အခန်း (၁၅၁-၁၅၂)
Vol. 9 Ch. 151-152
အခန်း(၁၅၁) ရွှေရောင်ဗုဒ္ဓအစွမ်း
ယွီကျင်းရှို့သည် သူမ၏လက်စွပ်မှ အထုပ်တစ်ထုပ်ကိုထုတ်ယူကာ စားပွဲပေါ်သို့တင်လိုက်သည်။ သူမသည် ထိုအထုပ်ကိုဖြန့်လိုက်ရာ အတွင်း၌ လျှို့ဝှက်ကျမ်းနှစ်စောင်ရှိနေသည်။ ယွီကျင်းရှို့သည် ထိုလျှို့ဝှက်ကျမ်းနှစ်စောင်ကို ရှောင်ပီလီထံသို့တွန်းပို့လိုက်ပြီးနောက် ခပ်အေးအေးလေးဆိုသည်။
"ရွှေရောင်ဗုဒ္ဓအစွမ်း နဲ့ ထောင်သောင်းမကသတ်ဖြတ်နိုင်တဲ့ နတ်ဆိုးဓားလျှို့ဝှက်ကျမ်းပါ"
"ရွှေရောင်ဗုဒ္ဓအစွမ်းဆိုတာ လန်ခဲကျောင်းတော်က အပြင်ကိုမထုတ်ပေးတဲ့ လျှို့ဝှက်ကျမ်းဖြစ်တယ်။ နတ်ဆိုးဆရာတော် ပုခုန်းက လန်ခဲကျောင်းတော်ကနေ ခိုးထုတ်လာတာလေ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်မရဲ့ဆရာက လှုပ်ရှားမှုလုပ်ပြီး နတ်ဆိုးဆရာတော် ပုခုန်းကို မဟာချန်မင်းဆက်ဆီကနေ ကယ်ထုတ်ခဲ့တာ။ အဲ့ဒီအချိန်တုန်းက သူကနေတစ်ဆင့် ဒီကျမ်းကိုရခဲ့တာပေါ့"
"နောက်တစ်ခုက ထောင်သောင်းမကသတ်ဖြတ်နိုင်တဲ့ နတ်ဆိုးဓားလျှို့ဝှက်ကျမ်းဆိုတာက နတ်ဆိုးဓားဂိုဏ်းရဲ့ ထူးခြားတဲ့သိုင်းပညာပဲ။ နတ်ဆိုးဓားဂိုဏ်းက ပထမအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် သွေးဝတ်ရုံမျှော်စင်ရဲ့သခင်ဆီကနေ ဒီကျမ်းကိုရခဲ့တာလို့ ဆရာကပြောတယ်။ မင်းကလည်း ဓားကိုပဲကျင့်ကြံနေတာမို့ ဆရာက မင်းဆီကိုယူလာခိုင်းလိုက်တာပါ"
ရှောင်ပီလီသည် ခေါင်းညိတ်လိုက်ပြီးနောက် ကျမ်းနှစ်စောင်ကိုယူကာ စတင်လှန်လှောကြည့်ရှုလေသည်။
"ဒါတွေက တကယ်ပဲ ပထမအဆင့်ရှိတဲ့ နတ်ဘုရားပေးကျင့်စဉ်နှစ်ခုလား"
ရှောင်ပီလီမှာ အနည်းငယ်အံ့အားသင့်သွားသည်။ ရွှေရောင်ဗုဒ္ဓအစွမ်းမှာ ပထမအဆင့် ခန္ဓာကိုယ်ကျင့်ကြံမှုသိုင်းပညာဖြစ်ပြီး ထောင်သောင်းမကသတ်ဖြတ်နိုင်တဲ့ နတ်ဆိုးဓားမှာလည်း ပထမအဆင့် ဓားသိုင်းပညာပင်ဖြစ်သည်။
"မင်းရဲ့ဆရာဆီမှာ အဖိုးတန်ပစ္စည်းတွေ အများကြီးလျှို့ဝှက်သိမ်းထားတာပဲ" ရှောင်ပီလီသည် ခေါင်းခါယမ်းလိုက်ပြီး ပြောသည်။
"သွေးဝတ်ရုံမျှော်စင်မှာတောင် ဒီလိုသိုင်းပညာနှစ်ခုမျိုး မရှိထားဘူး"
"ဒါနဲ့ မင်းပြောတဲ့သတင်းက ဘာလဲ"
ယွီကျင်းရှို့က ဖြေသည်။
"အရှေ့နန်းဆောင်ရဲ့အကြီးအကဲက လန်ခဲကျောင်းတော်ဆီကိုသွားခဲ့တယ်၊ အဲ့ဒီမှာ လန်ခဲကျောင်းတော်က ကျွမ်းကျင်သူတွေက ပြန်လည်တိုက်ခိုက်ကြတယ်။ အမှန်ဆိုရင် လေလွင့်ခရီးသည်နဲ့ နတ်ဆိုးကောင်းကင်ဂိုဏ်းတို့က ဖိုစူပြည်နယ်ကိုသွားရင် နတ်ဆိုးကောင်းကင်ဂိုဏ်းက မဟာချန်မင်းဆက်ရဲ့ကျွမ်းကျင်သူတွေကို ဟန့်တားပေးဖို့ သဘောတူထားကြတာ။ ဒါပေမဲ့ လန်ခဲကျောင်းတော်က ကျွမ်းကျင်သူတွေက နတ်ဆိုးကောင်းကင်ဂိုဏ်းရဲ့ တောင်တံခါးကို ပိတ်ဆို့လိုက်ကြတယ်။ အဲ့ဒီအခြေအနေကိုမြင်တော့ ဖိုစူပြည်နယ်က တခြားနတ်ဆိုးလမ်းစဉ်ဂိုဏ်းတွေလည်း မဝင်ရဲကြတော့ဘူး"
"ဒီတစ်ခေါက်မှာတော့ သွေးဝတ်ရုံမျှော်စင်က အကြီးအကျယ်ဆုံးရှုံးသွားခဲ့ပြီ"
