← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄) အဖွဲ့လိုက် ကျူးလွန်ခြင်း၊ အသားတစ်တုံး

'တကယ်ပဲ... လူသားစားတာများလား...'

ပွင့်ပွင့်လင်းလင်း ပြောရလျှင် နစ်နာသူများ၏ ကိုယ်တွင်းအင်္ဂါများ ပျောက်ဆုံးနေခြင်းကို သိရှိလိုက်ရသည့် အချိန်မှစ၍ စနစ်၏ အမည်ပေးချက် သဲလွန်စပါ ပေါင်းစပ်လိုက်သောအခါ လူသားစားခြင်း ဟူသော စကားလုံးက ရွှီရှန်း၏ ခေါင်းထဲမှ လုံးဝ ဖယ်ရှား၍ မရနိုင်တော့အောင် နေရာယူသွားခဲ့သည်။

သို့သော် ထိုအချက်ကို အဘယ်ကြောင့် ထုတ်မပြောခဲ့သနည်းဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်သည်။

မည်သို့ ပြောရမည်ကို ရွှီရှန်း မသိခဲ့ပေ။ အဘယ်ကြောင့် လူသားစားရသည်ဆိုသည့် အချက်နှင့် လူသားစားပြီး မည်သည့်အရာကို လုပ်ဆောင်ရန် ရည်ရွယ်သည်ဆိုသည်ကိုလည်း အဖြေမရှိချေ။ ထို့အပြင် အဘယ်ကြောင့် ဤမျှလောက် များပြားလှသော လူများကို စားရသည် ဆိုသည်နှင့် လူသားစားခြင်းကို မည်သို့သော အရာများနှင့် ဆက်စပ်တွေးတောမိသည် ဆိုသည့် မေးခွန်းများထဲမှ မည်သည့်မေးခွန်းကိုမျှ ရွှီရှန်း ဖြေဆိုနိုင်စွမ်း မရှိခဲ့ပေ။

ထို့အပြင် ကျိန်ဆဲချင်စရာကောင်းသော စနစ်မှာလည်း ကျောင်းမနေဖူးသူ တစ်ယောက်ကဲ့သို့ တာဝန်များကို မိတ်ဆက်ပေးသည့် စာသားများမှာ သာမန်လူများ နားလည်နိုင်စွမ်းရှိသော အရာများ မဟုတ်ချေ။

ရွှီရှန်းက စိတ်ရှုပ်ထွေးမှုများကို ဖယ်ရှားလိုက်သည်။

ရွှီရှန်းက ရုတ်တရက် ခေါင်းမော့ကာ လီရှန်းကို ကြည့်လိုက်ပြီးနောက် ခေတ္တမျှ စဉ်းစားကာ ဘေးရှိ ယာယီလက်ထောက်ထံမှ အသစ်ရှာဖွေထားသော ဓာတ်ပုံအချို့ကို လှမ်းယူလိုက်သည်။

ဓာတ်ပုံများကို ကင်မရာဖြင့် ရိုက်ကူးထားခြင်း ဖြစ်သည်။ ထိုကင်မရာ အမှတ်တံဆိပ်ကို လူများက လူပုံရိုက်ကူး၍ မကောင်းဟု ပြောဆိုကြသော်လည်း အမှန်တကယ်တော့ သူတို့ အသုံးမပြုတတ်၍သာ ဖြစ်သည်။ လူသေသွားချိန်တွင်မူ ထိုကင်မရာက အလွန် ရှင်းလင်းပြတ်သားစွာ ရိုက်ကူးပေးနိုင်စွမ်း ရှိပေသည်။

ဓာတ်ပုံထဲရှိ မြင်ကွင်းများမှာ ရွှီရှန်းက ဝမ်းဗိုက်ကို ခွဲထုတ်လိုက်ပြီးနောက် ဟာလာဟင်းလင်း ဖြစ်နေသော အတွင်းပိုင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။

"ဒီလှီးဖြတ်ထားတဲ့ ဒဏ်ရာတွေကို ကြည့်လိုက်ပါ..."

