အခန်း (၁၆၇-၁၆၈)
Vol. 9 Ch. 167-168
အခန်း(၁၆၇)၊ ကျွမ်းကျင်သူတို့၏ စုစည်းရာ။
ဖုန်းစစ်နန်း ခေါင်းညိတ်လိုက်သည်။ "အဲ့ဒီလိုဆိုရင်တော့ ရှင့်ကိုစောင့်ရင်း ဒီမှာပဲနေခဲ့တော့မယ်" သူ ရှောင်ပီလီ၏ စကားကို မယုံကြည်ခြင်းမရှိပေ။ နောက်ဆုံးတွင် မဟာချန်အင်ပါယာမှ အဆင့်(၁) ကျွမ်းကျင်သူ သုံးယောက်ပင် ရှောင်ပီလီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည် မဟုတ်ပါလား။ လျှပ်စီးဘေးဒဏ်ကို ကျော်ဖြတ်လာခဲ့သည့် သူများပင် ပါဝင်သေးသည်။
ထို့ပြင် ရှောင်ပီလီ၏ တိုးတက်နှုန်းမှာလည်း... ယခုဆိုလျှင် လျှပ်စီးဘေးဒဏ် သုံးကြိမ် ကျော်ဖြတ်ပြီးသော ကျွမ်းကျင်သူများကိုပင် ရင်ဆိုင်နိုင်လောက်ပေမည်။
နဂါးခေါင်းတောင်ပေါ်တွင် ဖုန်းစစ်နန်းနှင့် အနည်းငယ် စကားပြောဆိုပြီးနောက် ရှောင်ပီလီ ထွက်ခွာသွားခဲ့သည်။
အိပ်မက်ပန်းအိမ်တော်မှ နဂါးခေါင်းတောင်သို့ သူ၏ ခြေရာကို ဖုံးကွယ်ရန် မကြိုးစားပါက ခဏလေးအတွင်း ရောက်ရှိနိုင်ပေသည်။
ဖုန်းစစ်နန်းသာ ဥဒေါင်းမြီးယပ်ကို အသုံးပြုလိုက်သည်နှင့် သူချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။
နောက်ရက်အနည်းငယ်အတွင်းမှာပင်။
ရှန်းလုံကျွန်း ဆိပ်ကမ်းရှိ သင်္ဘောများမှာ သိသာစွာ တိုးပွားလာခဲ့သည်။
စားသောက်ဆိုင်၏ တတိယထပ်တွင် ထိုင်လျက် အနီးအနားရှိ ဆိပ်ကမ်းကို ကြည့်ကာ ယွဲ့ဟွာ သက်ပြင်းချလိုက်သည်။ "ဒီနေ့ကတော့ ငါ့ရဲ့ နောက်ဆုံး လွတ်လပ်ခွင့်ရက်ပဲ"
"မနက်ဖြန်ကျရင် ငါ့ အဖေရောက်လာလိမ့်မယ်"
"ဟွန့်" နင်လင်လင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ဤရက်အနည်းငယ်အတွင်း ယွဲ့ဟွာနှင့် အိပ်မက်ပန်းအိမ်တော်မှ ပြည့်တန်ဆာမတို့မှာ အကြည့်ချင်း ဖလှယ်နေခဲ့ကြသည်။ သီချင်းနားထောင်ရုံမျှသာ ဖြစ်သော်လည်း ၎င်းက သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ယွဲ့ဟွာမှာ နင်လင်လင်၏ မနှစ်မြို့မှုကို သတိမထားမိပေ။ သူက ရှောင်ပီလီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "အစ်ကိုရှောင်၊ ဒီနှစ်ရက်အတွင်းမှာပဲ အစ်ကိုတို့ အလယ်ပိုင်းလွင်ပြင်က လူတွေ အများကြီး ရောက်လာကြတယ်နော်"
"ကျွန်းသခင် ထန်ထျန်းစီက အစ်ကိုတို့ အလယ်ပိုင်းလွင်ပြင်မှာ ဒီလောက်တောင် ဂုဏ်သတင်းကြီးလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"
"သူ့ရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ လူတွေ ဒီလောက်တောင် စုပြုံရောက်လာကြတာကိုး"
တတိယထပ်တွင် ထိုင်နေသော အရှေ့ပင်လယ်မှ သိုင်းလောကသား အချို့မှာ ယွဲ့ဟွာ၏ စကားကို ကြားသောအခါ မထီမဲ့မြင် ပြုံးရယ်လိုက်ကြသည်။
"အလယ်ပိုင်းလွင်ပြင်က ကျယ်ဝန်းပေမယ့် အဆင့်(၁) ကျွမ်းကျင်သူတွေကို လက်ဆယ်ချောင်းနဲ့ ရေတွက်လို့ မရနိုင်ဘူးလား"
"သူတို့က ကျွန်တော်တို့ အရှေ့ပင်လယ် သိုင်းလောကသားတွေထက် ပိုတော်မယ်လို့ မထင်လိုက်နဲ့"
"အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးသာ စုပေါင်းလိုက်ရင် အလယ်ပိုင်းလွင်ပြင် သိုင်းလောကကို တစ်စည်းတစ်လုံးတည်း ဖြစ်အောင် လုပ်ဖို့ မပြောနဲ့၊ အလယ်ပိုင်းလွင်ပြင်ကို ကျူးကျော်ဝင်ရောက်လာရင် အလယ်ပိုင်းလွင်ပြင် သိုင်းလောကတစ်ခုလုံး တုန်လှုပ်သွားလိမ့်မယ်"
ဤစကားကို ပြောလိုက်သည်နှင့်