"လေလွင့်ခရီးသည်တောင် အပြင်းအထန်ဒဏ်ရာရသွားပြီး ဘယ်ရောက်နေမှန်းကို မသိရတော့ဘူး"
"အရှေ့နန်းဆောင်ရဲ့အကြီးအကဲက နတ်ဆိုးဆရာတော် ပုခုန်းကို ကိုယ်တိုင်လိုက်လံဖမ်းဆီးခဲ့တာ။ ကျွန်မရဲ့ဆရာသာ မဝင်ရောက်ခဲ့ရင် နတ်ဆိုးဆရာတော် ပုခုန်းက အဖမ်းခံရမှာသေချာတယ်"
ရှောင်ပီလီသည် မျက်မှောင်ကြုတ်လိုက်သည်။
"မင်းရဲ့ဆရာက ဝင်ရောက်ဖြေရှင်းလိုက်တာဆိုတော့ ကျန်းရှန်ဆောင်ရဲ့နေရာက ပေါ်သွားပြီပေါ့"
ယွီကျင်းရှို့သည် ခေါင်းခါလိုက်သည်။
"ဆရာက ကျန်းရှန်ဆောင်ရဲ့ သိုင်းပညာကိုသုံးမသွားဘူး"
ရှောင်ပီလီက မေးသည်။
"သွေးဝတ်ရုံမျှော်စင်ရဲ့ သိုင်းပညာကို သုံးလိုက်တာလား"
ယွီကျင်းရှို့က ဖြေသည်။ "အဲ့ဒါကိုတော့ ကျွန်မမသိဘူး။ ဆရာက နတ်ဆိုးဆရာတော် ပုခုန်းကို ကာကွယ်ပေးနေရတာမို့လို့ ဒီကနေထွက်လို့မရဘူး"
"ဖုန်းစစ်နန်းရဲ့ အခြေအနေက အခုဆိုရင် အလွန်ပဲဆိုးရွားနေပြီ။ သူမနဲ့ ကျောမူအာတို့အဖွဲ့က အရှေ့နန်းဆောင်ရဲ့ လိုက်လံဖမ်းဆီးခြင်းကိုခံနေရပြီး ပင်လယ်နယ်မြေကနေ သင်္ဘောနဲ့ထွက်ခွာသွားကြပြီ။ ဒါပေမဲ့ မဟာချန်မင်းဆက်ကလည်း ကျွမ်းကျင်သူအများအပြားကို စေလွှတ်လိုက်တယ်။ မဟာချန်မင်းဆက်က ပင်လယ်ရပ်ခြားက သိုင်းလောကသားတွေကို တိုက်ခိုက်ခြင်းမရှိပေမဲ့ ပင်လယ်ရပ်ခြားက အင်အားစုအများစုက မဟာချန်မင်းဆက်နဲ့ ပတ်သက်ဆက်နွယ်မှုတွေရှိနေကြတယ်"
"ဆရာက မင်းကို ပင်လယ်ရပ်ခြားကိုသွားပြီး ဖုန်းစစ်နန်းကို လုံခြုံစွာနဲ့ပြန်ခေါ်လာပေးဖို့ တောင်းဆိုခိုင်းလိုက်တယ်"
ကျောမူအာ၏နာမည်ကို ကြားလိုက်ရသော်လည်း ရှောင်ပီလီ၏မျက်နှာအမူအရာမှာ တစ်ချက်မျှပင် မပြောင်းလဲသွားပေ။ ထိုအချိန်တုန်းက ဝူမာဆိုသူမှာ အမြဲတမ်းမျက်နှာဖုံးကို တပ်ဆင်ထားလေ့ရှိပြီး သဲကန္တာရထဲမှာ အကြီးအကျယ်လှုပ်ခတ်မှုတွေဖြစ်ပွားခဲ့ပေမဲ့ သဲကန္တာရဘုရင် ကျောမူအာက ဘာမှပြန်တုံ့ပြန်မှုမလုပ်ခဲ့ပေ။
ထို့အပြင် ဝူမာက သူ့ကိုပြောပြခဲ့ဖူးသည်မှာ သူ့ရဲ့အထောက်အထားက ထူးခြားနေပြီး သူ၏စွမ်းအားကိုအပြည့်အဝထုတ်သုံးလိုက်သည့်အခါ သူကဘယ်သူဆိုတာ သိသွားကြလိမ့်မည်ဟု ပြောခဲ့ရာ ရှောင်ပီလီကို သံသယဝင်စေခဲ့သည်။
ရှောင်ပီလီက ပြောသည်။
"အရေးတကြီးမဟုတ်သေးပါဘူး"
"ပင်လယ်ရပ်ခြားကိုသွားရမယ်ဆိုရင်တောင် စန်းယွမ်ဓားဂိုဏ်းကို အရင်ဆုံးဖြေရှင်းပစ်ရဦးမယ်"
ယွီကျင်းရှို့က တိုးတိုးလေးပြောသည်။
"မင်းက ထျန်းကျီချိုင့်ဝှမ်းကိုတောင် ဖျက်ဆီးပစ်ခဲ့တာပဲ၊ စန်းယွမ်ဓားဂိုဏ်းက မင်းအတွက် အန္တရာယ်ရှိသေးလို့လား"
ရှောင်ပီလီသည် ပြုံးလိုက်ပြီး ပြောသည်။
"ကြည့်ရတာ မင်းတို့ရဲ့ကျန်းရှန်ဆောင်က သတင်းအချက်အလက်ပိုင်းမှာ အားနည်းနေပုံပဲ။ စန်းယွမ်ဓားဂိုဏ်းထဲမှာ လျှပ်စီးဘေးဒဏ်ကို သုံးကြိမ်တိုင်တိုင် ကျော်ဖြတ်နိုင်ခဲ့တဲ့ အခြေအနေမျိုးရှိနေတယ်။ အဲ့ဒီလူသာမရှိရင် ငါယွင်ကျိုးကိုရောက်တဲ့နေ့ကတည်းက စန်းယွမ်ဓားဂိုဏ်းကို ဖျက်ဆီးပစ်လိုက်မှာပေါ့"