ရွှီရှန်းက ဓာတ်ပုံပေါ်ရှိ ဓားဖြင့် လှီးဖြတ်ထားသော နေရာများကို လက်ညှိုးထိုးပြလိုက်သည်။

"ဒဏ်ရာတွေက ဘာဖြစ်နေလို့လဲ..."

လီရှန်းက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

ဓာတ်ပုံရိုက်ကူးထားသော နေရာမှာ နစ်နာသူ၏ အသည်းရှိသင့်သော နေရာဖြစ်သော်လည်း အသည်းမှာ ပျောက်ဆုံးနေပြီး ထိုနေရာတွင် သွေးထွက်နေသော အပေါက်ကြီးတစ်ခုသာ အစားထိုး နေရာယူထားသည်။ အသည်းပတ်လည်ရှိ အသားစများမှာလည်း ဖက်ထုပ်ထဲမှ အစာသွတ်များကဲ့သို့ ကြေမွနေသည်။

"လှီးဖြတ်ထားတဲ့ ပုံစံတွေက... မတူညီကြဘူး..."

ထိုသို့ပြောရင်း ရွှီရှန်းက ကျောက်ကပ်နေရာရှိ လှီးဖြတ်ထားသော ဒဏ်ရာများကို လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာရှိ လက်ရာမှာ အသည်းနေရာထက် အများကြီး ပိုမိုပေါ့ပါးနေပြီး ဒဏ်ရာ အရွယ်အစားကို ကြည့်လျှင် နှလုံးကို ခွဲထုတ်ရာတွင် အသုံးပြုခဲ့သော ဓားထက် သိသာစွာ ကြီးမားနေသည်။

ထို့နောက် အဆုတ်နေရာကို ကြည့်လိုက်လျှင်လည်း ကျောက်ကပ်၊ အသည်းနေရာတို့နှင့် တူညီမှု မရှိသည်ကို တွေ့ရသည်။ အတိုချုပ်ပြောရလျှင် ခန္ဓာကိုယ်တစ်ခုတည်းအပေါ်တွင် သက်ရောက်မှု မတူညီသော အားများနှင့် ပုံစံမတူညီသော ဓားဒဏ်ရာ များကို တွေ့ရှိရခြင်း ဖြစ်သည်။

ထိုအချက်က မည်သည့်အရာကို ကိုယ်စားပြုနေသည်ဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်လာသည်။

လီရှန်းမှာ မှင်သက်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။

"မင်း ဆိုလိုချင်တာက..."

"တရားခံက တစ်ယောက်တည်း မဟုတ်ဘဲ... အဖွဲ့လိုက် ကျူးလွန်ခဲ့တယ်လို့... သံသယဖြစ်နေတာလား..."

တစ်ယောက်တည်း ကျူးလွန်သော အမှုနှင့် အဖွဲ့လိုက် ကျူးလွန်သော အမှုမှာ လုံးဝ မတူညီသော သဘောသဘာဝ နှစ်ခု ဖြစ်သည်။ ဆိုးရွားမှု အတိုင်းအတာကို ဆိုလိုခြင်း မဟုတ်ပေ။ နောက်ပိုင်းတွင် အမှုဖော်ထုတ်ရေး အစီအစဉ်များနှင့် ဖမ်းဆီးရေး အစီအစဉ်များကို ရေးဆွဲရာတွင် ဖြစ်သည်။

တစ်ယောက်တည်းကို ဖမ်းဆီးခြင်းနှင့် အဖွဲ့လိုက် ဖမ်းဆီးခြင်း၊ အမှုဖော်ထုတ်ရေး အစီအစဉ် ရေးဆွဲခြင်းများမှာ လုံးဝ တူညီမှု မရှိနိုင်ချေ။

"ဟုတ်ပါတယ်..."

