှု ရရှိတာကလည်း မြို့သခင် ကိုယ်တိုင်ရဲ့ အရည်အချင်းကြောင့်ပါပဲ"

​ချန်ကျီ သဘောပေါက်သွားခဲ့ပြီ၊ ဤကဲ့သို့ အခြေခံ လူတန်းစားမှ တက်လှမ်းလာသူမျိုး ဖြစ်သောကြောင့်သာ ဆိုင်ဝန်ထမ်းကဲ့သို့သော လူများ၏ ကိုးကွယ်ယုံကြည်မှုနှင့် ထောက်ခံမှုကို ပိုမို ရရှိခြင်း ဖြစ်သည်။

​"ဒါဆို လုံချင်းမြို့က တခြား မိသားစုတွေရဲ့ အင်အားက ကော ဘယ်လိုရှိလဲ"

​"ဟားဟား... မိသားစုတွေရဲ့ အင်အားက ဘယ်လောက်ပဲ သန်မာပါစေ၊ မြို့သခင် ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး"

​ဆိုင်ဝန်ထမ်းက တစ်ဖန် ကြွားလုံးထုတ်ရန် ပြင်လိုက်ပြန်သည်။

​ဆိုင်ဝန်ထမ်း၏ အခြေအနေကို မြင်လိုက်ရသောအခါ ချန်ကျီက ဆက်မေး၍ မရတော့ကြောင်း သိလိုက်သည်၊ အကယ်၍ ဆက်မေးနေပါက ဆိုင်ဝန်ထမ်းသည် ထိုကျင့်ကြံသူ မိသားစုများကို အကြီးအကျယ် ဆဲရေးတိုင်းထွာတော့မည် ဖြစ်သည်။

​သူက လျင်မြန်စွာပင် စကားလမ်းကြောင်း လွှဲလိုက်သည်။ "အချိန်လည်း တော်တော်ကြာ သွားပြီ၊ သန်ဘက်ခါ လေလံပွဲက ဘယ်အချိန် စမှာလဲ"

​ဆိုင်ဝန်ထမ်းလည်း သူ စကားများသွားသည်ကို သိလိုက်သဖြင့် "စီနီယာ... သန်ဘက်ခါ မနက် ၁၀ နာရီကျရင် လာခဲ့လို့ ရပါတယ်"

​"ကောင်းပြီ၊ မင်းလည်း ပင်ပန်းသွားပြီ၊ သန်ဘက်ခါမှ ငါ ပြန်လာခဲ့မယ်"

​"စီနီယာကလည်း ကြင်နာလွန်းနေပါပြီ ၊ စစ်ဟိုင် ကုန်သွယ်ရေးအသင်းကို နောက်တစ်ကြိမ် လှမ်းလာခဲ့ဖို့ ကြိုဆိုပါတယ်"

​ချန်ကျီက ခေါင်းညိမ့်ပြလိုက်ပြီး လှေကားထစ်ဆီသို့ ပြုံး၍ လျှောက်လှမ်းသွားခဲ့ရာ ဆိုင်ဝန်ထမ်းကလည်း လမ်းပြရန် နောက်မှ လိုက်ပါလာခဲ့သည်။

​စစ်ဟိုင် ကုန်သွယ်ရေးအသင်း၏ တံခါးဝသို့ ထွက်လာပြီးနောက် ချန်ကျီက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ မေးလိုက်သည်။ "ငါ ဆေးပညာစာအုပ် တွေနဲ့ အစီအရင် စာအုပ် အချို့ကိုလည်း ဝယ်ချင်သေးတယ်၊ စစ်ဟိုင် ကုန်သွယ်ရေးအသင်းမှာ ရှိလား"

​ဆိုင်ဝန်ထမ်းက အားနာဟန်ဖြင့် ပြောလိုက်သည်။ "စီနီယာ... အဲဒီစာအုပ်တွေကတော့ ကျွန်တော်တို့ စစ်ဟိုင် ကုန်သွယ်ရေးအသင်းမှာ တကယ်ပဲ မရှိပါဘူး"

