အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄) သားရဲဒီရေ လှိုင်း ဖြစ်ပွားခြင်း
ချန်ကျီ၏ အိမ်တော် အတွင်း၌
“သခင်... ဘာလို့ ပြန်ရောက်ခါစရှိသေးတာကို ချက်ချင်း ပြန်သွားတာလဲ”
“အနန္တနေရာလွတ်ထဲကို ခဏသွားခဲ့တာ၊ စာအုပ်အများကြီး ဝယ်လာခဲ့လို့ စာအုပ်တွေ အဆင်ပြေပြေ ထည့်လို့ရအောင် သူတို့ကို စာအုပ်စင်အချို့ လုပ်ခိုင်းထားတယ်”
“အော်...” ကျောက်လင်းအာ၏ လေသံက အနည်းငယ် စိတ်ပျက်အားငယ်သွားဟန် ရှိသည်။
ချန်ကျီလည်း ကျောက်လင်အာ၏ ခံစားချက်ကို သတိပြုမိသွားကာ မေးလိုက်သည်။ “မင်း ဘာဖြစ်လို့လဲ”
ကျောက်လင်းအာက ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ “သခင်... ကျွန်မ အခု သခင့်ကို ဘာမှ ကူညီမပေးနိုင်တော့ဘူးလို့ ခံစားနေရတယ်၊ အနန္တနေရာလွတ်ထဲမှာလည်း ရှောင်ဖျင်နဲ့ ရှောင်အန်းတို့ ရှိနေပြီ၊ အပြင်မှာလည်း အလုပ်ရှုပ်နေကြတဲ့သူတွေ အများကြီးပဲ။ အခု သခင်ကလည်း အပြင်မှာပဲ အချိန်ကုန်နေတတ်ပြီး ဒီအိမ်တော် မှာလည်း အစီအရင်ရဲ့ ကာကွယ်မှု ရှိနေတော့ ကျွန်မက အအားဆုံးလူ ဖြစ်နေသလိုပဲ”
ချန်ကျီက ရယ်မောလိုက်ပြီး “ဟားဟား... ဒါလေးတင်လား၊ ဒါက ဘာဆန်းလို့လဲ၊ မင်းရဲ့ အလုပ်ကလည်း အင်မတန် အရေးကြီးပါတယ်၊ ငါ ပြန်လာတဲ့အခါ မင်းက ငါ့အတွက် ထမင်းဟင်း ချက်ပေးရတယ်၊ ပြီးတော့ သီချင်းလေးတွေဆိုပြီး ငါ့ရဲ့ မောပန်းတာတွေကို ဖြေဖျောက်ပေးရသေးတယ်။ ငါ အပြင်သွားတဲ့အချိန်ကျရင်လည်း မင်းက ဒီနေရာကို စောင့်ရှောက်ဖို့ တာဝန်ယူရတယ်၊ တွေ့လား... မင်းရဲ့ အလုပ်က ဘယ်လောက်တောင် အရေးကြီးလဲ၊ အခြားသူတွေ ဘယ်သူမှ လာအစားထိုးလို့ မရဘူး မဟုတ်လား”
ချန်ကျီ ဤသို့ ပြောလိုက်သောအခါ ကျောက်လင်းအာ၏ မျက်နှာက အနည်းငယ် လက် သွားသော်လည်း စိတ်ထဲတွင်မူ တစ်စုံတစ်ခု လိုအပ်နေသေးသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
“ဟုတ်ကဲ့ပါ သခင်”
ချန်ကျီလည်း ဘာမှမတတ်နိုင်ပေ၊ ကျောက်လင်းအာကို ဤနေရာတွင် အမြဲ ပိတ်လှောင်ထားရခြင်းမှာလည်း အခြားရွေးချယ်စရာ မရှိ၍ ဖြစ်သည်။ သူ၏ အသိစိတ်က အမြဲတမ်း ဟိုဟိုဒီဒီ သွားလာနေတတ်ပြီး အိမ်တော် တွင် အဆင့်လေး အစီအရင် ကာကွယ်ထားသော်လည်း သူက စိတ်မချနိုင်သေးပေ။
