အခန်း ၂၅
Vol. 3 Ch. 25
အခန်း (၂၅) ပျောက်ဆုံးသွားသော ခွဲစိတ်သမား
အကယ်၍ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဆရာဝန်တစ်ဦးက သေချာစွာ ခွဲစိတ်ဖြတ်တောက်ခဲ့လျှင် ခန္ဓာကိုယ်မှ ခွဲထွက်သွားပြီးနောက် အစားထိုးကုသ၍ ရနိုင်သေးသည်။ သို့သော် ဤကဲ့သို့ သားသတ်သမား တစ်ဦး၏ လက်ရာမျိုးကတော့ စဉ်းတီတုံးပေါ်က ဝက်သားနှင့် ဘာမျှမကွာခြားပေ။
"လူသတ်သမားတွေက... ဟိုအစွန်းရောက် ဘာသာရေးဂိုဏ်းတွေများ ဖြစ်နေမလား..."
လီရှန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းထဲတွင် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်။ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုက ဤအမှုနှင့် အလွန်ကိုက်ညီနေသည်။ ပထမအချက်မှာ လူအင်အား များပြားပြီး ဒုတိယအချက်မှာ သူတို့၏ တွေးခေါ်ပုံများက ပုံမှန်မဟုတ်သောကြောင့် ဖြစ်သည်။
"ဖြစ်နိုင်ခြေတော့ ရှိတယ်..."
ရွှီရှန်းက ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် အဝတ်ဖုံးထားသော အလောင်းသုံးလောင်းကို ကြည့်လိုက်သည်။
"ဒါပေမဲ့ ရာခိုင်နှုန်းတော့ အရမ်းနည်းတယ်... လူတွေက လူသတ်တော့မယ်ဆိုရင်... ပေးဆပ်လိုက်ရတဲ့ အန္တရာယ်နဲ့ တန်ဖိုးညီမျှတဲ့ အရာတစ်ခုခုကို ရနိုင်မှသာ ဆက်လုပ်ကြတာ... အစွန်းရောက်ဂိုဏ်းတွေက စကားလုံးလှလှလေးတွေကလွဲရင်... တခြားဘာမှ မရနိုင်ဘူး... အန္တရာယ်တွေက တစ်နေ့ထက်တစ်နေ့ ပိုများလာပြီး ဘာအကျိုးအမြတ်မှ မရှိတဲ့ အခြေအနေမျိုးမှာ... ဂိုဏ်းထဲမှာနေပြီး လူသတ်ဖို့ ရွေးချယ်မယ့်သူက လက်ချိုးရေလို့ရတယ်..."
ပိရမစ် လူစုသည့် စီးပွားရေး လုပ်ငန်းများကဲ့သို့ပင် ဖြစ်သည်။ ထိုအထဲသို့ ကျွံဝင်သွားချိန်တွင် ဦးနှောက်ဆေး ခံရနိုင်သော်လည်း ၎င်းမှာ ကာလတိုသာ ဖြစ်သည်။ အကယ်၍ ကျွံဝင်သွားသူများက အနှစ်သုံးဆယ် လေးဆယ်ခန့် အချိန်ဖြုန်းပြီးနောက်တွင် သူဌေးဖြစ်လာမည်ဟု အခိုင်အမာ ယုံကြည်နေဦးမည်လား ဆိုသည်မှာ တွေးတောစရာပင်။
သူတို့အတွက် အန္တရာယ်မရှိသောကြောင့် ယုံကြည်နေနိုင်သေးသည်။ သို့သော် ယခုအမှုက လူသတ်မှု ဖြစ်နေသည်။ သာမန် လူသတ်မှုမျိုးလည်း မဟုတ်ချေ။ အန္တရာယ်က ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ဓားတစ်လက်ကဲ့သို့ လူသတ်သမား၏ ရင်ဘတ်ထဲတွင် အချိန်ပြည့် ခြိမ်းခြောက်နေမည် ဖြစ်သည်။
"ဒါဆို... ဘာဖြစ်နိုင်မလဲ..."