ပင်လယ်ရပ်ခြားမှ သိုင်းလောကသား အများစု၏ သဘောတူညီချက်ကို ရရှိသွားသည်။
"မှန်တယ်"
"အလယ်ပိုင်းလွင်ပြင် သိုင်းလောကမှာ ထူးခြားတဲ့အရာ ဘာမှမရှိဘူးလို့ ထင်တာပဲ။ အဝေးကြီးကနေ ကျွန်းသခင် ထန်ထျန်းစီရဲ့ မွေးနေ့ကို ဆုမွန်ကောင်းတောင်းဖို့ လူလွှတ်နေရသေးတယ်"
"မှန်တယ်၊ အဲ့ဒီ အလယ်ပိုင်းလွင်ပြင်သားတွေက မြေဩဇာကောင်းတဲ့ အလယ်ပိုင်းလွင်ပြင်ကို သိမ်းပိုက်ထားပေမယ့် တိုးတက်အောင် မလုပ်ကြဘူး။ အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးသာ အလံထူပြီး စုစည်းလိုက်ရင် အလယ်ပိုင်းလွင်ပြင်ကို ကျူးကျော်ဖို့ ကျွန်တော်တို့ လိုက်ပါလာမှာ အသေအချာပဲ"
စားသောက်ခန်းထဲရှိ လေထုမှာ တက်ကြွလာခဲ့သည်။
သို့သော်လည်း ၎င်းတို့အထဲမှ အများစုမှာ အရှေ့ပင်လယ်မှ သေးငယ်သော အဖွဲ့အစည်းများမှသာ ဖြစ်သည်။ တကယ့်ကို အသိပညာ ကြွယ်ဝသော ကျွမ်းကျင်သူများသာလျှင် မထီမဲ့မြင် ပြုံးရယ်ကြလိမ့်မည်။
ဟားဟား။
ရယ်သံနှစ်ခု ထွက်ပေါ်လာသည်။ ရှောင်ပီလီ ယခင်က သင်္ဘောပေါ်တွင် တွေ့ဆုံခဲ့ဖူးသည့် အဘိုးကြီးချန်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ခင်ဗျားတို့က အလယ်ပိုင်းလွင်ပြင် သိုင်းလောကကို အထင်သေးလွန်းနေပြီ"
"ကျန်တာတွေကို ဘေးဖယ်ထားလိုက်၊ 'နတ်ဆိုးဓား' ရှောင်ပီလီ တစ်ယောက်တည်းကိုပဲ ကြည့်၊ သူ အလယ်ပိုင်းလွင်ပြင် မန်ပြည်နယ်မှာ ရှိတုန်းက သူ့ရဲ့ဓားတစ်ချက်နဲ့ အဆင့်(၁) ကျွမ်းကျင်သူ သုံးယောက်ကို တစ်ပိုင်းစီ ခုတ်ပိုင်းခဲ့တာ"
"သူ့နာမည်က ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့တယ်"
"အဲ့ဒီလို ပါရမီရှင်မျိုးသာ ကျွန်တော်တို့ အရှေ့ပင်လယ်မှာ ရှိရင် သူတော်စင်ခြောက်ပါးနဲ့ အနည်းဆုံး ယှဉ်ပြိုင်နိုင်လောက်တယ်"
"အလယ်ပိုင်းလွင်ပြင်မှာ 'နတ်ဆိုးဓား' ရှောင်ပီလီ တစ်ယောက်တည်း ရှိတာ မဟုတ်ဘူး၊ တခြား ကျွမ်းကျင်သူတွေလည်း အများကြီးပဲ။ ဗုဒ္ဓဘာသာနဲ့ တာအိုဂိုဏ်းတွေမှာ ရှေးဟောင်းအမွေအနှစ်တွေ ရှိပြီး ကျွမ်းကျင်သူတွေကလည်း အများကြီးပဲ"
ယွဲ့ဟွာမှာ စိတ်အားထက်သန်နေသည့် အဘိုးကြီးချန်ကို ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။
"ဒီအဘိုးကြီးချန်က အလယ်ပိုင်းလွင်ပြင်ကို တစ်ခါသွားပြီးကတည်းက ဆိပ်ကမ်းမှာ ရှောင်ပီလီအကြောင်းကိုပဲ ပလွှားနေတော့တာပဲ၊ ရှောင်ပီလီက သူ့ကို သိနေတဲ့အတိုင်းပဲ"
"ဒါပေမဲ့... အစ်ကိုရှောင်၊ အဲ့ဒီ ရှောင်ပီလီက တကယ်ပဲ အဲ့လောက်တောင် သန်မာတာလား"
"သူတော်စင်ခြောက်ပါးနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ"
စကားဆုံးသော် ယွဲ့ဟွာ၏ အသံမှာ အလွန်တိုးသွားပြီး စားပွဲတူတူ ထိုင်နေသူ နှစ်ယောက်သာ ကြားနိုင်တော့သည်။
ရှောင်ပီလီ အနည်းငယ် ပြုံးလိုက်သည်။
"ကျွန်တော်က အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးရဲ့ သိုင်းပညာအကြောင်းကို သိပ်မသိဘူး၊ ဒါပေမဲ့ ရှောင်ပီလီအကြောင်း ကြားဖူးသလောက်ဆိုရင်တော့... သူက အလွန်ကို ရက်စက်ပြင်းထန်တယ်"
ယွဲ့ဟွာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒဏ္ဍာရီတွေက အမှန်ဆိုရင်တော့ ရှောင်ပီလီက တကယ်ပဲ ရက်စက်ပြင်းထန်တာပေါ့"
"ကျွန်တော် ထင်တာကတော့ အရှေ့ပင်လယ်မှ အကြီးအကဲ ရူးသွပ်ဓားသမားကလွဲရင် သူတော်စင်ခြောက်ပါးက သူ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး..."