"အစကတော့ အချိန်နည်းနည်းစောင့်ချင်သေးပေမဲ့ အခုတော့ ပထမအဆင့် နတ်ဘုရားပေးကျင့်စဉ်နှစ်ခုကိုလည်း ရထားပြီဆိုတော့ စန်းယွမ်ဓားဂိုဏ်းက အဲ့ဒီလျှို့ဝှက်ကျွမ်းကျင်သူကို သွားတွေ့လိုက်တာပေါ့"
"မင်းကလေ..." ယွီကျင်းရှို့သည် ရှောင်ပီလီကို အလျင်စလိုမလုပ်ဖို့ တားဆီးချင်သော်လည်း ရှောင်ပီလီ၏ ခွန်အားစွမ်းပကားတွေကို သတိရသွားပြီးနောက် စကားလုံးတွေကို ပြန်မျိုသိလိုက်သည်။
သူမလည်း ကြည့်ချင်နေမိသည်။
ရှောင်ပီလီတစ်ယောက် ပထမအဆင့်ရှိတဲ့ နတ်ဘုရားကျင့်စဉ်နှစ်ခုကို အခုလေးတင်ရထားတာ၊ တကယ်ပဲ အဲ့ဒီလောက်မြန်မြန်နဲ့ ကျွမ်းကျင်အောင်လေ့ကျင့်နိုင်ပါ့မလား။
အထူးသဖြင့် ရွှေရောင်ဗုဒ္ဓအစွမ်းဆိုတာ မဟာချန်မင်းဆက်မှာ နာမည်ကျော်ကြားတဲ့ သိုင်းပညာတစ်ခုမဟုတ်ပါလား။
ထိုအချိန်တုန်းက နတ်ဆိုးဆရာတော် ပုခုန်းဆိုရင် ပထမအဆင့် ကျွမ်းကျင်သူတွေ ဝိုင်းရံထားတာကိုတောင်မှ ရွှေရောင်ဗုဒ္ဓအစွမ်းကို အဆင့်(၉)အထိ ကျင့်ကြံထားနိုင်တဲ့အတွက် အဆင့်(၁)ကျွမ်းကျင်သူနှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့တာလေ။
ဒဏ္ဍာရီအရ ရွှေရောင်ဗုဒ္ဓအစွမ်းကို အဆင့်(၁၀)အထိ အထွတ်အထိပ်ရောက်အောင် လေ့ကျင့်နိုင်ရင် လျှပ်စီးဘေးဒဏ်ကို သုံးကြိမ်ကျော်ဖြတ်ထားတဲ့ ကျွမ်းကျင်သူတောင်မှ သူ၏ကာကွယ်မှုကို အလွယ်တကူဖျက်ဆီးနိုင်မှာမဟုတ်ဘူး။
"ကောင်းပြီ၊ တခြားကိစ္စမရှိရင် ပြန်သွားတော့"
"ငါ ကျင့်ကြံမှုလုပ်တော့မယ်"
"ဖုန်းစစ်နန်းနဲ့ပတ်သက်တဲ့ သတင်းတစ်ခုခုရှိရင် နောက်တစ်ကြိမ်ထပ်ဆက်သွယ်လိုက်"
ရှောင်ပီလီသည် ယွီကျင်းရှို့ကိုကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
ယွီကျင်းရှို့မှာ စကားမပြောနိုင်ဘဲ ခဏကြာမှဆိုသည်။
"ကျွန်မတို့ ကျန်းရှန်ဆောင်မှာလည်း ပင်လယ်ရပ်ခြားက အသိမိတ်ဆွေတွေရှိတယ်၊ ဒါပေမဲ့ မင်းက ကျန်းရှန်ဆောင်ရဲ့ တံဆိပ်ကိုကိုင်သွားရင်တောင် သူတို့က အသိအမှတ်ပြုချင်မှပြုမှာ။ ကျွန်မ မင်းနဲ့အတူ ပင်လယ်ရပ်ခြားကို လိုက်သွားပေးရမလား"
"မင်းက ရွှေရောင်ဗုဒ္ဓအစွမ်းကို ကျင့်ကြံဖို့လုပ်နေတာ၊ ပင်လယ်ရပ်ခြားကိုမသွားခင် အဲ့ဒီကျင့်စဉ်ကို အထွတ်အထိပ်ရောက်အောင် ကျင့်ဖို့စီစဉ်နေတာလား"
"အဲ့ဒီအချိန်ကျရင် ဖုန်းစစ်နန်းနဲ့ တခြားသူတွေကို ခေါ်ဆောင်ပြီးသွားလောက်ပြီဖြစ်နေမယ်"
ရှောင်ပီလီက ခေါင်းခါလိုက်သည်။
"စိတ်မပူပါနဲ့၊ အချိန်အကြာကြီးမယူပါဘူး"
"ဒီညမှာပဲ စန်းယွမ်ဓားဂိုဏ်းကို ဖျက်ဆီးပစ်လိုက်မယ်၊ ပြီးရင် ငါတို့ထွက်ခွာကြတာပေါ့"
စကားပြောပြီးနောက် ရှောင်ပီလီသည် ရွှေရောင်ဗုဒ္ဓအစွမ်း လျှို့ဝှက်ကျမ်းကိုထုတ်ကာ ထိုင်ချလိုက်သည်။
သူသည် ရွှေရောင်ဗုဒ္ဓအစွမ်းအတိုင်း စတင်ကျင့်ကြံလေသည်။
ဒုန်း။
ဒုန်း။
ချက်ချင်းပင် ရှောင်ပီလီ၏ ရုပ်ခန္ဓာထဲမှ စစ်မှန်သောချီစွမ်းအင်များ လည်ပတ်သွားပြီး မြစ်ကြီးတစ်စင်းစီးဆင်းသကဲ့သို့ အသံမျိုးထွက်ပေါ်လာကာ အဆင့်(၄)ကျွမ်းကျင်သူဖြစ်သည့် ယွီကျင်းရှို့၏ ချီစွမ်းအင်များပင် ပုံမှန်မလည်ပတ်နိုင်တော့အောင် ဖြစ်သွားရသည်။
