အခန်း (၁၄၉-၁၅၀)
Vol. 9 Ch. 149-150
အခန်း(၁၄၉)စန်းယွမ်ဓားဂိုဏ်း လင်းမိသားစု
'နတ်ဆိုးဓား' ရှောင်ပီလီသည် မြင်းတစ်ကောင်ကို စီးနင်းလျက် နောက်ထပ် မြင်းတစ်ကောင်ကို ဦးဆောင်ကာ လိုက်ပါလာသည်။ ထိုမြင်းပေါ်တွင်မူ သစ်သားသေတ္တာကြီး နှစ်လုံး တင်ဆောင်ထားသည်။
ထိုသေတ္တာများထဲတွင် ထျန်းကျီချိုင့်ဝှမ်းမှ ရရှိလာသော ကျမ်းစာအမျိုးမျိုး၊ လျှို့ဝှက်ကျမ်းများနှင့် ငွေစက္ကူများ ပြည့်နှက်နေသည်။
အရှင်သခင် - ရှောင်ပီလီ။
နယ်ပယ် - အဆင့်(၁) လျှပ်စီးဘေးနယ်ပယ် (ပထမဆုံး လျှပ်စီးဘေး)။
သိုင်းပညာ - ချန်ရှန့်ကျင့်စဉ် (အထွတ်အထိပ်)၊ နတ်ဆိုးဓား ဓားသိုင်း (အထွတ်အထိပ်)၊ လိပ်နက်ကြီးစိုးကိုယ်ခန္ဓာ နတ်ဘုရားကျင့်စဉ် (အထွတ်အထိပ်)၊ မဖျက်ဆီးနိုင်သော နတ်ဘုရားပေးပညာ (အထွတ်အထိပ်)၊ ခုနစ်သတ်ဓားသိုင်း (အထွတ်အထိပ်)၊ ရေတွင်းထဲမှ နည်းလမ်းရှစ်သွယ် (အထွတ်အထိပ်)၊ ဝေလုံနတ်ဘုရားလက်ဝါး (၂၀/၁၀၀)၊ ကောင်းကင်ဓား ကျင့်စဉ် ၈ ရပ် (အထွတ်အထိပ်)၊ တိမ်ခွင်းလက်ဝါးသိုင်း (၃၀/၁၀၀)၊ လေနတ်ဘုရား ကန်ချက် (၄၅/၁၀၀)၊ နတ်ဘုရားဓားချက် (အထွတ်အထိပ်)၊ နဂါးနတ်ဆိုး ရွှေကိုယ်ခန္ဓာ (အထွတ်အထိပ်)၊ ထိုးဖောက်မရသော ရွှေကိုယ်ခန္ဓာ၊ ဓားဖြင့် တာအိုသို့ဝင်ရောက်ခြင်း။
ကျင့်ကြံမှုအမှတ် - ၁,၂၄၆,၄၀၀။
ရယူရန်ကျန်ရှိ - စိတ်ခံစားမှုများဖြတ်တောက်ခြင်း ခုနစ်ချက်။
"ကျင့်ကြံမှုအမှတ်က တစ်သန်းကျော်သွားပြီပဲ"
"ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေက တန်ဖိုးရှိပါတယ်"
မြင့်တက်လာသော ကျင့်ကြံမှုအမှတ်ကို ကြည့်ရင်း ရှောင်ပီလီသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
လက်ရှိ သူ၏ သိုင်းပညာအဆင့်၊ အထူးသဖြင့် သူ၏ဓားတာအိုအဆင့်တွင် လျှို့ဝှက်ကျမ်းတစ်ခုကို ကြည့်လိုက်ရုံဖြင့် အနည်းငယ် လေ့ကျင့်ရုံသာ လိုအပ်တော့သည်။ အချိန်ယူ၍ လေ့ကျင့်ရမည့် ထိပ်တန်းဓားတာအိုမျိုး မဟုတ်ပါက သူ၏ ကျွမ်းကျင်မှုအဆင့်သည် အလျင်အမြန်ပင် မြင့်တက်လာပေလိမ့်မည်။
မြင်းသည် ဖြည်းညင်းစွာ ရှေ့သို့ တိုးလာသည်။
ရှောင်ပီလီ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
"ဒီ နဂါးနတ်ဆိုး ရွှေကိုယ်ခန္ဓာ အပြည့်အစုံကို လေ့ကျင့်ဖို့ဆိုရင် ထူးခြားတဲ့ သားရဲသွေး လိုအပ်တယ်။ သားရဲက ပိုသန်မာလေ၊ အာနိသင်က ပိုကောင်းလေပဲ။ အခု ငါ့မှာ အဲဒီသွေးမရှိတော့ လေ့ကျင့်လို့ မရသေးဘူး၊ စနစ်ရဲ့ အခြေခံစွမ်းရည် မျက်နှာပြင်မှာလည်း မပေါ်လာသေးဘူး"
"ဒါကိုတောင် အမှတ်ဖြည့်လို့ မရဘူးလား"
"ငါ ထူးခြားတဲ့ သားရဲတစ်ကောင်ကို ရှာပြီး သတ်ဖို့ လိုသေးတာလား"