“လင်းအာ... ငါ မင်းအတွက် လုပ်စရာ အလုပ်တစ်ခု ရှာပေးမယ်၊ ဘယ်လိုလဲ”
“ဟုတ်ကဲ့ပါ သခင်” ကျောက်လင်းအာ ချက်ချင်းပင် စိတ်အားထက်သန်သွားခဲ့သည်။
“ငါ စာအုပ်တွေ အများကြီး ဝယ်လာတာ မင်း မြင်တယ်မလား၊ ငါတစ်ယောက်တည်း အကုန်လုံးကို ချက်ချင်း ဖတ်လို့မပြီးနိုင်ဘူး၊ ဒါကြောင့် မင်း အားတဲ့အချိန်ကျရင် အရင်ဖတ်ထားလိုက်၊ ပြီးတော့ စာအုပ်ထဲက အရေးကြီးတဲ့ အချက်တွေကို မှတ်သားထားပြီး ငါ့ကို ပြန်ပြောပြပေါ့”
“ဟုတ်ကဲ့ပါ သခင်” ကျောက်လင်းအာက နောက်ဆုံးတွင် လုပ်စရာ အလုပ်တစ်ခု ရသွားသည့်အလား ချက်ချင်းပင် ချန်ကျီ၏ လက်ဘေးရှိ စာအုပ်ကို ကောက်ယူကာ ချန်ကျီအတွက် ဖတ်ပြလေတော့သည်။
“အင်း... မဆိုးဘူး၊ အသံလေးက နားထောင်လို့ ကောင်းလိုက်တာ၊ ဒါက တကယ့်ကို အသံစာအုပ် နားထောင်တဲ့ စက်အတိုင်းပဲ၊ နောက်ကျရင် သီချင်းနားထောင်ရုံတင်မကဘဲ ကျောက်လင်းအာကို ပုံပြောတဲ့ ကျွမ်းကျင်မှုပါ တိုးပေးရမယ်”
ကျောက်လင်းအာက စာဖတ်ပြနေသဖြင့် ချန်ကျီမှာမူ ယခုအခါ အိပ်ရင်း အေးအေးဆေးဆေး နားထောင်နေရုံသာ ရှိတော့သည်။
တစ်ညတာလုံး ငြိမ်သက်စွာ ကုန်လွန်သွားခဲ့သည်။
နောက်တစ်နေ့တွင် ဟဲကွမ်းတောင်တန်း အတွင်း၌
“စီနီယာအစ်ကိုချန်... ဘာဖြစ်လို့ ရုတ်တရက် မိစ္ဆာသားရဲတွေ ဒီလောက်အများကြီး ထွက်လာရတာလဲ၊ ပြီးတော့ သူတို့တွေက အတော်လေး သောင်းကျန်းနေပုံပဲ” ကျိုးချွမ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“ငါတို့ အရင်ဆုံး ဒီနေရာကနေ ဆုတ်ခွာရမလား” ယွီရှင်းစစ်သည်လည်း ဤမျှလောက်များပြားသော မိစ္ဆာသားရဲများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် စိတ်ထဲမှ စိုးထိတ်လာခဲ့သည်။
ချန်ဖန်က ဤမိစ္ဆာသားရဲများကို မကြောက်သော်လည်း ဤမျှလောက်များပြားသော မိစ္ဆာသားရဲများကို တစ်ပြိုင်နက်တည်း မြင်တွေ့ရသဖြင့် စိတ်လှုပ်ရှားသွားခဲ့သည်။
ထိုအချိန်တွင် ၎င်းတို့ သုံးဦးစလုံးက အော်ဟစ် ပြေးလွှားနေကြသော အသံများကို တစ်ပြိုင်နက် ကြားလိုက်ရသည်။
“အား... မြန်မြန်ပြေးကြ၊ အား...”