ရွှီရှန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေတ္တမျှ ရပ်တန့်ကာ ဆက်ပြောလိုက်သည်။

"တပ်ခွဲမှူး လီ... ဒီဓာတ်ပုံတွေကို ထပ်ကြည့်ပါဦး..."

ထိုသို့ပြောရင်း ရွှီရှန်းက နောက်ထပ် ဓာတ်ပုံအချို့ကို ထပ်မံ ထုတ်ယူလိုက်သည်။

အလောင်းတိုင်းအတွက် ကိုယ်တွင်းအင်္ဂါ အသီးသီးနှင့် ကိုက်ညီသော ဓာတ်ပုံလေးပုံစီကို ရွှီရှန်း ရိုက်ကူးထားခဲ့သည်။ ယခုပြသလိုက်သော ပုံများမှာ ဒုတိယမြောက် ခွဲစိတ်ထားသော အလောင်း၏ ဓာတ်ပုံများ ဖြစ်သည်။ ထိုအလောင်း၏ ကိုယ်တွင်းအင်္ဂါများမှာလည်း ပျောက်ဆုံးနေသည်။

အတွင်းပိုင်းရှိ လှီးဖြတ်ထားသော ဒဏ်ရာများကို ကြည့်လိုက်လျှင် အစပိုင်းတွင် လီရှန်းက ဓာတ်ပုံများကို ကြည့်ရှုစဉ် သိပ်ပြီး ထူးခြားသည်ဟု မခံစားခဲ့ရပေ။ သို့သော် ဒုတိယမြောက် အလောင်း၏ ဓာတ်ပုံများကို ကြည့်ပြီးနောက် တတိယမြောက် အလောင်း၏ ဓာတ်ပုံများကို ထပ်မံကြည့်ရှုလိုက်ချိန်တွင်မူ လီရှန်း၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားခဲ့သည်။

မည်သည့်အရာကို မြင်တွေ့လိုက်ရသည်ဆိုလျှင် အခြားအရာ မဟုတ်ပေ။ အလောင်းသုံးလောင်း၏ ဓာတ်ပုံများမှာ တူညီနေခြင်းပင် ဖြစ်သည်။

လုံးဝကို တူညီနေခြင်း ဖြစ်သည်။ ကိုယ်တွင်းအင်္ဂါများ ပျောက်ဆုံးသွားသော နေရာများ၊ လှီးဖြတ်ထားသော နေရာများပါ အသေးစိတ် တူညီနေသည်။ အချက်တိုင်း လုံးဝ အတိအကျ တူညီနေသည်ဟု မဆိုနိုင်သော်လည်း အားပြုထားသော နေရာများနှင့် အသုံးပြုထားသော ဓားများမှာ ပထမဓာတ်ပုံ နှစ်အုပ်နှင့် လုံးဝ တူညီနေသည်။

ထိုအချက်က မည်သည့်အရာကို ကိုယ်စားပြုနေသနည်းဆိုလျှင် ဒဏ်ရာများ မတူညီခြင်းမှာ လူသတ်သမားက လူသတ်နေစဉ်အတွင်း အားကုန်ခမ်းသွား၍ ဖြစ်ပေါ်လာသော ကွာခြားမှုမျိုး မဟုတ်ကြောင်းကို ပြသနေသည်။ ဆိုလိုသည်မှာ လူသတ်သမားသည် တစ်ဦးတည်း မဟုတ်ဘဲ အဖွဲ့လိုက် ဖြစ်နေကြောင်းပင် ဖြစ်သည်။