"မဟာချန်အင်ပါယာရဲ့ အကြွင်းအကျန်တွေထဲမှာ နဂါးနတ်ဆိုး ရွှေကိုယ်ခန္ဓာကို အရင်က စတင်လေ့ကျင့်ခဲ့ကြတာပဲ။ ဖြစ်နိုင်တာက အဲဒီအကြွင်းအကျန်တွေဆီမှာ သန်မာတဲ့ သားရဲသွေးတွေ ကျန်နေသေးတာလား"
"ဖိုစူပြည်နယ်ကို ရောက်ရင် ပင်လယ်ပြင်ကို တစ်ခေါက်လောက် ထပ်သွားသင့်လား"
"ထားလိုက်ပါ၊ အရင်ဆုံး ကျန်းရှန်ဆောင်က လူတစ်ယောက်ကို အရင်မေးကြည့်ရမယ်။ သူတို့ဆီမှာ အချက်အလက် တချို့တော့ ရှိလောက်မှာပါ"
"အရင်ဆုံး စိတ်ခံစားမှုများဖြတ်တောက်ခြင်း ခုနစ်ချက်ကို ထုတ်ယူလိုက်ရအောင်"
ဗုန်း။
စိတ်ခံစားမှုများဖြတ်တောက်ခြင်း ခုနစ်ချက်၏ ကျင့်စဉ်နည်းလမ်း အမြောက်အမြားသည် ရှောင်ပီလီ၏ စိတ်အာရုံထဲသို့ စီးဝင်လာသည်။
ခဏအကြာတွင်၊
ရှောင်ပီလီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"စိတ်ခံစားမှုများဖြတ်တောက်ခြင်း ခုနစ်ချက်ရဲ့ သော့ချက်က 'ဖြတ်တောက်ခြင်း' ဆိုတဲ့ စကားလုံးမှာ ရှိတယ်။ သူက ဓားသမားကို လောကီစိတ်ခံစားမှုတွေကို စွန့်လွှတ်ဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ လူသားဖြစ်နေသမျှတော့ စိတ်ခံစားမှု ရှိကြမှာပဲ၊ အဲဒီတော့ ဘယ်လိုလုပ်ပြီး တကယ်ဖြတ်တောက်နိုင်မှာလဲ"
"ဒီကျမ်းကို တီထွင်သူ ဒုတိယမြောက်ဓားဧကရာဇ်တောင်မှ မလုပ်နိုင်ခဲ့တာပဲ။ မဟုတ်ရင် သူက သူ့သမီးလေးနဲ့ အတူရှိနေမှန်း သိပြီးနောက် နီဖုန်းကို ဓားနဲ့ ခုတ်ဖို့ ကြိုးစားမှာ မဟုတ်ဘူး"
"ဒီဓားတာအိုကို အထွတ်အထိပ်အထိ လေ့ကျင့်နိုင်ပြီး စိတ်ခံစားမှုနဲ့ ဆန္ဒတွေကို တကယ်ပဲ ဖြတ်တောက်နိုင်မယ်၊ ဓားတာအိုကို အစွမ်းကုန် မြှင့်တင်နိုင်မယ်ဆိုရင် နတ်ဆိုးဓား ဓားသိုင်းထက် ဘာမှသိပ်မနိမ့်ကျလောက်ပါဘူး"
"ဒါက စုန့်ကြွယ်ရဲ့ 'ဓားမှတစ်ပါး အခြားမရှိ' ဆိုတာနဲ့ ဘာမှမထူးခြားပါဘူး။ နှစ်ခုစလုံးက စူးစိုက်မှု အပြည့်နဲ့ သန့်စင်တဲ့ တာအိုကိုပဲ လိုက်ရှာနေကြတာပဲ"
"ဒါပေမဲ့ ငါကတော့ မတူဘူး။ ငါ့မှာ စနစ်ရဲ့ အခြေခံစွမ်းရည် မျက်နှာပြင် ရှိတယ်။ ငါ့အတွက် အသုံးဝင်သမျှတော့ ကျင့်ကြံမှုအမှတ်တွေ ပုံပေးလိုက်ရုံပဲ"
"အမှတ်တွေကို သုံးပြီး မြှင့်တင်ဖို့ အလျင်မလိုပါဘူး၊ ငါ့ဘာသာ အရင်လေ့ကျင့်ကြည့်ဦးမယ်"
ရှောင်ပီလီသည် မန်ပြည်နယ်ရှိ အင်ပါယာရုံးတော်မှ အဆင့်(၁) ကျွမ်းကျင်သူ သုံးယောက်ကို သတ်ဖြတ်ခဲ့သည်ဆိုသော သတင်း ပျံ့နှံ့သွားသည်။
ချက်ချင်းဆိုသလိုပင် နောက်ထပ် တုန်လှုပ်ဖွယ်သတင်းတစ်ခု သိုင်းလောက တစ်ခွင်သို့ ပျံ့နှံ့သွားသည်။
ထျန်းကျီချိုင့်ဝှမ်းသည် 'နတ်ဆိုးဓား' ရှောင်ပီလီ၏ လက်ချက်ဖြင့် အမြစ်ဖြတ် ချေမှုန်းခြင်း ခံလိုက်ရသည်။
အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိတော့ချေ။