“သားရဲဒီရေ လှိုင်းပဲ၊ သားရဲဒီရေ လှိုင်း ဖြစ်နေပြီ၊ အားလုံး မြန်မြန် ထွက်ပြေးကြ”
အော်ဟစ်သံမျိုးစုံက နားမခံနိုင်အောင် ဆူညံနေခဲ့သည်။
အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူ အမြောက်အမြားက သစ်တောထဲမှ တိုးဝှေ့ထွက်လာကြပြီး အားလုံး ဟဲကွမ်းတောင်တန်း၏ အပြင်ဘက်သို့ ဦးတည်ပြေးလွှားနေကြသည်၊ နှေးကွေးသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပေါ်တွင်မူ မိစ္ဆာသားရဲများကြောင့် ရရှိထားသော ဒဏ်ရာများစွာ ရှိနေပြီ ဖြစ်သည်။
“စီနီယာအစ်ကိုချန်... ကြည့်ဦး၊ အုတ်မြစ်ချခြင်း အလယ်အလတ် အဆင့် ကျင့်ကြံသူတွေတောင် ထွက်ပြေးနေကြပြီ၊ ငါတို့လည်း မြန်မြန် အရင်ဆုတ်ကြရအောင်”
ချန်ဖန်က ခေါင်းညိတ်လိုက်ပြီး တွေးကာ ပြောလိုက်သည်။ “အင်း... အရင်ဆုံး အပြင်ဘက်ကို ဆုတ်ပြီးမှ ကြည့်တာပေါ့၊ ဒါပေမဲ့ ဒီမိစ္ဆာသားရဲတွေ သွားနေတဲ့ လမ်းကြောင်းက နည်းနည်း ထူးဆန်းနေသလိုပဲ”
သို့သော်လည်း ယခုအချိန်မှာ ဤမိစ္ဆာသားရဲများ မည်သည့်နေရာသို့ သွားမည်ကို လေ့လာ နေရမည့် အချိန်မဟုတ်ပေ၊ ချန်ဖန်က ပြောပြီးသည်နှင့် ချက်ချင်းပင် ဓားပျံစီးကာ ၎င်းတို့နှစ်ဦးကို ခေါ်ဆောင်၍ ဟဲကွမ်းတောင်တန်း အပြင်ဘက်သို့ ပျံသန်းသွားခဲ့သည်။
ချန်ဖန်က ၎င်းတို့နှစ်ဦးကို ခေါ်ဆောင်ကာ ပျံတက်ရန် ပြင်လိုက်စဉ်တွင်ပင် အော်ဟစ်သံတစ်ခုကို ထပ်မံ ကြားလိုက်ရပြန်သည်။
“ဓားပျံမစီးကြနဲ့၊ မိစ္ဆာသားရဲပျံတွေ ရှိတယ်”
ကျိုးချွမ်နှင့် ယွီရှင်းစစ်တို့က ဤအသံကို ကြားလိုက်ရသောအခါ ရင်ထဲ၌ ထိတ်လန့်သွားပြီး ချန်ဖန်အား ရပ်တန့်ရန် လှမ်းအော်တော့မည့်ဆဲဆဲ ဖြစ်သည်။
အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူများက ဓားပျံစီးနိုင်ကြသော်လည်း ကောင်းကင်ထက်၌ မိစ္ဆာသားရဲများနှင့် တိုက်ခိုက်ရပါက အင်အားမှာ သေချာပေါက် အကြီးအကျယ် လျော့နည်းသွားမည် ဖြစ်သည်။
ကောင်းကင်ထက်၌ မိစ္ဆာသားရဲများနှင့် တိုက်ခိုက်နိုင်ပြီး မည်သည့်သက်ရောက်မှုမျှ မရှိစေရန်မှာ ရွှေအူတိုင်အဆင့်နှင့် ထိုထက်မြင့်သော ကျင့်ကြံသူများသာ လုပ်နိုင်သည်။
သို့သော်လည်း ချန်ဖန်က ထိုအော်ဟစ်သံကို မကြားလိုက်ရသည့်အလား ဓားပျံစီးရန်သာ ရွေးချယ်လိုက်ဆဲဖြစ်ပြီး ပျံသန်းသည့်နှုန်းကိုပါ ပိုမိုမြှင့်တင်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ချန်ဖန် သိသည်မှာ အကယ်၍ ဓားပျံမစီးပါက သားရဲဒီရေ လှိုင်းနှင့် သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်ရာ ကျိုးချွမ်နှင့် ယွီရှင်းစစ်တို့ အန္တရာယ်မဖြစ်စေရန်အတွက် သူတို့ကို အမြန်ဆုံး အပြင်သို့ ပို့ရန်သာ တွေးထားခဲ့သည်။