ထိုအဖွဲ့ထဲတွင် လူတိုင်းက ကိုယ်တွင်းအင်္ဂါ တစ်ခုစီကို ပစ်မှတ်ထားနေကြသည်။ ဥပမာအားဖြင့် ရွှီရှန်းက နှလုံးကို လိုချင်ပြီး လီရှန်းက ကျောက်ကပ်ကို လိုချင်သည်ဆိုပါစို့။ ထိုအခါ သူတို့ လူသတ်သည့်အချိန်တွင် ရွှီရှန်းက နှလုံးကိုသာ ခွဲထုတ်မည်ဖြစ်ပြီး လီရှန်းက ကျောက်ကပ်ကိုသာ ယူဆောင်မည် ဖြစ်သည်။ ကျန်ရှိနေသော အစိတ်အပိုင်းများကို သူတို့ လှည့်ကြည့်မည်ပင် မဟုတ်ပေ။

ထိုသို့ဆိုလျှင် လူနှစ်ဦး၏ လှုပ်ရှားမှု လက်ရာများမှာ ယခုအမှုကဲ့သို့ ဖြစ်ပေါ်လာမည် ဖြစ်သည်။

ရွှီရှန်း ရိုက်ကူးထားသော အလောင်းသုံးလောင်း၏ ဓာတ်ပုံများမှတစ်ဆင့် သဲလွန်စ နှစ်ခုကို ဖော်ပြနေသည်။

ပထမအချက်မှာ လူသတ်သမားက အနည်းဆုံး သုံးဦး ရှိနေခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ တရားခံများ၏ ပစ်မှတ်က ကိုယ်တွင်းအင်္ဂါများ ဖြစ်နေခြင်းပင် ဖြစ်သည်။

"တရားခံတွေရဲ့ ပစ်မှတ်က... ကိုယ်တွင်းအင်္ဂါတွေလား..."

လီရှန်းက အစောပိုင်းက ပြောခဲ့သော စကားကို နောက်တစ်ကြိမ် ထပ်မံ ရေရွတ်လိုက်သည်။

စကားလုံးများမှာ တူညီသော်လည်း အဓိပ္ပာယ်မှာ လုံးဝ ကွဲပြားသွားပြီ ဖြစ်သည်။ ယခုအကြိမ် ပြောဆိုလိုက်ခြင်းမှာ လူသတ်သမားများထဲတွင် လူတိုင်းက သီးခြား ကိုယ်တွင်းအင်္ဂါတစ်ခုအပေါ်တွင် အထူးတလည် စွဲလမ်းမှု ရှိနေကြသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အဘယ်ကြောင့် သီးခြား ကိုယ်တွင်းအင်္ဂါများအပေါ် စွဲလမ်းနေကြသည်ကိုမူ အဖြေရှာရန် ခက်ခဲနေဆဲ ဖြစ်သည်။

"ကျွန်တော် မသိဘူး..."

ရွှီရှန်းက ခေါင်းခါပြလိုက်သည်။ ထိုအကြောင်းကို ရွှီရှန်း တကယ်ပင် မသိခဲ့ပေ။

"ဒါပေမဲ့..."

ရွှီရှန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းမော့ကာ လီရှန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

"တပ်ခွဲမှူး လီ... ခင်ဗျားလည်း သိမှာပါ... စိတ်ခံစားမှု မပါဝင်ဘဲ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ပြီး ကျူးလွန်တဲ့ အမှုတွေ... အထူးသဖြင့် ရင့်ကျက်တဲ့ လူသတ်သမားတွေ ကျူးလွန်တဲ့ အမှုတွေမှာဆိုရင်..."

"လူသတ်သမား ရရှိမယ့် အကျိုးအမြတ်နဲ့ ကျူးလွန်လိုက်တဲ့ ပြစ်မှုက... အမြဲတမ်း ညီမျှနေတတ်တယ်..."