အစပိုင်းတွင် အချို့က ၎င်းမှာ ကောလာဟလသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ထျန်းကျီချိုင့်ဝှမ်းအနီးရှိ သိုင်းလောကသားများ သွားရောက်ကြည့်ရှုကြသောအခါ ယင်းမှာ အမှန်တကယ်ပင် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထျန်းကျီချိုင့်ဝှမ်းသည် တကယ်ပင် ပျက်သုဉ်းသွားပြီ ဖြစ်သည်။
"ရှောင်ပီလီ... ဒါက 'နတ်ဆိုးဓား' ရှောင်ပီလီရဲ့ ပုံစံအတိုင်းပဲ။ သူ့ကို သွားစော်ကားမိရင်၊ သူကလည်း ယုံကြည်ချက် ရှိနေရင် သူက တိုက်ရိုက်ပဲ အဲဒီဂိုဏ်းဆီသွားပြီး အမြစ်ဖြတ်တော့တာပဲ။ အရင်ဆုံး ဧရာမဝိညာဉ်ဂိုဏ်း၊ အခု ထျန်းကျီချိုင့်ဝှမ်း။ တစ်နှစ်အတွင်းမှာ ဒီလိုအဆင့်ရှိတဲ့ ဂိုဏ်းနှစ်ခု ပျက်စီးသွားတာပဲ။ ဒါဟာ ရာစုနှစ်အတွင်း သိုင်းလောကမှာ ရှားရှားပါးပါး တွေ့ရတဲ့ အဖြစ်အပျက်ပဲ"
"မှန်တယ်၊ နောက်ထပ် ဘယ်ဂိုဏ်းကများ အမြစ်ဖြတ်ခံရဦးမလဲ"
"ငါထင်တာတော့ စန်းယွမ်ဓားဂိုဏ်းပဲ၊ အရင်က 'နတ်ဆိုးဓား' ကို အရင်ဆုံး စတင်တိုက်ခိုက်ခဲ့တာ စန်းယွမ်ဓားဂိုဏ်းပဲလေ"
"ဟေ့... ဘာလို့ ရှောင်ပီလီက စန်းယွမ်ဓားဂိုဏ်းကို မတိုက်ခိုက်သေးတာလဲ။ စန်းယွမ်ဓားဂိုဏ်းရဲ့ အင်အားက ထျန်းကျီချိုင့်ဝှမ်းလောက်တောင် မသန်မာဘူး မဟုတ်လား"
"အဲဒါ ပြောဖို့ လိုသေးလို့လား၊ လင်းချင်းယွမ်ကြောင့် ဖြစ်မှာပေါ့။ အရင်က ရှောင်ပီလီဆိုတာ သူရဲကောင်းတစ်ယောက်ပဲ။ သူနဲ့ နတ်သမီးလင်းတို့ရဲ့ အချစ်ကြောင့်ပဲ ရှောင်ပီလီ အခုလို ဖြစ်လာရတာလေ။ 'နတ်ဆိုးဓား' က ရက်စက်ပြီး လွတ်လပ်ပေမဲ့ သူ့နှလုံးသားထဲမှာ နူးညံ့တဲ့ နေရာလေးတစ်ခုတော့ ရှိနေသေးမှာပါ"
"နတ်သမီးလင်းသာ ရှေ့ထွက်လာရင် ရှောင်ပီလီကို သြဇာညောင်းနိုင်မှာပါ"
"ခွေးကောင်တွေ၊ မင်းတို့ မိန်းမတွေက ဝတ္ထုတွေ အများကြီး ဖတ်ထားတာလား။ လူပေါင်းသောင်းနဲ့ချီပြီး 'နတ်ဆိုးဓား' လက်ချက်နဲ့ သေဆုံးခဲ့ရတာကို သူ့နှလုံးသားထဲမှာ နူးညံ့မှု ရှိသေးတယ်လို့ ပြောနေတုန်းလား။ သူက အချစ်နဲ့ သြဇာညောင်းနိုင်တယ်လို့လား။ မင်းတို့သွားပြီး သြဇာညောင်းကြည့်ပါလား။ ရှောင်ပီလီရဲ့ ဓားက မင်းတို့ကို နှစ်ပိုင်းဖြစ်အောင် ခုတ်မခုတ် ကြည့်လိုက်ဦးမယ်"
"သူတို့ ပြောတာမှာ အားနည်းချက် တချို့ရှိပေမဲ့ လင်းချင်းယွမ်သာ မရှိရင် ရှောင်ပီလီက စန်းယွမ်ဓားဂိုဏ်းကို ဘာလို့ မတိုက်ခိုက်တာလဲဆိုတာ ရှင်းပြဖို့ ခက်နေဦးမှာပဲ"
"စန်းယွမ်ဓားဂိုဏ်းအကြောင်း ထားလိုက်ပါတော့။ ရှောင်ပီလီဆီမှာ အကြီးအကျယ် ဆုံးရှုံးခဲ့ရတဲ့ အင်ပါယာရုံးတော်ကရော ရှောင်ပီလီကို ဆက်တိုက်ခိုက်ဦးမလား"
"အဆင့်(၁) ကျွမ်းကျင်သူ သုံးယောက်တောင် သေသွားပြီ၊ သူတို့က နောက်ထပ် တိုက်ခိုက်ဖို့ ရဲသေးလို့လား"
"အဲဒါ ပြောရခက်တယ်..."