သူမသည် ရှောင်ပီလီကို လူတစ်ယောက်လိုမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လိုကြည့်လိုက်ပြီးနောက် တံခါးကိုပိတ်ကာ အခန်းထဲကနေ တိတ်တဆိတ်ထွက်သွားသည်။
ထို့နောက်၊
အစားအသောက်များကို သယ်ဆောင်လာသည့် နင်ဝမ်ချင်းနှင့် ယွီကျင်းရှို့တို့ နှစ်ဦးမျက်နှာချင်းဆိုင်တွေ့ဆုံသွားကြသည်။
---
အခန်းအတွင်း၌။
ရှောင်ပီလီသည် ရွှေရောင်ဗုဒ္ဓအစွမ်း၏ ပထမအဆင့်အတိုင်း စတင်လေ့ကျင့်နေသည်။
သူ၏ရုပ်ခန္ဓာထဲမှ စစ်မှန်သောချီစွမ်းအင်မှာ တကယ်ကိုကြောက်စရာကောင်းလှသည်။ သူ၏ရုပ်ခန္ဓာစွမ်းအားသက်သက်ဖြင့်သာဆိုလျှင် ပထမအဆင့်ရှိသော သာမန်ကျွမ်းကျင်သူတစ်ယောက်ကို အလွယ်တကူသတ်ဖြတ်နိုင်သည်။
ရွှေရောင်ဗုဒ္ဓအစွမ်းထဲသို့ ဝင်ရောက်ခြင်းမှာ သူ့အတွက် ဘာအခက်အခဲမှမရှိပေ။ လက်ဖက်ရည်တစ်ခွက်သောက်တဲ့အချိန်အတွင်းမှာတင် သူသည် ရွှေရောင်ဗုဒ္ဓအစွမ်းကို ကျွမ်းကျင်ပိုင်နိုင်သွားသည်။
"ရွှေရောင်ဗုဒ္ဓအစွမ်း (၁/၁၀၀)"
ရှောင်ပီလီသည် မျက်လုံးဖွင့်လိုက်ပြီး ရေရွတ်လိုက်သည်။
"အချိန်သာအများကြီးရမယ်ဆိုရင် ရွှေရောင်ဗုဒ္ဓအစွမ်းရဲ့ ရှေ့ခြောက်ဆင့်ကို အများဆုံး တစ်နှစ်အတွင်းမှာ လေ့ကျင့်နိုင်မှာ၊ ကံမကောင်းစွာနဲ့ပဲ ငါဖုန်းစစ်နန်းကို ကယ်ရဦးမယ်"
"ပြီးတော့ စန်းယွမ်ဓားဂိုဏ်းကိုလည်း အမြန်ဆုံး ဖျက်ဆီးပစ်ရဦးမယ်"
"မဟာချန်မင်းဆက်က ငါ့လက်ချက်ကြောင့် အကြီးအကျယ်ဆုံးရှုံးသွားခဲ့တာမို့လို့ လက်လွှတ်ပေးမှာမဟုတ်ဘူး။ ဖြစ်နိုင်ရင် လျှပ်စီးဘေးဒဏ်ကို လေးငါးကြိမ်ကျော်ဖြတ်ထားတဲ့ အဘိုးကြီးမိစ္ဆာတစ်ယောက်ယောက်က ငါ့ဆီကိုလာရှင်းလင်းလိမ့်မယ်"
"အတွေ့အကြုံမှတ်တွေကို စောစောသုံးပြီး အမြန်တိုးမြှင့်တာကမှ အကောင်းဆုံးပဲ။ ငါအတွေ့အကြုံမှတ်တွေမသုံးရခင်မှာပဲ သေသွားရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါဆိုရင် အရမ်းစိတ်ပျက်ဖို့ကောင်းမှာ"
"အတွေ့အကြုံမှတ် ၁၀၀,၀၀၀ ကိုသုံးပြီး ရွှေရောင်ဗုဒ္ဓအစွမ်းကို တိုးမြှင့်မည်"
ရှောင်ပီလီ၏စကားဆုံးသည်နှင့် ရွှေရောင်ဗုဒ္ဓအစွမ်း လေ့ကျင့်ရန်အတွက် လိုအပ်သည့် အတွေ့အကြုံမှတ်များစွာသည် သူ့စိတ်ထဲသို့ စီးဝင်လာသည်။
ဘုန်း။
ဒုန်း။
ရွှေရောင်ဗုဒ္ဓအလင်းတန်းများသည် ရှောင်ပီလီ၏ကိုယ်ခန္ဓာပေါ်၌ တောက်ပနေပြီး သူ၏ချီစွမ်းအင်များ တိုးပွားလာကာ သူ၏ရုပ်ခန္ဓာကို ရွှေရောင်အလင်းအနည်းငယ်နှင့် အရောင်တင်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ခဏအကြာတွင်၊
"ရွှေရောင်ဗုဒ္ဓအစွမ်း (၁၁/၁၀၀)"
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သုံးလိုက်ရတဲ့အတွေ့အကြုံမှတ်က ချန်ရှန့်ကျင့်စဉ်နဲ့ အတူတူပဲ"
"အဲ့ဒါဆိုရင်တော့... အတွေ့အကြုံမှတ် ၈၉၀,၀၀၀ ကိုသုံးပြီး ရွှေရောင်ဗုဒ္ဓအစွမ်းကို ဆက်တိုးမြှင့်လိုက်မယ်"
ဒုန်း။
ဒုန်း။