ဥပမာတစ်ခု ပြရလျှင် သာမန် ကြက်ဥထမင်းကြော် တစ်ပွဲကို စားချင်သည်ဆိုပါစို့။ ထိုထမင်းကြော်အတွက် ယွမ်ငွေ သန်းချီ ပေးပြီး စားမည်မဟုတ်ပေ။ အလွန်ဆုံး ပေးရလျှင် ဆယ်ယွမ်၊ နှစ်ဆယ်ယွမ်သာ ပေးရမည် ဖြစ်သည်။

ထိုနည်းတူစွာပင် ပိုက်ဆံအနည်းငယ်ကို လုယက်ရင်း လူသတ်မိသွားသူများမှာ အများအားဖြင့် အရွယ်မရောက်သေးသူများသာ ဖြစ်တတ်ကြသည်။ အသက် လေးဆယ်၊ ငါးဆယ်အရွယ်ရှိသော လူသတ်သမားများက ကြိုတင်ကြံစည်ပြီး လူသတ်ကြပြီဆိုလျှင် သူတို့ ရရှိမည့် အကျိုးအမြတ်က အနည်းဆုံးတော့ စွန့်စားရသည့် အန္တရာယ်နှင့် တန်ဖိုးညီမျှနေရမည် ဖြစ်သည်။

ဥပမာအားဖြင့် ဘဏ်ကို ဓားပြတိုက်ရာတွင် အောင်မြင်ပါက သန်းကြွယ်သူဌေး ဖြစ်သွားမည်ဖြစ်ပြီး ကျရှုံးပါက သေဒဏ်ကျခံရမည် ဖြစ်သည်။ အသိဉာဏ် ရင့်ကျက်သူ မည်သူကမျှ ဆယ်ယွမ်အတွက်နှင့် လူသတ်မည်ဟု မကြားဖူးချေ။

သေချာပေါက် စိတ်ခံစားမှု လုံးဝ မပါဝင်မှသာ ထိုသို့ ဖြစ်နိုင်မည် ဖြစ်သည်။ ယွမ်ငါးယွမ်တန် ခေါက်ဆွဲတစ်ပွဲကြောင့် လူသတ်ခြင်း သို့မဟုတ် လုယက်နေစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဒေါသအလျောက် လူသတ်ခြင်းမျိုးကိုမူ ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။

ထို့ကြောင့် လူသတ်သမားများက ကိုယ်တွင်းအင်္ဂါ အချို့အတွက် လူသတ်ကြသည်ဆိုလျှင် လူသတ်ပြီးနောက် ရင်ဆိုင်ရမည့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့် တန်ဖိုးညီမျှသော အကြောင်းပြချက်တစ်ခု သေချာပေါက် ရှိနေရမည် ဖြစ်သည်။

"တစ်နည်းပြောရရင်... ဒီအမှုမှာ တရားခံတွေက ကိုယ်တွင်းအင်္ဂါတွေကို လိုချင်နေတယ်... သူတို့ကို လူသတ်ဖို့အထိ တွန်းအားပေးနေတဲ့ အကြောင်းပြချက်တစ်ခု ရှိနေတယ်..."

"တပ်ခွဲမှူး လီ... အဲဒီအကြောင်းပြချက်က ဘာဖြစ်နိုင်မယ်လို့ ထင်လဲ..."

ရွှီရှန်းက မေးခွန်းကို လီရှန်းထံသို့ လွှဲချလိုက်သည်။

အကြောင်းပြချက်လား။ ထိုအကြောင်းပြချက်ကို ဘယ်သွားရှာရမည်နည်းဆိုသည်မှာ လီရှန်းအတွက် ခေါင်းခဲစရာ ဖြစ်လာသည်။

"မသိဘူး..."

လီရှန်းက ခေါင်းခါပြလိုက်သည်။

"ဒါပေမဲ့... မင်း အရင်က ပြောဖူးတယ်လေ... လိုအင်ဆန္ဒက လူတွေကို ရာဇဝတ်မှု ကျူးလွန်အောင် တွန်းအားပေးတယ်... လိုအင်ဆန္ဒ ဖြစ်ပေါ်လာတာကလည်း အများအားဖြင့် ပတ်ဝန်းကျင် အခြေအနေတွေနဲ့ ဆက်စပ်နေတယ်လို့..."