"ရှောင်ပီလီက အခု ဘယ်လောက်တောင် သန်မာနေပြီလဲ"
ကျုံးဟွာခန်းမ။
ယဲ့ယွင်ချင်းသည် စားသောက်ဆိုင်ရှိ ဧည့်သည်များ၏ စကားကို နားထောင်ရင်း သူ၏ အမူအရာမှာ မပြောင်းလဲပေ။
ရှောင်ပီလီ၏ သိုင်းပညာ မြင့်မားမှုကြောင့် အံ့အားသင့်ရသော်လည်း သူ၏ နှလုံးသားထဲတွင် လှိုင်းထန်မှု မရှိချေ။
ရှောင်ပီလီ၏ လမ်းညွှန်မှုအပြီးတွင် သူ၏ ဓားသိုင်းပညာသည် တိုးတက်လာခဲ့သည်။ အခုဆိုရင် အဆင့်(၅) နှောင်းပိုင်း သို့မဟုတ် အထွတ်အထိပ် ကျွမ်းကျင်သူကိုပင် ရင်ဆိုင်နိုင်သည်ဟု သူ ယုံကြည်သည်။
ထို့အပြင် ဆရာကြီးရှောင်၏ လမ်းညွှန်မှုအောက်တွင် လျှိုအာသည် အဆင့်(၉) သို့ ရောက်ခါနီးပြီဖြစ်ပြီး သူ၏ အခြေခံအုတ်မြစ်မှာ သူထက်ပင် ပိုမိုခိုင်မာသည်။
ဆရာကြီးရှောင်သည် အဆင့်(၁) ကျွမ်းကျင်သူ ဖြစ်နေသည့်အတွက် ကမ္ဘာပေါ်တွင် သူ့ကို မယှဉ်နိုင်ခြင်းမှာ ပုံမှန်သာ ဖြစ်သည်ဟု သူ ယုံကြည်နေသည်။
"ဟေ့"
"မင်းတို့ရဲ့ ဆိုင်ရှင်က အခု ဘယ်လောက်တောင် သန်မာနေပြီလို့ ထင်လဲ"
အစေခံကလေးအဖြစ် ဟန်ဆောင်ထားသော နင်ဝမ်ချင်းသည် စားပွဲရှေ့ဆီသို့ လာ၍ မေးလိုက်သည်။
ယဲ့ယွင်ချင်းသည် နင်ဝမ်ချင်းကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကမ္ဘာပေါ်မှာ ဆိုင်ရှင်ထက် သာလွန်နိုင်တဲ့သူဆိုတာ ရှားပါးလောက်မှာပါ"
ဒီကာလအတွင်း သူသည် ပြန်လည်သက်သာလာသော လင်ဟူပိုင်ဝမ်ထံမှ ယခင်က မသိခဲ့ရသည့် သိုင်းလောက သတင်းများစွာကို ရရှိခဲ့သော်လည်း ရှောင်ပီလီသည် သူ၏ အစွမ်းအစ အပြည့်အစုံကို ထုတ်ဖော်ပြသခြင်း မရှိသေးဟု သူ ယုံကြည်နေသည်။
ဘုန်း။
ထိုစဉ်၊
ကျုံးဟွာခန်းမ၏ အဓိကတံခါးကို အပြင်ဘက်မှ ကြမ်းတမ်းစွာ ကန်ဖွင့်လိုက်သည်။
လူဆယ်ယောက်ကျော်သည် အတွင်းသို့ ဝင်လာသည်။
ယဲ့ယွင်ချင်းသည် မျက်မှောင်ကြုတ်ပြီး အေးစက်စက် ပြောလိုက်သည်။
"စားဖို့လာတာဆို ကြိုဆိုပါတယ်၊ ပြဿနာရှာဖို့ဆိုရင် ထွက်သွားကြ"
နင်ဝမ်ချင်းသည် ယဲ့ယွင်ချင်းကို ကြည့်လိုက်သည်။ ဒီကောင်လေးရဲ့ လေသံက ရှောင်ပီလီဆီကနေ အစိတ်အပိုင်းသုံးခုလောက် သင်ယူထားတာတော့ အမှန်ပဲ။
"ဘဝင်မြင့်လိုက်တာ"
အုပ်စုကို ဦးဆောင်လာသော သခင်လေးက ယဲ့ယွင်ချင်းကို ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။
"ယွင်ကျိုးမှာ ငါ့ကို ဒီလိုမျိုး စကားပြောရဲတဲ့သူ တစ်ယောက်မှ မရှိသေးဘူး"
ယဲ့ယွင်ချင်း စကားမပြောခင် သူ၏ နောက်ကွယ်တွင် ရပ်နေသော အဆင့်(၅) ကျွမ်းကျင်သူ အကြီးအကဲက ရယ်မောပြီး ပြောလိုက်သည်။
"ဆိုင်ရှင်ယဲ့"
"ဒါက စန်းယွမ်ဓားဂိုဏ်းက လင်းမိသားစုရဲ့ သခင်လေး လင်းယွမ်ပဲ။ သူက စန်းယွမ်ဓားဂိုဏ်းက နတ်သမီးလင်းရဲ့ ဝမ်းကွဲမောင်လေးပဲ"
"ဒီတစ်ခါ သူက ဆိုင်ရှင်ယဲ့ကို ပြဿနာရှာဖို့ လာတာမဟုတ်ဘူး၊ ဆိုင်ရှင်ယဲ့နဲ့ ပူးပေါင်းဖို့ ဆွေးနွေးဖို့ လာတာပဲ"
"ပူးပေါင်းတာတဲ့လား၊ မလုပ်ပါဘူး" လင်းယွမ်သည် အကြီးအကဲ၏ စကားကို ဖြတ်ပြောလိုက်ပြီး ယဲ့ယွင်ချင်းကို မထီမဲ့မြင် ကြည့်ရင်း ပြောလိုက်သည်။