ရှောင်ပီလီ၏တံခါးအပြင်ဘက်တွင် ရပ်နေသည့် နင်ဝမ်ချင်းနှင့် ယွီကျင်းရှို့တို့မှာ မျက်လုံးပြူးသွားကာ ခြေထောက်အောက်မှ မြေကြီးတုန်ခါနေသည်ကိုသာ ခံစားလိုက်ရသည်။
ရှောင်ပီလီက သူ၏စွမ်းအင်ကို ထိန်းချုပ်ထားသော်လည်း၊
သူတို့နှစ်ဦးမှာ ရှောင်ပီလီနှင့် တံခါးတစ်ချပ်သာခြားထားသည့်အတွက် အခန်းထဲတွင် တိုးဝင်လာနေသော စွမ်းအားကြီးကို သဘာဝအတိုင်း ခံစားမိလိုက်သည်။
ကျုံးဟွာခန်းမ၏ ဒုတိယထပ်တွင်ရှိနေသည့် လင်ဟူပိုင်ဝမ်တောင်မှ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
ဒီလိုမျိုးလှုပ်ခတ်မှုဆိုတာ၊
သူရဲကောင်းရှောင်တစ်ယောက် အံ့မခန်းနတ်ဘုရားကျင့်စဉ်တစ်ခုကို ကျွမ်းကျင်သွားတာများလား။
မဟုတ်ရင် သူရဲကောင်းရှောင်တစ်ယောက် နောက်ထပ်တစ်ကြိမ် အဆင့်တက်တော့မလို့လား။
အခန်း(၁၅၂) ခရီးနှင်စရာ မလိုတော့ဘူး
ယွီချိန်အချိန်အခါ ဖြစ်သည်။
ကောင်းကင်ယံမှာ အနည်းငယ် မှောင်ရီပျိုးစပြုနေပြီ ဖြစ်သည်။
မြင်းရိုင်းတစ်ကောင်သည် စန်းယွမ်ဓားဂိုဏ်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားသွားနေ၏။
ကျုံးဟွာခန်းမပိုင်ရှင်၏ လက်ချက်ဖြင့် စန်းယွမ်ဓားဂိုဏ်းမှ လင်းမိသားစုဝင်တစ်ဦး သေဆုံးသွားရခြင်းမှာ ကြီးမားသည့် ကိစ္စရပ်တစ်ခု ဖြစ်ပေရာ အရင်ဆုံး သတင်းပေးပို့လိုက်ပါက အကျိုးအမြတ် တစ်စုံတစ်ရာ ရကောင်းရနိုင်ပေလိမ့်မည်။
ထိုမျှမက ကျုံးဟွာခန်းမမျှလောက်သောနေရာက စန်းယွမ်ဓားဂိုဏ်းကို ယှဉ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
စန်းယွမ်ဓားဂိုဏ်းက လင်းမိသားစုအတွက် တာဝန်ယူပေးလိုစိတ် မရှိမှသာလျှင် ဖြစ်နိုင်မည်။
သို့သော်လည်း ယင်းက သူ့အတွက် ဆိုးကျိုးတော့ ရှိမည်မဟုတ်ပေ။
စန်းကျန်းမြစ်၏ ရေစီးသံများက နားထဲတွင် တဝုန်းဝုန်း မြည်ဟီးနေပြီး စန်းယွမ်ဓားဂိုဏ်း၏ တောင်ဂိတ်ပေါက်ကို မြင်လိုက်ရသောအခါ ယွင်ကျိုးမှ ကျန်းဟူ ခရီးသည်မှာ သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။
နောက်ဆုံးတော့လည်း ရောက်ရှိလာခဲ့ပြီ။
သူ မြင်းပေါ်က မဆင်းရသေးခင်မှာပင် စန်းယွမ်ဓားဂိုဏ်းမှ တပည့်နှစ်ဦးက သူ၏လမ်းကို ပိတ်ဆို့လိုက်ပြီး အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်သည်။
"ဘာကိစ္စနဲ့ လာတာလဲ"
"ဒီနေရာက စန်းယွမ်ဓားဂိုဏ်းမှန်း မသိဘူးလား၊ မြင်းစီးပြီး အတင်းဝင်လာရဲတယ်ပေါ့"
ယွင်ကျိုးမှ သိုင်းလောက ခရီးသည်မှာ မြင်းပေါ်က အမြန်ဆင်းလိုက်ပြီး ပြောလိုက်သည်။
"သခင်လေးနှစ်ယောက်ခင်ဗျာ၊ ဂိုဏ်းအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခု သတင်းပို့စရာ ရှိလို့ပါ"
"ကျုံးဟွာခန်းမပိုင်ရှင်က တစ်နာရီလောက်ကတင် လင်းယွမ်ကို သတ်လိုက်ပါပြီ"
ထိုနှစ်ယောက်မှာ တုပ်တုပ်မျှ မလှုပ်ရှားသည်ကို မြင်သောအခါ ယွင်ကျိုးမှ ကျန်းဟူ ခရီးသည်က အမြန်ပင် ဖြည့်စွက် ပြောဆိုလိုက်သည်။
