အခန်း ၁၄၅
Vol. 15 Ch. 145
အခန်း (၁၄၅) သားရဲဒီရေလှိုင်းကို လာကြည့်မလို့လား
ချန်ဖန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး “မြန်မြန်သွားတော့၊ နောက်ကျရင် မမီဘဲ နေလိမ့်မယ်”
“စီနီယာအစ်ကိုချန်... မင်းက...” ကျိုးချွမ် တစ်စုံတစ်ခုကို ဆက်ပြောချင်သော်လည်း ဘယ်ကစပြီး ပြောရမှန်း မသိတော့ပေ။
ယွီရှင်းစစ်ကမူ ချန်ဖန်၏ ဆိုလိုရင်းကို နားလည်သွားခဲ့ပြီ ဖြစ်သဖြင့် ဘာမှမပြောဘဲ တိတ်ဆိတ်မှုကိုသာ ရွေးချယ်လိုက်သည်။
“စိတ်ချပါ၊ ငါဘာမှမဖြစ်စေရဘူး” ချန်ဖန်က ပြောပြီးသည်နှင့် တစ်ဖန် ဓားပျံစီးကာ ဟဲကွမ်းတောင်တန်း အတွင်းသို့ ပြန်လည် အရှိန်ပြင်းစွာ ပျံသန်း သွားခဲ့တော့သည်။
ကျိုးချွမ်နှင့် ယွီရှင်းစစ်တို့က ချန်ဖန် ဓားပျံစီး၍ ထွက်ခွာသွားသော ကျောပြင်ကို ငေးကြည့်နေမိကြသည်။
ချန်ဖန်၏ ကျောပြင်ကို လုံးဝ မမြင်ရတော့သည့် အချိန်တွင်မှ ယွီရှင်းစစ်က ရုတ်တရက် ပြောလိုက်သည်။ “ဂျူနီယာညီလေးကျိုး... ဂိုဏ်းကို သတင်းပြန်ပို့ရမယ့် တာဝန်ကို မင်းကိုပဲ အပ်ခဲ့မယ်”
“စီနီယာအစ်ကိုယွီ... ဘာဆိုလိုတာလဲ” ကျိုးချွမ်က ယွီရှင်းစစ်ကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်သည်။
“ဂိုဏ်းကို သတင်းပို့ဖို့က လူတစ်ယောက်တည်းဆို လုံလောက်ပါတယ်” ယွီရှင်းစစ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး “ငါကတော့ ဒီနေရာမှာ စီနီယာအစ်ကိုချန်ကို စောင့်နေမယ်”
“ကျွန်တော် မသွားဘူး၊ စီနီယာအစ်ကိုတို့ အားလုံး နေခဲ့မှတော့ ကျွန်တော်လည်း နေခဲ့မယ်”
“မင်း နေခဲ့တော့ကော ဘာလုပ်နိုင်မှာလဲ” ယွီရှင်းစစ်၏ မျက်ဝန်းများ အေးစက်သွားသည်။
“မင်း အခုချက်ချင်း သွားတော့၊ စီနီယာအစ်ကိုချန် ပြောခဲ့တယ်မလား၊ နောက်ကျရင် မမီဘဲ နေလိမ့်မယ်လို့။ စိတ်ချပါ... ငါ အခုချက်ချင်း အတွင်းထဲကို ဝင်သွားမှာ မဟုတ်ဘူး၊ ငါက ချီသန့်စင် ခြင်း အဆင့် ၉ ရောက်ဖို့ တံခါးဝကို ထိတွေ့နေပြီဆိုတော့ ဒီနေရာမှာတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ ခွန်အား ရှိတယ်”
“စီနီယာအစ်ကိုယွီ...” ကျိုးချွမ်၏ မျက်ဝန်း အစုံက နီရဲလာခဲ့ပြီ ဖြစ်သည်။
“စကားများမနေနဲ့၊ မင်း အခုချက်ချင်း သွားတော့၊ စီနီယာအစ်ကိုချန် မရှိရင် ငါ မင်းကို မကာကွယ်ပေးနိုင်ဘူး”
ကျိုးချွမ်က ယခုအချိန်တွင် သူ သေချာပေါက် ထွက်ခွာရမည်ကို သိလိုက်သည်၊ အကယ်၍ မထွက်ခွာပါက သားရဲဒီရေလှိုင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ရလဒ်များကို တကယ်ပင် စိတ်ကူးရဲစရာ မရှိပေ။ ဤသတင်းကို ချင်းယွီဂိုဏ်းထံ အမြန်ဆုံး အရောက်ပို့ပြီး ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။