"မင်းရဲ့ ကျုံးဟွာခန်းမက ဟင်းချက်နည်းတွေကို ငါ့ကို ပေးလိုက်၊ ဒါဆိုရင် မင်းရဲ့ ကျုံးဟွာခန်းမက ယွင်ကျိုးမှာ ဆက်ပြီး လုပ်ကိုင်လို့ ရလိမ့်မယ်"
"မပေးဘူးဆိုရင်တော့ မင်းအတွက် ယွင်ကျိုးမှာ နေရာမရှိတော့ဘူးလို့သာ မှတ်လိုက်"
အခန်း(၁၅၀) ယွီကျင်းရှို့ ထပ်မံရောက်ရှိလာခြင်း
ဟူး။
ကျုံးဟွာခန်းမထဲရှိ လူအများမှာ အသက်ရှူမှားသွားကြသည်။
သူတို့သည် ရှောင်ပီလီကို မသိကြသော်လည်း ယွင်ကျိုးနယ်ရှိ စန်းယွမ်ဓားဂိုဏ်း၏ ဂုဏ်သတင်းကို မကြားဖူးသူ မရှိကြပေ။
ဤသူမှာ စန်းယွမ်ဓားဂိုဏ်း၏ လက်ရှိ ပထမဆုံးတပည့်ရင်း လင်းချင်းယွမ်ပိုင်ဆိုင်သည့် လင်းမိသားစုမှ ဖြစ်တန်ရာသည်။
လင်းမိသားစုမှသူက ကျုံးဟွာခန်းမ၏ ဟင်းချက်နည်းများကို သဘောကျနေပြီဖြစ်ရာ ကျုံးဟွာခန်းမပိုင်ရှင်မှာ ယင်းကို အပ်နှင်းလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည်မဟုတ်ပေ။
မပေးအပ်လျှင် စန်းယွမ်ဓားဂိုဏ်းက ခြေတစ်ချက်စောင့်လိုက်ရုံဖြင့် ကျုံးဟွာခန်းမမှာ ပြာပုံအတိ ဖြစ်သွားချေမည်။
ယဲ့ယွင်ချင်းမှာ မျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်။
သူရဲကောင်းရှောင်နှင့် စန်းယွမ်ဓားဂိုဏ်း၊ လင်းမိသားစုတို့ကြားမှ ရန်ငြိုးကို သိရှိထားသော်လည်း သူရဲကောင်းရှောင် ဧရာမဝိညာဉ်ဂိုဏ်းမှ သိမ်းယူလာသော စစ်ပွဲလက်ဆောင်များမှာ ကျုံးဟွာခန်းမ၌ ရှိနေသည်။
လင်းယွမ်ကိုသာ သတ်ပစ်လျှင် ဟင်းချက်နည်း အနည်းငယ်မှာ ပြဿနာမဟုတ်သော်လည်း ပြဿနာရှာရန် လာရောက်သည့် စန်းယွမ်ဓားဂိုဏ်းက ကျုံးဟွာခန်းမ၌ ရှောင်သိမ်းထားသော စာအုပ်များကို တွေ့ရှိသွားပါက အကြီးအကျယ် ဒုက္ခရောက်ပေမည်။
ယဲ့ယွင်ချင်း ငြိမ်သက်နေသည်ကို မြင်လျှင် လင်းယွမ်၏ မျက်ဝန်းတို့၌ စိတ်မရှည်မှု အရိပ်အယောင် ပေါ်လာပြီး အေးစက်စွာ ဆိုလိုက်သည်။
“ငါ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ် ”
“မြန်မြန်ပေးစမ်း”
ယဲ့ယွင်ချင်း၏ မျက်မှောင်တို့မှာ ပို၍ပင် ကျုံ့သွားသည်။
“လင်းမိသားစုက ဒီလောက်ပဲ စွမ်းတာလား”
ဒုတိယထပ်မှ လင်ဟူပိုင်ဝမ်၏ အသံထွက်ပေါ်လာသည်။
“စန်းယွမ်ဓားဂိုဏ်းရဲ့ ပထမဆုံးတပည့်ရင်း ဖြစ်ပါလျက်နဲ့ ဟင်းချက်နည်း အနည်းငယ်လောက်ကို တပ်မက်နေရအောင်ထိ ဖြစ်ရမှာလား”
လူအများမှာ ဒုတိယထပ်သို့ မော့ကြည့်လိုက်ရာ သိုင်းပညာရှင်တစ်ယောက်၏ အရှိန်အဝါဖြင့် ထိုင်နေပြီး လင်းယွမ်နှင့် အပေါင်းအပါတို့ကို ကြည့်နေသည့် အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရသည်။
“ဒီလူက ကျုံးဟွာခန်းမပိုင်ရှင် မဟုတ်လား”
“ဖြစ်နိုင်တယ်”
“အခြေအနေကြည့်ရရင် ကျုံးဟွာခန်းမမှာလည်း နောက်ခံရှိပုံပဲ”
“နောက်ခံရှိရင်ရော ဘာဖြစ်လဲ၊ ဒါက ယွင်ကျိုးနယ်ပဲ၊ စန်းယွမ်ဓားဂိုဏ်းထက် ကြီးတဲ့သူ ရှိလို့လား”