မိစ္ဆာသားရဲပျံများ ရှိနေသော်လည်း သူက အလွန်အမင်း စိုးရိမ်မနေပေ၊ အဆင့်သုံး မိစ္ဆာသားရဲပျံများ ထွက်မလာသရွေ့ သူ ဓားပျံစီးပါက မည်သည့်မိစ္ဆာသားရဲမျှ သူ၏ အမြန်နှုန်း ကို မှီနိုင်မည်မဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသည်။
“စီနီယာအစ်ကိုချန်...” ကျိုးချွမ်က သံသယဖြင့် ခေါ်လိုက်သည်။
ယွီရှင်းစစ်သည်လည်း မနေနိုင်ဘဲ ချန်ဖန်ကို လှမ်းခေါ်လိုက်သည်။
ချန်ဖန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ကိစ္စမရှိဘူး၊ ငါတို့ နည်းနည်း နှိမ့်ပြီး ပျံမယ်၊ အခုတော့ ဒီနေရာကနေ မြန်မြန် ထွက်သွားဖို့က အဓိကပဲ၊ ဒီမိစ္ဆာသားရဲတွေရဲ့ လှုပ်ရှားမှုက တကယ့်ကို ထူးဆန်းလွန်းလို့ နောက်ကွယ်မှာ ဘာဖြစ်လာဦးမလဲ မသိနိုင်ဘူး”
ချန်ဖန်က ရှင်းပြလိုက်သဖြင့် ယွီရှင်းစစ်နှင့် ကျိုးချွမ်တို့လည်း ဘာမှမပြောတော့ပေ၊ ၎င်းတို့နှစ်ဦး၏ အမြန်နှုန်း ဖြင့်ဆိုလျှင် သားရဲဒီရေ လှိုင်းကို ဘေးကင်းစွာ ရှောင်ကွင်းနိုင်ရန် လုံးဝ မဖြစ်နိုင်ဘဲ၊ ယခုအခါ ချန်ဖန်ကိုသာ အားကိုးရတော့မည် ဖြစ်သည်။
ချန်ဖန် ပျံသန်းနေစဉ် ရုတ်တရက် ယွီရှင်းစစ်က အော်ဟစ်လိုက်သည်။ “ရှေ့မှာ မိစ္ဆာသားရဲ အုပ်ကြီး အမြောက်အမြား ထပ်ပေါ်လာပြန်ပြီ”
ယွီရှင်းစစ် အော်လိုက်သည့်အချိန်မှာပင် ချန်ဖန်သည်လည်း ထိုမိစ္ဆာသားရဲအုပ်ကို မြင်လိုက်ရသည်။
“ဒီမိစ္ဆာသားရဲတွေက ဘယ်အချိန်ကစပြီး ဒီလောက်တောင် ပါးနပ်သွားကြတာလဲ၊ ဝိုင်းရံပိတ်ဆို့ရမယ်ဆိုတာကိုတောင် သိနေကြတယ် ဟုတ်လား”
ချန်ဖန်က စိတ်ထဲမှ တွေးတောရင်း ပျံသန်းသည့် လမ်းကြောင်းကို ချက်ချင်းပင် ကွေ့ဝိုက်လိုက်သည်။
ချန်ဖန်ကဲ့သို့ ပျံသန်းနိုင်သည့် အမြန်နှုန်း မျိုးမရှိသော ကျင့်ကြံသူများမှာမူ ဒုက္ခလှလှကြီး တွေ့နေရပြီဖြစ်ပြီး ကျင့်ကြံသူ အများအပြားမှာ မိစ္ဆာသားရဲများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေကြရသည်။
ကျိုးချွမ်က ဓားပျံ၏ နောက်ဆုံးတွင် ရပ်နေရင်း နောက်သို့ လှည့်ကြည့်လိုက်ရာ ကျင့်ကြံသူ အများအပြားမှာ မိစ္ဆာသားရဲများ၏ ကိုက်ဖြတ်ဝါးမြိုခြင်းကို ခံနေရပြီး အပိုင်းပိုင်း ပြတ်နေကြသည်ကို မြင်လိုက်ရသည်။
သားရဲဒီရေ လှိုင်း၏ တိုက်ခိုက်မှုကို ခံရသော ကျင့်ကြံသူများမှာ ပြန်လည်ခုခံရန် အင်အား စိုးစဉ်းမျှ မရှိကြပေ။
“စီနီယာအစ်ကို နှစ်ယောက်... ငါတို့ အဲဒီကျင့်ကြံသူတွေကို သွားကူညီပေးသင့်လား”
ကျိုးချွမ် ပြောပြီးနောက် ယွီရှင်းစစ်နှင့် ချန်ဖန်တို့၏ ရင်ထဲ၌ တစ်ချက် တုန်လှုပ်သွားခဲ့သည်။
ကျိုးချွမ်က ကျင့်ကြံသူများ ဟူသော အဖွဲ့ကို အထူးတလည် အလေးပေး ပြောခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်လည်း ယခင်က ကျင့်ကြံသူများ ဖြစ်ခဲ့ကြကာ ယခုမှသာ ဂိုဏ်းသားများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ၎င်းတို့တွင် ကူညီချင်စိတ် ရှိသော်လည်း ခွန်အား မရှိကြပေ၊ ထိုကျင့်ကြံသူများကို ကူညီချင်လျှင်ပင် ၎င်းတို့၏ ခွန်အားက မလုံလောက်ပေ။