စကားဆုံးသော် ယွဲ့ဟွာ ချက်ချင်း ပါးစပ်ကို ပိတ်လိုက်သည်။ နောက်ဆုံးတွင် အရှေ့ပင်လယ်၌ သူတော်စင်ခြောက်ပါးမှာ နတ်ဘုရားများကဲ့သို့ပင် ဖြစ်သည်။
သူတော်စင်ခြောက်ပါးကို မလေးမစား ပြောဆိုသည်ကို ကြားသွားပါက သူ့မိသားစုပါ ထိခိုက်လာနိုင်ပေသည်။
"အဘိုးကြီးချန်၊ ကြားပြီးပြီလား၊ မနေ့ကပဲ နဂါးခေါင်းတောင်က သတင်းတစ်ခု ရောက်လာတယ်၊ မကြာသေးခင်ကပဲ ရှောင်နူကျွန်းမှာ လူတွေ အများကြီး သေဆုံးခဲ့တယ်တဲ့"
"သူတို့ထဲမှာ အဆင့်(၂) ကျွမ်းကျင်သူတွေလည်း ပါဝင်တယ်"
အဘိုးကြီးချန်ဘေးတွင် ထိုင်နေသည့် အဆင့်(၅) ကျွမ်းကျင်သူတစ်ယောက်က သူ့မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြောသည်။
"အဲ့ဒီအချိန်တုန်းက ကျွန်းပေါ်မှာ အလယ်ပိုင်းလွင်ပြင်မှ ကျွမ်းကျင်သူတွေ အများကြီး ရှိနေတယ်လို့ ကြားတယ်"
"မဟာချန်အင်ပါယာက လူတွေတင်မကဘူး၊ ဧရာမဝေလငါးကျွန်းက အဆင့်(၃) မဟာဆရာသခင်ကြီး တစ်ယောက်လည်း ရှောင်နူကျွန်းမှာ သေဆုံးခဲ့ရပြီး အလောင်းတောင် ရှာမတွေ့ဘူးတဲ့"
ဟူး။
အဘိုးကြီးချန် အံ့အားသင့်သွားသည်။
သူ့မိတ်ဆွေ၏ စကားကို သူ မယုံကြည်ခြင်းမရှိပေ၊ အကြောင်းမှာ ဤမိတ်ဆွေသည် ရှန်းလုံကျွန်းတွင် သတင်းအချက်အလက် ပိုမိုရရှိပြီး နဂါးခေါင်းတောင်မှ အကြီးအကဲ တစ်ယောက်ကို အထောက်အပံ့အဖြစ် ရထားသောကြောင့် ဖြစ်သည်။ သူ့ပါးစပ်မှ ထွက်လာသော သတင်းမှာ အမှန်ဖြစ်ဖို့ များသည်။
ကျန်သူများလည်း တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လာကြသည်။
"အဆင့်(၂) ကောင်းကင်-လူသားတောင် သေဆုံးသွားတာလား"
"သေဆုံးသွားတဲ့ ဧရာမဝေလငါးကျွန်းက အဆင့်(၃) မဟာဆရာသခင်ကြီးက ဘယ်သူလဲ"
"ဧရာမဝေလငါးကျွန်းက လူတစ်ယောက် ရှန်းလုံကျွန်းကို ရောက်လာတာ မဟုတ်ဘူးလား"
ရှောင်ပီလီမှာ စားသောက်ဆိုင်ထဲရှိ လူများ၏ အံ့အားသင့်သံများကို ဂရုမစိုက်ပေ။ သူ ဆိပ်ကမ်းဘက်သို့သာ ကြည့်နေသည်။
ဤအချိန်တွင်၊
သင်္ဘောကြီးတစ်စင်း ဆိပ်ကမ်းသို့ ဝင်ရောက်လာသည်။
အသက်သုံးဆယ်ခန့်ရှိ၊ အနက်ရောင် ဝတ်ဆုံနှင့် လူတစ်ယောက်၊ ဓားကဲ့သို့သော မျက်ခုံး၊ တည့်မတ်သော ကိုယ်ဟန်နှင့် နောက်ကျောတွင် ဓားရှည်တစ်ချောင်း လွယ်ထားသူတစ်ယောက် သင်္ဘောကြမ်းပြင်ပေါ်တွင် ရပ်နေသည်။
ရှောင်ပီလီ၏ အကြည့်မှာ သူ၏ အပေါ်သို့ ကျရောက်သွားသော်လည်း၊
အနက်ရောင် ဝတ်ဆုံနှင့် လူမှာ အနည်းငယ် မျက်မှောင်ကြုတ်ကာ စားသောက်ဆိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ လျှပ်စီးကဲ့သို့ပင် ဖြစ်သည်။
သို့သော် သူ ဘာကိုမှ မခန့်မှန်းနိုင်ခဲ့ပေ။
"ငါ အထင်လွန်နေတာလား" အနက်ရောင် ဝတ်ဆုံနှင့် လူ ရေရွတ်လိုက်သည်။
သူသည် လျှပ်စီးဘေးဒဏ် နှစ်ကြိမ်သာ ကျော်ဖြတ်ထားသော်လည်း သူ၏ သိုင်းပညာနှင့် ယခင်ဘဝမှ အမွေအနှစ်တို့ကြောင့် လျှပ်စီးဘေးဒဏ် သုံးကြိမ် ကျော်ဖြတ်ထားသော ကျွမ်းကျင်သူများပင် သူ့ကို မတွေ့ရှိနိုင်ပေ။ သူက သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သည်။