"လင်းယွမ်ဆိုတာ တပည့်ရင်း လင်းချင်းယွမ်ရဲ့ ဝမ်းကွဲ မောင်လေး ဖြစ်သလို စန်းယွမ်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်လည်း ဖြစ်ပါတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ နှစ်ဦးသား၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုတို့ ပေါ်ပေါက်လာကြသည်။
ယွင်ကျိုးမှာ လင်းမိသားစုဝင်တစ်ဦးကို သတ်ရဲသည့်သူ ရှိနေသေးတယ်ပေါ့။
ဂိုဏ်းချုပ်က ထိုပထမဆုံး တပည့်ရင်းကို ဘယ်လောက်ထိ တန်ဖိုးထားမှန်း မသိသူ မရှိပေ။
"မင်း ငါနဲ့ လိုက်ခဲ့"
"အစ်မတော် လင်းဆီကို ခေါ်သွားပေးမယ်"
စန်းယွမ်ဓားဂိုဏ်းမှ တပည့်တစ်ဦးက ပြောလိုက်သည်။
"မလိုဘူး"
မလှမ်းမကမ်းမှ တုန်းယွမ်၏ အသံ ထွက်ပေါ်လာသည်။ တုန်းယွမ်မှာ စန်းယွမ်ဓားဂိုဏ်းမှ အဆင့်(၅) အတွင်းဂိုဏ်း တပည့်နှစ်ဦးကို ခေါ်ဆောင်လျက် တောင်ဂိတ်ပေါက်မှ ဆင်းလာခဲ့သည်။
မူလက သူသည် ဂိုဏ်းအတွင်းမှာပင် နေထိုင်ပြီး အပြင်ကို မထွက်ခဲ့သော်လည်း ယနေ့တွင် မိုင်တစ်ရာအကွာ၌ ကျုံးဟွာခန်းမဖွင့်လှစ်ထားကြောင်းနှင့် လူအများ စိတ်ဝင်စားနေသည့် နာမည်ကြီး ဟင်းလျာများ ရှိနေကြောင်း ကြားသိရသဖြင့် မြည်းစမ်းကြည့်ရန်အတွက် တပည့်နှစ်ဦးကို ခေါ်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။
ဂိုဏ်းအပြင်ကို မထွက်ရသေးခင်မှာပင် ကျုံးဟွာခန်းမပိုင်ရှင်က သူတို့ဂိုဏ်းမှ တပည့်တစ်ဦးကို သတ်ဖြတ်သွားကြောင်း ကြားရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူတို့ စန်းယွမ်ဓားဂိုဏ်းမှာ ရှောင်ပီလီ၏ တိုက်ခိုက်မှုကို စိုးရိမ်နေရသော်လည်း အလွယ်တကူ အနိုင်ကျင့်ခံရမည့် သာမန် ကျန်းဟူဂိုဏ်းမျိုး မဟုတ်ပေ။
ထိုအချိန်တွင် တပည့်ဖြစ်သူ တုန်းဖန့်ယန်မှာ ရှောင်ပီလီ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသဖြင့် သူသည် ဒေါသအမျက်တို့ဖြင့် ပြည့်နှက်နေသည်။
ကျုံးဟွာခန်းမ၏ နောက်ကွယ်မှာ ဘယ်လိုမျိုး အင်အားစု ရှိနေလဲဆိုတာ သူ သိချင်လှသည်။
"ကျုံးဟွာခန်းမမှာ ဘာတွေ ဖြစ်နေတာလဲ"
တုန်းယွမ်၏ နောက်က လိုက်ပါလာသည့် အဆင့်(၅) ကျွမ်းကျင်သူက အေးစက်စက် မေးလိုက်သည်။
ယွင်ကျိုးမှ သိုင်းလောက ခရီးသည်မှာ အမြန်ပြန်ဖြေသည်။
"ကျွန်တော်လည်း မသေချာဘူးခင်ဗျာ"
"ကျုံးဟွာခန်းမပိုင်ရှင်ရဲ့ သိုင်းပညာက အရမ်းမြင့်မားပြီး အဆင့်(၅) ကျွမ်းကျင်သူတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာပဲ သိပါတယ်"
"ခုနက... ခုနကပဲ ကျုံးဟွာခန်းမပိုင်ရှင်က တစ်ချက်တည်းနဲ့ လင်းသခင်လေးနဲ့ ပါလာတဲ့ အဆင့်(၅) ကျွမ်းကျင်သူကို သတ်ပစ်လိုက်တယ်၊ ကျုံးဟွာခန်းမထဲမှာ အဆင့်(၄) သိုင်းဆရာကြီးလည်း ရှိနေပုံရတယ်ခင်ဗျာ"
"ကျန်တာတော့ မသိတော့ဘူး"
တုန်းယွမ်မှာ မျက်မှောင်ကြုတ်လိုက်သည်။
"ရှောင်ပီလီကြောင့် ငါတို့ စန်းယွမ်ဓားဂိုဏ်းရဲ့ အခြေခံတွေ ယွင်ကျိုးမှာ ယိုင်နဲ့နေတာကို သိသွားကြပြီး ငပိန်းတွေကပါ ခေါင်းထောင်လာကြတယ်ပေါ့"
"သွားကြမယ်"
"ငါကိုယ်တိုင် သွားမယ်"
...
