အခန်း ၁၄၆
Vol. 15 Ch. 146
အခန်း (၁၄၆) မင်းကို ဘာလို့လိုမှာလဲ
ချန်ကျီက ချန်ဖန်ကို ဟဲကွမ်းတောင်တန်းမှာ ဘာတွေဖြစ်နေလဲလို့ လှမ်းမေးဖို့ ပြင်လိုက်စဉ်မှာပဲ အနန္တနေရာလွတ်ထဲက ရှောင်ဖျင်ဆီကနေလည်း စိတ်ချင်းဆက်သွယ်ပြီး အကြောင်းကြားစာ ရောက်လာခဲ့သည်။
“သခင်... ဟဲကွမ်းတောင်တန်းထဲမှာ မိစ္ဆာသားရဲတွေကို လိုက်လံအမဲလိုက်နေတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပွား တွေထဲက အချို့ ပျက်စီးသွားပါပြီ”
“ဘာဖြစ်လို့လဲ... သားရဲဒီရေလှိုင်းနဲ့ပဲ ဆက်စပ်နေတာလား” ချန်ကျီ သံသယဖြစ်သွားသည်။
“ဟုတ်ပါတယ် သခင်၊ ကျန်တဲ့ ကိုယ်ပွား အားလုံး ပြန်ရောက်လာကြပါပြီ၊ သူတို့ပြောပြချက်အရ ဟဲကွမ်းတောင်တန်းမှာ သားရဲဒီရေလှိုင်း ဖြစ်ပွားနေတာပါ၊ ပျက်စီးသွားတဲ့ ကိုယ်ပွား တွေကတော့ မိစ္ဆာသားရဲတွေရဲ့ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရတာပါ”
“ကောင်းပြီ... ငါသိပြီ”
ချန်ကျီက ရှောင်ဖျင်နဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီး ချန်ဖန်ကို ဆက်မေးလိုက်သည်။ “ဟဲကွမ်းတောင်တန်းက သားရဲဒီရေလှိုင်း အခြေအနေက ဘယ်လိုလဲ”
“သခင်... ကျွန်တော်လည်း သေချာမသိဘူး၊ ကိစ္စက ရုတ်တရက်ကြီး ဖြစ်သွားတာ၊ မိစ္ဆာသားရဲတွေ အားလုံးက ရူးသွပ်သွားတဲ့အတိုင်း နေရာတစ်ခုတည်းကို စုပြုံသွားကြတယ်၊ အခုတော့ သူတို့အားလုံး ဟဲကွမ်းတောင်တန်းရဲ့ အပြင်ဘက်ကို ဦးတည်ပြီး အရှိန်ပြင်းပြင်း ထိုးထွက်နေကြပြီ”
“မင်းတို့ အခု ဘယ်လိုလဲ”
“ကျွန်တော် ကိစ္စမရှိပါဘူး၊ အခု ထွက်ပြေးနေတာ၊ ကျိုးချွမ်တို့ကိုတော့ ကျွန်တော် အပြင်ကို ပို့ပေးလိုက်ပြီ”
“ကောင်းပြီ... မင်း အဲဒီကို ကိုယ်ပွား တစ်ယောက် စေလွှတ်လိုက်၊ ငါကိုယ်တိုင် သွားကြည့်မယ်”
“ဟုတ်ကဲ့ပါ သခင်”
ခဏအကြာတွင် ချန်ကျီက ကိုယ်ပွား တစ်ကောင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ရောက်ရှိလာခဲ့ပြီး ချန်ဖန်လည်း ရှိနေဆဲ ဖြစ်သည်။
“သခင်...” ချန်ဖန်က ရိုသေစွာ အရိုအသေပေး လိုက်သည်။
ချန်ကျီက ခေါင်းညိတ်ပြပြီး ချန်ဖန်ကို အကဲခတ်ကြည့်လိုက်ရာ ချန်ဖန်တစ်ယောက် ဘာမှမဖြစ်သည်ကို မြင်ရသဖြင့် “မင်း သွားတော့၊ ဒီသားရဲဒီရေလှိုင်းကို ငါလည်း ရင်မဆိုင်နိုင်ဘူး၊ မင်း အရင်ဆုံး ချင်းယွမ်ဂိုဏ်းကို သတင်းပို့ဖို့ ပြန်နှင့်တော့”