ဆိပ်ကမ်းသို့ ဝင်ဝင်ချင်းမှာပဲ ဘယ်လိုလုပ်ပြီး အတွေ့ခံရမှာလဲ။
အရှေ့ပင်လယ် ရူးသွပ်ဓားသမား ပိုင်ထျန်းရွှမ်း ဖြစ်နိုင်မလား။
ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။
ဘိုးဘေးက သူရှိနေသရွေ့ ပိုင်ထျန်းရွှမ်းမှာ ရွှမ်ဝူကျွန်းကို မခွာနိုင်ဘူးဟု ပြောခဲ့ဖူးသည်။
စားသောက်ဆိုင်ထဲတွင်။
ရှောင်ပီလီလည်း ခေါင်းခါယမ်းကာ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
လျှပ်စီးဘေးဒဏ် နှစ်ကြိမ် ကျော်ဖြတ်ထားသော ကျွမ်းကျင်သူတို့၏ အာရုံမှာ အံ့အားသင့်စရာပင်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ အတွေ့ခံရမလို ဖြစ်သွားခဲ့သည်။
သို့သော်လည်း ဤလူ၏ သိုင်းပညာမှာ ရိုးရှင်းသည် မဟုတ်ပေ၊ အထူးသဖြင့် သူ၏ ဓားတာအို။ သူ့ကိုယ်ပိုင် ဓားစိတ်ဆန္ဒနှင့် ယှဉ်လျှင် သိပ်မကွာခြားလောက်ပေ။
ထို့ပြင် ဤလူမှာ နဂါးနတ်ဆိုး ရွှေကိုယ်ခန္ဓာ ကျင့်စဉ်၏ တစ်စိတ်တစ်ပိုင်းကို ကျင့်ကြံထားသည့် အရိပ်အယောင်များ ရှိနေသည်။
'သိုင်းနတ်ဘုရား ကျိုးယွမ်'
ရှောင်ပီလီ၏ စိတ်ထဲတွင် နာမည်တစ်ခု ပေါ်လာသည်။
သူ ဤနာမည်ကို လင်းရှို့ထံမှ မကြာသေးခင်ကပင် ကြားထားခဲ့သည်။ သူလည်း နဂါးနတ်ဘုရားအတွက် ရောက်လာပုံရသည်။
"နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ" ရှောင်ပီလီ ခေါင်းခါယမ်းကာ အတွေးထဲတွင် တွေးလိုက်သည်။
"ကျိုးယွမ်နဲ့ ရှန်းလုံကျွန်းသခင်တို့ရဲ့ တိုက်ပွဲက ရှန်းလုံကျွန်းသခင်ကို စိုးရိမ်စိတ် ပေးလိုက်တာမျိုးပဲ ဖြစ်လိမ့်မယ်"
"ရည်ရွယ်ချက်က နဂါးနတ်ဘုရားကို ရှန်းလုံကျွန်းနားမှာ ပေါ်လာအောင် လုပ်ဖို့ပဲ၊ အဲ့လိုဆိုရင် သတ်ဖို့ ပိုလွယ်သွားမှာလေ"
"ဒါပေမဲ့ ဒါက တကယ်တော့ ငါ့အတွက် အကူအညီ ဖြစ်သွားတာပဲ"
"မဟုတ်ရင် ရှန်းလုံကျွန်းသခင်က ခက်ခဲတဲ့အရာကို မပေးဘဲ နဂါးနတ်ဘုရားရဲ့ တည်နေရာကို မပြောပြဘူးဆိုရင် ကျယ်ပြောတဲ့ ပင်လယ်ပြင်မှာ နဂါးနတ်ဘုရားရဲ့ ခြေရာကို ငါ တကယ် ရှာတွေ့မှာ မဟုတ်ဘူး"
"အမ်"
ရုတ်တရက် ရှောင်ပီလီမှာ "အမ်" ဟု အသံတိုးတိုး ထွက်လာသည်။
ကျိုးယွမ် ဆိပ်ကမ်းသို့ ဝင်ရောက်ချိန်မှာပဲ နောက်ထပ် သင်္ဘောတစ်စင်း ဆိပ်ကမ်းသို့ ဝင်ရောက်လာပြန်သည်။
တာအိုဝတ်ရုံနှင့် အဘိုးကြီးတစ်ယောက် သင်္ဘောပေါ်မှ ဆင်းလာပြီး သူ့နောက်တွင် အနက်ရောင် ဝတ်ရုံဖြင့် လုံးဝ ဖုံးကွယ်ထားသော ပုံရိပ်တစ်ခု ပါလာသည်။
အလောင်းပုပ်နံ့။
ရှောင်ပီလီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
အလောင်းသန့်စင်ရေးဂိုဏ်းမှ လူများဆီမှ နံ့နှင့် ဆင်တူသော်လည်း တာအိုအဘိုးကြီးကိုယ်တိုင်မှာမူ ထိုအနံ့ မရှိပေ။ တာအိုအဘိုးကြီးနောက်မှ လိုက်ပါလာသော အနက်ရောင် ဝတ်ရုံနှင့် ပုံရိပ်မှာသာ ထိုအနံ့ ရှိနေသည်။