လီရှန်း၏ မျက်မှောင်များ စုကြုံ့သွားပြီး နောက်တစ်စက္ကန့်တွင် လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
"ဒါမှမဟုတ်... ဖြစ်နိုင်တာက... လူသားစားတာ..."
ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လေထုမှာ ရုတ်တရက် အေးစက်ခဲရာ သွားသည်။
"ဖြစ်နိုင်ခြေ အရမ်းများတယ်..."
ရွှီရှန်းက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ လီရှန်းဘက်မှ ထပ်မံ မေးခွန်းထုတ်ရန်ပင် မစောင့်ဆိုင်းတော့ဘဲ ရွှီရှန်းက ဆက်ပြောလိုက်သည်။
"နစ်နာသူတွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို... စုံစမ်းလို့ ရပြီလား..."
လီရှန်းမှာ ကြက်သေသေသွားပြီးနောက် ခေါင်းခါပြလိုက်သည်။
"မရသေးဘူး..."
လူအရေအတွက် မည်မျှရှိသနည်းဆိုသည်ကို စဉ်းစားကြည့်လျှင် ဂဏန်းနှစ်လုံးအထိ ရှိနေသည်။ ဂဏန်းနှစ်လုံး မဆိုထားနှင့် သုံးဦးတည်း ဆိုလျှင်ပင် ပေါ်ပေါက်သွားနိုင်ခြေက ရာခိုင်နှုန်းပြည့်နီးပါး ရှိနေပြီ ဖြစ်သည်။ သို့သော် တစ်နှစ်အတွင်း ဤမျှလောက် လူများစွာ သေဆုံးနေသည်ကို သတင်းအစအနလေးပင် မထွက်ပေါ်ခဲ့ချေ။ အရေးအကြီးဆုံး အချက်မှာ ရဲတပ်ဖွဲ့က လုံးဝ စုံစမ်း၍ မရနိုင်ခြင်းပင် ဖြစ်သည်။
"ကြည့်ရတာ... နယ်ဝေးက လူတွေဖြစ်ဖို့ များတယ်..."
ရွှီရှန်းက အလောင်းများကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာမှ နှုတ်ခမ်းဟလိုက်သည်။
"နယ်ဝေးက လူတွေ... ပျောက်ဆုံးနေတဲ့ အချိန်က ဒီလောက်ကြာနေတာကို... မိသားစုဝင်တွေက ရဲစခန်းမှာ လူပျောက်တိုင်ချက် မဖွင့်ကြဘူးလား..."
လီရှန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။
မိသားစုဝင်များကသာ လူပျောက်တိုင်ချက် ဖွင့်မည်ဆိုလျှင် ကားလက်မှတ်များကို ခြေရာခံ၍ ကျန်ဆန်းမြို့တွင် သေချာပေါက် အမှုဖွင့်မှတ်တမ်း ရှိနေရမည် ဖြစ်သည်။ သို့သော် ကျန်ဆန်းမြို့ ရဲတပ်ဖွဲ့တွင် မည်သည့် အမှုဖွင့်မှတ်တမ်းကိုမျှ ရှာမတွေ့ခဲ့ချေ။
"နစ်နာသူတွေရဲ့ မှတ်ပုံတင်ကတ်တွေက... လူသတ်သမား လက်ထဲမှာ ရောက်နေတာ... တပ်ခွဲမှူး လီ... ခင်ဗျားက အခုလက်ရှိ ဘူတာရုံက လုံခြုံရေးစစ်ဆေးတဲ့ စနစ်ကို... အရမ်းယုံကြည်နေတာလား..."