“သခင်... ကျွန်တော် ကျိုးချွမ်နဲ့ ယွီရှင်းစစ်တို့ကို သတင်းပို့ဖို့ ပြန်ခိုင်းလိုက်ပါပြီ၊ ကျွန်တော် သခင့်ဘေးမှာ အဖော်လုပ်ပြီး နေခဲ့ပါရစေ”
ချန်ကျီက ချန်ဖန်ကို မကျေမနပ် ကြည့်လိုက်ပြီး “မင်းကို အဖော်လုပ်ခိုင်းပြီး ဘာလုပ်ရမှာလဲ၊ ငါနဲ့အတူတူ သေဖို့လား။ သူတို့ ချင်းယွမ်ဂိုဏ်းကို ပြန်တဲ့နှုန်း က မင်းရဲ့ အမြန်နှုန်းကို မှီပါ့မလား၊ အချိန်မဖြုန်းဘဲ မြန်မြန်သွားတော့”
“ဟုတ်ကဲ့ပါ သခင်”
ချန်ဖန်လည်း ထိုအခါမှသာ အမြင်မှန်ရသွားခဲ့သည်၊ ကျိုးချွမ်နဲ့ ယွီရှင်းစစ်တို့ကို သတင်းပို့ခိုင်းခြင်းက တကယ့်ကို ပညာရှိတဲ့ လုပ်ရပ်မဟုတ်ပေ။
ထို့နောက် ချန်ဖန်က ဓားပျံစီးကာ ယွီရှင်းစစ်နှင့် ကျိုးချွမ်တို့ ထွက်ခွာသွားသော လမ်းကြောင်းသို့ အရှိန်အဟုန်ပြင်းစွာ ပျံသန်းသွားခဲ့တော့သည်။
ချန်ကျီက ယခုအချိန်တွင် မျက်စိရှေ့ရှိ သားရဲဒီရေလှိုင်း မြင်ကွင်းကို ကြည့်ရင်း အလားတူပင် အလွန်အမင်း တုန်လှုပ်ခြောက်ခြားမှုကို ခံစားလိုက်ရသည်၊ ဤမျှ မှင်တက်စရာကောင်းသော မြင်ကွင်းမျိုးကို သူလည်း တစ်သက်တွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“ဒီပထမဆင့်၊ ဒုတိယဆင့် မိစ္ဆာသားရဲတွေရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ဒီလောက် စနစ်တကျရှိတဲ့ သားရဲဒီရေလှိုင်းမျိုးကို မလုပ်နိုင်လောက်ဘူး၊ ဘယ်သူက ဒီမိစ္ဆာသားရဲတွေကို အမိန့်ပေး နေတာလဲ”
ချန်ကျီက သားရဲဒီရေလှိုင်း တိုးဝင်လာနေသော လမ်းကြောင်းမှာ သူရှိနေသည့် ဘက်သို့ တည့်တည့် ဖြစ်နေသည်ကို မြင်လိုက်ရသည်။
ချန်ကျီက အခြေအနေကို စောင့်ကြည့်ရင်း တဖြည်းဖြည်း နောက်သို့ ဆုတ်လိုက်သည်။
“ဒီမိစ္ဆာသားရဲတွေက ဘယ်နေရာကို သွားချင်နေကြတာလဲ”
ချန်ကျီသည်လည်း ယခုအချိန်တွင် ဤမိစ္ဆာသားရဲများ၏ ရည်ရွယ်ချက်ကို မသိ နိုင်သေးသဖြင့် ဤသားရဲအုပ်ကြီးနှင့် အကွာအဝေး တစ်ခုအထိ ခွာကာ ဆက် စောင့်ကြည့်နေရုံသာ တတ်နိုင်သည်။
ချန်ဖန် ဘက်တွင်မူ
သူက ချင်းယွမ်ဂိုဏ်းသို့ သတင်းပို့ရန် ဓားပျံစီး၍ ပျံသန်းနေစဉ် ရုတ်တရက် အောက်ခြေတွင် ရင်းနှီးသော လူရိပ်တစ်ခု မိစ္ဆာသားရဲများနှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။
“ယွီရှင်းစစ်လား...”