အလောင်းမောင်းနှင်ရေးဂိုဏ်းလား။
ဒီအရှေ့ပင်လယ်မှာ ဘာတွေ ဖြစ်ပျက်နေတာလဲ။
အရင်က ဟွမ်းရှီးဂိုဏ်း၊ အခု အလောင်းမောင်းနှင်ရေးဂိုဏ်းက လူတွေပါ ရောက်လာပြီ။
မကြာခင်မှာပဲ နတ်ဆိုးလမ်းစဉ် အတားအဆီးရှစ်ခုလုံး စုစည်းလာတော့မှာ ဖြစ်သည်။
အခန်း(၁၆၈) မွေးနေ့ပွဲ
ယခုအချိန်တွင် ရှောင်နူကျွန်း၌ ဖြစ်၏။
ကွမ်ရွှမ်ယွင်နှင့် ကောင်းကင်ဂိုဏ်းမှ အကြီးအကဲသခင်ကြီး ဖန်စွေ့ယွင်တို့သည် ရှောင်နူကျွန်း ဆိပ်ကမ်းသို့ ရောက်ရှိလာကြသည်။
ကွမ်ရွှမ်ယွင်က “ဒီနေရာပဲ” ဟု ဆိုသည်။
“သတင်းအချက်အလက်တွေအရ ပင်လယ်နယ်မြေကနေ သင်္ဘောကြီးနှစ်စင်းပဲ ပြန်ထွက်လာခဲ့တာ။ ရှောင်နူကျွန်းပေါ်မှာ တောင်ကြီးကိုခွဲသည့် ဝိညာဉ်လက်ဝါးချက် ပေါ်လာချိန်တုန်းက ဆားဂိုဏ်းရဲ့သင်္ဘောက မုန်တိုင်းရှောင်ဖို့ ဒီဆိပ်ကမ်းမှာပဲ ဆိုက်ကပ်ထားခဲ့တာလေ။”
“တိုက်ခိုက်ခဲ့တဲ့သူက ရှောင်ပီလီ ဟုတ်မဟုတ်ပဲ မသိရသေးဘူး”
သူတို့နှစ်ယောက် သင်္ဘောပေါ်မှ ဆင်းလာကြသည်။
ဧရာမဝေလငါးကျွန်းမှ တပည့်အချို့က သူတို့နှစ်ယောက်ကို မြင်လျှင် နှုတ်ဆက်ရန် ချဉ်းကပ်လာကြသည်။
“ဘယ်သူတွေလဲ”
“ခုချိန် ရှောင်နူကျွန်းကို ချဉ်းကပ်လို့မရဘူးဆိုတာ မသိကြဘူးလား”
သူတို့စကား မဆုံးခင်မှာပင် ခေါင်းများပေါက်ကွဲသွားပြီး ခေါင်းမပါတော့သည့် ရုပ်အလောင်းများ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
ကွမ်ရွှမ်ယွင်သည် ဖန်စွေ့ယွင်၏နောက်မှ လျှောက်လာရင်း ခေါင်းခါလိုက်သည်။
ကောင်းကင်ဂိုဏ်းသည် ခံစားချက်မဲ့ တာအိုလမ်းစဉ်ကို ကျင့်ကြံကြပြီး ဖန်စွေ့ယွင်သည် ကောင်းကင်ဂိုဏ်းဝင်အများစုထက်ပင် ပိုမိုရက်စက်သည်။ လမ်းတစ်လျှောက်တွင်ပင် ဖန်စွေ့ယွင်၏လက်ချက်ဖြင့် လူပေါင်းသုံးဆယ်ကျော် သေဆုံးပြီးဖြစ်သည်။
ဤလူများက ရှေ့ထွက်ကာ တားဆီးရဲသည်မှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာ ဖြစ်သည်။
အဝေးရှိ ဧရာမဝေလငါးကျွန်းမှ တပည့်များသည် ဆူညံသံကို ကြားလျှင် ထိတ်လန့်သွားကြသည်။
“ဘယ်သူတွေလဲ”
“ငါတို့က ဧရာမဝေလငါးကျွန်းက”
“သေချင်နေတာပဲ”
ဒေါသတကြီး အော်သံအချို့နှင့်အတူ နောက်ထပ် ဘာအသံမှ ထွက်မလာတော့ပေ။
ဆိပ်ကမ်းပေါ်တွင် အလောင်းတစ်ဒါဇင်ကျော် တန်းစီလျက် ရှိနေသည်။
သူတို့နှစ်ယောက်သည် ရှောင်ပီလီ တိုက်ခိုက်ခဲ့သည့်နေရာသို့ ရောက်လာကြသည်။ မြေပြင်ပေါ်ရှိ သွေးစွန်းရာများကို ကြည့်ရင်း ကွမ်ရွှမ်ယွင်က ဆိုသည်။
“မြေပြင်ပေါ်က သွေးကွက်တွေကို ကြည့်ရရင်”
“တိုက်ခိုက်တဲ့သူက လက်ဝါးသိုင်းပညာကို သုံးထားတာ ဖြစ်ရမယ်”
“လက်ဝါးတစ်ချက်တည်းနဲ့ အရိုးတောင် မကျန်တော့ဘူး”
“ရှောင်ပီလီရဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး”