ရွှီရှန်းက ခေါင်းခါပြရင်း ပြောလိုက်ပြီးနောက် အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။
နှစ်ထောင့်သုံး ခုနှစ်၏ ဘူတာရုံ လုံခြုံရေး စစ်ဆေးမှု စနစ်မှာ မည်သို့ရှိမည်ဆိုသည်ကို စဉ်းစားစရာပင်။ လီရှန်းမှာ ခြေလှမ်းများ ရပ်တန့်သွားပြီးနောက် ဆွံ့အသွားကာ ခေါင်းခါရမ်းရင်း နောက်မှ လိုက်သွားခဲ့သည်။
ဤခေတ်ကာလ၏ လုံခြုံရေး စစ်ဆေးမှုဆိုသည်မှာ အခြေခံအားဖြင့် ကားလက်မှတ်ကိုသာ အသိအမှတ်ပြုခြင်း ဖြစ်သည်။ လက်မှတ်ပါလျှင် ကားပေါ်တက်ခွင့်ရပြီး လက်မှတ်မပါလျှင် ဆင်းရုံသာ ရှိသည်။ လက်မှတ်ပေါ်ရှိ အချက်အလက်များက ကာယကံရှင် ဟုတ်မဟုတ် ဆိုသည်မှာ အထူးတလည် စစ်ဆေးခြင်း မရှိချိန်တွင် လက်မှတ်ကိုသာ အဓိကထား ကြည့်ရှုကြသည်။
တစ်ဖက်လူက နစ်နာသူ၏ မှတ်ပုံတင်ကို အသုံးပြုကာ လက်မှတ်တစ်စောင်ဝယ်ပြီး နယ်ဝေးသို့ အလျင်စလို ထွက်ပြေးကာ ပြန်လာခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် မိသားစုဝင်များက တိုင်ချက်ဖွင့်ပြီးနောက် မည်သည့်နေရာတွင် အမှုဖွင့်မှတ်တမ်း တင်မည်နည်း။ ကျန်ဆန်းမြို့တွင်လား သို့မဟုတ် နောက်ခံစနစ်မှ ရှာဖွေတွေ့ရှိသည့် နောက်ဆုံး ရောက်ရှိခဲ့သော ဒေသတွင်လား ဆိုသည်မှာ ပဟေဠိဖြစ်နေသည်။
အရှေ့နိုင်ငံတွင် နေ့စဉ်နှင့်အမျှ ဖွင့်လှစ်နေသော အမှုပေါင်းမှာ ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရှိနေသည်။ နစ်နာသူများ၏ သေဆုံးချိန်ပင် တိကျမှုမရှိသော အခြေအနေတွင် ဤကိစ္စကို မည်သို့ စုံစမ်းရမည်ဆိုသည်မှာ ခေါင်းခဲစရာပင်။ အရှေ့နိုင်ငံ တစ်ဝန်းလုံးရှိ လွန်ခဲ့သော တစ်နှစ်အတွင်း ဖွင့်လှစ်ခဲ့သော အမှုများအားလုံးကို လိုက်လံရှာဖွေပြီး မည်သူက နစ်နာသူဖြစ်သည်ကို တစ်ခုချင်းစီ စိစစ်ဖယ်ထုတ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
"သောက်ကျိုးနည်း..."
လီရှန်းက ကျိန်ဆဲလိုက်ပြီးနောက် နောက်မှ အမြန်လိုက်သွားခဲ့သည်။
ရွှီရှန်းနှင့် လီရှန်းတို့ နှစ်ဦး ရင်ခွဲရုံ အပြင်ဘက်သို့ ထွက်လာပြီး မော့ကြည့်လိုက်မှသာ ကောင်းကင်ကြီး မှောင်မိုက်နေပြီ ဖြစ်ကြောင်း သတိပြုမိကြသည်။ လီရှန်းက မှုခင်းဖြစ်ပွားရာ နေရာသို့ အလျင်အမြန် ထွက်သွားခဲ့သည်။ ရွှီရှန်းမှာမူ တစ်ညလုံး အိပ်ရေးပျက် ခံထားရသဖြင့် မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့သို့ အရင်သွားကာ ထိန်းသိမ်းရေး အခန်းထဲတွင် နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။
နောက်တစ်နေ့ နံနက် ရှစ်နာရီတိတိ အချိန်ဖြစ်သည်။ ရွှီရှန်းက နံနက်စာ ဆွဲခေါ်လာရင်း မှုခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာသည်။
"အခင်းဖြစ်ပွားရာ နေရာက... အခြေအနေ ဘယ်လိုရှိလဲ..."