ချန်ဖန် က မိစ္ဆာသားရဲများနှင့် တိုက်ခိုက်နေသူမှာ မည်သူဖြစ်ကြောင်း မှတ်မိသွားပြီး “ငါ သူ့ကို သွားခိုင်းလိုက်ပြီ မဟုတ်လား၊ သူ ဘာလို့ ပြန်လာရတာလဲ”
“အင်... မဟုတ်သေးဘူး၊ သူ ချီသန့်စင်ခြင်း အဆင့် ၉ ကို တက် သွားပုံပဲ၊ ဒါပေမဲ့ အော်ရာက နည်းနည်း မတည်ငြိမ်သလိုပဲ”
ချန်ဖန်က ဓားပျံစီးသည့် လမ်းကြောင်းကို ချက်ချင်းပြောင်းလဲကာ ယွီရှင်းစစ် မိစ္ဆာသားရဲများနှင့် တိုက်ခိုက်နေသည့် နေရာသို့ ထိုးဆင်းသွားခဲ့သည်။
ချန်ဖန် ရောက်ရောက်ချင်းပင် လမ်းပိတ်နေသော ပထမဆင့် မိစ္ဆာသားရဲ နှစ်ကောင်ကို ဓားဖြင့် ခုတ်သတ်လိုက်ပြီး အခြားမိစ္ဆာသားရဲများကိုပါ တောက်လျှောက် ရှင်းလင်းရင်း အော်ပြောလိုက်သည်။ “မင်းကို ထွက်သွားခိုင်းလိုက်ပြီ မဟုတ်လား၊ ဘာလို့ ပြန်လာတာလဲ”
ယွီရှင်းစစ်က ရောက် လာသူမှာ ချန်ဖန်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရယ်ပြရင်း “မင်း သေသွားရင် ငါနဲ့ ဝိုင်အတူတူသောက်မယ့်လူ မရှိတော့မှာ စိုးလို့ပေါ့”
“သွားစမ်း...” ချန်ဖန်က ပြောရင်း မိစ္ဆာသားရဲတစ်ကောင်ကို ထပ်မံ ခုတ်သတ်လိုက်ပြီး ယွီရှင်းစစ်၏ ဘေးနားသို့ ရောက်ရှိသွားသည်။
“ဘာမှမဖြစ်ဘူးမလား”
“ဟားဟား... မသေသေးပါဘူး”
ယွီရှင်းစစ်က ပြောပြီးသည်နှင့် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဇောက်ထိုးလဲကျလုနီးပါး ဖြစ်သွားရာ ကံကောင်းထောက်မစွာဖြင့် ချန်ဖန်က သူ့လက်မောင်းကို လှမ်း၍ ဆွဲထိန်းလိုက်နိုင်သည်။
ယွီရှင်းစစ်၏ တစ်ကိုယ်လုံးမှာ ယခုအခါ အလွန်အမင်း သနားစရာကောင်းလောက်အောင် ဖြစ်နေပြီး မိစ္ဆာသားရဲများ၏ ကိုက်ဖဲ့ခြင်းကြောင့် အသားစများ မည်မျှလောက် ကွာကျသွားသည် မသိရပေ၊ ဝိညာဉ်စွမ်းအားများမှာလည်း ခမ်းခြောက်လုနီးပါး ဖြစ်နေပြီဖြစ်ရာ အကယ်၍ ချန်ဖန်သာ ရုတ်တရက် ရောက်မလာပါက သူသည် သေချာပေါက် မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ် အပိုင်းပိုင်း ဆုတ်ဖြဲခြင်းကို ခံရပေလိမ့်မည်။
“တောင့်ခံထားဦး”
ချန်ဖန်က ပြောရင်း ယွီရှင်းစစ်၏ ပါးစပ်ထဲသို့ ကုသရေး ဆေးလုံးတစ်လုံး ထည့်ပေးလိုက်ပြီး လက်တစ်ဖက်ဖြင့်လည်း မိစ္ဆာသားရဲတစ်ကောင်၏ ဦးခေါင်းကို ဓားဖြင့် ခုတ်ချလိုက်ပြန်သည်။
“မင်း... က... ငါ......” ယွီရှင်းစစ်၏ စကားလုံးများက ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး စကားပင် ဆုံးအောင်မပြောနိုင်ဘဲ သတိလစ် မေ့မြောသွားခဲ့တော့သည်။