“ငါ့ကိုမေးရင်တော့ စန်းယွမ်ဓားဂိုဏ်းရဲ့ ဂုဏ်သရေရှိ ပထမဆုံးတပည့်ရင်းတစ်ယောက်က တခြားသူရဲ့ ဟင်းချက်နည်းကို တပ်မက်နေသင့်ဘူး မဟုတ်လား”
ပတ်ဝန်းကျင်မှ ဆူညံသံများကို နားထောင်ရင်း လင်းယွမ်မှာ မျက်လုံးကို မှေးကျဉ်းလိုက်ပြီး လင်ဟူပိုင်ဝမ်ကို စူးစိုက်ကြည့်သည်။
သို့သော် လင်ဟူပိုင်ဝမ်မှာ အပြင်သို့ မထွက်ခင်ကတည်းက အသွင်ယူထားပြီးဖြစ်ရာ လင်းယွမ်မှာ ဤလူကို ယွင်ကျိုးနယ်ရှိ မည်သည့်သိုင်းပညာရှင်နှင့်မျှ ချိတ်ဆက်၍ မရနိုင်ခဲ့ပေ။
“မင်းက ကျုံးဟွာခန်းမပိုင်ရှင်လား”
“ငါ့ကို စော်ကားရင် ဘာဖြစ်လာမလဲဆိုတာ မင်းသိလား”
လင်းယွမ် စကားမဆုံးခင် သူ့ဘေးတွင် ရပ်နေသည့် အဆင့်(၅) ကျွမ်းကျင်သူမှာ မျက်ဝန်း၌ ကြောက်ရွံ့မှုများ ပေါ်လာကာ တိုးတိုးလေး ပြောသည်။
“သခင်လေး၊ ဒီလူက အဆင့်(၄) သိုင်းဆရာကြီး ဖြစ်ဖို့များတယ်”
ထိုစကားကို ကြားလျှင် လင်းယွမ်မှာ အနည်းငယ် တုန်လှုပ်သွားပြီး မျက်နှာပျက်သွားသည်။
သူ့လင်းမိသားစုက စန်းယွမ်ဓားဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ထားပြီး မိသားစုဝင်များစွာမှာလည်း သိုင်းပညာသင်ယူရန် စန်းယွမ်ဓားဂိုဏ်းသို့ ဝင်ရောက်ထားသော်လည်း ယခုထိတော့ ဝမ်းကွဲအစ်မ လင်းချင်းယွမ်မှလွဲ၍ မိသားစုအတွင်း အဆင့်(၄) သိုင်းဆရာကြီး တစ်ယောက်မျှ မရှိသေးပေ။
ထို့အပြင် ကျုံးဟွာခန်းမ၏ ဟင်းချက်နည်းကို စိတ်ဝင်စားနေသည်မှာ မိသားစုအကြီးအကဲမဟုတ်ဘဲ သူတို့မျိုးဆက်မှသူများသာ ဖြစ်သည်။
ယနေ့သာ အဆင့်(၄) သိုင်းဆရာကြီးတစ်ယောက်၏ အဆုံးအမကို ခံလိုက်ရလျှင် မိသားစုအကြီးအကဲက သူအတွက် ထွက်ရပ်ဆိုမည့်သူ မဟုတ်ပေ။
ဒါပေမဲ့ ဒီအတိုင်းသာ ပြန်သွားလျှင် သူ့မျက်နှာကို ဘယ်မှာထားရမည်နည်း။
လင်းယွမ် တွေဝေနေစဉ်မှာပင်။
မြင်းခွာသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ကျုံးဟွာခန်းမအပေါက်ဝတွင် ရပ်တန့်သွားသည်။
“ခွေးကောင်းဆိုရင် လမ်းမပိတ်ဘူး”
ရှောင်ပီလီက အပေါက်ဝကို ပိတ်ထားသည့် လူစုကိုကြည့်ကာ မျက်မှောင် အနည်းငယ်ကြုတ်သည်။
သူ အရင်က သိုင်းပညာကို နက်နက်ရှိုင်းရှိုင်း လေ့ကျင့်နေခဲ့သဖြင့် ကျုံးဟွာခန်းမရှေ့မှ ဆူညံသံကို သတိမထားမိခဲ့ပေ။
အခုကြည့်ရတာ နောက်ထပ် ပြဿနာလာရှာတဲ့သူ ရှိနေပုံပဲ။
ဖုန်းယွင်လောကမှာ ဝူမင်က ကျုံးဟွာခန်းမကို ဖွင့်လှစ်ပြီးနောက် ပြဿနာလာရှာသူတွေဆိုတာ အနည်းဆုံးတော့ နာမည်ရှိသူတွေချည်းပဲ။
ဒီလိုလူတွေက ဘယ်ကလာတဲ့ သူတောင်းစားတွေလဲ။
“ကောင်လေး၊ မင်းက ဒီမှာ စကားပြောပိုင်ခွင့်ရှိလို့လား”
လင်းယွမ်ဘေးတွင် ရပ်နေသည့် အဆင့်(၅) ကျွမ်းကျင်သူမှာလည်း လင်းယွမ် အရှက်ကွဲနေသည်ကို သတိထားမိပြီး ရုတ်တရက် ခေါင်းလှည့်ကာ လျှပ်စီးပမာ ရှောင်ပီလီဆီသို့ ပစ်ဝင်လာသည်။
ကျုံးဟွာခန်းမမှ အဆင့်(၄) သိုင်းဆရာကြီးကို မနိုင်ရင်တောင် မသိမသာလာတဲ့ ဒီကလေးတစ်ယောက်ကို မသတ်နိုင်ဘူးလား။
ဒီလိုလုပ်ရင် သခင်လေးလင်းရှေ့မှာလည်း အထင်ကြီးစေရမှာပေါ့။
ရုတ်တရက်။
“ဝူး ဝူး...”