“စီနီယာအစ်ကိုယွီ... မင်းနဲ့ စီနီယာအစ်ကိုချန် နှစ်ယောက်စလုံး ကျွန်တော် ပြန်လာတာကို စောင့်နေကြပါ”
“သွားတော့...” ယွီရှင်းစစ်က ကျိုးချွမ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြုံးပြလိုက်သည်။
ကျိုးချွမ်လည်း ပြတ်ပြတ်သားသားပင် လှည့်ထွက်သွားခဲ့တော့သည်။
ကျိုးချွမ် ထွက်သွားပြီးနောက် ယွီရှင်းစစ်က ခါးသီးစွာ ပြုံးလိုက်ပြီး ဝိုင်တစ်အိုးကို ထုတ်ကာ အငမ်းမရ တစ်ငုံ သောက်လိုက်ရင်း ရေရွတ်လိုက်သည်။ “ဒါက ငါ့ရဲ့ ဘဝခံယူချက်နဲ့ နည်းနည်းတော့ မကိုက်ညီသလိုပဲ”
ဝိုင်တစ်အိုး ကုန်သွားသောအခါ ယွီရှင်းစစ်က ကျိုးချွမ် ထွက်ခွာသွားသော လမ်းကြောင်းကို တစ်ချက် လှည့်ကြည့်လိုက်ပြီးမှ ချန်ဖန် ဟဲကွမ်းတောင်တန်းထဲသို့ ဝင်ရောက်သွားသော ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
ထို့နောက် သူက တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ချီစုစည်း ဆေးလုံး တစ်ပုလင်းကို ထုတ်ကာ ဆေးလုံးတစ်လုံးကို လောင်းချ လိုက်သည်၊ ထိုဆေးလုံးကို မြင်လိုက်ရသောအခါ သူ၏ မျက်စိရှေ့တွင် လူရိပ်တစ်ခု ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်၊ ဤ အလယ်အလတ်အဆင့် ချီစုစည်း ဆေးလုံးမှာ ချန်ဖန် ပေးထားခြင်း ဖြစ်သည်။
သူက စိတ်ပိုင်းဖြတ်လိုက်ပြီး တုံ့ဆိုင်းမနေတော့ဘဲ ချီစုစည်း ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်ကာ ချီသန့်စင်ခြင်း အဆင့် ၉ သို့ ရောက်ရှိရန် အစွမ်းကုန် စတင် တိုက်ခိုက်တော့သည်။
သူက ချီသန့်စင်ခြင်း အဆင့် ၉ သို့ အောင်မြင်စွာ တက်လှမ်းနိုင်မလား မသိပေ၊ စောစောက အဆင့် ၉ တံခါးဝကို ထိတွေ့နေပြီဟု ပြောခဲ့ခြင်းမှာလည်း ကျိုးချွမ်ကို လိမ်ညာခဲ့ခြင်းသာ ဖြစ်သည်။
သူ ဟဲကွမ်းတောင်တန်း သို့ ရောက်ရှိလာသည့် အချိန်အတွင်းမှာပင် ချီသန့်စင်ခြင်း အဆင့် ၇ မှ အဆင့် ၈ သို့ မနည်း တက်လှမ်းထားနိုင်ခဲ့ခြင်း ဖြစ်ရာ ယခုအချိန်တွင် အဆင့် ၉ သို့ တက်လှမ်းရန် ရွေးချယ်ခြင်းမှာ အနည်းငယ် အတင်းအကျပ် ဖြစ်လွန်းလှသည်။
သို့သော်လည်း ယခုအချိန်တွင် သူ့၌ အခြားနည်းလမ်း မရှိတော့ပေ၊ သူက ချန်ဖန်ကို ကူညီချင်သဖြင့် အတင်းအကျပ် အဆင့်တက်ရန်သာ ရွေးချယ်နိုင်တော့သည်။
သူ မျှော်လင့်မိသည်မှာ ချီသန့်စင်ခြင်း အဆင့် ၉ သို့ အောင်မြင်စွာ တက်လှမ်းပြီးနောက် ချန်ဖန်အတွက် အနည်းငယ်မျှ ဖြစ်စေ ကူညီပေးနိုင်ရန် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ဤကူညီမှုက သမုဒ္ဒရာထဲ ရေတစ်စက်ချသကဲ့သို့ မပြောပလောက်ရုံမျှသာ ။