ရွှီရှန်းနှင့် ရဲတပ်ဖွဲ့ဝင် အချို့မှာ မိလ္လာမြောင်း အဖုံးဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ အဆက်မပြတ် အဝင်အထွက် လုပ်နေကြသော မြောင်းဝကို ကြည့်ရင်း စားသောက်ကာ စကားပြောနေကြသည်။
"သိပ်မဟန်ဘူး... နစ်နာသူတွေကို ဆယ်ယူတဲ့ အလုပ်က... ဆက်လုပ်နေတုန်းပဲ..."
လီရှန်း၏ မျက်လုံးများတွင် သွေးကြောများ နီရဲနေပြီး အသားကင်မုန့်ကို လှမ်းယူကာ အငမ်းမရ ကိုက်စားလိုက်သည်။
"လူသတ်သမားနဲ့ ပတ်သက်တဲ့ သဲလွန်စတွေက... စီးဆင်းနေတဲ့ ရေတွေကြောင့် လုံးဝကို မျောပါသွားခဲ့ပြီ... အခင်းဖြစ်ပွားရာ နေရာမှာ နစ်နာသူတွေရဲ့ အလောင်းကလွဲရင်... ဘယ်သူမှ မရှိတော့ဘူး... နစ်နာသူတွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်ကို... အနီးအနားက မြို့နယ်အတော်များများမှာ ရှာမတွေ့ဘူး... ခန့်မှန်းရသလောက်တော့ တရားခံက နစ်နာသူတွေရဲ့ မှတ်ပုံတင်ကို သုံးပြီး... အဝေးပြေးကားလက်မှတ် ဝယ်သွားတာ ဖြစ်နိုင်တယ်... တောင်ပိုင်းကို သွားတာ ဒါမှမဟုတ် အနောက်နိုင်ငံကို တိုက်ရိုက် ထွက်သွားတာလည်း ဖြစ်နိုင်တယ်..."
ထိုစကားကို ကြားသောအခါ ရွှီရှန်းမှာ တိတ်ဆိတ်သွားသည်။ သဲလွန်စ မရှိဆိုလျှင် တကယ်ပင် သဲလွန်စ မရှိသေးချေ။ လက်ရှိ အခြေအနေမှာ မနေ့ကနှင့် မည်သို့မျှ ခြားနားမှု မရှိပေ။ အထက်အရာရှိများကမူ အချိန် ဆယ်ရက်တိတိသာ ပေးထားခဲ့သည်။ မဟုတ်သေးပေ။ လက်ရှိအချိန်တွင် ရှစ်ရက်ခွဲသာ ကျန်ရှိတော့သည်။
"ရော့... နည်းနည်း သောက်လိုက်ဦး... နင်နေမယ်..."
ရွှီရှန်းက ပဲနို့တစ်ခွက်ကို လှမ်းပေးလိုက်သည်။ ထို့နောက် ရွှီရှန်းသည် ဘေးဘက်တွင် ယာယီထိုးထားသော တဲဆီသို့ လျှောက်သွားလိုက်သည်။
တဲထဲတွင် အနံ့အသက်ဆိုးရွားပြီး မည်းနက်နေကာ ချွဲပျစ်ပျစ် သလိပ်ခဲများကဲ့သို့ အရည်ပျော်နေသော အလောင်းများကို ဖုံးအုပ်ထားသည်။ ရွှီရှန်းက မုန့်ကို ကိုင်ထားရင်း ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ စားရင်း ကြည့်ရှုနေသည်။
"ရှင်းလင်းဆယ်ယူထားတဲ့ နစ်နာသူတွေက... ရင်ခွဲရုံက သုံးလောင်းပါ ပေါင်းလိုက်ရင်... စုစုပေါင်း တစ်ဆယ့်လေးလောင်း ရှိတယ်... လူတစ်ဆယ့်လေးယောက်ရဲ့ သေဆုံးချိန်တွေက... လုံးဝ မတူညီကြဘူး... အဲဒီအထဲမှာ... အလောင်းခုနစ်လောင်းက ထက်မြက်တဲ့ လက်နက်ကြောင့် ဖြစ်ပေါ်လာတဲ့ သေစေနိုင်တဲ့ ဒဏ်ရာတွေ ရှိပြီး... အလောင်းလေးလောင်းကတော့ အသက်ရှူကြပ်ပြီး သေဆုံးသွားတာနဲ့ တူတယ်..."