“သေမယ်ဆိုရင်တောင် စကား ဆုံးအောင်ပြောသွားဦးလေ၊ မင်း ပြောနေတာတွေက ဘာတွေလဲ”
ချန်ဖန်က ယွီရှင်းစစ် သတိလစ်သွားသည်ကို မြင်သဖြင့် သူ၏ အခြေအနေကို ချက်ချင်း စစ်ဆေးလိုက်သည်။
“တော်သေးတယ်... ဒဏ်ရာက သိပ်မပြင်းထန်ဘူး၊ ဒါပေမဲ့ ခန္ဓာကိုယ်ထဲက အော်ရာတွေ ဘာလို့ ဒီလောက်တောင် ကမောက်ကမ ဖြစ်နေရတာလဲ၊ အတင်းအကျပ် အဆင့်တက်လိုက်လို့ ဖြစ်ရမယ်”
ချန်ဖန်၏ ပတ်ပတ်လည်တွင် သေဘေး ကို မကြောက်သော မိစ္ဆာသားရဲ အချို့ တိုးဝှေ့ ဝင်ရောက်လာနေကြပြန်သည်၊ ၎င်းတို့အားလုံးမှာ ပထမဆင့် မိစ္ဆာသားရဲများသာ ဖြစ်သဖြင့် သူ့အတွက် မည်သည့်သက်ရောက်မှုမျှ မရှိသော်လည်း ယခုအချိန်မှာ ဆက်လက် နှောင့်နှေးနေရမည့် အချိန်မဟုတ်ပေ။
ချန်ဖန် အတွေး တစ်ချက်ဖြင့် အနန္တနေရာလွတ်ထဲမှ ကိုယ်ပွား ၁၀ ယောက် ကို ချက်ချင်း ဆင့်ခေါ် လိုက်ပြီး “ညီအစ်ကိုတို့... ကူညီကြပါဦး၊ ငါ ခရီးဆက်ရအုန်းမယ်”
“မင်း သွားတော့...” ရောက်လာသော ကိုယ်ပွား များက အခြေအနေကို အကဲခတ်ရုံမျှဖြင့် မည်သို့လုပ်ရမည်ကို သိရှိကြသည်၊ ၎င်းတို့သည်လည်း ဤနေရာမှ ထွက်ခွာသွားခဲ့သည်မှာ မကြာသေးပေ။
ချန်ဖန်က ဓားပျံပေါ်သို့ တက်လိုက်ပြီး “ဒုက္ခများစေမိပြီ ”
ချန်ဖန်က ယွီရှင်းစစ်ကို ခေါ်ကာ ဓားပျံစီး၍ ထွက်ခွာသွားခဲ့တော့သည်။
ကိုယ်ပွား ၁၀ ယောက်က တစ်ယောက်လျှင် ကောင်းကင်ဝိညာဉ်ပေါက်တူး တစ်ချောင်းစီ ကိုင်ကာ မိစ္ဆာသားရဲ တစ်ဒါဇင်ကျော် ကို အရူးအမူး လိုက်လံ ရိုက်နှက်ကြတော့သည်။
ရွှေအူတိုင်အဆင့် ကျင့်ကြံခြင်း ကိုယ်ပွား များအဖို့ ဤပထမဆင့် မိစ္ဆာသားရဲများကို ရင်ဆိုင်ရခြင်းမှာ လွယ်ကူလွန်းလှပြီး ပေါက်တူး တစ်ချက်လျှင် မိစ္ဆာသားရဲတစ်ကောင်နှုန်းဖြင့် အသက်ပျောက်စေခဲ့သည်။
ယခင်က ပျက်စီးသွားခဲ့သော ကိုယ်ပွား များမှာမူ ၎င်းတို့၏ ကံကြမ္မာ ညံ့ဖျင်းလွန်းသဖြင့် ဒုတိယဆင့် မိစ္ဆာသားရဲများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ပြီး သို့မဟုတ်ပါက နောက်ဆုံးတွင် အသက်ပျောက်သည်အထိ အခြေအနေ ရောက်ရှိမည် မဟုတ်ပေ။
“ညီအစ်ကိုတို့... သိမ်းဆည်းပြီး သွားကြစို့”
ကိုယ်ပွား ၁၀ ယောက်က မိစ္ဆာသားရဲ အလောင်းများကို အနန္တနေရာလွတ်ထဲသို့ လျင်မြန်စွာ ကောက်သိမ်းလိုက်ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုယ်ပွား အားလုံး ပျောက်ကွယ်သွားခဲ့ကြရာ တစ်ခါမျှ ပေါ်မလာခဲ့သည့်အလား ဖြစ်သွားတော့သည်။