ချန်ဖန် ဘက်တွင်မူ
သူက ပထမအဆင့် မိစ္ဆာသားရဲများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသော ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူ သုံးဦးကို ထပ်မံ ကယ်တင်လိုက်ပြန်သည်၊ ဤလူများက သူ ဓားပျံစီးလာသည့် လမ်းခရီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ချန်ဖန် ရောက်ရှိလာပြီးနောက် ဟင်းသီးဟင်းရွက်များကို ဓားဖြင့် မွှန်း သကဲ့သို့ပင် ပထမအဆင့် မိစ္ဆာသားရဲ တစ်ဒါဇင် ကျော်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်။
“စီနီယာ... ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“စကားများမနေနဲ့၊ အခုချက်ချင်း ဟဲကွမ်းတောင်တန်းကနေ ထွက်သွားကြ၊ မင်းတို့အားလုံး ဝမ်နန်မြို့က လာကြတာ မဟုတ်လား၊ အခု ပြန်ရောက်တာနဲ့ ဒီက အခြေအနေကို မြို့သခင် ဆီ ချက်ချင်း သတင်းပို့ကြ”
ချန်ဖန်က စကားတစ်ခွန်း ချန်ထားခဲ့ပြီးနောက် ချက်ချင်းပင် ဓားပျံစီးကာ ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့ပြီး ထိုကျင့်ကြံသူများကို ဂရုမစိုက်တော့ပေ။
ကောင်းကင်ထက်သို့ ပျံတက်သွားပြီးနောက် ချန်ဖန်သည်လည်း သူ၏ ခွန်အားများကို ဆက်လက် ဖုံးကွယ်မထားတော့ပေ၊ ဤမျှ မြင့်မားသော နေရာတွင် သူ့ကို မည်သူမျှ သတိပြုမိမည် မဟုတ်ပေ ။
သူက ဒုတိယအဆင့် မိစ္ဆာသားရဲပျံ အချို့ကို တွေ့ရှိလိုက်ရသဖြင့် ၎င်းတို့ထံသို့ ဦးတည်ကာ သတ်ဖြတ်လိုက်သည်၊ ဤမိစ္ဆာသားရဲပျံများကို ရှင်းလင်းလိုက်မှသာ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူများက ဓားပျံစီး၍ ဤနေရာမှ လျင်မြန်စွာ ထွက်ခွာနိုင်မည် ဖြစ်သည်။
အချိန်အနည်းငယ်မျှ ကြာပြီးနောက် နောက်ဆုံး မိစ္ဆာသားရဲပျံတစ်ကောင်ကို ချန်ဖန်က ဓားဖြင့် ခုတ်ချလိုက်သည်။
ထို့နောက် သူက ဟဲကွမ်းတောင်တန်း၏ အလယ် သို့ ဆက်လက် ပျံသန်းသွားခဲ့ပြီး လမ်းခရီးတွင် ပိတ်မိနေသော ကျင့်ကြံသူများကို တွေ့ရှိပါက လျင်မြန်စွာ ကယ်တင်ကာ ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။
ထိုကယ်တင်ခြင်းခံရသော ကျင့်ကြံသူများက ချင်းယွမ်ဂိုဏ်း တပည့်တစ်ဦး၏ ကျောပြင်ကိုသာ မှတ်မိကြပြီး ချန်ဖန်၏ ရုပ်သွင်ကိုပင် သေချာ မမြင်လိုက်ကြရပေ။
မိစ္ဆာသားရဲများမှာ အဆုံးမရှိသကဲ့သို့ပင် ဖြစ်နေပြီး ရံဖန်ရံခါတွင် လမ်းကြောင်းတစ်ခုခုမှ အုပ်စုလိုက် ပြေးထွက်လာကြသည်။
ဤမိစ္ဆာသားရဲများက တစ်စုံတစ်ခု၏ ခေါ်ယူခြင်းကို ခံရသည့်အလား အားလုံး လမ်းကြောင်းတစ်ခုတည်းသို့ စုရုံးနေကြသည်။