ရွှီရှန်းက မျက်လုံးများကို မှေးစင်းလိုက်သည်။ တစ်နေရာရာတွင် ပုံမှန်မဟုတ်ဟု ရွှီရှန်း ခံစားနေရသည်။ ရွှီရှန်းက သူ၏ အကြည့်များကို ဘေးတွင် ချထားသော အလောင်းနှစ်လောင်းဆီသို့ ဖြည်းညင်းစွာ ရွှေ့လိုက်သည်။
"ရင်ခွဲရုံက အလောင်းပါ ထည့်တွက်မယ်ဆိုရင်... လက်ရှိ တွေ့ရှိထားတဲ့အထဲမှာ... သေဆုံးရတဲ့ အကြောင်းရင်း ပဟေဠိဖြစ်နေသူ သုံးယောက် ရှိတယ်... ကိုယ်ပေါ်မှာ ကိုယ်တွင်းအင်္ဂါ ခွဲထုတ်ခံထားရတဲ့ ဒဏ်ရာကလွဲရင်... တခြား သေစေနိုင်တဲ့ ဒဏ်ရာ လုံးဝ မရှိသလို... အသက်ရှူကြပ်တာမျိုးကြောင့် သေဆုံးတာလည်း မဟုတ်ဘူး... တရားခံက ဒီသုံးယောက်ကို... ဘယ်လိုနည်းလမ်းနဲ့ သတ်ဖြတ်ခဲ့တာလဲ..."
မည်သူကမျှ အကြောင်းပြချက် မရှိဘဲ နစ်နာသူအဖြစ် အသတ်ခံရမည်ကို ငြိမ်ခံနေမည် မဟုတ်ပေ။ သို့သော် ဤလူသုံးဦး၏ ကိုယ်ပေါ်တွင် ရုန်းကန်ခုခံစဉ်က ကျန်ရစ်ခဲ့သော ဒဏ်ရာအစအနများကို မတွေ့ရသလို သေစေနိုင်သော ဒဏ်ရာကိုလည်း မမြင်တွေ့ရချေ။ အသက်ရှူကြပ်၍ ဖြစ်ပေါ်လာသော အရာများပင် လုံးဝ မရှိခဲ့ပေ။
"ဒီလူသုံးယောက်မှာ... ဘာများ ထူးခြားချက်တွေ ရှိနေလို့လဲ... ဒါမှမဟုတ်... တရားခံနဲ့များ ပတ်သက်နေမလား... အတွင်းတိုက်ပွဲဖြစ်တဲ့ အပေါင်းအပါတွေလား... အကယ်၍ အတွင်းတိုက်ပွဲသာဆိုရင်... ဘာဖြစ်လို့ သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါ အချို့ ပျောက်ဆုံးနေရတာလဲ..."
ရွှီရှန်း၏ မျက်မှောင်များ စုကြုံ့သွားသည်။ သို့သော် ရွှီရှန်း၏ စဉ်းစားမှုများ မပြီးဆုံးမီ နောက်တစ်စက္ကန့်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဖယ်ပေးကြပါဦး... ဖယ်ပေးကြပါဦး..."
ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာရာ ရွှီရှန်းက အသံလာရာဆီသို့ အလိုအလျောက် လှည့်ကြည့်လိုက်သည်။ ထိုနေရာမှာ မိလ္လာမြောင်း အဖုံးရှိရာ နေရာပင် ဖြစ်သည်။
ထိုစဉ် ရွှံ့နွံများ တစ်ကိုယ်လုံး ပေကျံနေသော ရဲတပ်ဖွဲ့ဝင် အချို့က အောက်ဘက်မှ ထွက်ပေါ်လာပြီး အော်ဟစ်ကာ အပြင်ဘက်သို့ ထွက်လာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ လက်ထဲတွင် ဆွဲချလာသော အရာများလည်း ထွက်ပေါ်လာသည်။
မည်သည့်အရာကို ဆွဲချလာသနည်းဆိုလျှင် အဝတ်စတစ်ခု ဖြစ်ပြီး ထိုအဝတ်စပေါ်တွင် ကျန်ရှိနေသော နစ်နာသူများကို တင်ဆောင်လာခြင်း ဖြစ်သည်။ နစ်နာသူများမှာ တစ်တုံးတည်း အရည်ပျော်နေသဖြင့် တစ်လောင်းချင်းစီ ခွဲထုတ်ရန် မလွယ်ကူလှပေ။ သို့သော် အချိန်ကလည်း နီးကပ်နေသဖြင့် လီရှန်းက သူတို့ကို အောက်ဘက်ရှိ အလောင်းများအားလုံးကို တစ်ခါတည်း ဆွဲတင်လာရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
အလောင်းများကို တင်ဆောင်ထားသော အဝတ်စကြီးမှာ ပုခက်တစ်လုံးကဲ့သို့ ဖြစ်နေပြီး ရွှီရှန်း၏ ဘေးတွင် ချထားလိုက်သည်။
"ရင်ခွဲရုံက သုံးလောင်းကလွဲရင်... ကျန်တဲ့ အလောင်းနှစ်ဆယ်လုံး ဒီမှာ ရောက်နေပြီ..."
ကျန်းမိုက ပြောရင်း မျက်နှာပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။
ရွှီရှန်းက ခေါင်းညိတ်ပြလိုက်သည်။ ရွှီရှန်းသည် ယခုလေးတင် ဆယ်ယူလာသော အလောင်းပုံကြီး ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
၎င်းတို့မှာ အစောဆုံး သေဆုံးခဲ့သော နစ်နာသူများ ဖြစ်ပြီး လေးငါးလောင်းခန့် တစ်ခုနှင့်တစ်ခု ကပ်တွယ်နေကြသည်။ ရွှီရှန်းက လက်အိတ်ကို စွပ်လိုက်ပြီးနောက် လက်လှမ်းကာ အလောင်းများပေါ်သို့ စမ်းသပ်လိုက်သည်။ လူသတ်သမား ခွဲစိတ်ထားသော အသားစပြင်ပလွှာကို ဆွဲလှန်ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ရွှီရှန်းက မျက်ခုံးပင့်လိုက်သည်။
"ကိုယ်တွင်းအင်္ဂါ မရှိဘူးလား..."
"ဘာဖြစ်လို့လဲ..."
ဘေးတွင် ထမင်းစားပြီးခါစ လီရှန်းက အနားသို့ ရောက်လာသည်နှင့် ရွှီရှန်း၏ အံ့ဩနေသော စကားသံကို ကြားလိုက်ရသည်။
ရွှီရှန်းက အောက်ဆုံးရှိ အလောင်းတစ်လောင်းကို အပေါ်သို့ လှန်တင်လိုက်ပြီးနောက် ကျန်ရှိနေသော အသားစများကို ဆွဲလှန်ပြလိုက်သည်။ ဆွဲလှန်လိုက်ပြီးနောက် ဟာလာဟင်းလင်း ဖြစ်နေသော ဂူပေါက်ကြီးများကဲ့သို့ အခေါင်းပေါက်များက လီရှန်း၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။ ယခင်ကကဲ့သို့ပင် ကိုယ်တွင်းအင်္ဂါများ ပျောက်ဆုံးနေသည်။
သို့သော် မတူညီသည်မှာ ထိုအလောင်းတွင်မူ အားလုံးပြောင်သလင်းခါနေခြင်း ဖြစ်သည်။
"အကုန်လုံး ပျောက်နေတာပဲ..."