ချန်ဖန် ဘက်တွင်မူ ယွီရှင်းစစ်ကို ခေါ်ဆောင်ကာ အကွာအဝေးတစ်ခုအထိ ပျံသန်းလာခဲ့သည်။
ယွီရှင်းစစ်က ကုသရေး ဆေးလုံးကို သောက်ပြီးနောက် တဖြည်းဖြည်း သတိပြန်လည်လာခဲ့သည်။
“စီနီယာအစ်ကိုချန်... ငါတို့ ဘယ်သွားနေကြတာလဲ” ယွီရှင်းစစ်က ဝေဝေဝါးဝါးဖြင့် မေးလိုက်သည်။
“ချင်းယွမ်ဂိုဏ်းကို ပြန်မလို့၊ ဒီတစ်ခေါက် သားရဲဒီရေလှိုင်းက မရိုးရှင်းဘူး”
“စောစောက မိစ္ဆာသားရဲ အုပ်ကြီးကော”
ချန်ဖန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ “မင်းပဲ စဉ်းစားကြည့်လေ၊ မင်းကို သွားခိုင်းတာကို မသွားဘဲ ကိုယ့်ဘာသာကိုယ် သေတွင်းထဲ ပြန်ပြေးဝင်လာတယ်၊ ငါသာ စောစောက အမှတ်မထင် လမ်းကြုံလို့ တွေ့ရတာ မဟုတ်ရင် ငါ အခု ကျောပိုးလာတာ အလောင်း ဖြစ်နေလောက်ပြီ”
ယွီရှင်းစစ်က ပွင့်လင်းစွာ ရယ်မောလိုက်ရာ ဤရယ်မောခြင်းက ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို သွား၍ ထိခိုက်မိသဖြင့် နာကျင်လွန်း၍ မျက်နှာ ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရသည်။
“ဟားဟား... အား... ငါမှ မသေသေးတာပဲ ဥစ္စာ”
“စကားနည်းနည်းပဲပြော” ချန်ဖန်က ပြောရင်း ယွီရှင်းစစ်၏ ပါးစပ်ထဲသို့ ကုသရေး ဆေးလုံးတစ်လုံးနှင့် ချီစုစည်း ဆေးလုံးတစ်လုံးကို ထပ်မံ ထည့် ပေးလိုက်သည်။
“ဒါနဲ့... ကျိုးချွမ် ဘယ်ရောက်သွားလဲ”
“ငါ သူ့ကို အရင်ပြန်ခိုင်းလိုက်တယ်၊ သူ အခုဆို ချင်းယွမ်ဂိုဏ်းကို ပြန်တဲ့ လမ်းခုလတ်မှာ ရောက် နေလောက်ပြီ”
ယွီရှင်းစစ်၏ အသံက အားနည်းနေဆဲ ဖြစ်သည်။
“သူကော မင်းလိုပဲ ခိုးပြီး နေခဲ့တာမျိုး မဟုတ်ပါဘူးနော်” ချန်ဖန်က ဓားပျံစီးနေသော်လည်း လှည့်၍ ယွီရှင်းစစ်ကို မျက်စောင်းထိုး ကြည့်ရန် မမေ့ပေ။
“မဖြစ်နိုင်ပါဘူး၊ ငါ သူ့ကို အကျိုးအပြစ်တွေ သေသေချာချာ ရှင်းပြထားတာပဲ” ယွီရှင်းစစ် ပြောသည့် စကားကလည်း သေချာလှသည်တော့ မဟုတ်ပေ။
ရုတ်တရက် ယွီရှင်းစစ်က ဝမ်းသာအားရဖြင့် လှမ်းပြောလိုက်သည်။ “စီနီယာအစ်ကိုချန်... ကြည့်ဦး၊ အောက်မှာ မျက်ရည်စက်လက်နဲ့ သုတ်ခြေတင် ပြေးနေတဲ့လူက ဂျူနီယာညီလေးကျိုးနဲ့ မတူဘူးလား၊ ဟားဟား... အဟွတ် အဟွတ် အဟွတ်”
ယွီရှင်းစစ်က ပျော်လွန်းသဖြင့် ရယ်မောလိုက်ရာ ဒဏ်ရာများ တစ်ဖန် ပြန်လည် နာကျင်လာခဲ့ရသည်။
“မင်း ကောင်းကောင်းပဲ နားနေလိုက်ပါတော့”