“အရင်က ဟဲကွမ်းတောင်တန်းမှာ မိစ္ဆာသားရဲတွေ ဒီလောက်အများကြီး ရှိနေတာကို ဘာလို့ သတိမထားမိခဲ့တာလဲ၊ သူတို့တွေက ဘယ်နေရာကို သွားနေကြတာလဲ”
ချန်ဖန်၏ ရင်ထဲ၌လည်း သံသယများ ဖြစ်ပေါ်လာခဲ့သည်၊ ရုတ်တရက် ထွက်ပေါ်လာသော ဤမိစ္ဆာသားရဲများ၏ လှုပ်ရှားမှုများက ပုံမှန် မဟုတ်ပေ။
“ထားလိုက်ပါတော့... အရင်ဆုံး ကယ်နိုင်သလောက် လူကို ကယ်ရမယ်၊ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူတွေ ပိုပြီး အသက်ရှင်နိုင်ပါစေလို့ပဲ မျှော်လင့်ရမယ်”
ဟဲကွမ်းတောင်တန်း အတွင်းရှိ မိစ္ဆာသားရဲများအားလုံးက အလယ် သို့ ဦးတည်ကာ ဝိုင်းရံလာနေကြသဖြင့် ယခင်က အလယ် သို့ ဝင်၍ ဒုတိယအဆင့် မိစ္ဆာသားရဲများကို အမဲလိုက်နေကြသော အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူများ၏ အခြေအနေမှာ ယခုအချိန်တွင် အန္တရာယ်အရှိဆုံး ဖြစ်နေသည်။
ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများမှာမူ နှိုင်းယှဉ်လျှင် ပိုမို ကံကောင်းကြသည်၊ မိစ္ဆာသားရဲ အမြောက်အမြား၏ ဝိုင်းရံခြင်းကို မခံရသရွေ့ ဟဲကွမ်းတောင်တန်း၏ အပြင်ဘက်သို့ ရောက်ရှိသွားပါက ၎င်းတို့သည် ဘေးကင်းသွားပြီ ဖြစ်သည်။
ချန်ဖန်က မိစ္ဆာသားရဲများ၏ ပိတ်ဆို့ခြင်းကို ခံနေရသော ကျင့်ကြံသူများကို လိုက်လံ ရှာဖွေရန် တစ်ဖန် ပြန်လည် လှုပ်ရှားလိုက်ပြန်သည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ ချန်ဖန် ကယ်တင်လိုက်သော ကျင့်ကြံသူများမှာ ပိုမိုများပြားလာခဲ့ပြီး သူသည်လည်း ဟဲကွမ်းတောင်တန်း၏ အတွင်းပိုင်းသို့ ပိုမို နက်ရှိုင်းစွာ ရောက်ရှိလာခဲ့သည်။
“ဘာဖြစ်လို့ မိစ္ဆာသားရဲတွေ နည်းသွားသလို ဖြစ်နေတာလဲ”
ချန်ဖန်သည် ယခင်က အုပ်စုလိုက် တွေ့နေရသော မိစ္ဆာသားရဲများမှာ ယခုအခါ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
ချန်ဖန်က အသက်ရှင်ကျန်ရစ်နိုင်သော ကျင့်ကြံသူများကို ရှာဖွေရန် ဓားပျံစီး၍ ဆက်လက် ရှာဖွေနေခဲ့သော်လည်း အလွန်အမင်း နက်ရှိုင်းသော နေရာများသို့မူ မသွားခဲ့ပေ။
ထိုသို့သွားရန်လည်း မလိုအပ်ပေ၊ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူများ အမဲလိုက်နိုင်သည်မှာ ဒုတိယအဆင့် မိစ္ဆာသားရဲများသာ ဖြစ်သဖြင့် အလွန်အမင်း နက်ရှိုင်းသော နေရာများသို့ ထိုကျင့်ကြံသူများလည်း စွန့်စားသွားကြမည် မဟုတ်ပေ။