ရွှီရှန်းက မျက်လုံးများကို မှေးစင်းလိုက်သည်။ ရုတ်တရက် ရွှီရှန်း၏ ခေါင်းထဲတွင် သဲလွန်စအချို့ကို တွေးမိသွားသည်။
ရင်ခွဲရုံရှိ အလောင်းသုံးလောင်းတွင် ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါများ ပျောက်ဆုံးနေသော်လည်း အသည်း၊ အဆုတ်နှင့် ကျောက်ကပ်များသာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။ သို့သော် အစောဆုံး သေဆုံးခဲ့သော ဤအလောင်းများမှာမူ ကိုယ်တွင်းအင်္ဂါများ အားလုံးနီးပါး တူးထုတ်ခံထားရသည်။
"ပထမအသုတ် နစ်နာသူတွေရဲ့... နှလုံး... အသည်း... သရက်ရွက်... အဆုတ်... ကျောက်ကပ်နဲ့ အစာအိမ်စတဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အကုန်လုံး ပျောက်နေတယ်... ဒါပေမဲ့... ဘာဖြစ်လို့ နောက်ပိုင်းကျတော့ နှလုံးကို မတူးတော့တာလဲ... အစာအိမ်ကိုရော ဘာလို့ မထုတ်တော့တာလဲ..."
ရွှီရှန်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ရုတ်တရက် ရွှီရှန်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ ရွှီရှန်းက အလျင်အမြန် ခေါင်းလှည့်ကာ ဘေးရှိ အလောင်းသုံးလောင်းကို ကြည့်လိုက်သည်။
"တပ်ခွဲမှူး လီ... ကျွန်တော် မှတ်မိသလောက်တော့... လူသတ်သမားက အဖွဲ့လိုက် ကျူးလွန်တာ မဟုတ်လား..."
မည်သည့် ဒဏ်ရာမှ မရှိသော အလောင်းသုံးလောင်းကို ကြည့်ရင်း ရွှီရှန်းက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
လီရှန်းမှာ ခေါင်းထဲတွင် ရှုပ်ထွေးနေဆဲဖြစ်ပြီး စံကိုက်အဖြေတစ်ခုကိုသာ ပေးလိုက်သည်။
"ဟုတ်တယ်... အရင်က ဆင်ခြင်သုံးသပ်ချက်အရဆိုရင်... နစ်နာသူတွေရဲ့ ခန္ဓာကိုယ်ထဲက ပျောက်ဆုံးသွားတဲ့ ကိုယ်တွင်းအင်္ဂါ တစ်ခုစီတိုင်းဟာ... ခွဲစိတ်တဲ့ လူသတ်သမား တစ်ယောက်စီနဲ့ ကိုက်ညီနေတယ်..."
ကိုယ်တွင်းအင်္ဂါ တစ်ခုစီတိုင်းအတွက် တူးထုတ်ယူဆောင်မည့် သီးသန့် လူသတ်သမားများ ရှိနေသည်။ အစောဆုံး သေဆုံးခဲ့သော အလောင်းများတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ ကိုယ်တွင်းအင်္ဂါ အသီးသီး၏ ဒဏ်ရာများမှာ မတူညီကြဘဲ လူသတ်သမား အရေအတွက်မှာ အနည်းဆုံး ငါးဦးခန့် ရှိသည်။
သို့သော် နောက်ပိုင်းသို့ ရောက်လာချိန်တွင် နောက်ဆုံး သေဆုံးခဲ့သော အလောင်းအချို့ကို ကြည့်မည်ဆိုလျှင် လူသတ်သမား များပြားကြောင်း သိနိုင်သော်လည်း ပထမအသုတ် နစ်နာသူများနှင့် နှိုင်းယှဉ်ပါက ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ အနည်းငယ် လျော့နည်းနေခဲ့သည်။
"ဒါဆိုရင် မေးစရာ ရှိလာပြီ... ဒီလျော့နည်းသွားတဲ့ ဒဏ်ရာတွေက... လျော့နည်းသွားတဲ့ ခွဲစိတ်သမားတွေကို ကိုယ်စားပြုနေတယ်ဆိုရင်... သူတို့တွေ ဘယ်ရောက်သွားတာလဲ..."
ရွှီရှန်းက မျက်လုံးများကို မှေးစင်းလိုက်ပြီး မိမိဘာသာ စကားပြောနေသကဲ့သို့ ရေရွတ်လိုက်သည်။ ရွှီရှန်းက ဒဏ်ရာ လုံးဝမရှိသော ထိုအလောင်းသုံးလောင်းကို စူးစိုက်ကြည့်နေသည်။