တိုက်ခိုက်လာသည့် အဆင့်(၅) ကျွမ်းကျင်သူမှာ မျက်စိရှေ့မှာပင် ဝါးသွားသလို ခံစားလိုက်ရပြီး သံမဏိါီညှပ်ကဲ့သို့ ကြီးမားသည့် လက်တစ်ဖက်က သူ့လည်ပင်းကို ဆုပ်ကိုင်ထားသည်ကို သိလိုက်ရသည်။ အသက်ရှူရ ခက်ခဲလာပြီး ခန္ဓာကိုယ်ထဲမှ ခွန်အားတို့မှာလည်း ကုန်ခန်းသွားသည်။
သူ အသနားခံချင်သော်လည်း စကားတစ်ခွန်းမျှ မထွက်နိုင်တော့ပေ။
အရိုးကျိုးသံ ထွက်ပေါ်လာသည်။
“ကျင့်ကြံမှုအမှတ် +၄၀၀၀”
ရှောင်ပီလီက အလောင်းကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ယဲ့ယွင်ချင်းကို ကြည့်ကာ အေးစက်စွာ ဆိုသည်။
“ငါ မင်းကို အရင်က ဘယ်လို သင်ပေးထားလဲ”
“ပြဿနာရှာတဲ့ အမှိုက်တွေကို တွေ့ရင် သတ်ပစ်လိုက်၊ ဘာလို့ ချန်ထားတာလဲ”
ကျုံးဟွာခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
လူတိုင်းမှာ မယုံနိုင်စရာ ဖြစ်နေကြသည်၊ ခရီးပန်းနေပုံပေါက်သည့် လူငယ်လေးတစ်ယောက်က အဆင့်(၅) ကျွမ်းကျင်သူကို ပေါ့ပေါ့ပါးပါး သတ်ပစ်လိုက်သည်။
ပြီးတော့ သူက ကျုံးဟွာခန်းမပိုင်ရှင်ကိုပါ အဆုံးအမပေးနေသေးတယ်။
ဒီလူက ကျုံးဟွာခန်းမရဲ့ တကယ့်ပိုင်ရှင် ဖြစ်နေမလား။
ဒါဆို ခုနက စကားပြောတဲ့ အဆင့်(၄) သိုင်းဆရာကြီးက ဘယ်သူလဲ။
ကျုံးဟွာခန်းမမှာလည်း ထူးခြားတဲ့ နောက်ခံရှိနေတာလား။
လင်းယွမ်၏ ခန္ဓာကိုယ်မှာ တုန်ရီနေသည်။
သူ အခု တကယ် ကြောက်နေပြီ။
သူ ကျုံးဟွာခန်းမကို လာသင့်မဟုတ်ဘူး။
ဒီဟင်းချက်နည်း မရရင်တောင် လင်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ဆိုရင် အရည်အချင်း သာမန်ပဲ ဖြစ်နေရင်တောင် ချမ်းသာကြွယ်ဝစွာ နေသွားနိုင်တာပဲ။
အခုတော့ ဖြစ်ရလေခြင်း။
ဒီနေ့ မသေရင်တောင် ခန္ဓာကိုယ် နာကျင်မှုကိုတော့ ခံရမှာပဲ။
သူ အခု မျှော်လင့်တာက လင်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ဆိုတဲ့ ဂုဏ်ပုဒ်ကပဲ အသုံးဝင်ပါစေတော့။
လင်းယွမ် ရှောင်ပီလီကို ကြည့်ကာ သတ္တိမွေးပြီး အော်ဟစ်လိုက်သည်။
“မင်း... မင်းက ဘယ်သူလဲ”
“ငါက ဘယ်သူလဲဆိုတာ သိလား”
“ငါက စန်းယွမ်ဓားဂိုဏ်း လင်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး စန်းယွမ်ဓားဂိုဏ်းရဲ့ ပထမဆုံးတပည့်ရင်း လင်းချင်းယွမ်က ငါ့ရဲ့ ဝမ်းကွဲအစ်မ ဖြစ်တယ်...”