ချန်ဖန်က လူရှာရန် ဆက်လက် ပျံသန်းနေစဉ် ထိုအချိန်တွင်ပင် ပြင်းထန်လှသော အော်ရာ တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ချန်ဖန်က တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား လမ်းကြောင်းတစ်ခုသို့ လှည့်ကြည့်လိုက်သည်။
ထို့နောက်တွင်မူ ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ရာ တစ်ခုလုံးသော ဟဲကွမ်းတောင်တန်းကြီး မှောက်ခုံ ဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။
ဟဲကွမ်းတောင်တန်း အတွင်း၌ ငလျင်လှုပ်ခတ်သွားသည့်အလား မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ကောင်းကင်ယံထက်တွင် ငှက်များနှင့် သားရဲများ ပျာယာခတ်ကာ ပျံသန်းနေကြသည်။
နားကွဲလုမတတ် ဆူညံသော အသံကြီးက ချန်ဖန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်၊ သူက ယခုအချိန်တွင် ကောင်းကင်ထက်၌ ရှိနေဆဲဖြစ်သဖြင့် သစ်ပင်ကြီးများ အုပ်ဆိုင်းနေသော အောက်ခြေ အခြေအနေကို သေသေချာချာ မမြင်ရသော်လည်း သစ်ပင်ကြီးများ တဂျိန်းဂျိန်း လဲပြိုနေသည်ကိုသာ မြင်တွေ့နေရသည်။
သစ်ပင်ကြီးများ လဲပြိုသွားပြီးနောက် အောက်ခြေရှိ မြင်ကွင်းများမှာ တဖြည်းဖြည်း ပေါ်လွင်လာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်ဖန်ကဲ့သို့ လူပင်လျှင် ရင်သပ်ရှုမော ထိတ်လန့်သွားခဲ့ရသည်၊ မိစ္ဆာသားရဲ သောင်းနှင့်ချီ၍ ဒီရေလှိုင်းပမာ တိုးဝှေ့ ဝင်ရောက်လာနေကြခြင်း ဖြစ်သည်။
“ဒါက မိစ္ဆာသားရဲ အကောင်ရေ သောင်းချီ ရှိနေတာပဲ မဟုတ်လား၊ ဒါမှ တကယ့် သားရဲဒီရေလှိုင်းအစစ်ပဲ၊ မူလက သူတို့တွေက စောစောကမှ ခေါ်ယူခြင်းကို ခံလိုက်ရလို့ ဟဲကွမ်းတောင်တန်းရဲ့ အလယ် ကို စုရုံးသွားကြတာပဲ”
ချန်ဖန် သိသည်မှာ ယခုအခါ သူ့၌ ရွှေအူတိုင်အဆင့် ကျင့်ကြံခြင်းအဆင့် ရှိနေသော်လည်း ဤကဲ့သို့သော သားရဲဒီရေလှိုင်းအောက်တွင် အသက်ရှင်ရန် လုံးဝ မဖြစ်နိုင်ပေ၊ ထို့ပြင် သူက သားရဲဒီရေလှိုင်း၏ အနောက်ဘက် အကျဆုံးနေရာတွင် သူ့ထက် များစွာ ပိုမိုသန်မာသော အော်ရာ အချို့ကိုပါ အာရုံခံမိနေသည်။
“ဒီက အခြေအနေကို သခင် ဆီ သတင်းပို့ရမလား၊ ဒါက ကိစ္စကြီးတစ်ခုလို့ ပြောလို့ရတယ် မဟုတ်လား၊ သခင် ဆီ တိုက်ရိုက် သတင်းပို့ရင် အဆူခံရမှာ မဟုတ်ပါဘူး”
ချန်ဖန်က ဓားပျံကို လှည့်ပြန်ရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်၊ ယခု အခြေအနေမှာ သူ ဖြေရှင်းနိုင်သည့် အခြေအနေ မဟုတ်တော့ပေ။
ချန်ဖန်က ဓားပျံစီးရင်း တစ်ဖက်မှလည်း ချန်ကျီကို လှမ်း၍ စိတ်ချင်း ဆက်သွယ်လိုက်သည်။
“သခင်... ဟဲကွမ်းတောင်တန်းမှာ သားရဲဒီရေလှိုင်း ဖြစ်နေပြီ၊ သခင် လာကြည့်မလို့လား၊ တကယ့်ကို မိုက် လွန်းတယ်”