ဖန်စွေ့ယွင်က တိုးညှင်းစွာ ပြောသည်။ “အဲ့ဒီအချိန်တုန်းက ရှောင်နူကျွန်းမှာ အလောင်းသန့်စင်ရေးဂိုဏ်းက အဆင့်(၂) ကျွမ်းကျင်သူတစ်ယောက်ပဲ သေခဲ့တာ။ ရှောင်ပီလီက သူ့အစွမ်းရဲ့ တစ်ပုံတစ်ပုံကိုပဲ သုံးရင်တောင် လက်ဝါးတစ်ချက်နဲ့ သတ်နိုင်တာပဲလေ”
“ဒီအမှတ်အသားတွေကို ကြည့်ပြီး ဘာကို မြင်ရသေးလဲ”
“သွားကြစို့”
“အချိန်ဖြုန်းမနေနဲ့”
“ရှောင်ပီလီ တကယ်ပဲ ပင်လယ်ထဲထွက်သွားရင် သွေးဝတ်ရုံခန်းမဆောင်က လူတွေအတွက်ပဲ ဖြစ်ရမယ်။ လေလွင့်ခရီးသည်ရဲ့ သမီးက မဟာချန်မင်းဆက် လက်ထဲရောက်နေပြီဆိုတော့ ဖုန်းစစ်နန်းကို ရှာရင် ရှောင်ပီလီကို တွေ့နိုင်မှာပဲ”
“ရှောင်ပီလီကို သတ်ပြီး မြန်မြန်ပြန်ကြမယ်”
“အချိန်ဖြုန်းမနေနဲ့”
လေးရက်ကြာပြီးနောက်။
နဂါးခေါင်းတောင်သည် စည်ကားလျက်ရှိသည်။
တောင်ဂိတ်ရှေ့တွင် ရှည်လျားသော တန်းစီပွဲ ဖြစ်နေသည်။ လူများစွာသည် နဂါးခေါင်းတောင်သို့ ဝင်ရောက်ကာ အသိမိတ်ဆွေဖွဲ့ရန်အတွက် မွေးနေ့လက်ဆောင်များကို သယ်ဆောင်လာကြသည်။
ရှောင်ပီလီသည် သူတို့ထဲတွင် ပါဝင်မည်မဟုတ်ပေ။
အခြားသူများက နဂါးခေါင်းတောင်တွင် ပြဿနာရှာရန် မရဲကြသော်လည်း သူကမူ မတူညီပေ။
သူသာ နဂါးခေါင်းတောင်ထဲသို့ ခိုးဝင်လိုလျှင် မည်သူမျှ သိရှိနိုင်မည်မဟုတ်ဘဲ သိရှိသွားလျှင်လည်း ပြဿနာမရှိပေ။
ယခုအချိန်တွင်၊
နဂါးခေါင်းတောင်၏ ဧည့်ခံခန်းမကို လူသုံးရာဝင်ဆံ့သည့် ခြံဝင်းကျယ်ကြီးတွင် ပြင်ဆင်ထားသည်။ စားပွဲပေါင်းသုံးဆယ်ခန့်ရှိပြီး သုံးပုံနှစ်ပုံမှာ ပြည့်နေပြီဖြစ်သည်။
ဤဧရိယာအပြင်ဘက်တွင်လည်း စားသောက်ရာနေရာများ ရှိသေးသော်လည်း အနည်းငယ်နာမည်ကြီးသူများကိုမူ ဤနေရာတွင်သာ စီစဉ်ပေးထားသည်။
ခြံဝင်းသည် အရှေ့ပင်လယ်ရှိ ကြီးမားသေးငယ်သော အင်အားစုများမှ လူများနှင့် ပြည့်နှက်နေသည်။ လူငယ်မျိုးဆက်များသည် ပတ်ဝန်းကျင်ကို ကြည့်ရှုနေကြပြီး ဤဧည့်ခံခန်းမထဲရှိ မည်သူမဆို နာမည်ကျော်သူများချည်း ဖြစ်သည်။
ရှိနေသည့် လေလွင့်ကျင့်ကြံသူများထဲတွင် အဆင့်(၅) အထက်ရှိသူများသာ ထိုင်ခုံရကြသည်။
နောက်မှရောက်လာသူများမှာ အဆင့်(၅) ဖြစ်လင့်ကစား ဝင်ရောက်ခွင့်မရကြပေ။
ရှန်းလုံကျွန်းသည် ကြွယ်ဝသော မိသားစုကြီးဖြစ်ပြီး ကျွန်းသခင်ထန်၏ အနှစ်(၄၀၀) ပြည့်မွေးနေ့ဖြစ်သောကြောင့် ဧည့်ခံပွဲကို ကောင်းမွန်စွာ စီစဉ်နိုင်သည်။
ခြံဝင်း၏ အလယ်ဗဟိုတွင် အကျယ်အဝန်း ပေဆယ်ဂဏန်းရှိသော ဖန်တီးထားသည့် ရေကန်တစ်ခု ရှိသည်။ ရေကန်အလယ်တွင် စတုရန်းမီတာ နှစ်ဆယ်ရှိသော ဆောင်ငယ်တစ်ခု ရှိသည်။
ဆောင်ငယ်ထဲတွင် ဧည့်ခံစားပွဲကို ခင်းကျင်းထားသည်။
သို့သော် ယခုအချိန်တွင် ဆောင်ငယ်ထဲ၌ မည်သူမျှ မရှိပေ။ အဆင့်(၃) မဟာဆရာသခင်ကြီးတစ်ယောက်ပင် ဆောင်ငယ်ထဲ၌ စားသောက်ရန် အရည်အချင်းမပြည့်မီပေ။
ရှောင်ပီလီနှင့် ကျောမူအာတို့သည် ဧည့်ခံခန်းမ၏ ထောင့်တစ်နေရာတွင် ထိုင်နေကြသည်။ အသွင်ပြောင်းထားသော ကျောမူအာသည် ပတ်ဝန်းကျင်မှ လူများကို ကြည့်ကာ သက်ပြင်းချသည်။