"ပတ်ဝန်းကျင်က လိုအင်ဆန္ဒကို ဖန်တီးတယ်... လိုအင်ဆန္ဒက တစ်ဖက်လူရဲ့ ပစ်မှတ်ကို အဆုံးအဖြတ်ပေးတယ်... ပစ်မှတ်ကလည်း ပတ်ဝန်းကျင်ကို ပြန်ပြီး ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်..."

"ဆိုလိုတာက... တရားခံတွေအတွက် ကိုယ်တွင်းအင်္ဂါတွေက သူတို့ရဲ့ ကိုယ်ပိုင်အခြေအနေကို ပြောင်းလဲပေးနိုင်မယ့် အဓိက အဆုံးအဖြတ်အရာ ဖြစ်နေနိုင်တယ်..."

ငွေမရှိချိန်တွင် လိုအင်ဆန္ဒက ငွေဖြစ်လာပြီး ထိုငွေကပင် ပတ်ဝန်းကျင် အခြေအနေကို ပြောင်းလဲပေးနိုင်သော အရာဖြစ်လာသည်။ ထိုအချက်ကို ခွေးကိုယ်လူခေါင်း အမှု စုံစမ်းစစ်ဆေးစဉ်က ရွှီရှန်း ပြောခဲ့ခြင်းဖြစ်ပြီး လီရှန်းက သေချာ မှတ်သားထားခဲ့ခြင်း ဖြစ်သည်။

ယခုအမှုနှင့် ပတ်သက်၍မူ မည်သို့သော ပတ်ဝန်းကျင် အခြေအနေမျိုးက လူများကို ကိုယ်တွင်းအင်္ဂါများကို တူးထုတ်ပြီး ယူဆောင်သွားချင်စိတ် ပေါ်လာအောင် တွန်းအားပေးနိုင်သနည်းဆိုသည်ကို တွေးတောရမည် ဖြစ်သည်။ အဘယ်ကြောင့် ကိုယ်တွင်းအင်္ဂါများကို ယူဆောင်သွားရသနည်း။

ထို့အပြင် အကြောင်းပြချက်ကလည်း ပေးဆပ်ရမည့် တန်ဖိုးနှင့် ညီမျှနေရဦးမည် ဖြစ်သည်။ ပေးဆပ်ရမည့် တန်ဖိုးက မည်သည့်အရာနည်းဆိုလျှင် သေဒဏ်ကျခံရခြင်းသာ ဖြစ်သည်။

အားလုံးကို စုစည်းပြီး စာကြောင်းတစ်ကြောင်းတည်းဖြင့် ပြောရလျှင် ရုပ်လုံးပေါ်လာမည် ဖြစ်သည်။

"တရားခံတွေ နေထိုင်နေရတဲ့ ပတ်ဝန်းကျင် အခြေအနေ ဒါမှမဟုတ် ရင်ဆိုင်နေရတဲ့ ကိစ္စတွေက... သေဒဏ်ကျခံရမယ့် အန္တရာယ်ကိုတောင် ဂရုမစိုက်နိုင်လောက်အောင်... နစ်နာသူတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို မရမက တူးထုတ် ယူဆောင်သွားဖို့ တွန်းအားပေးနေတယ်..."

ရွှီရှန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

လီရှန်းကို စဉ်းစားချိန်ပင် မပေးတော့ဘဲ ရွှီရှန်းက ရုတ်တရက် ထပ်ပြောလိုက်သည်။

"ပြီးတော့... အဲဒါက လူ့ကိုယ်တွင်းအင်္ဂါတွေ ဖြစ်ဖို့ကိုလည်း မဖြစ်မနေ လိုအပ်နေတယ်..."