တုန်းယွမ်မှာ မြင်းရိုင်းတစ်ကောင်ကို စီးနင်းကာ စန်းယွမ်ဓားဂိုဏ်းမှ တပည့်တစ်ဒါဇင်ကျော်နှင့်အတူ ကျုံးဟွာခန်းမရှိရာသို့ အရှိန်အဟုန်ဖြင့် စီးနင်းသွားကြသည်။
သို့သော် သူတို့ မိုင်အနည်းငယ်မျှသာ ခရီးပေါက်သေးချိန်တွင် ဝါးဦးထုပ်ဆောင်းကာ မြင်းစီးလာသည့် ပုံရိပ်တစ်ခုကို လမ်းမကြီးပေါ်တွင် တွေ့လိုက်ရသည်။
ထိုသူမှာ ကျောတွင် အပြာရောင်ဓားကို လွယ်ထားပြီး သူတို့ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည်။
"ဖယ်စမ်း"
တုန်းယွမ်၏ နောက်တွင် လိုက်ပါလာသည့် စန်းယွမ်ဓားဂိုဏ်း တပည့်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဂိုဏ်းချုပ်ကြီးက ဒေါသထွက်နေချိန်တွင် လမ်းလယ်ခေါင်၌ မြင်းစီးပိတ်ဆို့နေသည့် ဤသူမှာ သေလမ်းရှာနေခြင်း ဖြစ်သည်။
ထိုသူက လမ်းဖယ်ပေးမည့် အရိပ်အယောင် မရှိသည့်အပြင် လမ်းလယ်ခေါင်တွင်ပင် ရပ်တန့်လိုက်သည်။
ချွင်။
စန်းယွမ်ဓားဂိုဏ်းမှ အဆင့်(၅) ကျွမ်းကျင်သူ၏ ကျောတွင် လွယ်ထားသည့် ဓားရှည်မှာ ဓားအိမ်မှ ထွက်ပေါ်လာသည်။
ဓားရောင်ခြည်မှာ လေကိုခွင်းကာ ထွက်ပေါ်လာ၏။
ချွင်။
လက်ချောင်းတစ်ချောင်းက ဓားရောင်ခြည်ကို ခတ်လိုက်ရာ ဓားရောင်ခြည်မှာ ကွဲအက်သွားပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။
စန်းယွမ်ဓားဂိုဏ်းမှ အုပ်စုလိုက်မှာ မြင်းများကို ဆွဲတန့်လိုက်ကြပြီး မီတာတစ်ရာအကွာတွင် ရှိနေသည့် ပုံရိပ်ကို အလေးအနက် ကြည့်ရှုလိုက်ကြသည်။
ထိုသူမှာ ဝါးဦးထုပ်ကို ဆောင်းထားသဖြင့် မျက်နှာတစ်ဝက်ကိုသာ မြင်ရပြီး မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းရ ခက်ခဲနေသည်။
"မင်းက ဘယ်သူလဲ"
တုန်းယွမ်မှာ ထိုသူကို ကြည့်ကာ မျက်လုံးများတွင် အလေးအနက်ထားသည့် အမူအရာ ပေါ်ပေါက်လာသည်။
အဆင့်(၅) သိုင်းပညာရှင်တစ်ဦး၏ ဓားရောင်ခြည်ကို ဖျက်ဆီးနိုင်ခြင်းမှာ သိုင်းဆရာကြီးတိုင်း၊ သို့မဟုတ် နဂါးနှင့်ကျားစာရင်းတွင် ပါဝင်သူများပင် လုပ်နိုင်သော်လည်း ထိုသူ့ထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါက သူကိုယ်တိုင်ပင် အန္တရာယ်ရှိကြောင်း ခံစားလိုက်ရသည်။
သို့သော် ဤနေရာသည် စန်းယွမ်ဓားဂိုဏ်းနှင့် မိုင်အနည်းငယ်သာ ဝေးကွာသဖြင့် တိုက်ပွဲ ဖြစ်ပွားပါက ဂိုဏ်းချုပ်နှင့် နန်းတော်မှ ကျွမ်းကျင်သူများ ချက်ချင်း ရောက်လာမည်ဖြစ်ရာ သူ စိတ်အေးသွားသည်။
"မင်းတို့ ကျုံးဟွာခန်းမကို ဒုက္ခပေးမလို့လား" ဝါးဦးထုပ်အောက်မှ အေးစက်စက် အသံထွက်ပေါ်လာသည်။
တုန်းယွမ်မှာ မျက်မှောင်ကြုတ်လိုက်သည်။
"ဖြစ်ရင်ရော ဘာဖြစ်မလဲ"
ရှောင်ပီလီက ခေါင်းမော့လိုက်ပြီး ခါယမ်းလိုက်သည်။
"ဖြစ်ရင်တော့ ငါ ကောင်းမှုကုသိုလ် ရအောင် မင်းတို့အားလုံးကို သတ်ပစ်လိုက်မယ်"
"မင်းတို့က ကျုံးဟွာခန်းမပိုင်ရှင်ရဲ့ ပြိုင်ဘက်လည်း မဟုတ်သလို မင်းတို့အားလုံး သေရမှာပဲ၊ ဒီနေရာမှာတင် သတ်လိုက်ရင် ဝေးဝေးကြီး ပြေးစရာ မလိုတော့ဘူးပေါ့"
ရွှေရောင်ဗုဒ္ဓကျင့်စဉ်ကို အထွတ်အထိပ်ထိ ကျင့်ကြံပြီးချိန်တွင်၊
ရုပ်ခန္ဓာ၏ စွမ်းအားမှာ များစွာ တိုးတက်လာခဲ့ပြီး အရေးအကြီးဆုံးမှာ ကြောက်ခမန်းလိလိ ကာကွယ်ရေး စွမ်းအားပင် ဖြစ်သည်။
ရွှေရောင်ဗုဒ္ဓကျင့်စဉ် လျှို့ဝှက်ကျမ်းထဲတွင် ဖော်ပြချက်အရ ရွှေရောင်ဗုဒ္ဓကျင့်စဉ်ကို အထွတ်အထိပ်ထိ ကျင့်ကြံနိုင်ပါက လျှပ်စီးဘေးဒဏ် သုံးကြိမ်ခံထားရသည့် ကျွမ်းကျင်သူများပင်လျှင် ရုပ်ခန္ဓာ၏ ကာကွယ်မှုကို ဖောက်ထွင်းရန် ခက်ခဲလိမ့်မည်ဟု ဆိုသည်။
ထို့ကြောင့်၊
စန်းယွမ်ဓားဂိုဏ်းအတွင်းမှ အန္တရာယ်ရှိသည့် အရှိန်အဝါက သူ ထင်ထားသည်ထက် ပိုများနေသော်လည်း တိုက်ခိုက်ရန် အင်အား မရှိသည်တော့ မဟုတ်ပေ။
သူ အခု ဒုတိယအကြိမ် လျှပ်စီးဘေးဒဏ်ကို ခံနိုင်ပြီ ဖြစ်သော်လည်း၊
ယွင်ကျိုးတွင် လျှပ်စီးဘေးဒဏ် ခံယူခြင်းမှာ အနည်းငယ် ရာဇဝင်ဆန်နေလိမ့်မည်။
စန်းယွမ်ဓားဂိုဏ်းကို အရင် ဖျက်ဆီးလိုက်ပြီး ပင်လယ်ပြင်ကို သွားမှသာလျှင် လျှပ်စီးဘေးဒဏ် ခံယူခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
"ရှောင်... ရှောင်ပီလီလား"
"ရှောင်ပီလီပဲ"
စန်းယွမ်ဓားဂိုဏ်းမှ တပည့်တစ်ဦးမှာ မှောင်ရီပျိုးစ ကောင်းကင်ယံအောက်တွင် ရှောင်ပီလီ၏ အသွင်အပြင်ကို မှတ်မိသွားသည်။ သူ၏ မျက်နှာမှာ ဖြူရော်သွားပြီး ခန္ဓာကိုယ်မှာ ထိန်းမရအောင် တုန်ယင်နေကာ မြင်းပေါ်က ပြုတ်မကျစေရန် စလွန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
"ရှောင်..."