“ဒီတစ်ခေါက်တော့ အရှေ့ပင်လယ်က ကျွမ်းကျင်သူတွေရဲ့ တစ်ဝက်လောက် ရောက်လာပုံပဲ”
အဆင့်(၁) နှင့် အဆင့်(၂) ကျွမ်းကျင်သူများက စောစောစီးစီး မပေါ်လာသေးသော်လည်း ဧည့်ခံခန်းမထဲတွင် အဆင့်(၄) သိုင်းဆရာကြီး ငါးယောက် ရှိနေနှင့်ပြီဖြစ်သည်။
“ကျွန်းသခင်ထန်ရဲ့ မွေးနေ့လေ၊ ဘယ်သူကများ ဂုဏ်ပြုဖို့ မလာရဲဘဲ ရှိမလဲ”
ရှောင်ပီလီတို့နှင့် စားပွဲတူထိုင်နေသည့် အလယ်အလတ်အရွယ် လူတစ်ယောက်က ကျောမူအာကို ကြည့်ကာ ကျယ်လောင်စွာ ပြောသည်။
“အစ်ကိုရှောင်၊ ခင်ဗျားလည်း ရောက်နေတာပဲလား”
ယွဲ့ဟွာ၏ အသံကို ကြားလိုက်ရသည်။
ယွဲ့ဟွာနှင့် နင်လင်လင်တို့သည် အလယ်အလတ်အရွယ် လူနှစ်ယောက်နောက်မှ လိုက်လာကြသည်။
ယွဲ့မိသားစုနှင့် နင်မိသားစုတို့ ရှန်းလုံကျွန်းသို့ ရောက်လာချိန်ကတည်းက ယွဲ့ဟွာနှင့် နင်လင်လင်ကို ပြန်ခေါ်သွားကြသည်။
ယွဲ့ဟွာတစ်ယောက် အရိုက်ခံလိုက်ရသည်ဟု ကြားရသည်။
ရှောင်ပီလီကို မြင်လျှင် ယွဲ့ဟွာသည် အမြန်လျှောက်လာကာ ရှောင်ပီလီဘေးရှိ လွတ်နေသည့်နေရာတွင် ထိုင်လိုက်သည်။
နင်လင်လင်လည်း ထိုမြင်ကွင်းကိုတွေ့သော် ယွဲ့ဟွာဘေးတွင် ထိုင်လိုက်သည်။
ယွဲ့ဟွာနှင့် ဆင်တူသည့် အလယ်အလတ်အရွယ် လူက ရှောင်ပီလီကို ခေါင်းငြိမ့်ပြကာ နှုတ်ဆက်သည်။
ထို့နောက် သူတို့သည် ရှန်းလုံကျွန်းမှ တပည့်များ၏ လမ်းပြမှုဖြင့် ရေကန်နှင့် ပိုနီးသည့်နေရာသို့ သွားကြသည်။
ထိုနေရာတွင် ထိုင်နေသူများမှာ အဆင့်(၃) နှင့် အဆင့်(၄) ကျွမ်းကျင်သူများသာဖြစ်သည်။ ယွဲ့ဟွာနှင့် နင်လင်လင်၏ သိုင်းပညာဖြင့် ထိုနေရာတွင် ထိုင်ရန် အရည်အချင်း မမီသေးပေ။
ယွဲ့ဟွာသည် ရှောင်ပီလီဘေးတွင် ထိုင်နေသည်။ ဖခင်ဖြစ်သူ ထွက်သွားသည်ကို မြင်လျှင် တိုးတိုးလေး ပြောသည်။
“အစ်ကိုရှောင်၊ ကျွန်တော် ဒီရက်ပိုင်းအတွင်း ဘယ်လိုဘဝမျိုးနဲ့ နေနေရတယ်ဆိုတာ မသိဘူး”
“ အဖေက အရင်ဆုံး ကျွန်တော့်ကို ရိုက်တယ်၊ ပြီးတော့ ဦးလေးနင်က အဖေ့ရှေ့မှာ စကားအချို့ပြောလိုက်လို့ နောက်တစ်ခါ ထပ်အရိုက်ခံရပြန်တယ်”
“ပြီးတော့လည်း ဖျော်ဖြေရေးနေရာတွေကို ထပ်သွားရဲရင် ခြေထောက်ကို ချိုးပစ်မယ်တဲ့”
“ကျွန်တော့်သူငယ်ချင်းကလည်း အဖေတစ်ယောက်တည်း ပြည့်တန်ဆာအိမ်ကို သွားတာ တွေ့တယ်တဲ့၊ ကျွန်တော် အမေကိုတောင် မပြောရသေးဘူး။ သူက ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ရတာလဲ”
အစ်ကိုရှောင်တစ်ယောက် ဒီနေရာမှာ ပေါ်လာတာ ပြဿနာရှိတယ်လို့ သူ မထင်ပေ။ ဘာပဲပြောပြော သူတို့ အတူနေခဲ့တဲ့ရက်ပိုင်းအတွင်း အစ်ကိုရှောင်ရဲ့ ငွေကြေးနဲ့ ဗဟုသုတက သူ့ထက် အများကြီး သာလွန်တာမို့ အလယ်ပိုင်းလွင်ပြင်က အင်အားစုကြီးတစ်ခုခုက လာတာပဲ ဖြစ်ရမယ်။
အဆင့်(၂) ကောင်းကင်-လူသားကျွမ်းကျင်သူ ဦးဆောင်တဲ့ ဂိုဏ်းကနေ လာတာလည်း ဖြစ်နိုင်တယ်။