​"ဒါဆို ဘယ်နေရာမှာ ဝယ်လို့ရနိုင်မလဲ"

​"စီနီယာ... ထိုက်ချူမျှော်စင် ကို သွားကြည့်ပါ၊ အဲဒီမှာတော့ ရှိနိုင်ပါတယ်"

​"ကောင်းပြီ၊ ကျေးဇူးပဲ"

​"စီနီယာကလည်း ကြင်နာလွန်းနေပါပြီ " ဆိုင်ဝန်ထမ်းက လက်သီးဆုပ် ၍ ဂါရဝပြုလိုက်သည်။

​ချန်ကျီက ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ဒါဆို သန်ဘက်ခါမှ တွေ့ကြတာပေါ့"

​"ကောင်းပါပြီ စီနီယာ"

​ချန်ကျီက စစ်ဟိုင် ကုန်သွယ်ရေးအသင်းမှ ထွက်လာပြီးနောက် ဆိုင်ဝန်ထမ်း ပြောပြသော ထိုက်ချူမျှော်စင် သို့ ရောက်ရှိလာခဲ့သည်။

​ချန်ကျီ ဤတစ်ခေါက် အပြင်ထွက်ရခြင်း၏ အရေးကြီးဆုံး ရည်ရွယ်ချက် နှစ်ခုမှာ ကျင့်ကြံခြင်းလောက၏ ဈေးကွက်ပေါက်ဈေးကို စုံစမ်းရန်နှင့် နောက်တစ်ခုမှာ ကျင့်ကြံခြင်း အခြေခံဗဟုသုတ စာအုပ်များကို ဝယ်ယူရန် ဖြစ်သည်။

​သူက ဤကမ္ဘာအကြောင်းကို နားလည်မှု အင်မတန် နည်းပါးနေသေးသဖြင့် သေချာပေါက် အသည်းအသန် လေ့လာရန် လိုအပ်သည်။

​ချန်ကျီက ထိုက်ချူမျှော်စင် သို့ ရောက်ရှိရန် အချိန်အများကြီး မပေးလိုက်ရပေ၊ ထိုက်ချူမျှော်စင် သို့ ဝင်လိုက်သည်နှင့် ဝန်ထမ်းတစ်ဦးက လာ နှုတ်ဆက်လေသည်။

​ထိုက်ချူမျှော်စင်က ဝမ်နန်မြို့ရှိ မင်ရှင်းကျိုက် နှင့် ကွဲပြားခြားနားလှသည်၊ ဤနေရာရှိ ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော စာအုပ်များမှာ ပိုမိုစုံလင်လှသည်။

​ချန်ကျီလည်း ရွေးချယ်မနေတော့ဘဲ ကျင့်ကြံခြင်းနှင့် ပတ်သက်သမျှ စာအုပ်အားလုံးကို တစ်စုံစီ ဝယ်ယူလိုက်သည်။

​ဆိုင်ဝန်ထမ်းသည် ချန်ကျီက ဘာဖြစ်လို့ အခြေခံဗဟုသုတ စာအုပ်များကိုသာ ဝယ်ယူနေရသည်ကို သံသယဝင်နေသော်လည်း ချန်ကျီ၏ ရွေးချယ်မှုကို အလွန်အမင်း ဝင် စွက်ဖက်ခြင်း မပြုပေ။

​သူက ချန်ကျီအား ရံဖန်ရံခါ အကြံဉာဏ်အချို့ ပေးပြီး ဈေးနှုန်းမြင့်မားသော ကျင့်စဉ်စာအုပ်များကို အကြံပြုလေ့ရှိသော်လည်း ချန်ကျီကမူ အားလုံးကို ငြင်းပယ်လိုက်သည်။

​သို့သော်လည်း ဆိုင်ဝန်ထမ်း အကြံပြုသည့် ပစ္စည်းများထဲတွင် ချန်ကျီ အကြိုက်ဆုံး ပစ္စည်းတစ်ခု ပါဝင်နေသည်၊ ၎င်းမှာ ချန်ကျီ တစ်ခါမျှ မမြင်ဖူးသေးသော ဆေးဖော်စပ်နည်း များ ဖြစ်သည်။