ကိုယ်တွင်းအင်္ဂါများမှာ နို့တိုက်သတ္တဝါတိုင်းတွင် ရှိကြသည်။ နှလုံး၊ အဆုတ်၊ ကျောက်ကပ် စသည်တို့ကို အလွယ်တကူ ရှာဖွေရရှိနိုင်သည်။ ဥပမာအားဖြင့် အသားကင်ဆိုင်များတွင် သိုးကျောက်ကပ်၊ ဝက်ကျောက်ကပ်များကို နေရာတိုင်းတွင် ရနိုင်သည်။

သို့သော် တစ်ဖက်လူက ဈေးပေါသော တိရစ္ဆာန် ကိုယ်တွင်းအင်္ဂါများကို မဝယ်ယူဘဲ သေဒဏ်ကျခံရမည့် အန္တရာယ်ကို စွန့်ကာ လူသတ်ပြီး ကိုယ်တွင်းအင်္ဂါများကို တူးထုတ်နေသည်။ အဘယ်ကြောင့်နည်း။ ပျော်စရာ ကောင်းနေ၍လားဆိုလျှင် လုံးဝ မဟုတ်ပေ။

ထို့ကြောင့် ထိုအချက်က အလွန် သိသာထင်ရှားနေသည်။ တစ်ဖက်လူ၏ လိုအင်ဆန္ဒနှင့် ပစ်မှတ်ကို အကောင်အထည်ဖော်ရန်အတွက် လူ့ကိုယ်တွင်းအင်္ဂါများ မဖြစ်မနေ လိုအပ်နေခြင်းပင် ဖြစ်သည်။

သို့သော် ကိုယ်တွင်းအင်္ဂါများဖြင့် မည်သည့်အရာကို လုပ်ဆောင်နိုင်မည်ဆိုသည်က ပဟေဠိ ဖြစ်နေသည်။

"တပ်ခွဲမှူး လီ... ခန္ဓာကိုယ်ထဲကနေ ထွက်သွားတဲ့ ကိုယ်တွင်းအင်္ဂါတွေက... ဘာများ လုပ်လို့ရနိုင်ဦးမလဲ..."

ဘာလုပ်၍ ရနိုင်မည်နည်း။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် လီရှန်း၏ ခေါင်းထဲတွင် ပထမဆုံး ပေါ်လာသည်က အသားကင်ဆိုင်များပင် ဖြစ်သည်။ ခန္ဓာကိုယ်နှင့် ကင်းကွာသွားသည်နှင့် ထိုအရာက အသားတစ်တုံးသာ ဖြစ်သွားသည်။ အသားကင်ဆိုင်များတွင် နေရာတိုင်း၌ တွေ့ရလေ့ရှိသော သိုးကျောက်ကပ်ကင်များကဲ့သို့ပင် ဖြစ်သည်။

"ဘာမှ... လုပ်လို့ရမယ် မထင်ဘူး..."

လီရှန်းက ပြောလိုက်ရင်း ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ လီရှန်း၏ ခေါင်းထဲတွင် ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိသွားသည်။

စောစောက ပြောခဲ့သော စကားအတိုင်းပင် ဖြစ်သည်။ ခန္ဓာကိုယ်နှင့် ကင်းကွာသွားသော ကိုယ်တွင်းအင်္ဂါမှာ ကိုယ်တွင်းအင်္ဂါ မဟုတ်တော့ဘဲ အသားတစ်တုံး ဖြစ်သွားပြီ ဖြစ်သည်။

အသားတစ်တုံးကို နည်းလမ်းဘယ်နှစ်မျိုးဖြင့် စားသုံးနိုင်သနည်း။

ထိုအသားကို စားသုံးခြင်းမှာ ဗိုက်ဝရန်အတွက်လား သို့မဟုတ် မည်သည့်အရာအတွက်နည်းဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ဖြစ်လာခဲ့သည်။

All Chapters