အစ်ကိုရှောင်သာ အရမ်းငယ်မနေရင် သူ့ အဖေတို့နဲ့ စားပွဲတူထိုင်ဖို့ အရည်အချင်း ပြည့်မီမှာ သေချာတယ်။
ရှောင်ပီလီသည် ယွဲ့ဟွာကို တစ်ချက်ကြည့်ကာ အနည်းငယ် ပြုံးသည်။
“မင်း အမေကို မပြောတာ အကောင်းဆုံးပဲ။ မင်းအဖေရဲ့ဘဝသာ နောက်ပိုင်းခက်ခဲသွားရင် မင်းဘဝက ပိုပြီး ခက်ခဲသွားလိမ့်မယ်”
ယွဲ့ဟွာ လည်ပင်းကို ရှုံ့လိုက်သည်။ စဉ်းစားကြည့်တော့လည်း ရှောင်ပီလီပြောတာ မှန်သည်ဟု ယူဆသည်။
သူတို့အနည်းငယ် စကားစမြည် ပြောနေကြသည်။
ခဏအကြာတွင်၊
ခြံဝင်းအပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။
ထို့နောက် လူအချို့သည် ခြံဝင်းအပြင်ဘက်မှ လျှောက်ဝင်လာကြသည်။
ရှေ့ဆုံးမှ လျှောက်လာသူမှာ ရှန်းလုံကျွန်းမှ ကျွန်းသခင် ထန်ထျန်းစီ ဖြစ်သည်။ ထန်ထျန်းစီနောက်မှ အရှေ့ပင်လယ် သူတော်စင်ခြောက်ပါးထဲမှ တစ်ပါးဖြစ်သည့် ‘ကောင်းကင်ဖုံးလွှမ်း လက်ချောင်းတစ်ချောင်း’ တုရွှမ် ဖြစ်သည်။
သူတို့နောက်တွင်လည်း အခြားသူများစွာ ရှိပြီး သူတို့အားလုံးမှာ အရှေ့ပင်လယ်တွင် ကျော်ကြားသော အဆင့်(၂) ကျွမ်းကျင်သူများ ဖြစ်ကြသည်။
‘ဝိညာဉ်ဖြတ် လှံရှည်’ စီမာချန်၊ ‘မနိုင်သော လက်သီးနှင့် လက်ဝါး’ ဟော်ဝေ့၊ ‘ခေါင်းကိုးလုံး ငါးမန်း’ ဖုန်းတဟိုင်၊ ‘လျှပ်တစ်ပြက် ငန်းဖြူဓား’ စုန့်ယွင်ပိုင်၊ အပြင် အရှေ့ဘက်စခန်းမှ ဒုတိယတပ်မှူး ‘သွေးလက်’ ဖေးထောင်၊ ရှောင်ပီလီ ဆိပ်ကမ်းတွင် မြင်ခဲ့ရသည့် အလောင်းမောင်းနှင်ရေးဂိုဏ်းမှ လူတစ်ယောက်တို့ ဖြစ်သည်။
သူတို့သည် ရေကန်အလယ်ရှိ ဆောင်ငယ်ဆီသို့ ရယ်မောစကားပြောကာ လျှောက်သွားကြသည်။
သူတို့ဖြတ်သွားသည့်နေရာတိုင်း၊
ခြံဝင်း၏ နှစ်ဖက်စလုံးမှ လူများသည် ထရပ်လိုက်ကြပြီး လေးစားသည့်အမူအရာများကို ပြသကြသည်။
အရှေ့ပင်လယ် သူတော်စင်ခြောက်ပါး၏ ဂုဏ်သတင်းသည် အရှေ့ပင်လယ်ကို တုန်လှုပ်စေသည်။ မဟာချန်မင်းဆက်၏ နာမည်ပင် အရှေ့ပင်လယ်တွင် သူတော်စင်ခြောက်ပါးလောက် မထိရောက်ပေ။
ယွဲ့ဟွာလည်း ထရပ်လိုက်သည်။ ရှောင်ပီလီက ထရန်အစီအစဉ်မရှိသည်ကို မြင်လျှင် အင်္ကျီလက်ကို တိုးတိုးလေး ဆွဲလိုက်သည်။
အစ်ကိုရှောင်က အလယ်ပိုင်းလွင်ပြင်က ဖြစ်ပေမယ့် ကျွန်းသခင်ထန်က သူ့ကို ဂရုစိုက်ချင်မှ စိုက်မှာ။
ဒါပေမဲ့ တစ်ယောက်ယောက်က သတိထားမိပြီး ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ။
ရှောင်ပီလီက လှုပ်ရှားမှုမရှိပေ။
ထန်ထျန်းစီတို့အဖွဲ့ ရေကန်အလယ်ရှိ ဆောင်ငယ်သို့ ရောက်မှသာ ခေါင်းကိုလှည့်၍ ခြံဝင်းငယ်၏ ဝင်ပေါက်ဆီသို့ ကြည့်လိုက်သည်။
ယခုအချိန်တွင်၊
လူတိုင်း၏ အာရုံစိုက်မှုသည် ထန်ထျန်းစီတို့အဖွဲ့ပေါ်တွင် ရှိနေပြီး ခြံဝင်းငယ်၏ ဝင်ပေါက်တွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ရောက်နေသည်ကို မည်သူမျှ မသတိထားမိပေ။
သိုင်းနတ်ဘုရား ကျိုးယွမ်။