​ဆေးဖော်စပ်နည်း ကဲ့သို့သော အရာမျိုးမှာ ကူးယူရန် အင်မတန် လွယ်ကူလှသည်၊ ချန်ကျီက ထိုက်ချူမျှော်စင် တွင် အဆင့်တစ်နှင့် အဆင့်နှစ် ဆေးလုံး ဖော်စပ်နည်း အမျိုးပေါင်း တစ်ဒါဇင် ခန့်ကို တွေ့ရှိခဲ့ပြီး ထိုဆေးနည်းများထဲတွင် အုတ်မြစ်ချ ဆေးလုံးနှင့် ရွှေအူတိုင်အဆင့်တက် ဆေးလုံး ဖော်စပ်နည်းများလည်း ပါဝင်နေသည်။

​အဆင့်သုံး ဆေးလုံး ဖော်စပ်နည်းကိုမူ အနည်းငယ်မျှသာ တွေ့ရသော်လည်း မရှိတာထက်စာလျှင် တော်သေးသည်ဟု တွေးကာ ချန်ကျီက အားလုံးကို တစ်ခါတည်း ဝယ်ယူလိုက်သည်။

​"အခုဆိုရင် အလိုအလျောက် ဆေးဖော်စပ်ခန်းကိုလည်း သုံးလို့ရပြီ၊ ဒါပေမဲ့ အလိုအလျောက် ဆေးဖော်စပ်ခန်းကနေ ဖော်စပ်ထားတဲ့ ဆေးလုံးတွေက အနန္တဆိုင်ထဲက ဝယ်တဲ့ ဆေးလုံးတွေနဲ့ ဘယ်လောက်အထိ ကွာခြားမှု ရှိမလဲဆိုတာ မသိရသေးဘူး"

​ဤပစ္စည်းများ အားလုံးကို ဝယ်ယူပြီးနောက် ချန်ကျီက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ပင် မပြည့်ဘဲ အသုံးပြုလိုက်ရသည်။

​"ကောင်းပြီ၊ အခု ပြန်ပြီးတော့ သန်ဘက်ခါ လေလံပွဲ တက်ဖို့ပဲ စောင့်ရတော့မယ်၊ ဒီတစ်ခေါက် ခရီးစဉ်ကတော့ တော်တော်လေး ခရီးရောက်ခဲ့တာပဲ"

​ချန်ကျီက ထိုက်ချူမျှော်စင် မှ ထွက်လာခါစတွင်ပင် ဝိညာဉ်အာရုံတစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်၊ သို့သော် ထိုဝိညာဉ်အာရုံမှာ သူ့အပေါ်တွင် တစ်ခဏမျှသာ တည်ရှိနေပြီး ချက်ချင်းပင် ခြေရာဖျောက်သွားခဲ့သည်။

​ချန်ကျီ ရင်ထဲ၌ အေးစိမ့်သော ခံစားချက်တစ်ခု ပေါ်ပေါက်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ထူးဆန်းသော လူတစ်ဦးတစ်ယောက်မျှ ရှာမတွေ့ပေ။

​"ဘယ်သူလဲ... စောစောက ဝိညာဉ်အာရုံက ဖုံးကွယ်ထားပေမဲ့ တကယ့်ကို ထင်ရှားနေတယ်"

​ချန်ကျီက သံသယဖြစ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ "စောစောက ဝိညာဉ်အာရုံကို ငါတစ်ယောက်တည်း ခံစားမိတာ မဟုတ်ဘူးလား"

​လမ်းမပေါ်ရှိ အခြားသော လူအချို့သည်လည်း သူနှင့် ထပ်တူ သံသယဖြစ်နေကြပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ လိုက်လံ ရှာဖွေနေကြသည်ကို ချန်ကျီ တွေ့ရှိလိုက်ရသည်။