ခဏမျှ ကြာပြီးနောက် ယွီရှင်းစစ်က ယခင်ကကဲ့သို့ ပေါ့ပေါ့ဆဆ နေတတ်သော အမူအရာကို ပြောင်းလဲလိုက်ပြီး ပြောလိုက်သည်။ “ငါတို့က ချင်းယွမ်ဂိုဏ်းရဲ့ တပည့်တွေ ပဲ၊ ဒီမိစ္ဆာသားရဲတွေ သောင်းကျန်းနေတာကို ဒီအတိုင်း ကြည့်မနေသင့်ဘူး”
သို့သော် ချန်ဖန်က ယွီရှင်းစစ်၏ စကားကို ဂရုမစိုက်ဘဲ “မင်းတို့မှာ အဲဒီလောက် ခွန်အားမရှိဘူး၊ အရင်ဆုံး ကိုယ့်အသက်ကို ဘယ်လိုရှင်အောင် လုပ်ရမလဲဆိုတာပဲ တွေးထားကြစမ်း”
ယွီရှင်းစစ် ချက်ချင်းပင် ဆွံ့အသွားခဲ့ပြီး စောစောက ရင်ထဲ၌ ဖြစ်ပေါ်လာသော သတ္တိ များမှာလည်း ချက်ချင်းပင် လွင့်ပျယ်သွားခဲ့သည်။
ကျိုးချွမ်လည်း ဆွံ့အသွားခဲ့သည်၊ သူ ရင်ထဲ၌ မချိတင်ကဲ ဖြစ်နေသော်လည်း ဘာမှမတတ်နိုင်ပေ၊ ချန်ဖန် ပြောသည်မှာ အမှန်တရား ဖြစ်သည်။
ယွီရှင်းစစ်နှင့် ကျိုးချွမ်တို့ နှစ်ဦးစလုံး စကားမပြောကြတော့သဖြင့် ပတ်ဝန်းကျင် အခြေအနေမှာ ခဏမျှ မွန်းကြပ်သွားခဲ့သည်။
ချန်ဖန်လည်း ၎င်းတို့နှစ်ဦးကို ဂရုမစိုက်တော့ဘဲ ဓားပျံစီးသည့် အမြန်နှုန်း ကို ပိုမိုမြှင့်တင်လိုက်သည်။
ယွီရှင်းစစ်နှင့် ကျိုးချွမ်တို့က ချန်ဖန်၏ ယခုအမြန်နှုန်း မှာ အုတ်မြစ်ချခြင်း အစောပိုင်း အဆင့် ကျင့်ကြံသူတစ်ဦး ရှိသင့်သည့် အကန့်အသတ်ထက် ကျော်လွန်နေပြီ ဖြစ်ကြောင်းကို သတိပြုမိရန် စိတ်ကူးပင် မရှိကြပေ။
၎င်းတို့နှစ်ဦးမှာ စောစောက နောက်သို့ လှည့်ကြည့်စဉ် မြင်တွေ့ခဲ့ရသော ကျင့်ကြံသူများ မိစ္ဆာသားရဲများ၏ ကိုက်ဖြတ်ခြင်း ခံနေရသည့် မြင်ကွင်းကိုသာ စိတ်ထဲ၌ တွေးနေမိကြပြီး ရင်ထဲ၌ ကြာမြင့်စွာ တည်ငြိမ်နိုင်ခြင်း မရှိကြပေ။
“ကဲ... ဒီနေရာဆိုရင် ဘေးကင်းပြီ၊ မင်းတို့ ချက်ချင်း ချင်းယွမ်ဂိုဏ်းကို ပြန်ပြီး ဟဲကွမ်းတောင်တန်းမှာ သားရဲဒီရေ လှိုင်း ဖြစ်ပွားနေတဲ့အကြောင်း သတင်းပို့ကြ။ ဒီမိစ္ဆာသားရဲတွေက ဟဲကွမ်းတောင်တန်းအပြင်ကို တိုးထွက်လာပြီး ပတ်ဝန်းကျင်က မြို့ရွာတွေကိုပါ ရိုက်ခတ်သွားမှာကို ငါ စိုးရိမ်တယ်”
“ငါတို့က သတင်းပြန်ပို့ရမှာလား... ဒါဆို စီနီယာအစ်ကိုချန် ကော” ကျိုးချွမ်က ချန်ဖန်ကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။
ယွီရှင်းစစ်သည်လည်း ထပ်တူ သံသယဖြင့် ချန်ဖန်ကို ကြည့်လိုက်သည်။
ချန်ဖန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး “ငါကတော့ သေချာပေါက် ဟိုကျင့်ကြံသူတွေကို ပြန်ကူညီမလို့ပေါ့”
“ဒါပေမဲ့ စီနီယာအစ်ကိုချန်... မင်းပဲ ငါတို့ မသန်မာ ဘူးလို့ ပြောခဲ့တာ မဟုတ်လား”
“ဟုတ်တယ်၊ မှန်တယ်... မသန်မာ တာက မင်းတို့ပဲ”