“ကျင့်ကြံမှုအမှတ် +၁၀၀၀”
“ကျင့်ကြံမှုအမှတ် +၂၀၀၀”
“ကျင့်ကြံမှုအမှတ် +၅၀၀”
တစ်ခဏချင်းမှာပင် လင်းယွမ်နှင့်အတူ ပါလာသူများအားလုံး သွေးအန်ပြီး မြေပြင်သို့ လဲကျသွားကြသည်။
“သန့်ရှင်းလိုက်စမ်း”
“တခြားဧည့်သည်တွေ စားသောက်တာ အနှောင့်အယှက် မဖြစ်စေနဲ့”
ရှောင်ပီလီက ပေါ့ပေါ့ပါးပါး ပြောသည်။
ယဲ့ယွင်ချင်း ခေါင်းညိတ်ပြပြီး နင်ဇယ်နှင့်အတူ အလောင်းများကို တစ်ယောက်နှစ်ခုစီ မ၍ ကျုံးဟွာခန်းမပြင်ပရှိ လှည်းပေါ်သို့ ပစ်တင်လိုက်သည်။
ရှောင်ပီလီ အမိန့်ပေးစရာ မလိုဘဲ။
နင်ဇယ်က လှည်းကို မြို့ပြင်ရှိ အစုလိုက်မြေမြှုပ်ရာနေရာသို့ တွန်းသွားသည်။
ရှောင်ပီလီလည်း ဘာမှမပြောတော့ဘဲ မြင်းကျောပေါ်ရှိ သေတ္တာကြီးနှစ်ခုကို တစ်ဖက်တစ်လုံးစီ ကိုင်ကာ ကျုံးဟွာခန်းမ၏ နောက်ဖေးသို့ ဝင်သွားသည်။
“ပိုင်ရှင်၊ ကျွန်တော် ဝသွားပြီ၊ ပိုက်ဆံထားခဲ့တယ်၊ အမ်းစရာ မလိုဘူး”
“ကျွန်တော်လည်း ဝသွားပြီ၊ ပိုက်ဆံ ထားခဲ့လိုက်တယ်”
“အဘိုးကြီးကျိန်း၊ နောက်တစ်ခါ မင်းဧည့်ခံရင်ပဲ လာတော့မယ်၊ ဒီနေ့ ဗိုက်သိပ်မကောင်းဘူး”
“တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်လည်း ဗိုက်မကောင်းဘူး၊ ပိုင်ရှင်ရေ၊ အခု မှာလိုက်တဲ့ ဟင်းတွေ ကျွန်တော် စားလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ၊ စားစရိတ်ကို စားပွဲပေါ်မှာ ထားခဲ့တယ်...”
ဧည့်သည်တို့မှာ တစ်ယောက်ပြီးတစ်ယောက် ငွေစက္ကူများကို ချထားပြီး ပြေးထွက်သွားကြသည်။
လင်းမိသားစုရဲ့ သခင်လေးလင်းကိုတောင် သတ်ရဲတာ၊ ဒီကျုံးဟွာခန်းမပိုင်ရှင်ရဲ့ နောက်ခံက ဘယ်လောက်တောင် ကြီးမားနေမလဲ။
ဒီတစ်ခါတော့ စန်းယွမ်ဓားဂိုဏ်းက ဒီအတိုင်း လွှတ်ပေးတော့မှာ မဟုတ်ဘူး။
ကျုံးဟွာခန်းမရဲ့ ဟင်းတွေက အရသာရှိပေမဲ့ အခု ဒီမှာနေဖို့က နည်းနည်း အန္တရာယ်များတယ်။
ဧည့်သည်တွေ ရူးသွပ်သလို ပြေးထွက်သွားတာကို ကြည့်ပြီး ယဲ့ယွင်ချင်း ခေါင်းခါလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူရဲကောင်းရှောင်မှာ ငွေမရှားတာကြောင့် သူတို့ ထွက်သွားတာ ကိစ္စမရှိပါဘူး။
...
ရှောင်ပီလီ နောက်ဖေးသို့ ရောက်ပြီး တံခါးဖွင့်လိုက်သည်။
ယွီကျင်းရှို့မှာ ရှောင်ပီလီ၏ အခန်းထဲတွင် ထိုင်နေသည်။
ရှောင်ပီလီ ဝင်လာသည်ကို မြင်လျှင် သူမ ထရပ်ပြီး ပြောသည်။
“ကျွန်မ ရှင့်ကို ပစ္စည်းတစ်ခု ပေးစရာရှိလို့ လာတာ၊ နောက်ပြီး သတင်းတစ်ခု ပြောပြဖို့လည်း ရှိသေးတယ်”
“ဒါပေမဲ့ လင်ဟူပိုင်ဝမ်က ကျွန်မကို ရှင်အခန်းထဲမှာ ပုန်းနေတာ တွေ့သွားပုံပဲ”
ရှောင်ပီလီ ခေါင်းညိတ်သည်။
“ကိစ္စမရှိပါဘူး၊ လင်ဟူပိုင်ဝမ် ဘာမှပြောမှာ မဟုတ်ဘူး”
“ဘာကိစ္စကြောင့် ကိုယ်တိုင် လာရတာလဲ”