​ထိုအချိန်တွင် ချန်ကျီ စိတ်ထဲမှ အနည်းငယ် ရိပ်မိသွားသော်လည်း သူ၏ ခန့်မှန်းချက်မှာ အမှန် ဟုတ်မဟုတ်ကိုမူ သေချာ မသိသေးပေ။ "ကြည့်ရတာ အချိန်ရရင် အဲဒီ ဆိုင်ဝန်ထမ်းကိုပဲ ပြန်မေးကြည့်ရမယ်"

​စောစောက ဝိညာဉ်အာရုံထဲတွင် ချန်ကျီက မည်သည့် ရန်လိုမှုကိုမျှ မခံစားရသည့်အပြင် ထိုဝိညာဉ်အာရုံမှာလည်း ခြေရာဖျောက်သွားခဲ့ပြီ ဖြစ်သဖြင့် သူက ဤကိစ္စကို ခေတ္တမျှ ဘေးဖယ်ထားလိုက်သည်။

​ချန်ကျီက အရင်ဆုံး ပြန်သွားရန် ဆုံးဖြတ်လိုက်ပြီး လေလံပွဲ စတင်သည့်အချိန်ကျမှ ပြန်လာရန်၊ ဆက် မဆိုင်းတော့ဘဲ အမှတ် ၆၆ ကိုယ်ပွား၏ ခန္ဓာကိုယ်ကိုလည်း သူ့ထံ ပြန်လည်အပ်နှံကာ လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးလိုက်သည်။

​ချန်ကျီက သူ၏ မူလခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် အသိစိတ်ကို အနန္တနေရာလွတ် အတွင်းသို့ ပို့လိုက်သည်။

​"ရှောင်ဖျင်၊ ရှောင်အန်း... မင်းတို့ အိမ်ဆောက်တတ်ကြလား"

​"သခင်... ကျွန်တော်တို့ သင်ယူနိုင်ပါတယ်"

​"ကောင်းပြီ၊ အပြင်က ကိုယ်ပွားတွေကို အိမ်ဆောက်တဲ့ စာအုပ်တွေ ရှာခိုင်းလိုက်မယ်၊ မင်းတို့ အားတဲ့အချိန်ကျရင် လေ့လာထားကြ။ ဒီ အနန္တနေရာလွတ်ထဲမှာ အလွတ်နေရာတွေ အများကြီး ရှိသေးတော့ အကုန်လုံးကို အသုံးချရမယ်"

​"ဟုတ်ကဲ့ပါ သခင်"

​"ငါကြည့်ရသလောက် အနန္တနေရာလွတ်ထဲမှာ သစ်တောတစ်ခု ရှိနေတယ်၊ မင်းတို့ သွားကြည့်ပြီး အဲဒီ သစ်ပင်တွေကို ခုတ်လို့ရမရ စမ်းသပ်ကြည့်ဦး၊ တကယ်လို့ ရမယ်ဆိုရင် စာအုပ်စင်အချို့ လုပ်ထားကြ၊ နောက်ပိုင်း မင်းတို့ အိမ်ဆောက်တတ်သွားတဲ့အခါ စာကြည့် တိုက် တစ်ခု ဆောက်ရမယ်"

​"တကယ်လို့ ဒီက သစ်ပင်တွေကို ခုတ်လို့မရရင်တော့ မိစ္ဆာသားရဲ သွားသတ်နေတဲ့ ကိုယ်ပွားတွေကို အပြင်က သစ်အချို့ သယ်လာခိုင်းလိုက်မယ်"

​"ဟုတ်ကဲ့ပါ သခင်"

​"အင်း... ဒါဆို မင်းတို့ သွားလုပ်ကြတော့"

​ချန်ကျီ၏ အသိစိတ်က အနန္တနေရာလွတ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။

​ရှောင်ဖျင်နှင့် ရှောင်အန်းတို့က ချန်ကျီအတွက် စာအုပ်စင်များ ပြုလုပ်ပေးရန် သစ်ပင်သွားခုတ်ရန် ပြင်ဆင်နေကြတော့သည်။

All Chapters