"ရှောင်ပီလီ ဖြစ်ရမယ်"
"သေစမ်း..."
ရှောင်ပီလီ၏ ရုပ်ပုံကိုသာ မြင်ဖူးကြသော်လည်း လူချင်းတိုးမိသည်မှာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။
ပုံတူရုပ်ပုံနှင့် အနည်းငယ် ကွာခြားမှု ရှိသလို မှောင်မိုက်နေသည့် ကောင်းကင်ကြောင့် သေချာကြည့်ရန် ခက်ခဲနေသည်။
သို့သော် အခု တစ်ယောက်က ပြောလိုက်ချိန်တွင် အားလုံးမှာ ရှောင်ပီလီ ဖြစ်ကြောင်း သိလိုက်ကြသည်။
တုန်းယွမ်ပင် တည်ငြိမ်မှု မရှိတော့ပေ။
"မင်းက ရှောင်ပီလီလား"
"ကျုံးဟွာခန်းမက မင်းနဲ့ ပတ်သက်နေတာလား"
ရှောင်ပီလီက ခေါင်းခါလိုက်သည်။
"ပတ်သက်သည်ဖြစ်စေ၊ မပတ်သက်သည်ဖြစ်စေ မရဏမင်းဆီကိုသာ သွားမေးပေတော့"
မည်သည့် သတိပေးချက်မျှ မပါဘဲ၊
မြင်းပေါ်တွင် ရှိနေသည့် တုန်းယွမ်နှင့် နောက်မှ လိုက်ပါလာသည့် စန်းယွမ်ဓားဂိုဏ်း တပည့်များမှာ ချက်ချင်းဆိုသလို အပိုင်းပိုင်း ဖြစ်သွားကြပြီး သွေးများက မြင်းကျောပြင်ပေါ်သို့ ပန်းထွက်ကာ နီရဲသွားစေသည်။
【ကျင့်ကြံမှုအမှတ် + ၃၂၀၀၀】
【ကျင့်ကြံမှုအမှတ် + ၄၀၀၀】
【ကျင့်ကြံမှုအမှတ် + ၄၀၀၀】
မှောင်မိုက်နေသော ညဉ့်ယံတွင် ပုံရိပ်သုံးခုမှာ လျှပ်စီးကဲ့သို့ ဖြတ်သန်းသွားသည်။
ဇန်းနန် တပ်မတော်ချုပ် တပ်မှူး တုန်ဟန်၊ ယွင်စန်းဟိုင်နှင့် သိမ်မွေ့သည့် ပုံရိပ်တစ်ခုမှာ ရှောင်ပီလီ၏ မီတာတစ်ရာအကွာတွင် အလွန်မြန်ဆန်သည့် အရှိန်ဖြင့် ဆင်းသက်လာကြသည်။
"ရှောင်ပီလီ၊ မင်း ဘာလို့အ့လောက်ထိမောက်မာရဲတာလဲ"
လမ်းမကြီးပေါ်တွင် ပြန့်ကျဲနေသည့် အလောင်းများကို မြင်လိုက်ရသောအခါ ယွင်စန်းဟိုင်မှာ ဒေါသထွက်လွန်း၍ အော်ဟစ်လိုက်သည်။
ဤသူတို့မှာ စန်းယွမ်ဓားဂိုဏ်း၏ အခြေခံများဖြစ်ပြီး အနာဂတ်တွင် အဆင့်(၄) သိုင်းဆရာကြီးနယ်ပယ်သို့ တက်လှမ်းနိုင်သူများ ဖြစ်ကြသော်လည်း အခုတော့ အလောင်းများ ဖြစ်သွားကြပြီ။
ထိုမျှမက သူသည် တုန်းဦးလေးငယ်ကို သိပ်ပြီး သဘောမကျသော်လည်း တုန်းဦးလေးငယ်မှာ သူကြီးပြင်းလာသည်ကို မြင်ခဲ့သူဖြစ်ပြီး သူ့ကို မကြာခဏ ပံ့ပိုးပေးခဲ့သူ ဖြစ်သည်။ အခုတော့ အလောင်းတောင် ကျန်မနေတော့ပေ။